မင်းကိုနိုင် ရွှေငါးနှင့် လူသား



မင်းကိုနိုင် ●  ရွှေငါးနှင့် လူသား
(မိုးမခ) မတ် ၇၊ ၂၀၁၇ 
ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။


ရန်ကုန်မြို့၏ မီးပွိုင့်လမ်းဆုံတနေရာအနီး ပလက်ဖောင်းပေါ် ခုံဗန်းထက်ဝယ် လက်ခုပ်နှစ်ဖက်စာ ပလတ်စတအိတ်ထဲရွှေငါး တွေထည့်ထားသည်။ ရေက ပလတ်စတအိတ် တဝက်ခန့်သာ၊ ရွှေငါးတကောင် လူးလွန့်ရုံပမာဏ။ မည်သူမဆို ဝယ်နိုင် သည်ဆိုတာတော့ အထူးကြေညာစရာမလိုတော့ပါ။

ကျနော်တို့ ငယ်စဉ်ကတည်းကလည်း ထိုနည်းအတိုင်း ရောင်းခဲ့ကြသည်ပင်။ အလှမွေးငါးအရောင်းဆိုင်သွား၊ ကြိုက်ရာ လက်ညှိုးထိုး၊ ဈေးတည့်လျင်ဝယ်၊ လက်ဖက်ရည်နှစ်ခွက်စာလောက် ပလတ်စတအိတ်ထဲ ရေနှင့်ငါး ထည့်သယ်လာရုံ။ ဒီိ ထက်လည်း ဘာမှအလုပ်ပိုစရာ မရှိဟုနားလည်ထားခဲ့သည်။

မိတ်ဆွေတဦးက ပြောပြသည်။ သူ့ကလေးကပူဆာသဖြင့် ရွှေငါးတကောင်သွားဝယ်သည်တဲ့။ ကိုယ်ကြိုက်ရာ လက်ညှိုး ထိုးပြီး ဒါဘယ်လောက်လဲမေးတော့ ဆိုင်ရှင်ကမဖြေ။ မေးခွန်းသာ ပြန်ထုတ်သည်။

“ခင်ဗျားမှာ ရေပါသလား”

ရေ… ဘာလုပ်ဖို့ပါလိမ့်၊ မြန်မာပြည်မှာ ခေတ်စားခဲ့သည့်စကားကို တွေးမိနေသည်တဲ့။ ရေကောင်းမှ နေကောင်းမယ်။ ဌာန ဆိုင်ရာတွေ ရောက်တိုင်း ရေလောင်းမှ အဆင်ပြေမယ်ဆိုသည့်စကား ရေဆိုတာ အသပြာငွေကြေးကိုခေါ်သည့် ဘန်းစကား။ ဆိုတော့…

“ရေ…. ဟုတ်လား”

သူ့အမေးကို ဆိုင်ရှင်က ဟုတ်တယ်လေဟု ဖြေ၏။

“ရေက ဘာလုပ်ဖို့လဲ”

“ရေနမူလာလေ၊ ဒီငါးကို ခင်ဗျားဘယ်လို ရေနဲ့မွေးမှာလဲ။ ဓာတ်ခွဲကြည့်ရအုံးမယ်လေ”

အလိုလေး ကြီးကျယ်လိုက်တာ၊ မဝယ်တော့ဘူးဟု သူ့စိတ်ထဲငြင်းမိသေးသည်။ ဒါပေမဲ့ သူ့ကလေး၏ ပြင်းပြဆန္ဒက မလွန် ဆန်နိုင်၍ အိမ်ပြန်ရေနမူနာယူရမည်။

ရေကိုဓာတ်ခွဲပြီးတော့ ငါးရောင်းပါပြီတဲ့လား။ မရောင်းသေးပါ။ဘယ်လို မှန်ပုံးထဲထည့်မှာလဲ။ အကျယ်အဝန်း ဘယ်လောက် လဲ၊ အလင်းရောင်ပြည့်စုံရဲ့လား၊ ဘယ်လိုအစားမျိုးကျွေးမှာလဲ။ ကျေနပ်လောက်သည့် အဖြေမရမချင်း၊ မရောင်းသေး။

အမလေး… ရွှေငါးတကောင်ရောင်းဖို့အရေးဟု တွေးမိကောင်း တွေးမိမည် ထင်ပါသည်။ အဲ့ဒါ အင်္ဂလန်နိုင်ငံမှာ ဖြစ်ပါသည်။ ကျနော်ဆိုချင်သည်က အင်္ဂလန်ရယ်၊ မြန်မာနိုင်ငံရယ် နာမအစွဲများမဟုတ်ပါ။ ဤကမ္ဘာမြေပေါ် စဉ်းစားပုံတွေမတူ၍ သတ် မှတ်ချက်တွေ မတူကြောင်းသာဖြစ်ပါသည်။

မိတ်ဆွေတယောက်က ထောက်မေးပါ၏။

“ဟုတ်ပါပြီဗျာ၊ ဝယ်သူက သူပြောချင်တာတွေ ပြောမယ်ဗျာ။ မှန်ပုံးအကြီးကြီး အကောင်းစားအစာတွေ ပြောမယ်။ ရောင်း ရောလား။ ဟိုက ထားချင်သလို ထားမယ်ဆိုပါတော့ ဘယ့်နှယ့်လဲ”

ထိုအမေးကို အင်္ဂလန်နေမိတ်ဆွေက ဖြေသည်။

“အဲ့ဒါတော့ သူတို့နိုင်ငံသားရဲ့သိက္ခာကို လေးစားယုံကြည်မှုအနေနဲ့ အဖြေပေါ်မူတည်ပြီး ရောင်းပေးတယ်ဗျ”

ဘာပဲဖြစ်ဖြစ် စဉ်းစားစရာတော့ရသည်ဟု တွေးမိပါသည်။ ကမ္ဘာမြေတနေရာမှာ ရွှေငါးလေးတကောင်အတွက် အသက်ရှင် ရေးမက။ နေပျော်ရေးအထိ၊ ထိုသို့ ဘက်ပေါင်းစုံ စဉ်းစားသတ်မှတ်ပေးချိန်။

အာရှတိုက်တနေရာ၊ တိတိကျကျပြောပါလျှင် ထိုင်းနိုင်ငံနယ်စပ်၏နေရာကိုကြည့်ပါ။ သူတို့နိုင်ငံထဲ ခိုးဝင်အလုပ်လုပ်ရန် လာသော ရွှေ့ပြောင်းလုပ်သားများအား အလုံပိတ်ကားဖြင့် ခိုးသယ်သည့်မြင်ကွင်းကို ရှုပါ။ စက်ရုံက ပင်လယ်စာ ရေထွက် ပစ္စည်း/စက်ရုံဆိုတော့ ခိုးဝင်လုပ်သားတွေကိုသယ်သည့်ယာဉ်က ငါး၊ ပုစွန်တွေရေခဲရိုက်သယ်သည့် အလုံပိတ်ကား၊ ဒါ တောင် အံဝှက်ထဲ ထည့်သယ်သည်တဲ့။

လမ်းတနေရာမှာ မွန်းကျပ်လှသဖြင့် အတွင်းမှလူများက ထုရိုက်အော်ဟစ်အကူတောင်းခံကြသည်။ ယာဉ်မောင်းကကြားသော် လည်း မရပ်ဝံ့၊ စက်ရုံသာ ရောက်အောင်မောင်းသည်။ (ဒါကလည်း တရားရုံးကျမှ ဖြောင့်ချက်ပေးသောစကားဖြစ်ပါ၏။) သူဌေးကမှာ ထားသည်။ လမ်းမှာလုံးဝမရပ်နဲ့၊ တံခါးမဖွင့်နဲ့၊ စက်ရုံထဲရောက်ပြီး ခြံဂိတ်တံခါးတွေအလုံပိတ်ပြီးမှ ကားတံခါး ဖွင့်ပေးရမယ်ဟူသည့် အမိန့်အတိုင်းဆောင်ရွက်ခဲ့သည်ဟူ၏။

စာရင်းချုပ်ကတော့ ဆယ်ဂဏန်းမျှသော ရွှေ့ပြောင်းလုပ်သားများ အသက်ရှူကျပ်ပြီး ဆုံးပါးခဲ့ရပါသည်။ မည်သည့်နိုင်ငံမှ လာသည်ကို ပြောဖို့လိုမည်မထင်တော့ပါ။ အာဖရိကတိုက်သားတွေကို အမေရိကသို့ ကျွန်အဖြစ်ရောင်းဖို့၊ ပင်လယ်ကူး သဘောင်္ပေါ်သယ်စဉ်က လူမဆန်မှုများကိုလည်း ကြားသိဖူးကြပါလိမ့်မည်။ အဲ့ဒါတွေကလည်း ဟိုတုန်းကပါကွာ၊ ခုတော့ အာဖရိကန်နွယ်ဖွားတောင် အမေရိကန်သမ္မတဖြစ်ခဲ့ပြီးပြီဟု ဆိုနိုင်ပါသည်။

ဝမ်းသာပါသည်။ သို့သော် ကမ္ဘာမြေနေရာအချို့တွင် ဝမ်းနည်းစရာမြင်ကွင်း၊ ဖြစ်ခြင်းတွေ ယနေ့တိုင်ရှိဆဲ။ ပြုသူက ပြု၍၊ ခံသူက ခံနေရမြဲ။ မတော်တဆဖြစ်စေ၊ ရည်ရွယ်လုပ်ကြံ၍ဖြစ်စေ သတ်ဖြစ်ခံနေရသော လူသားအသက်တွေ၊ ထိုဆုံးရှုံးနစ် နာမှုများအတွက် အရေးယူဆောင်ရွက်မှုတွေကလည်း စိတ်ပါလက်ပါ အစွမ်းကုန်ဖော်ထုတ်အရေးယူမှုများရှိသလို၊ ဝတ်ကျေ တန်းကျေဟု ယူဆစရာတွေ၊ မကောင်းတတ်၍ ခြေလှုပ်လှုပ် လုပ်ပြနေသည်ဟု ထင်မြင်စရာတွေရှိဆဲ ဖြစ်ပါသည်။

ကမ္ဘာမြေဘယ်နေရာမဆို လူသားအသက်ဘဝကို ရွှေငါးလေးတကောင်ထက်တော့ နိမ့်ကျတန်ဖိုးမနည်းစေလိုပါ။

မင်းကိုနိုင်
[မြစ်ဆုံဗေဒါ၊ Vol.1 ၊ No.(16)]