မောင်ဥက္ကလာ - အရှုပ်ထုပ် ရှင်းပွဲ - ရှင်းမှပိုရှုပ်

မောင်ဥက္ကလာ - အရှုပ်ထုပ် ရှင်းပွဲ - ရှင်းမှပိုရှုပ်
(မိုးမခ) မတ် ၁၀၊ ၂၀၁၇


ဆိုင်းမဆင့်ဗုံမဆင့် သီးသန့်ဖိတ်ခေါ် ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် “အရှုပ်ထုပ်ရှင်းပွဲ” (လျှို့ ဝှက်) သတင်းစာရှင်းလင်းပွဲကို မိုးမကျသတင်းဂျာနယ်ကိုယ်စား တက်ရောက်ခွင့်ရရှိခဲ့ပြီး အခမ်းအနားမှာ ရှင်းနေတာကို ရှုပ်အောင် ဟစ်တလာ သီအိုရီနဲ့ “ကြီးကြီးလိမ်၊ ဗြောင်သာလိမ်တဲ့ လူတွေငြိမ်နေလိမ့်မယ်” (လင်းယုန် - မြန်မာသံတော်ဆင့်၊ မတ် ၄-၁၀၊ ၂၀၁၇) ရှင်းပြဖုံးကွယ်ပေးတဲ့ အာဏာပိုင်များ နဲ့ ၆၆(ဃ) ကြောက် သတင်းထောက်များ၏ အပြန်အလှန် မေးမြန်းဖြေကြားချက်များကို ကောက်နုတ်တင်ပြလိုက်ပါတယ်။ တင်ပြပါ အချက်အလက်များ မှန်မမှန် Fact-checking ကိုတော့ သက်ဆိုင်ရာ အာဏာပိုင်များနဲ့ သတင်းထောက်များကို ဆက်သွယ်မေးမြန်းကြည့်ပါ။

အခမ်းအနားမှူး -- အဟမ်း … ရှင်းလင်းပွဲ စတော့မှာမို့ ခန်းမထဲကိုဝင်ရောက် နေရာယူကြပါခင်များ။ ကျွန်တော်တို့ ဒီနေ့ ဒုတိယအကြိမ် ရှင်းနေတာကို ရှုပ်အောင်လုပ်မယ့် … အယ် … ရှုပ်နေတာကို ရှင်းအောင်ထပ်ရှင်းမယ့် ရှင်းလင်းပွဲကို ဒီတကြိမ် မူးယစ်ဆေးဝါးပြတိုက်အစား ရန်ကုန်ဆိပ်ကမ်း ကုန်လှောင်ရုံကြီုးတခုကို ရွေးချယ်ကျင်းပပြုလုပ်ရတဲ့အကြောင်းကို ဦးစွာအကျဉ်းချုပ် ရှင်းရရင် ဒီနေရာက Fake News သတင်းဌာနတွေ ဖွနေတဲ့ ဟို … လိပ်စာမှားပြီး ရောက်လာတဲ့ တရားမဝင်ပစ္စည်းတွေ သိုလှောင်ထားလေ့ရှိတဲ့ ဟိုလူကြီးဒီလူကြီးပိုင် ဂိုဒေါင်ကြီး မဟုတ်ပါဘူး။ အဲ … ဘယ်လူကြီးပိုင်တယ်ဆိုရင်လဲ (နိုင်ငံတော်) ကျနော့်လုံခြုံရေးအရ ပြောခွင့်မရှိ၊ မပြောရဲပါဘူး။

ဒီတကြိမ် ကျင်းပပြုလုပ်တဲ့ ရှင်းလင်းပွဲကိုတော့ နေ့စဉ် မဟုတ်မမှန် သတင်းတွေကို စာရွက်ကုန်ခံ၊ အချိန်ကုန်ခံ ဖွနေတဲ့ Fake News တွေဖြစ်တဲ့ Myanmar Now, Tomorrow, 7 Days, Voice, News Watch, The Sun Rays, Modern စတဲ့ အင်္ဂလိပ်အမည်နဲ့ နိုင်ငံခြား သတင်းမီဒီယာအုပ်စုတွေကို မဖိတ်တော့ဘဲ သီးသန့်ရှယ် ဖိတ်ကြားခံရတဲ့ မြန်မာသတင်းအုပ်စုတွေကတော့ ရွှေပြည်ကြီးရဲ့  ထိပ်တန်းသတင်းစာများဖြစ်လာမယ့် …   မြန်မာနောက်နေ့၊ မြန်မာမနေ့က၊ မြန်မာ့အမှောင်၊ မြန်မာအချိန်နေ့စဉ်၊ မစ္ဆိရဂျာနယ်၊ စောင့်မျှော်သတင်းဂျာနယ်၊ သူသတိရအတင်း၊ ခေတ်နောက်ကျ၊ မိုးမကျသတင်း … တို့ဖြစ်တယ်။

မမေ့ခင် ဒီနေ့ ရောက်လာကြတဲ့ သတင်းထောက်ကြီးများကို အထူးသတိပေးလိုတာက ဂိုဒေါင်ရုံထဲ ဟိုသွားဒီဝင် တွေ့ကရာတွေကို ဓါတ်ပုံရိုက် ဖွဘုတ် မတင်ဖို့ပါ။ ပြီးတော့ တာဝန်ခံဖြေကြားပေးမယ့် လူကြီးတွေ နဲ့ သူတို့နောက်ကွယ်က ကြိုးကိုင်သူတွေ အယ် … ကြီးကြပ်ပေးနေသူတွေ စိတ်အနှောင့်အယှက်ဖြစ်၊ ဖြေကြားဖို့ ခက်တဲ့ မေးခွန်းမျိုးတွေ၊ အကြည်ညိုပျက် ပုဒ်မနဲ့ တရားစွဲအရေးယူနိုင်တဲ့ မေးခွန်းမျိုးတွေ မမေးကြဖို့ကို သတိပေးလိုပါတယ်။

အဲဒီလို မလိုက်နာ မလုပ်ဆောင်ကြဘူးဆိုရင် ကျွန်တော်တို့က ၆၆(ဃ) ကို သနားတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်း “မိုးပေါ်ထောင်မပစ် တည့်တည့်ပစ်တတ်တယ်” ဆိုတာကို အမှတ်ရကြပါ - “ကိုပါကြီး” ကို မှတ်မိကြမှာပေါ့။ ကဲ… ကဲ… ရှိစေတော့။ အခု ပြောဆိုခဲ့တာတွေကို အားလုံးလက်ခံ လိုက်နာတယ်ဆိုရင် နေရာယူ၊ သိချင်တဲ့ အကြောင်းအရာများကို သတိနဲ့ စတင်မေးမြန်းနိုင်ပါပြီ။


“ဟေ့ … ခဏ နေကြအုံး … နေကြပါအုံး” ဘယ်ဂလိုကနေ ဘယ်ဂလိုရောက်လာမှန်း မသိ … ပြောတာကို နားမထောင်ရင် ငါ့အကြောင်းသိမယ်ဆိုတဲ့ မြစေတီဘုရားက ဘုန်းတပါးလို ကျောက်ပြင်လို့မာကျောတဲ့ မျက်နှာပေးမျက်နှာထားနဲ့ ဘုန်းကြီးက ပြောင်နေတဲ့ဂတုံးကို လက်နဲ့ပွတ်ကာ “… မင်းတို့တွေ အဖြေမရှိတဲ့ မေးခွန်းတွေ မေးကြမြန်းကြ မရှုပ်ခင်။ မင်းတို့အားလုံးထက်မိုက်လို့ ဂတုံးတုံးပြီး လက်မည်းကြီးတွေရဲ့  ဆရာတော်လုပ်နေသူရဲ့  မိန့်ချင်တာကို မိန့်ပြ အဲ ဖတ်ပြမယ်။ တချက်နားထောင်။ မာနတ်မင်း၊ ဒေဝဒတ်တောင် လက်မြှောက်သွားရမယ့် ကျုပ်တို့ဆရာတော် သူ့ဖွဘုတ်တံတိုင်းမှာ ပေါက်ကွဲရေးခြစ်ထားတာက…

“ဒီပွဲမှာတော့ အနာဂတ် မြန်မာ့သာသနာ (လက်ရှိမှာတော့ ကျုပ်တို့လို တယူသန် မျက်ကန်မျိုးချစ်တွေကြောင့် ပျက်စီးခြင်းများစွာနဲ့ အဖတ်ဆယ်မရတော့တဲ့ ဗုဒ္ဓသာသနာ) အတွက် စိုးရိမ်မှုတွေ ကင်းပျောက်သွားလို့ စိတ်သက်သာရာတော့ ရလိုက်တယ်။ (ဘုရားသူခိုး၊ လူသတ်သမား) ကြည်လင်းကို ကျေးဇူးတင်တယ်။ (လူသတ်သမား သေနတ်ကမ်း၊ ဘုရားသူခိုး) အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်၊ (သူရဲဘောကြောင်၊ လက်မည်းကြီးများ အကာအကွယ်ပေးထားတဲ့ ဝရမ်းပြေး) အောင်ဝင်းခိုင်ကို ကျေးဇူးတင်တယ်၊ (သင်္ဃန်းဝတ်ရှောင် ကြောင်သူတော် ဝိသမလောဘသား) ဇေယျာဖြိုးကို ကျေးဇူးတင်တယ်၊ (နောက်ကွယ်က အမုန်းတရား၊ အဖျက်လုပ်ရပ်တွေ မီးမွှေးယပ်ခပ်ပေးနေတဲ့ - တာဝန်အရ သင်္ကန်းခြုံ ဘုန်းဘုန်းတွေ၊ ရလေလိုလေ အိုတစေ ဆရာ့ဆရာကြီး လက်မည်းကြီးတွေ နဲ့ နေပူတော်က ပုပ်လိုပေါ် ကြောက်ကန်ငြင်းနေတဲ့ ခေါင်းပေါင်းတထောင်ထောင်နဲ့ယောင်နေသူကို ကျေးဇူးတင်တယ်)။” [ဆီဖြန်းယပ်ခပ်သမား ကျန်ခဲ့သော စကားများကို ကွင်းစကွင်းပိတ်နဲ့ ဖြည့်စွက်ထားခြင်း]

ကဲ … ဒီမှာ အချိန်သိပ်မရှိလို့ ကျုပ်တို့ မင်းဆရာရဲ့  ဆုတောင်းဆန္ဒကို ဖြည့်ဆည်းပေးသူတွေအပေါ် ထားရှိတဲ့ ရင်တွင်းကျေးဇူးစကားက ဒီလောက်ပါပဲ။ အားလုံးကို တခုအသိပေးချင်တာက ကျုပ်တို့မင်းဆရာအနေနဲ့ ငယ်ရွယ်နုနယ် ဘာမှမသိတဲ့အချိန်ကနေ ဒီနေ့ သိသလိုတတ်သလိုလို ဖြစ်နေတဲ့အချိန်အထိ ကုမရတဲ့ မွတ် allergy (စိတ်ဝေဒနာရောဂါ) ရှိတာကြောင့် အကယ်လို့ … ခင်များတို့ ရပ်ကွက်ထဲမှာ မွတ်ပရောဂနဲ့ ခွေးရူးတစ်ကောင် သောင်းကျန်းနေတယ်ဆိုရင် ပါရာဇိကကျခံ၊ အကုသိုလ်အဖြစ်ခံပြီး ရပ်ကျိုးရွာကျိုးအတွက် သူကိုယ်တိုင် (ကိုက်) သတ်ပေးဖို့ ဝန်မလေးဘူး။ အဲ့ဒီလောက် ကျုပ်တို့မင်းဆရာက အစွယ်ထက်၊ အမျိုးချစ်စိတ် ထက်သန်တယ်။

ကဲ ရှိစေတော့ … ဒီလို အကုသိုလ် အမုန်းတရားတွေ မပြောချင်ပါဘူး။ အချုပ်ပြောချင်တာက ကျုပ်တို့ မဘသကို မျက်စိပိတ်၊ အသိတရားပိတ်ကာ ယုံကြည်ကိုးကွယ် ပူဇော်အားကိုးနေသူအပေါင်း လိုချင်သိမ်းယူချင်တာတွေအားလုံးနဲ့ ပြည့်စုံကြပါစေ။

အခမ်းအနားမှူး -- ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။ အားကိုးပါတယ် ဘုရား။ မင်းဆရာအနေနဲ့ ဆဲချင် … အဲ … ပြောဟောချင်တာကို ဖွဘုတ်ကနေ အတားအဆီးမဲ့ ဆက်မိန့်တော်မူပါဘုရား။ လိုအပ်သလို ကျွန်တော်မျိုးတို့ ကူညီထောက်ပံ့၊ ကာကွယ်ပေးပါမယ်ဘုရား။ ကဲ … ကဲ .. သတင်းထောက်ဆိုသူတွေ မေးသင့်မေးထိုက်တဲ့ မေးခွန်းတွေ သတိအလိမ္မာနဲ့ စတင်မေးမြန်းနိုင်ပါပြီ။

မြန်မာနောက်နေ့သတင်း -- မင်္ဂလာပါ အကိုကြီး ဆရာကြီး ဝန်ကြီး … ဦးစွာ ကျွန်တော် သိချင်တာက ဘာဖြစ်လို့ ဒီသတင်းစာရှင်းပွဲကို အစောပိုင်း မှုခင်းသတင်းတွေကို တောက်လျှောက်ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်၏အကြံပေး နဲ့ နိုင်ငံတော်သမ္မတရုံးက လူတွေ အရင်တကြိမ်နဲ့ အခုတကြိမ် ဘာကြောင့်မပါလဲ။ ပြန်ကြားက ဘာလို့ ဒီသတင်းတွေကို ရှင်းလင်းမထုတ်ပြန်တာလဲ။



ရဲချုပ် -- ဝန်ကြီး ကျွန်တော် ဖြေလိုက်ရမလား။ မှားသွားရင် အရေးမယူပါနဲ့နော် .. ဟဲ .. ဟဲ။ ဟုတ်ကဲ့ … အဲ ဟိုလေ … ညီလေး မေးတဲ့မေးခွန်း သိပ်ကောင်းပါတယ်။ နိုင်ငံတော်သမ္မတရုံးနဲ့ ပြန်ကြားတို့ မပါတာ။ ဒီအမှုကိစ္စ အတိမ်အနက် မြုပ်ကွက်တွေကို ဘာမှမသိရတဲ့ သူတို့အနေနဲ့ ဟန်ပြရှင်းပြောနေလဲ ဘာမှထူးမှာမဟုတ်ဘူး။ အစောပိုင်းက အကိုတို့ ပြောခိုင်းတဲ့အတိုင်း သူတို့ သတင်းထုတ်ပြန်တယ်။ အခု ကိုယ်တို့ဇာတ် ကိုယ်တို့ကိုယ်တိုင် ကပါပြီ။ ငါ့ညီလည်း သတင်းထောက်လုပ်နေပြီ ဒီလောက်တော့ သိပါတယ် … သူတို့က အစိုးရ၊ ကိုယ်တို့က ကိုယ်တို့ - ကမ္ဘာကြီး နှစ်ခြမ်းကွဲနေသလိုပေါ့ … အာဏာအုပ်ချုပ်ရေး နှစ်ခြမ်းကွဲနေတာ ငါ့ညီတို့ သိသင့်ပါတယ်။ ငါ့ညီ ဘယ်အပိုင်းမှာနေပြီး သတင်းရေးမလဲ စဉ်းစား။

ဝန်ကြီး -- အစ်ကိုအနေနဲ့ ထပ်ဖြည့်ပြောချင်တာက ရဲချုပ် ပြောသလိုလဲ မဟုတ်ပါဘူး။ ဒို့တတွေ (ဘေးကလူတွေကို မျက်စိမှိတ်ပြပြီး) အခုလို အမျိုးသားရင်ကြားစေ့ လုပ်နေချိန်မှာ အားလုံးပူးပေါင်းလုပ်နေပါတယ်။ နောက်ဆို ဒီလိုမျိုး သံသယဖြစ်၊ သွေးကွဲအထင်လွဲမယ့် မေးခွန်းမျိုးတွေ မမေးသင့်ဘူး။ ငါ့ညီ သိပါတယ် ဒီလိုမျိုး တိုင်းပြည်ပြိုကွဲမယ့်၊ အချုပ်အခြာ ထိပါးတဲ့၊ အကြည်ညိုပျက်စရာ မေးခွန်းမျိုးတွေဆို လိုအပ်သလို အရေးယူနိုင်တယ်။ ဒို့အရေးမယူလဲ ပါဏာတိပါတာကံ ကျူးလွန်ဖို့ မကြောက် အထက်ကမိန့်ဆိုခဲ့တဲ့ မင်းဆရာရဲ့  Brainwash ဦးနှောက်ဆေးခံ အမျိုးချစ်လူငယ်တွေက Standby အဆင်သင့်ရှိနေတယ်ဆိုတာကို သတိရပါ။
မြန်မာနောက်နေ့သတင်း -- ဟုတ်၊ ဟို အာဂသတ္တိခဲ၊ သတင်းသမားကောင်း Myanmar Now က ကိုဆွေဝင်းကတော့ သူ့ယုံကြည်ရပ်တည်ချက်အတိုင်း မတုန်မလှုပ် မတောင်းပန်ဘူး။ အဲ .. ကျနော်ကတော့ ကြောက်လို့တောင်းပန်ပါတယ်။ နောက် ဒီလိုမျိုး မမေးတော့ပါဘူး … ဝန်ကြီး ဗိုလ်ချုပ် ဆရာ အကိုကြီး။ အခုလို အလင်းပြတဲ့အတွက် ကျေးဇူးပါခင်များ။

(၇) ရက်သတင်း -- ကျနော်မေးချင်တာက … မဟာဗမာမဟုတ်၊ မေတ္တာတရား လွှမ်းခြုံထားသော ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ မြန်မာ-မွတ်စလင်တယောက်ကို လူမြင်ကွင်းမှာ ပိုးစိုးပက်စက် သတ်ဖြတ်ကျူးလွန်တဲ့ ဒီလူသတ်သမား တပ်အရာရှိဟောင်းတွေ၊ ဘုရားသူခိုးတွေနောက်မှာ Powerful အာဏာပိုင်တွေ ကြိုးကိုင်ရှိနေတဲ့ဆိုတဲ့ လူတွေရဲ့  မဟုတ်မဟတ် “ဖွတ်ထင်ခြင်္သေထင်” အခြေအမြစ်မရှိ စွပ်စွဲချက်တွေကို လိပ်ကိုဂျပိုးဖြစ်အောင် ပြောတတ်တဲ့ ဆရာတို့ ဘယ်လို ဖြေရှင်းမလဲ။

ဝန်ကြီး -- ငါးခူအပြုံးနဲ့ သတင်းသမားတွေကို ပြုံးစေ့စေ့ကြည့်ကာ စိန်လက်စွပ်နဲ့ တန်းဖိုးကြီးကြီး ရွှေနာရီအကောင်းစား ဝတ်ထားတဲ့ ညာလက်ကို ထောင်ပြပြီး “ငါ့ညီ အစ်ကို့လက်ကို သေချာကြည့် ဘာမြင်ရလဲ။”

(၇) ရက်သတင်း -- တော်တော်လေး တန်းဖိုးမဖြတ်နိုင်တဲ့ စိန်လက်စွပ်နဲ့ ဟိုလူငယ်သဘာဝအတိုင်း ကြွားဝါချင်တဲ့ ဝန်လေးတယောက်ရဲ့  နာရီထက် ပိုဈေးကြီးမယ့် ရွှေနာရီကို မြင်ပါတယ်ခင်များ။ ဘယ်ခရိုနီတွေ ပေးထားသလဲလို့ မေးလို့ ဟိုပုဒ်မနဲ့ မဆွဲပါနဲ့နော်။
ဝန်ကြီး -- ဟ မင်းတော်တော်ဝေးတဲ့ အကောင်ပါလား။ ဒါကြောင့် ဒီနိုင်ငံမှာ သတင်းထောက် ဖြစ်နေတာ။ ဟို ဒို့မြန်မာဆိုစကား ရှိတယ်ကွာ … အစ်ကို ပြောချင်တာက မင်းဘက်ကကြည့်တော့ …
(၇) ရက်သတင်း -- သြော် ပေါက်ပြီး ဆရာ။ ကျနော်ဘက်ကကြည့်ရင် လက်မည်းကြီးကို မြင်ပါတယ်။ ဆရာဘက်က ဘာမြင်လဲ။

ဝန်ကြီး -- အေး ငါလည်း အဲဒါပြောမလို့ အစ်ကို့ဘက်ကကြည့်လည်း လက်မည်းကြီးပဲ မြင်တယ်။ ဒါပေမဲ့ အဲဒီလို မပြောရဲဘူး။ နောက်မှာ ဒို့များကိုလည်း စောင့်ကြည့်နေတယ်။ ဟ လခွီး … ငါတောင် ယောင်ကုန်ပြီ။ ဟေ့ကောင် သေချာကြည့် နားထောင် … ကိုယ်ပြောချင်တာက ငါ့ညီဘက်ကကြည့်ရင်  လက်ဖဝါးပါ၊ အစ်ကို့ဘက်က ကြည့်ရင် လက်ဖမိုး မြင်ရတယ်။ အစ်ကိုတို့မှာလည်း အထက်က ခိုင်းတဲ့အတိုင်း တသွေမတိမ် လုပ်ရမယ့် အလုပ်တွေ အများကြီးရှိပါတယ်။ တချက်မှားလို့ မရဘူးဆိုတာကိုလည်း အစ်ကိုတို့အပေါ် သက်ညှာနားလည်စေချင်တယ်။ အေး … အခုလို စိတ်ရှည်ရှည်နဲ့ ရှင်းနေတာကို မင်းတို့ နားမလည်ဘူး၊ ဟိုဖွဒီဖွ လုပ်ကြမယ်ဆိုရင် … အားလုံးရှင်းသွားအောင် လက်တို့ပြောလိုက်ရုံပေါ့။
(၇) ရက်သတင်း -- ဟုတ်ကဲ့ ကောင်းကောင်း နားလည်ပါပြီ။ ကျနော်လည်း အခုတော့ အကိုတို့ မြင်သလို မြင်အောင်ကြည့်ပါမယ်။ ကျေးဇူးအကြီးကြီးပါ ဝန်ကြီး။
အခမ်းအနားမှူး -- ကြားဖြတ် လွှတ်တော်ကနေ ပေးပို့လာတဲ့ ဖြေရှင်းချက် ရှင်းလင်းချက်ကို တချက်နားထောင်ကြည့်ပါ။ သူကတော့ ကျွန်တော်တို့ မိတ်ဆွေကြီး ရဲဘော်ရဲဖက် … ဘာသာတရား အလွန်ကိုင်းရှိုင်းသူ၊ အစွန်းရောက်အမျိုးချစ် ဘုန်းကြီးဆိုသူတွေကို အထောက်အပံ့အလှူငွေတွေ ရက်ရက်ရောရော လှူဒါန်းပေးကမ်းသူ။ အဲဒီ လူဆိုးတွေနဲ့ အဲ .. အမျိုးချစ်ဘုန်းဘုန်းတွေနဲ့ ရန်အပေါင်းကိုဖြေရှင်းဖို့ တိုင်ပင်၊ ဘုရားသူခိုး၊ လူသတ်သမားတွေလို့ စွပ်စွဲခြင်းခံထားရတဲ့ သူ့မိတ်ဆွေကောင်းတွေနဲ့ ပိတ်နေတဲ့ လက်ဖက်ရည်ဆိုင်မှာထိုင် အစီအစဉ်ရေးဆွဲ၊ “နိုင်ငံခြားလေဆိပ်တခု” မှာ အဲဒီမိတ်ဆွေတွေနဲ့ မချိန်းဘဲတွေ့ “လှေတပျော်တပါးစီး” အားရဝမ်းသာ ဓါတ်ပုံတွဲရိုက်ခဲ့သူ (လေဆိပ်မှာ လှေစီးနိုင်တာ အဲဒီတနိုင်ငံပဲရှိ) … လွှတ်တော်အမတ်တဦးပါ။ သူ့ လုံခြုံရေးအတွက် သူဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ရုပ်ဖော်မပြောနိုင်တာ နားလည်ပေးပါ။
လွှတ်တော်အမတ် အသံ -- ဦးစွာပြောချင်တာက အသတ်ခံရတဲ့ ပုဂ္ဂိုလ်ကြီးက စာတတ်ပေတတ် ဥပဒေပညာရှင်တဦးပါ။ သူရေးတဲ့ စာတွေဖတ်၊ ဟောပြောတာတွေ နားထောင်ပြီး ကိုယ်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်လို့ အတော်လေး အမြင်ကတ် … အဲ သူကို စောင့်ကြည့်ခဲ့ပါတယ်။ ကိုယ့်အနေနဲ့ ကိုယ်တိုင်တော့ ပြစ်မှုကျူးလွန်ခဲ့သူတွေကို ယပ်ခပ်ပေး၊ ကျွေးမွေးခဲ့မိသလားဆိုတာ မမှတ်မိတော့ပါဘူး။ ဘုရားသူခိုး လူသတ်သမားတွေလို့ စွပ်စွဲခံထားရတဲ့ ကိုယ့်မိတ်ဆွေကောင်းတွေနဲ့ပဲ လက်ဖက်ရည်ဆိုင်မှာ ထိုင်ခဲ့တယ်ဆိုတာလည်း မဟုတ်ပါဘူး။ အဲဒီမှာ ထိုင်တဲ့လူတွေ အများကြီးပါ … နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ၊ ဗိုလ်ပြုတ်တွေလည်း ထိုင်ပါတယ်။ အမှုကိစ္စအတွက် စစ်ဆေးမေးမြန်းချင်ရင် အဲဒီလူတွေကိုလည်း မေးမြန်းစစ်ဆေးသလို၊ ဆိုင်ရှင်ကိုလည်း အရေးယူသင့်တယ်။ ကိုယ့်ကို ရဲတပ်ဖွဲ့က ဖွဘုတ်မှာ တင်ထားတဲ့ ဓါတ်ပုံတွေနဲ့ ပတ်သက်ပြီး ခေါ်ယူမေးမြန်းပါတယ်။ မတရားအဖမ်းခံထားရတဲ့ မိတ်ဆွေတွေနဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေကို မဖျက်ပါဘူး။ ချက်ချင်းဖျက်လိုက်ရင် ပိုပြီးသံသယ ဖြစ်ကုန်မှာမို့ ဒီလောက်တော့ မညံ့ပါဘူး။ အမှုဖြစ်ပွားချိန်မှာ ကိုယ်က လွှတ်တော်ထဲမှာဆိုတော့ (သိတဲ့အတိုင်း အမတ်တွေက လွှတ်တော်ထဲရောက်၊ ထိုင်ခုံရပြီဆို ပြင်ပသတင်းတွေကို ဘာမှမကြား၊ နားထောင်လေ့ မရှိပါဘူး) အပြင်မှာ ဖြစ်နေတာတွေကို ဘာမှမသိသလို နေခဲ့ပါတယ်။

လူသတ်သမားတွေလို သံသယနဲ့ ဖမ်းဆီးခံနေရတဲ့ ကိုယ့်သူငယ်ချင်းတွေရဲ့  နောက်ကွယ်မှာ ကြိုးကိုင်သူတွေ ရှိနေတယ်လို့ သို့လောသို့လော စွပ်စွဲချက်တွေကို ဖြေရှင်းပြောချင်တာက … သူတို့တွေက မြန်မာ့ရှေ့ ဟောင်း ဘုရားပုထိုး၊ ရုပ်ပွားတော်တွေကို ပြင်ပနိုင်ငံတွေ သယ်ထုတ်ပြီး၊ သာသနာပြန့်ပွားရေးကို လုပ်ဆောင်နေကြတဲ့ အမျိုးချစ်သူတော်ကောင်း စီးပွားရေးသမားတွေပါ။ သူတို့က ကိုယ့်ထက် အများကြီးအမြင်ကျယ်တယ်။ လက်ဖက်ရည်ဆိုင်မှာ သူတို့နဲ့ထိုင်ပြီး သူတို့ဆီက ဗဟုသုတစုံ သိချင်တာတွေ ဝမ်းစာဖြည့်ဖို့နဲ့ အထူးအားဖြင့် သူတို့ရဲ့  အမျိုးချစ်စိတ်၊ သူတို့ကို ကျွေးမွေးနေတဲ့ အဘကျေးဇူးရှင်တွေကို ကျေးဇူးသိတတ်စိတ်၊ လုပ်ရဲကိုင်ရဲစိတ်တွေကို လေးစားလို့ ပေါင်းသင်းခဲ့တာပါ။ သူတို့နောက်ကွယ်မှာ ဘယ်သူဘယ်ဝါရှိတယ်ဆိုတာ မသိဘူး။ ကိုယ့်အနေနဲ့ နောက်ကွယ်က ငွေပေးတယ်ဆိုတာ ဘယ်လိုမှ မဟုတ်ဘူး။ သူတို့က ကိုယ့်ကို မျက်စိခွဲဖို့၊ ဘာတို့ကို သူတို့ကပဲ ပေးကမ်းတာ။ ကိုယ့်အနေနဲ့ သူတို့ သိချင်တဲ့ သတင်းအချက်အလက်လောက်ပဲ ပြောပြနိုင်ခဲ့တယ်။

အခုလို ဆက်သွယ်ပြီး အများသိစေချင်တာက ကိုယ့်ကို ဖွဘုတ်ကနေ ဟိုစွပ်စွဲ ဒီစွပ်စွဲ ရေးပြောနေတဲ့ လူတွေကို သတိပေးချင်တာပါ။ ဆက်လက်ပြီး အဲဒီလို ဟုတ်ဟုတ်မဟုတ်ဟုတ် ကိုယ်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို စွပ်စွဲပြောဆိုနေပါက ဒီနေ့ဒီအချိန် အရပ်သားအစိုးရလက်ထက်မှာ သိပ်အသုံးတည့်တဲ့ ပုဒ်မ ၆၆(ဃ)၊ ပုဒ်မ ၅၀၀ တွေနဲ့ တရားစွဲဆိုပါမယ်။ ဒီလောက်ပဲ ပြောချင်ပါတယ်။

အခမ်းအနားမှူး -- ရှုပ်နေတဲ့ အလုပ်တွေကြားက ခေတ်မီ Satellite အသုံးချပြီး ဖြေရှင်းပြောဆိုသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးကို ကျေးဇူးတင်ပါတယ်။ အစ်ကိုတို့ အကောင်းဆုံး ဖြေရှင်းပေးနေတဲ့အတွက် ဘာမှ စိုးရိမ်ကြောင့်ကြမဖြစ်ဘဲ လုပ်စရာရှိတာ တာဝန်ကျေကျေ ဆက်လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။ ကဲ … ကျန်ရှိနေသေးတဲ့ မေးခွန်းများကို ဆက်မေးပါ။

သူသတိရအတင်း -- တသက်လုံး ထိအောင်ပစ်တဲ့တပ်နဲ့ လောဘကြီးတဲ့ ဘဝရှင်မင်းတရားကြီးရဲ့  ဒေါသကို တသက်လုံး တချိန်လုံး ကြောက်နေရတဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် လူမြင်ကွင်းမှာ လူမဆန်တဲ့ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ကြတဲ့ တပ်မတော်အရာရှိဟောင်းတွေကို ဒီလို လူမြင်ကွင်းမှာ သတ်ဖြတ်မှုတွေ ကျူးလွန်မှုမရှိတဲ့ တပ်မတော်အနေနဲ့ ဘယ်လို အရေးယူပြစ်ဒဏ်ချမှတ်ဖို့ စဉ်းစားထားလဲ။ သူတို့နောက်ကွယ်မှာ ဘယ်သူတွေ ရှိတယ်လို့ ပြောနိုင်လဲ။ ထွက်ပြေးတိမ်ရှောင်နေတဲ့ ဗိုလ်အောင်ဝင်းခိုင် နေပူတော်က အိမ်ကြီးကြီးတအိမ်မှာ ခိုလှုံနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေကို ဘယ်လို ပြောလိုပါလဲ။
ရဲချုပ် -- အစ်ကိုကတော့ ဒီမေးခွန်းကိုဖြေဖို့ နိုးပါကွယ်။ အကြောင်းက … တပ်မတော်သား အရာရှိဟောင်းတွေလည်းဖြစ်၊ နောက်ကွယ်မှာ ဘယ်သူဘယ်ဝါ ရှိတယ်ဆိုတာ မသိတော့ ကာလုံအောက်က အစ်ကိုအနေနဲ့ ဘယ်လိုပြောရမလဲ … အဲ သက်ဆိုင်ရာလူကြီးတွေ ဆုံးဖြတ်ပါလိမ့်မယ်။ တခုပြောနိုင်တာက … နေပူတော် ပရဆေးဥယျာဉ်ရှေ့  အဲဒီကာလအတွင်း ပိတ်ထားတဲ့ CCTV တွေအောက်ကနေ ဖွတ်ကနဲ့ ပျောက်သွားတဲ့ ဗိုလ်အောင်ဝင်းခိုင် ကို ဖမ်းခွင့်အခွင့်မသာ၊ ဖမ်းခွင့်မရပေမယ့် လက်ရှိ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဗိုလ်ဆရာတွေကိုတော့ အထက်ကညွှန်ကြားထားတဲ့အတိုင်း ကောင်းစွာထားရှိပါတယ်။ နေပူတော် အိမ်တအိမ်မှာ ခိုလှုံနေနိုင်တယ်ဆိုတဲ့ မေးခွန်းကို ဖြေရရင်… အဲ … ဟိုဟာ …
ဝန်ကြီး -- အစ်ကို တချက်ရှင်းပြမယ်။ လူသူအရောက်နည်း၊ မကောင်းမှုကျူးလွန်ခဲ့တဲ့ ရာဇဝတ်သား ဝရမ်းပြေးတွေ ပုန်းခိုရှောင်တိမ်ဖို့ အလွန်ကောင်းတဲ့ နေပူတော်တဝိုက်မှာ ပျောက်သွားတဲ့ ဗိုလ်အောင်ဝင်းခိုင်ကို ရှာတွေ့ဖို့ဆိုတာ ကောက်ရိုးပုံထဲမှာ အပ်ရှာရတာထက် ပိုခက်တယ်ဆိုတာ ငါ့ညီ သဘောပေါက်စမ်းပါ။ ပြီးတော့ ခြံကြီးဝင်းကြီးတွေနဲ့ နေကြတဲ့ လူကြီးလူကောင်းအိမ်တွေကို ဘယ်သူက စွပ်စွပ်စွဲစွဲ ဝင်ရောက်ရှာဖွေရဲမလား။ အဲ့ဂလိုပြောလို့ လူကြီးလူကောင်း အိမ်တအိမ်အိမ်မှာ ခိုလှုံနေတယ်လို့ အကျအန မကောက်ပါနဲ့။ ငါ့ညီတို့ သိတဲ့အတိုင်း နေပူတော်မှာ နေကြတဲ့ လူကြီးတွေက ဘာသာရေး အလွန်လိုက်စား၊ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲသို့ ခါးပတ်ပတ်ပြီး စောင့်ထိုင်ကြပါတယ်။ အထူးသဖြင့် ခိုးယူခြင်း၊ လူသတ်ခြင်းတွေကို ရှောင်ထိန်းကြသူတွေပါ။ ပုဂ္ဂိုလ်ရေး မုန်းတီးမှုနဲ့ ရူးရူးမိုက်မိုက် လူငယ်သဘာဝအလျှောက် ကျူးလွန်တဲ့ ဒီမဖြစ်လောက်တဲ့ ပြစ်မှုကို ရေးကြီးခွင်ကျယ် ဇာချဲ့ ပြောဆိုကာ ဒီနေ့ ဘုရားတရားနဲ့ နေနေကြတဲ့ အဘ လူကြီးတွေကို နောက်ကွယ်က ကြိုးကိုင်နေကြသူတွေ၊ လက်မည်းကြီးတွေ ဖြစ်နိုင်တယ်လို့ ထင်ယောင်ထင်မှား၊ စွပ်စွဲပြောဆိုချက်တွေက အကုသိုလ်များ၊ ငရဲကြီးလှတယ်။
မိုးမကျသတင်း -- အခုလို ကျွန်တော်တို့ကို သီးသန့်ဖိတ်ခေါ်ပြီး ရှုပ်နေတာကို ရှင်းသွားအောင် ထပ်မံရှင်းလင်းပြောပြတဲ့အတွက် အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်။ ကျွန်တော်အနေနဲ့ ဘာကြောင့်မှန်းမသိ ရင်တွေတလှပ်လှပ်တုန်၊ ဒူးတွေမခိုင် ဖြစ်နေလို့၊ ပြီးတော့ မေးနေလဲ အဖြေမှန်ရမှာမဟုတ်တော့ ဘာမှမမေးတော့ပါဘူး။ ကျေးဇူးပြုပြီး သွားခွင့်ပြုပါ။ နောက်ကနေ မလိုက်လာပါနဲ့။ ဒီပွဲအကြောင်း ကောင်းတာမကောင်းတာ ဘာမှမရေးပါဘူး။ အားလုံးကောင်းပါတယ်။ ဆရာ့ဆရာတို့ ဖြေဆိုကြတာ အင်မတန်သင့်မြတ်ပါတယ်။
အခမ်းအနားမှူး -- တခြားဘာမှ မေးစရာမရှိ၊ မမေးရဲရင် … ရှင်းနေတာကို ပိုရှုပ်အောင် … အဲ ရှုပ်နေတာကို ရှင်းလင်းတဲ့ သတင်းစာ ရှင်းလင်းပွဲကြီး အောင်မြင်စွာ ပြီးဆုံးပါကြောင်း ကြေညာအပ်ပါသည်။ အိမ်ပြန်ခရီး ဘေးအန္တရာယ်ကင်းဝေး၊ လိုရာခရီးရောက်ကြပါစေ။ ဖြေကြားပေးတဲ့ လူကြီးများ နဲ့ စောင့်ကြည့်နေကြသူများကို လက်ခုပ်ကျယ်ကျယ် တီးပေးကြပါ။
ကဲ ဒီလိုနဲ့ နောက်ကျောမလုံ အိမ်အပြန် ရေဆန်လမ်းမှာ ဖွဘုတ်ကို ပွတ်လိုက်တော့ တယောက်သောသူ ရေးတင်ထားတဲ့ စာလေးက သံဝေဂ ရစရာ “စစ်သားပေါသလောက် လုံခြုံမှု မရှိတဲ့နိုင်ငံ၊ ဘုန်းကြီးပေါသလောက် မေတ္တာတရား မရှိတဲ့နိုင်ငံ” … ဒါကိုဖတ်ပြီး စိတ်ထဲရေရွတ်မိတာက (စိတ်ထဲကပြောတာနော်) သူပြောတဲ့ ပေါများခြင်းနဲ့အတူ ဆွမ်းဆန်ထဲမှာ ငပေါ၊ ငရူး၊ ငမိုက်သား အမျိုးချစ်တွေ ရောနေတော့ ကျွန်ုပ်တို့ တိုင်းပြည် နဲ့ အမျိုးဘာသာ သာသနာ နိဋ္ဌိတံ ဖြစ်ရပေါ့။