နရီမင်း ● နွားတွေ အနုပညာအကြာင်း ပြောတဲ့အခါ

နရီမင်း ● နွားတွေ အနုပညာအကြာင်း ပြောတဲ့အခါ
(မိုးမခ) မတ် ၁၈၊ ၂၀၁၇

နွားတွေ မြက်မစားကြတော့ဘူး။
နွားတွေ အနုပညာပဲ စားကြတော့တယ်။
စားတယ်ဆိုတာထက်
မျိုချလိုက်တာဆို ပိုမှန်မယ်။
ဒါပေမဲ့ ခက်တာက
နွားတွေရဲ့ အစာအိမ်မှာ
အနုပညာကို ကြေညက်စေတဲ့
အင်ဇိုင်းတစ်မျိုးက
မွေးကတည်းက ပါမလာဘူး။
စားမြုံ့ပြန်လိုက်တဲ့အခါ
အနုပညာဆိုတာ
စိုးစိမှ ပါမလာပေမယ့်
နွားတွေက ပါလာသယောင်
ဟန်ဆောင်ကြတယ်။

နွားတွေ လယ်မထွန်ကြတော့ဘူး။
အနုပညာနွားတွေ ဖြစ်သွားကြပြီလေ။
အဲ့ဒီအစား
အရိပ်ကောင်းကောင်းမှာ လဲ​လျောင်းလို့
မထွန်ယက်ရသေးတဲ့ လယ်ကွင်းကို ငေးရင်း
ထွန်ယက်ပြီးပြီလို့ စိတ်​ကူးယဉ်​ကြတယ်။
သူတို့သခင်ဟာလည်း
အနုပညာခံစားတတ်သူကြီးလို့
အထင်ခံချင်တာမို့
အနုပညာနွားတွေကို မရိုက်ပါဘူး။
သူလည်း
နွားတွေ ဘေးမှာ လဲ​လျောင်းရင်း
နွားတွေနဲ့အတူ
အနုပညာအကြောင်းတွေ ပြောကြတယ်။

နွားတွေရဲ့နိုင်ငံက တတိယကမ္ဘာပါ။
နောက်ဆုံးပေါ် နည်းပညာတွေ မ​ပြောပါနဲ့၊
ထွန်စက်တွေတောင်
လောက်လောက်လားလား ရှိတာမဟုတ်ဘူး။
ဒီလိုနဲ့
နွားတွေက အနုပညာအကြောင်းပဲ
ပြောနေတဲ့အခါ
နွားမဟုတ်သူတွေသာ
နွားလို ရုန်းနေကြရတော့တယ်။

နရီမင်း
မတ် ၁၈၊ ၂၀၁၇