မိုက်ခဲစိန် - သုံးယောက်ပေါင်းလောင်းကျော်၊ အမေရိကန်ပြည်ကြီးကို ခါးစောင်းတင်မယ်



မိုက်ခဲစိန် - သုံးယောက်ပေါင်းလောင်းကျော်၊ အမေရိကန်ပြည်ကြီးကို ခါးစောင်းတင်မယ်
(မိုးမခ) မတ် ၁၄၊ ၂၀၁၇

ဒီနှစ်ကတော့ အမေရိကန်ပြည်မှာကော မြန်မာပြည်အတွက်ပါ ဂြိုဟ်ဝင်တယ် ပြောရမလား။ စိတ်ချမ်းသာစရာ သတင်းတွေ အဖြစ်အပျက်တွေ ကြားရတယ် မရှိဘူး။ အမေရိကန်ပြည်မှာ ဒေါ်နယ်ထရန့် သမတဖြစ်လာပြီ ဆိုကတည်းက လူတွေအားလုံး စိတ်မသက်သာစရာတွေချည်း ဖြစ်နေရတယ်ဆို လက်ခံမလား။ anxiety လို့ ပြောရမယ်။ restful feeling မရကြရှာဘူး။ နိုင်ငံခြားသားတွေထဲ မူဆလင်တွေ မ၀င်ရလို့ ဆိုတယ်၊ မက္ကဆီပြည်ကို တံတိုင်းနဲ့ ကာမယ်၊ တရားမ၀င်တွေကို တိုးပြီး နှိမ်နင်းမယ်၊ အိုဘားမားကျန်းမာရေးဥပဒေကို ပယ်ဖျက်ဖို့ ခြေလှမ်းတွေ စတင်ပြီ ... - စတဲ့ အပြုတွေမကြားရဘဲ အပျက်တွေချည်း ဟိန်းဟောက် ခြိမ်းခြောက်တာတွေ လုပ်နေတာကို ဆိုလိုတာပါ။ ကုမ္မဏီတွေဆိုရင်လည်း အလုပ်တွေ ရင်းနှီးမှုတွေ အပြင်ပို့ရင် အရေးယူတာတွေ အပြစ်ပေးတာတွေ လုပ်မယ် ဆိုတယ်။ အပြင်လူမ၀င်ရ အတွင်းလူ မထွက်ရဆိုတာက ဒေါ်နယ်ထရန့်လက်ထက်ကျမှ အဓိကပေါ်လစီလို ဖြစ်လာတယ် ပြောရမယ်။

သည်တော့ မြန်မာပြည်ကကော ဘယ်လိုဂြိုဟ်ဝင်လို့လည်း မေးချင်ကြမယ်။ မြန်မာပြည်မှာကတော့ အမုန်းတရားတွေ အစွန်းရောက်မျိုးချစ်စိတ်တွေနဲ့ လွှမ်းခြုံမှုံမှိုင်းလို့ နေတယ် ဆိုရမယ်။ ဘာသာရေးကို အကြောင်းပြပြီး လူသတ်သမားတွေကို ကျေးဇူးတင်ရတာနဲ့၊ လူသတ်သမားတွေဟာ လူငယ်လေးတွေမို့ စိတ်လိုက်မာန်ပါ မှားကြတာပါလို့ ပြောတဲ့သူနဲ့။ ပြည်တွင်းစစ်တွေဟာ တနေရာပြီး တနေရာ တဟုန်းဟုန်း လောင်မြိုင်နေကြတာတွေနဲ့။ ဘယ်မှာ ငြိမ်းချမ်းမှုတွေ ရှိနေလို့လဲ။ အမှန်တရားကို ဖော်ထုတ်သူတွေကို ခြိမ်းခြောက် တရားစွဲဆိုမယ့် အသံတွေ ဟိန်းဟိန်းညံနေတယ်။ မြန်မာပြည်မှာ အပြင်လူတွေလည်း မ၀င်နဲ့၊ အတွင်းလူတွေလည်း မထွက်နဲ့ ဆိုနေသလိုပါပဲ။

ဒီတပတ်မှာလည်း မိုက်ခဲစိန်တို့ကတော့ အမေရိကန်ပြည်က ဒေါ်နယ်ထရန့်ဆိုတဲ့ သမ္မတကြီးနဲ့ သူ၏ သတင်းများကိုပဲ ဆက်ပြီး သတင်းပို့နေရပါဦးမယ်။ ဒါကိုပဲ ပင်တိုင်လိုပဲ ရေးနေရသလို ဖြစ်နေတယ်။ သတင်းပြန်ရေးရတယ်ဆိုတာက သည်လိုပါ။ အမေရိကန်ပြည်က စကြာဝတေးမင်းဖြစ်နေတဲ့ ထရန့်ဟာ သူ့ပြောချင်တဲ့သတင်းထုတ်ပြန်ချက်တွေကို အင်တာနက်ပေါ်က တွစ်တာအကောင့်လေးကနေ တွီတွီတာတာထုတ်ပြန်ပြီး အမေရိကန်ပြည်ကြီးကို ကမ္ဘာကြီးကို လှုပ်သွားအောင် လုပ်နေတော့ သတင်းဌာနအစစ်တွေ သတင်းစာနယ်ဇင်းအစစ်တွေက ထရန့်ပြောသမျှကို အချိန်ယူ လေ့လာစိစစ်ပြီးမှ လူထုကို ပြန်ကြားရတော့ သတင်းမှားတွေက အရင်ပြန့်ပြီးမှ သတင်းမှန်က နောက်ကလိုက်ရှင်းနေရတာ အမေရိကန်က ဖြစ်ရပ်မှန်ပါ။ စကားပုံရှိတယ်မို့လား၊ အမှန်တရားက ဖိနပ်စီးတုန်းရှိသေးတယ်၊ အမှားတရားကတော့ ကမ္ဘာတောင် ပတ်ပြီး သွားပြီဆိုတာ။ မြန်မာပြည်မှာလည်း ဖေ့စ်ဘွတ်ပေါ်က ကောလဟာလက အရင်ထွက်သွားပြီး နောက်မှ သမ္မတရုံးသတင်းထုတ်ပြန်ချက်က နောက်က လိုက်ရတယ် မဟုတ်လားဗျာတို့ရေ။

ပြောချင်တာက ထရန့်ကို ရုရှားနဲ့ ပေါင်းနေသလား၊ တရုတ်နဲ့ ပေါင်းနေသလား၊ ဘာညာပေါ့ဗျာ ထောက်လှမ်းရေးက စုံစမ်းနေတယ် ပြောပါတယ်။ ဒါနဲ့ ထရန့်က တွတ်လိုက်ပြန်တယ်။ (တွစ်တာကနေ တွတ်တယ်ပေါ့ဗျာ)။ အိုဘားမားက သူ့ကို လျို့ဝှက်ထောက်လှမ်းနေတာ ထရန့်ကင်ပိန်းကာလကတည်းက ဆိုပဲ။ ဟိုက်ရှားဘား။ ဘယ်က သတင်းရလို့လည်းလို့ နောက်ကြောင်းလိုက်တော့ သမ္မတကြီးထရန့်၏ အထူးအကြံပေးချုပ်ကြီး စတိဘန်နင်ရဲ့ လက်ယာစွန်း သတင်းမှားဝက်ဆိုက်က ထုတ်ပြန်တဲ့ (အတည်မပြုနိုင်တဲ့ သတင်းဆို့စ်များထံက) အတင်း အဲလေ သတင်းတဲ့ဗျ။ ဒါနဲ့ အိမ်ဖြူတော်သတင်းဝန်က သတင်းစာရှင်းလင်းပွဲထုတ်ပြန်ပြီး လွှတ်တော်က စုံစမ်းအရေးယူရမယ်လို့ တောင်းဆိုသဗျ။ ဒါနဲ့ အမေရိကန်အက်ဖ်ဘီအိုင် (ပြည်ထဲရေး) ဒါရိုက်တာက ဖြေရှင်းတယ်။ ဒါမျိုး အိုဘားမားအစိုးရက မလုပ်ခဲ့ဖူး၊ ဒါကို အမေရိကန်တရားရေးဌာနက ပြန်လည်ဖြေရှင်းပေးပါလို့ ထုတ်ပြန်ပါတယ်။ အမေရိကန်တရားရေးဌာနက ပြည်ထောင်စုရှေ့နေချုပ်က ဂျက်ဆက်ရှင်ဖြစ်ပါတယ်။ ထရန့် ခန့်ထားတာပါ။ ရှေ့နေချုပ်က ဘာဆိုဘာမျှ ထုတ်ပြန်ဖြေရှင်းခြင်း မလုပ်ဘဲ ဆိတ်ဆိတ်နေပါသတဲ့။ ဆိုတော့ အိုဘားမားကပဲ ထရန့်ကို တရားမ၀င်ဖုံးတွေ ခိုးယူနားထောင်နေသလိုလိုပေါ့လေ။ ဇာတ်ရှုပ်ပါပဲ။ အကြံပေးချုပ်ကြီးက သတင်းမှား ဖန်တီးတယ်၊ ထရန့်က ဖြန့်ချိဝါဒဖြန့်တယ်၊ ရှေ့နေချုပ်က အမှန်အမှား ထောက်ပြရမှာ မထောက်ပြဘဲ မသိချင်ယောင် ဆောင်နေတယ်။ ကျန်တဲ့ နှစ်ဘက်ပါတီက အမတ်တွေ၊ ခေါင်းဆောင်တွေကတော့ ဒါဟာ မဖြစ်နိုင်တဲ့အကြောင်း အသီးသီး သဘောထားပေးကြပါတယ်။ သို့သော်လည်း အဲသည် သူတို့ ၃ ယောက်ပေါင်းပြီး လှည့်လိုက်တဲ့ အကွက်က အမေရိကန်ပြည်သူတွေ ချာလပတ်ကို လည်သွားတယ်လို့ ဆိုရမှာပေါ့။

အဲသည် လက်ယာစွန်း လူဖြူအမျိုးသားရေးဝါဒီ သတင်းဝက်ဆိုက်ထူထောင်သူ၊ လက်ရှိ သမ္မတအကြံပေးချုပ်ကြီး စတိဘန်နင်၊ နောက် လက်ယာစွဲ ကိုယ်ကျိုးစီးပွားဦးစားပေး အရင်းရှင်သူဌေးကြီး လက်ရှိ သမ္မတကြီး ထရန့် နဲ့ လက်ယာစွဲ၊ ခရစ်ယာန်မျိုးချစ်စွဲ၊ လူဖြူစွဲသူ လက်ရှိ ပြည်ထောင်စု ရှေ့နေချုပ်ကြီးတို့ ၃ ယောက်ပေါင်းပြီး လောင်းကျော်နေပြီ၊ အမေရိကန်ပြည်ကြီးကို ခါးစောင်းတင်နေလို့ ကမ္ဘာကြီးပါ ဇော်ထိုး မိုးမျှော် ဖြစ်နေတော့မယ်လို့ သတင်းဆောင်းပါး ရေးလိုက်သူကတော့ ကျနော် မိုက်ခဲစိန် မဟုတ်ပါဘူး။ နယူးယောက်တိုင်း မဂ္ဂဇင်းက ပင်တိုင်ဆောင်းပါးရှင် ဂျာနယ်လစ် Emily Bazelon အက်မလီဘက်ဇလွန် ဖြစ်ပါတယ်။ သူနဲ့ NPR လို့ခေါ်တဲ့ အမေရိကန်ပြည်သူ့အသံ ရေဒီယိုဌာနက Terry Gross တို့ မေးမြန်းချက်ကို အခြေခံပြီး မိုက်ခဲစိန်က စွပ်စွဲ ပုတ်ခတ် ရေးသားလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်မှာကတော့ မြန်မာပြည်လို ၆၆(ဃ) မရှိသေးပါ။ တော်ကြာ ထရန့်က မြန်မာပြည်ကို အားကျပြီး ၆၆(ဃ) မပြဌာန်းခင် သည်ဆောင်းပါးလေးတော့ ပြီးအောင် ရေးရမှာ ဖြစ်ပါတယ်။


အမေရိကန်ပြည်ဟာ သမ္မတကြီး ထရန့်တက်ပြီးနောက်မှာ (ကိုအောင်သူငြိမ်း အာလုပ်ပြုသလို) 'လစ်ဗြဲ" လမ်းစဉ် (တိုးတက်သော ဗဟုဖြစ်သော လမ်းစဉ်) ကနေ ကွန်ဆာဗတစ်လမ်းစဉ် (ရှေးရိုးစွဲ ခေတ်နောက်ပြန်လမ်းစဉ်) သို့ ဂငယ်ကွေ့ ကွေ့ချလိုက်ပါတယ်။ လူဖြူအမျိုးသားရေး၊ ခရစ်ယာန်ဘာသာရေးနဲ့ ပရဟိတထက် အတ္တအကျိုးဦးစားပေးရေးတို့ကို ပိုမို အစွန်းရောက်စွာ ကျင့်သုံးလာတဲ့အတွက် တိုင်းပြည်က အရောင်အသွေးစုံ လူတန်းစားစုံဟာ လှုပ်လှုပ်ရှားရှား ဖြစ်သွားရပါတယ်။ အမျိုး ဘာသာ အယူအဆ မတူကွဲပြားသူတွေ အတူတကွ သင့်မြတ် ငြိမ်းချမ်းစွာ နေထိုင်ရေးကနေ ၊ ကိုယ်နဲ့ မတူ ကိုယ့်ရန်သူ ရန်လိုမုန်းထားမှုတွေ ခွဲခြား ဆက်ဆံမှုတွေ ပိုမိုများပြားလာတယ်လို့ မီဒီယာတွေမှာ ဝေဖန်မှုတွေ သုံးသပ်မှုတွေ တိုးတက်လာနေပါတယ်။




အဲသည်မီးကို ဟိုအယင်ကာလတွေကတည်းက တစိုက်မတ်မတ် မွှေးနေခဲ့သူတွေထဲက တယောက်ကတော့ လက်ယာစွန်း လူဖြူအမျိုးသားရေးဝါဒီ စတိဘင်နန်ပါ။ သူရဲ့ ဘရိုက်ဘတ်နယူးဝက်ဆိုက်ကနေ anti-immigration လို့ ဆိုတဲ့ တပြည်သားများ ဆန့်ကျင့်ရေး အယူအဆတွေကို တောက်လျောက် တင်ဆက်ပြီး ၀ါဒဖြန့်ချိနေခဲ့တာပါ။ လူဖြူတွေနဲ့ အမေရိကားကိုသာ သူက လိုလားပြီး တပြည်သားတွေ ပြောင်းရွှေ့နေထိုင်မှုကြောင့် အမေရိကန်ပြည်ကြီးရဲ့ အမျိးသားရေးလက္ခဏာတွေဖြစ်တဲ့ လူဖြူများတန်ဖိုး၊ ခရစ်ယာန်များ တန်ဖိုးတွေ ကျဆုံးနေပြီလို့ သူက အမြဲပြောဆို စွပ်စွဲနေခဲ့တာဖြစ်ပါတယ်။ တပြည်သားတွေဟာ ရာဇ၀တ်သားတွေ၊ အကြမ်းဖက်သမားတွေ၊ အမေရိကန်စည်းစိမ်ကို ခိုးယူဒါးမြတိုက်နေသူတွေဆိုပြီးတော့ အဲသလို သတင်းတွေ အဖြစ်အပျက်တွေကို လိုရာဆွဲတာ၊ ပုံကြီးချဲ့တာ၊ သတင်းလုပ်ကြံပြီး ဖြန့်ချိတာတွေ လုပ်နေခဲ့တာပါ။ သူ့ပရိသတ်တွေကတော့ သူ့လို သဘောထားရှိတဲ့ အမေရိကန်ပြည်တွင်းက လူဖြူအသိုင်းအ၀ိုင်း(အချို့တွေ) ဆင်ခြေဖုံး ကျေးလက်၊ တောသူတောင်သား လူဖြူမြို့ရွာငယ်လေးတွေက လူတွေ ဖြစ်နေပါတယ်။


တဖန် အဲသည်လိုမျိုး အတွေးအခေါ်တွေ ဟောပြောချက်တွေနဲ့ နိုင်ငံရေးစင်မြင့်မှာ ဟောပြောပို့ချပြီး ရွေးကောက်ပွဲတွေ အစိုးရရာထူးတွေ ရယူ လုပ်ကိုင်နေသူတဦးကတော့ အထက်လွှတ်တော်အမတ်ကြီး ဂျက်ဆက်ရှင်ပဲ ဖြစ်ပါတော့တယ်။ သူကလည်း နှစ်ပေါင်းများစွာကတည်းက anti-immigration ပါပဲ။ အန်ကယ်ကတော့ နိုးပါပဲ ဆိုတဲ့ လူစားပါ။ သူက အမေရိကန်ပြည်ဝင်ခွင့်တွေ၊ စီးပွားရေးလုပ်ငန်းတွေမှာ နိုင်ငံစုံက ၀င်ရောက်လုပ်ကိုင်လာတာတွေကို တင်းကြပ်ဖို့ တားဆီးဖို့ အမြဲ အဆိုတင်သွင်းပြီး အမေရိကန်လစ်ဗြဲတွေကို တိုက်ခိုက် ရှုပ်ချနေသူလည်း ဖြစ်ပါတယ်။ ဆက်ရှင်က အမေရိကန်တောင်ပိုင်း အယ်လဘားမားပြည်နယ်ကပါ။ အမေရိကန်ပြည်ရဲ့ လူမည်းအခွင့်အရေးတိုက်ပွဲ ပြင်းထန်ရာ တောင်ပိုင်းပြည်နယ်က လူဖြူဆိုတော့ လူမည်းတွေနဲ့ လူနည်းစုတွေအပေါ်မှာ တင်းမာတဲ့ အမြင်ရှိတာ မဆန်းပါ။

သည်လိုအချိန်မျိုးမှာပဲ တိုက်တိုက်ဆိုင်ဆိုင် တကိုယ်ကောင်း ကိုယ်ကျိုးကြည့် စီးပွားရေးအမြတ်ထုတ်သူ၊ ထင်ပေါ်ကြော်ကြားလိုသူ၊ ရည်မှန်းချက်ကြီးသူ စီးပွားရေးသမားကြီး ဒေါ်နယ်ထရန့်တယောက်ဟာ နိုင်ငံရေးအမြတ်ထုတ်နိုင်မလားရယ်လို့ သမ္မတဖြစ်ဖို့ ကြိုးဝိုင်းထဲ ၀င်လာပါတော့တယ်။ သူက ဆင်းရဲသားလူဖြူတွေကို အမြတ်ထုတ် နိုင်ငံရေးကစားနေတဲ့ ရှေးရိုးစွဲအမည်ခံ ရီပတ်ဘလစ်ကန်တွေကိုလည်း တိုက်ခိုက်ပါတယ်။ လစ်ဗြဲ လက်ဝဲယိမ်း စိတ်ကူးယဉ် ဒီမိုကရက်တွေကိုလည်း ဆန့်ကျင်ပုတ်ခတ်ပါတယ်။ တကိုယ်ကောင်းဆန်ပြီး ကြီးပွားချမ်းသာဖို့ကိုလည်း တွင်တွင် ဟောပါတယ်။ နိုင်ငံရေးစိတ်ကုန်နေသူ စိတ်ပျက်နေသူ မျိုးဆက်ဟောင်းတွေကိုလည်း ရွှေပြည်သာရမည်ဆိုတဲ့ မျိုးချစ်တရား၊ ဘာသာရေးတရားတွေလည်း ဟောပါတယ်။ သည်လိုနဲ့ ကမ္ဘာကြီးမှာကလည်း အစွန်းရောက် ဘာသာရေးအကြမ်းဖက်တွေရဲ့ ခြိမ်းခြောက်မှုတွေ ခံစားနေရချိန်၊ ကိုယ့်အိမ်ကိုယ့်ယာ ကာကွယ်တိုက်ထုတ်နိုင်ရေး မင်းလောင်းမျှော်နေချိန်မှာ ရေကန်အသင့် ကြာအသင့်နဲ့ ထရန့်တယောက် အမေရိကန်နိုင်ငံရေးလှိုင်းထိပ်မှာ စီးနင်းလာနိုင်ခဲ့တယ် ဆိုရမှာပေါ့ခင်ဗျာ။

အဲသည်မှာတင် ထရန့် သမ္မတလောင်းအဖြစ် စတင်တဲ့ကာလကတည်းက စပြီး စတိဘန်နန်ကော ဂျက်ဆက်ရှင်းကောဟာ သူတို့အကျိုးအတွက် လိုရာပန်းတိုင်ရောက်မယ့် ထရန့်ဖောင်တော်ကြီးကို တက်စီးကြပြီး အစွမ်းကုန် သမ္မတအဖြစ် တင်မြှောက်နိုင်ရေး ကြိုးပမ်းပေးခဲ့ကြတယ်၊ လက်တွဲခဲ့ကြတယ်လို့ သတင်းစာဆရာမ အက်မလီက ကောက်ချက်ဆွဲပေးထားပါတော့တယ်။ စတိဘန်နန်ရဲ့ လမ်းစဉ်ဖြစ်တဲ့ လုပ်ကြံသတင်း၊ လိမ်လည် လီဆယ်သတင်း အတင်းတွေရဲ့ အင်အားနဲ့ သက်ရောက်မှုကို ထရန့်တယောက် ကောင်းကောင်းကြီး အသုံးချသလို ဂျက်ဆက်ရှင်ရဲ့ နိုင်ငံရေးဝါရင့်မှု လမ်းညွှန်မှုတွေကလည်း အကျိုးပြုခဲ့တယ်လို့ ဆိုရပါမယ်။ 

ထရန့်သမ္မတ ဖြစ်ဖြစ်ခြင်းမှာ ဂျက်ဆက်ရှင်ရဲ့ လမ်းညွှန်မှုနဲ့ မူဆလင်နိုင်ငံတွေက ဧည့်သည်တွေကို တားဆီးဖို့ တချက်လွှတ်အမိန့်ကို ထရန့်က ထုတ်ပြန်ခဲ့တာပါ။ စတီဘန်နင်ရဲ့ ၀ါဒဖြန့်မှိုင်းတွေဖြစ်တဲ့ တပြည်သားတွေဟာ ရာဇ၀တ်သားတွေ၊ အမေရိကန်စီးပွားရေးကို ခိုးယူသူတွေဆိုတာကို အသုံးချပြီး တပြည်သားတွေကို ပိတ်ပင်တားဆီးမှုတွေ ထရန့်က ထုတ်ပြန်နေတာ ဖြစ်ပါတယ်။ ဒီလောက် ထုတ်ဖော် ရေးသားလိုက်ပြီဆိုရင်ဖြင့် အရိပ်အမြွက်အားဖြင့်တော့ အမေရိကန်ပြည်ကြီးကို သူတို့ ၃ ယောက်ပေါင်းပြီး လောင်းကျော်နေတာ၊ ခါးစောင်းတင်နေကြတာကို ရိပ်မိနိုင်မယ် ထင်ပါတယ်။

သူတို့တွေကို ဘယ်လို တန်ပြန်ကြမှာလဲ။ အမေရိကန်ပြည်ရဲ့ ဒီမိုကရေစီစနစ်ကို ယုံကြည်ကြတယ် ဆိုရင်ဖြင့် နိုင်ငံရေးနည်း၊ မီဒီယာနည်း၊ ဥပဒေနည်းနာများထဲကနေ တုန့်ပြန် စိန်ခေါ်ကြရမှာ ဖြစ်ပါတယ်။ ခုချိန်ထိတော့ အမေရိကန်ပြည်က မီဒီယာတွေနဲ့ နိုင်ငံရေးသမားအချို့ လစ်ဗြဲတွေနဲနဲပါးပါးကသာ ကန့်ကွက်ဆန္ဒပြကြတာ၊ တရားစွဲဆို စိန်ခေါ်တာတွေ လုပ်နေကြပါတယ်။ လူပြိန်းတွေကလည်း အင်အားများတော့ တအိုးလုံးမှာ တပွက်ပွက် ပလုံစီနေတာပဲ မြင်ကြရပါသေးတယ်။ ထရန့်သမ္မတသက်တမ်းကလည်း ရက် ၁၀၀ မပြည့်တတ်သေး ဆိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ကဲ .... မြန်မာပြည်ကြီးမှာကော ဒီမိုကရေစီဆန့်ကျင်သူတွေထဲက သုံးယောက်ပေါင်း လောင်းကျော်နေတာများ တွေ့မိကြပါသလား။ အမျိးဘာသာအစွန်းရောက်တွေနဲ့ ၀ါဒဖြန့် မှိုင်းတိုက်နေသူတွေ ရှိနေပါတယ်။ ဟို ၀ီနဲ့စပြီး သူနဲ့ ဆုံးတဲ့ ဘုန်းကြီးတပါးဆိုတာ အစွန်းရောက်မျိုးချစ်တွေကို အတော်သြဇာလွှမ်းတယ်ဆိုပဲ။ အာဏာရ နိုင်ငံရေးပါတီကြီးက ဥပဒေအတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးကို နေ့ခင်းကြောင်တောင် လူပုံအလည် အစွန်းရောက်မျိုးချစ်စိတ်တွေနဲ့ သတ်ဖြတ်တဲ့ တပ်မတော်သားဟောင်းတွေကို ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါသေးတယ်။ ပြီးတော့ ဘာသာရေးတွေ အမျိုးသားရေးတွေ ရှေ့တန်းတင်ပြီး နိုင်ငံရေးအမြတ်ထုတ် ဟောပြော စည်းရုံးနေတဲ့ နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်ဟောင်းတွေ၊ လွှတ်တော်အမတ်တွေကော ရှိနေတယ် ဆိုပါကလား။ အင်း သူတို့အတွက်ကတော့ သမ္မတလုပ်ချင်တဲ့ သူတဦးလောက်တော့ ရှာထားနှင့်လိမ့်လေမလားလို့ ကြိုတင်စိုးရိမ်မိကြောင်းပါ ခင်ဗျား။ ဒေါ်နယ်ထရန့်ကလည်း မြန်မာပြည်ကိုလာပြီး ဗိုလ်အောင်ဒင်သီချင်း ဆိုချင် ဆိုနေမှာလား မသိပါဘူးလေ။

(ရေးသာရေးရ ၆၆(ဃ) လည်း ကြောက်ရဆိုတော့ ... )