တူမောင်ညို ● “သံတမန်တွေ မျက်နှာအငယ်ရဆုံးကာလ” တဲ့

တူမောင်ညို ● “သံတမန်တွေ မျက်နှာအငယ်ရဆုံးကာလ” တဲ့
(မိုးမခ) မတ် ၂၆၊ ၂၀၁၇

နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) သက်တမ်း အနှစ် ၇၀ ခရီးဆိုတဲ့ သတင်းစာဆောင်းပါး ဖတ်ရပါတယ်။

ဆောင်းပါးရှင်က ၁၉၈၈ ကနေ ၂၀၁၀ အတွင်းကာလကို “သံတမန်တွေမျက်နှာအငယ်ရဆုံးကာလ” သုံးသပ်ဖော်ပြဝန်ခံ ထားပြီး “သံတမန်ဆိုတဲ့ ဆက်သွယ်ရေးလမ်းကြောင်းဟာ နှစ်နိုင်ငံစစ်ဖြစ်နေရင်တောင် ဖွင့်ထားရတဲ့ဆက်ဆံရေးပေမယ့် အရေးတယူ အဖက်မလုပ်ဘူး၊ မဆက်ဆံဘူးဆိုတဲ့ အခြေအနေမျိုးလည်း ကြုံဖူးသွားရပါတယ်” လို့ ရင်ဖွင့်ထားပါတယ်။

၁၉၈၈ မှ ၂၀၁၀ ကာလဆိုတာ (နဝတ-နအဖ) စစ်အစိုးရအုပ်စိုးခဲ့တဲ့ကာလဖြစ်ပါတယ်။

“ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်တဲ့ ပြည်ပနိုင်ငံများအားဆန့်ကျင်ကြ၊ ပြည်ပအားကိုးပုဆိန်ရိုး- အဆိုးမြင် ဝါဒီ NLD” ဆိုတဲ့ ဂါထာတော်ကို စစ်အစိုးရက နေ့ညမပြတ် ရွတ်ဖတ်ခဲ့ကြတဲ့ကာလလည်းဖြစ်ပါတယ်။ အမေရိကန်က ဆို ရင် သံရုံးယာယီတာဝန်ခံအဆင့်ပဲထားပြီး ချိုးနှိမ်ထားခဲ့တာပါ။ အဲဒီအချိန်ကာလအတွင်း (၁၈-၉-၁၉၉၁ မှ ၁၅-၁၁- ၁၉၉၈ အထိ) နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဦးအုန်းဂျော်တာဝန်ယူခဲ့တာပါ။ ဒါကြောင့် (နဝတ) စစ်အစိုးရခေတ်တလျှောက်လုံး ဦး အုန်းဂျော်ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် Diplomacy is first line of defence ဆိုတဲ့စကားနဲ့အညီ (နဝတ) စစ်အုပ်စုအတွက် ကာလအကြာဆုံးအသုံးတော်ခံခဲ့သူဖြစ်ပါတယ်။

ထိုကာလအတွင်း ပြည်တွင်းမှာစစ်အစိုးရက အကြမ်းဖက်ဖိနှိပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့နိုင်ငံတကာက ပြစ် တင် ဝေဖန်ခဲ့သမျှကိုနိုင်ငံခြားရေးဝန်ကြီးနဲ့နိုင်ငံခြားရေးဝန်ကြီးဌာနဟာ စစ်အစိုးရအတွက် ဒိုင်းသဖွယ်ခုခံကာကွယ်ခဲ့တာပါ။ (နဝတ) စစ်အစိုးရခေတ်ဟာ (၁၈-၉-၁၉၈၈ မှ ၁၅ -၁၁- ၁၉၉၇ အထိ) ဖြစ်ပါတယ်။ အဲဒီနောက် ဦးဝင်းအောင်ဟာ နိုင် ငံခြားရေးဝန်ကြီးအဖြစ် (နအဖ) စစ်အစိုးရရဲ့ အမှုတော်ကို ဆက်လက်ထမ်းရွက်ပါတယ်။

(၁၉၄၇ - ၂၀၁၇) ဆိုတဲ့ နှစ်ပေါင်း (၇၀) ကာလထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကနေ ဒေါ်အောင်ဆန်းစုကြည် အထိ နိုင်ငံခြားရေး ဝန်ကြီး ၂၃ ဦးရှိကြောင်း စာရင်းပြုစုဖော်ပြထားပါတယ်။ အဲဒီ နိုင်ငံခြားရေးဝန်ကြီး ၂၃ ဦးကို အချိန်ကာလအလိုက် တည်ရှိခဲ့/ တည်ရှိဆဲ ဥပဒေအရ အခုလို  ပိုင်းခြားကြည်လို့ရနိုင်မယ် ထင်ပါတယ်။

- ၁၉၃၅ အက်ဥပဒေအရ နိုင်ငံခြားရေးဝန်ကြီး
- ၁၉၄၇ အခြေခံဥပဒေ ဘောင်ထဲက နိုင်ငံခြားရေးဝန်ကြီး
- ၁၉၇၄ အခြေခံဥပဒေ ဘောင်ထဲက နိုင်ငံခြားရေးဝန်ကြီး
- ၂၀၀၈ အခြေခံဥပဒေဘောင်ထဲက နိုင်ငံခြားရေးဝန်ကြီး

ကျနော့်သဘောကတော့ လွတ်လပ်ရေးခေတ်ဦး၊ ဖဆပလအစိုးရခေတ် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်အုပ်စုက ပုံစံမျိုးမျိုးနဲ့ အုပ်စိုးနေတဲ့ ကာလတွေအတွင်း နိုင်ငံခြားရေးဝန်ကြီးတွေဆိုပြီး  နှစ်မျိုးနှစ်စားပဲ ခွဲခြားလိုပါတယ်။ အဲဒီလိုခွဲခြားမယ်ဆိုရင် ...

လွတ်လပ်ရေးခေတ်ဦးနဲ့ (ဖဆပလ)အစိုးရခေတ် နိုင်ငံခြားရေးဝန်ကြီး ဦးရေဟာ (၈) ဦးပဲရှိပါလိမ့်မယ်။

ပထမဆုံးနိုင်ငံခြားရေးဝန်ကြီးလို့ ဆောင်းပါးထဲမှာဖော်ပြထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုတော့ နိုင်ငံခြားရေးဝန်ကြီးများအ နက် လုပ်ကြံသတ်ဖြတ်ခြင်းခံရတဲ့ တဦးတည်းသော နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးဖြစ်တယ်လို့ ပြောရမလားမသိပါဘူး။

ကျန်တဲ့ နိုင်ငံခြားရေးဝန်ကြီး ၁၅ ဦးကတော့ စစ်အုပ်စုက ပုံစံမျိုးစုံနဲ့ အုပ်ချုပ်ခဲ့တဲ့ကာလတွေအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ တာဝန်ထမ်းဆောင်ခဲ့/ထမ်းဆောင်ဆဲဝန်ကြီးတွေလို့ ဆိုရမှာပါ။ စစ်အုပ်စုက တော်လှန်ရေးကောင်စီ၊ (မဆလ ၁၉၇၄ အခြေခံ ဥပဒေ) ၊ (နဝတ-နအဖ) ၊ (၂၀၀၈ အခြေခံဥပဒေ) စသဖြင့် ပုံစံမျိုးစုံနဲ့ အုပ်စိုးခဲ့/အုပ်စိုးနေတာပါ။

ဗိုလ်နေဝင်းစစ်အုပ်စုက (တော်လှန်ရေးကောင်စီ/မဆလ) အစိုးရ ဆိုတဲ့ ပုံစံနဲ့ အုပ်စိုးစဉ်ကာလမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ သူ (၉) ဦးရှိတဲ့အနက် ဦးသီဟန် မှတပါး ကျန်အားလုံးဟာ  စစ်ဗိုလ်တွေဖြစ်ပါတယ်။ ဒါတောင် “အိမ်စောင့်အစိုးရ” ဆိုတဲ့ကာလကိုတွက်ကြည့်ရင် စစ်အုပ်စုခန့်တဲ့ နိုင်ငံခြားရေးဝန်ကြီးကို စာရင်းထည့်ရင်ဖြစ်သေးတယ်။

ဗိုလ်ချုပ်မှူးကြီးစောမောင် (၂၀-၉ -၁၉၈၈) ကနေ ဦးဉာဏ်ဝင်း (၃၀- ၃ - ၂၀၁၁) အထိ (၄) ဦး ကိုတော့ (နဝတ-နအဖ) စစ်အုပ်စုက ခန့်တဲ့နိုင်ငံခြားရေးဝန်ကြီးတွေဖြစ်ပါတယ်။ ၄ ဦး စလုံး  စစ်ဗိုလ်တွေချည်းဖြစ်ပါတယ်။

ယနေ့စစ်အုပ်စုက “ ၂၀၀၈ အခြေခံဥပဒေ” ပုံစံနဲ့အုပ်စိုးနေစဉ်ကာလမှာတော့ နိုင်ငံခြားရေးဝန်ကြီးက (၂) ဦးပဲရှိပါသေးတယ်။
- ဦးဝဏ္ဏမောင်လွင် (၁-၄- ၂၀၁၁) မှ (၃၀-၃-၂၀၁၆) [သူလည်း စစ်ဗိုလ်ပါပဲ]
- ဒေါ်အောင်ဆန်းစုကြည် (၁-၄- ၂၀၁၆ မှ ယနေ့အထိ) တာဝန်ထမ်းဆောင်ဆဲ နိုင်ငံခြားရေးဝန်ကြီး၊

ဖခင်နဲ့သမီးဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာတာဝန်ထမ်းဆောင်တဲ့တိုက်ဆိုင်မှုကို ထူးခြားမှုတစ်ခုအဖြစ်နိုင်ငံခြားရေး ဒုဝန် ကြီး ဦးကျော်တင်က ထုတ်ဖော်ပြောဆိုပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်/ နိုင်ငံခြားရေးဝန်ကြီးဆိုတဲ့ထူးခြားမှု လည်းပါတာပေါ့။

အစိုးရတိုင်းမှာ စစ်တပ်အထက်မှာရှိတဲ့ကာကွယ်ရေးဝန်ကြီးဌာနဆိုတာကို လက်ျာဖက်က ကိုင်ထားသလိုအခြား လက်ဝဲဖက် ကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုင်ထားလေ့ရှိပါတယ်။ Diplomacy is first line of defence ဆိုတယ် မဟုတ်လား။ ဒီတော့ စစ်တပ်က second line ပေါ့။ ဒီဌာန ၂ ခုဟာ အစိုးရတိုင်းအတွက် သိပ်အရေးပါ ပါတယ်။

 ဒီဌာနနှစ်ရဲ့ရာထူးတွေကို အာဏာရ ပါတီအစိုးရ (သို့)  အာဏာသိမ်းအစိုးရရဲ့အဓိကပုဂ္ဂိုလ်က သူ့စိတ်ကြိုက်နေရာချထားလေ့ ရှိပါတယ်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နောက်ပိုင်း အာဏာရလာတဲ့ (ဖဆပလ) အစိုးရကလည်း ဦးနု အလိုကျ နိုင်ငံ ခြားရေးဝန်ကြီး တွေ၊ ကာကွယ်ရေးဝန်ကြီးတွေ ခန့်ခဲ့တာပါပဲ။

ထိုနည်းတူ ၁၉၆၂ မတ်လ မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်နေဝင်းစစ်အုပ်စုက ဖွဲ့စည်းခဲ့တဲ့ “အစိုးရ” အဆက်ဆက်မှန်သမျှမှာ လည်းနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတွေကို ဗိုလ်နေဝင်းစိတ်ကြိုက်ခန့်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်နေဝင်းစစ်အုပ်စုက စစ်တပ်ကြီးတခုလုံးကို ချုပ်ကိုင်ထားနိုင်လေတော့ “ကာချုပ်” တွေကိုလည်း သူ့စိတ်ကြိုက်ခန့်ခဲ့တာပါပဲ။

 နိဂုံးချုပ်ရရင် (MOFA) အနှစ် ၇၀ ခရီးအတွင်းမှာ နိုင်ငံခြားရေးဝန်ကြီး အမျိုးအစား ၂ မျိုးပဲတွေ့ရှိရပါတယ်။

၁။ အရပ်သားအစိုးရက ခန့်အပ်တဲ့ အရပ်သားနိုင်ငံခြားရေးဝန်ကြီး (၁၉၄၇ မှ ၁၉၆၀ ထိ စုစုပေါင်း ၈ ဦး ရှိပါတယ်)

၂။ စစ်အုပ်စု/စစ်အစိုးရက ပုံစံတမျိုမျိုးနဲ့အုပ်စိုးနေစဉ် ခန့်အပ်တဲ့ စစ်သားနဲ့အရပ်သားနိုင်ငံခြားရေးဝန်ကြီး --- ဟူ၍ဖြစ်ပါ တယ်။ ၁၉၆၂ မှ ယနေ့အထိ စုစုပေါင်း ၁၅ ဦးရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒီစာရင်းထဲထည့်သွင်းရတာတော့အားနာပါတယ်။ ဒါပေမယ့် စစ်အုပ်စုက “၂၀၀၈ အခြေခံဥပဒေ” ကိုစိတ်ကြိုက်ရေးပြီးအတည်ပြုထားတာမို့ စစ်အုပ်စုက ပုံစံတမျိုးမျိုးနဲ့ အုပ်စိုးနေတဲ့ကာလမို့ ထည့်သွင်းရခြင်းသာ ဖြစ်ပါ တယ်။

(ကာလုံ)  ၁၁ ဦးထဲမှာတော့ နိုင်ငံခြားရေးဝန်ကြီးကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

နိုင်ငံတကာနယ်ပယ်မှာ စစ်အစိုးရအဖို့ အေးစက်သွားခဲ့တဲ့၊ အဖက်လုပ်ချင်းမခံခဲ့ရတဲ့၊ မျက်နှာငယ်ခဲ့ရတဲ့ ကာလရှည်ဟာ “၂၀၀၈ အခြေခံဥပဒေ”ကို ဒေါ်အောင်ဆန်းစုက အရှိ အရှိတိုင်းမြင်တယ်လို့ ပြောဆိုလက်ခံပြီးတဲ့နောက် (၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြီးတဲ့နောက်) တိတ်တဆိတ် အဆုံးသတ်သွားပုံရပါတယ်။

တားမြစ်ပိတ်ဆို့ကန့်သတ်မှုတွေ (Sanctions) ရုပ်သိမ်းပေးခဲ့ပြီး၊ အမေရိကနဲ့ဥပရောပကိုစစ်ဗိုလ်တွေနဲ့ အပေါင်းပါ ခရိုနီတွေ ခြေဆန့်နိုင်ခဲ့ကြပါပြီ။ လူထုဆန္ဒပြပွဲကို ဘယ်လိုချေမှုန်းရမယ်၊ ကိုင်တွယ်ရမယ်ဆိုတဲ့ “ယဉ်ကျေးသောနည်းလမ်းတွေ” ကို လည်း နည်းပေးလမ်းပြလုပ်နေကြပါပြီ။ ဆရာသမားတွေရဲ့နည်းလမ်းတွေကို တပည့်တပန်းတွေကကျောင်းသားတွေ အ လုပ်သမားလယ်သမား ဆန္ဒပြမှုတွေမှာ လက်တွေ့လက်စွမ်းပြနေကြပါတယ်။ ဆရာထက် တပည့်လက်စောင်းထက်ပြ နေပါတယ်။ အခုဆိုရင် လက်ပံတောင်းဒေသမှာ မတ်လ ၂၄ ရက်နေ့က ရဲတပ်ဖွဲ့က ရာဘာကျည်ဆံနဲ့ပစ်ခတ်ဖြိုခွဲလို့ ဒေသခံပြည်သူတွေ ဒဏ်ရာရရှိသွားပါတယ်။

စစ်အုပ်စုနဲ့ အနောက်အုပ်စုနိုင်ငံကြီးတနိုင်ငံအကြားမှာတော့  ပြန်လည်ရင်ကြားစေ့သင့်မြတ်သွားခဲ့ပါပြီ။ အမေရိကန်ရေတပ် စစ်ရေယာဉ် USNS FALL RIVER (T-EPF-4) က “တူးပို့သီချင်း” နဲ့ လာရောက်သီဆိုဖျော်ဖြေနေပြီမဟုတ်လား။ သံတမန်တွေ မျက်နှာ ပြန်လည်ပွင့်လန်းလာတဲ့ကာလများလား။

ပြည်တွင်းက “အမျိုးသားပြန်လည်သင့်မြတ်ရေး” ကတော့ ထူးပြီး ခြားနားမလာသေးပါဘူး။

ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ အခြေခံဥပဒေပြုပြင်ရေးတို့ဆိုတာတွေကတော့ “ပြည်ထဲအရေး ပေါက်နဲ့ကျေး” ဆိုတာလို ဒီအရေးဒီအရာတွေနဲ့ပတ်သက်လာရင် ဒီချုပ်ပါတီအစိုးရဟာ  စစ်အုပ်စုနဲ့ကာချုပ်ရဲ့မျက်နှာ၊ စကားသွား၊ စကားလာတွေထဲကနေ သင့်မြတ်ရေးမှန်ဘီလူးနဲ့ စူးစမ်းရှာဖွေကြည့်ရှုနေကြရတဲ့ပုံပါပဲ။

ညွှန်း
- မေနှင်းအေး - “နိုင်ငံခြားရေးဝန်ကြီးဌာနသက်တမ်း အနှစ် (၇၀) ခရီး ” - မြန်မာ့အလင်းသတင်းစာ (၁၇-၃-၂၀၁၇) စာမျက် နှာ ၆ နှင့် ၈