သော်ထွန်း - မုန်တိုင်းဦးက လှသောကဗျာ

သော်ထွန်း - မုန်တိုင်းဦးက လှသောကဗျာ
(မိုးမခ) မတ် ၁၊ 


ပုံကို nwaymoresaung.blogspot ယူပါသည်။

(၁)
ကျွန်တော်သည် မြန်မာကဗျာကို ချစ်မြတ်နိုးသူ ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်(၂၀)ကျော်၊ ၁၉၈၂-ခုနှစ်ခန့်က အတွေးတစ်ခု ပေါ်ခဲ့ဖူးပါသည်။ ဗမာလူမျိုး မြန်မာကဗျာချစ်သူ တစ်ဦးအနေဖြင့် မြန်မာ ကဗျာဆရာတွေထဲမှာ ဘယ်သူ့ကို အကြိုက်ဆုံးလဲ၊ မြန်မာကဗျာထဲမှာ ဘယ်ကဗျာ အကြိုက်ဆုံးလဲ ဟု မေးလာလျှင် အဖြေမည်သို့ ပေးမည် နည်းဟူသော အတွေးပင် ဖြစ်ပါသည်။ ကျွန်တော်ကြိုက်သော ကဗျာ ဆရာများမှာ ပုဂံခေတ်မှ မျက်မှောက်ခေတ်အထိ အများကြီး ရှိပါသည်။ ချက်ချင်းမေး၊ ချက်ချင်းဖြေရန် ချက်ချင်းဆုံးဖြတ်ဖို့ အတော်ပင် ခက်လှပါသည်။ အမေးကို ကျွန်တော် အချိန် အားတိုင်း၊ သတိရတိုင်း စဉ်းစားခဲ့ပါသည်။ သို့ဖြင့် သုံးနှစ် အခန့်အကြာ ၁၉၈၅- ခုနှစ် ၀န်းကျင်တွင် ကျွန်တော်အကြိုက် ဆုံးကဗျာဆရာနှင့် အကြိုက်ဆုံးကဗျာကို အမေးရှိလာလျှင် ချက်ချင်းဖြေဖို့ ကျွန်တော်ရွေးချယ် ဆုံးဖြတ်နိုင်ခဲ့ပါသည်။

ကျွန်တော် အကြိုက်ဆုံးကဗျာဆရာမှာ မင်းသုဝဏ် ဖြစ်ပါသည်။ ကျွန်တော်အကြိုက်ဆုံး ကဗျာမှာ ဆရာမင်းသုဝဏ် ၏ ကုတို့ရှင် ဖြစ်ပါသည်။

(၂)

ကုတို့ရှင်
ဖခင်ခိုင်း၍
မုန်တိုင်းဦးဝယ်၊ လှေလူးလှော်ကာ
ဆန်တည့်ပါသည်။
လေညာကုတို့ ဆိပ်ကမ်းသို့။ (၂၃)

လေထန်မိုးထန်၊ လှေဦးလန်သော်။
ကျောက်ကန်ကြိုးပြီး၊ ပဲ့နိုင်စီးသည်
ပဲကြီးတွန်သို့ ကျွန့်လက်တို့။ (၂၃)

မီးထွန်းချိန်လောက်၊ အိမ်ပြန်ရောက်သော်
နောက်ဖေးချောင်တွင်း၊ မိခင်ကျင်းသည့်
ထမင်းဖြူဖြူ၊ ဟင်းပူပူကို
ဗိုက်စူနံကား၊ အကျွန်စားက
မိဖွားနှစ်မြို့၊ မျက်ရည်စို့။ (၃၉)
စုစုပေါင်း စာလုံးရေ = (၈၅)

မင်းသုဝဏ်
(၁၉၄၈၊ ရန်ကုန်တကသိုလ် မဂ္ဂဇင်း)

ဖခင်သည် သားဖြစ်သူအား မုန်တိုင်းထန်နေချိန်ကြီးမှာ လေညာအရပ်ရှိ ဆိပ်ကမ်းသို့ ကုတို့လှေကို လှော်ခတ်ပို့ခိုင်းသည်။ ဖခင့်စကားသည် အမိန့်ဖြစ်၍ ရိုသေစွာ နာခံတတ်သော သားသည် ခိုင်းသည့်အတိုင်း လုပ်ရလေသည်။ လေညာအရပ်က ကုတို့ဆိပ်ဆီသို့လေ လေဒဏ် မိုးဒဏ်ကြောင့် လူးလိမ့်နေသော လှေကို လှော်ခတ် ဆန်တတ်ရသည်။

လေကလည်း ထန်လျက်ရှိ၏။ မိုးကလည်း ထန်လျက်ရှိ၏။ ထို့ကြောင့် လှော်တိုင်းမပါ၊ ခတ်တိုင်းမရွှေ့၊ လှေဦးက လန်ကာ လန်ကာ ရှိလေ သည်။ ထို့ကြောင့် သားဖြစ်သူသည် အကျောက်အကန် ကြိုးစားပြီး ပဲ့ကို နိုင်အောင် စီးနင်း လှော်ခတ်ရလေသည်။ မိုးရေများ စိုရွဲလျက် မုန်းတိုင်းမိုးလေ၏ အအေးဒဏ်ကြောင့် သားဖြစ်သူ၏ လက်အစုံမှာ ပဲကြီးတွန့် တွန့်၍ နေခဲ့ပြီ။

မီးထွန်းချိန်လောက်တွင် သားဖြစ်သူ အိမ်ပြန်ရောက်လေသည်။ ရောက်သည်နှင့် နောက်ဖေး မီးဖိုချောင်ထဲ မိခင်ခူးခပ် ခင်းကျင်း ၍ကျွေးမွေးသော ထမင်းဖြူဖြူ ဟင်းပူပူတို့ကို အားရပါးရ စားသောက်ရလေသည်။ သားထမင်းစားနေသည်ကို ဘေးက ထိုင်၍ နှစ်မြို့ ချစ်ခင်စွာ ကြည့်နေသော မွေးသမိခင်၏ မျက်ဝန်းတို့ မျက်ရည်များ စို့လျက်ရှိလေသည်။
ဤကား ကုတို့ရှင်ကဗျာ၏ စကားပြေပြန်ဆိုချက်မျှသာ ဖြစ်ပါသည်။

(၃)

ကဗျာကောင်းတို့၏ အဓိပ္ပာယ်၊ ကဗျာကောင်းတို့၏ အာဘော်သည် မြန်မာစကားပြေ ပြန်ဆိုချက်ထက် များစွာ ကျယ်ဝန်းလေးနက်လေသည်။ ခံစားမှုနှင့် ယှဉ်၍ ဖွဲ့ဆိုထားအပ်သော ကဗျာကို ခံစားမှုနှင့် ယှဉ်၍ ဆင်ခြင်နိုင်ပါမှ ကဗျာ့အာဘော်ကို ဆုပ်ကိုင်မိ၍ ကဗျာ့ရသကို ခံစား မိနိုင်လေသည်။
ကဗျာပထမပိုဒ်ကို ကြည့်လျင် ဖခင်ဖြစ်သူသည် အတော်ခိုင်းရက်သူ ဖြစ်လေသည်။ လေပြင်းမုန်တိုင်း ကျရောက်နေချိန်ကြီးမှာ လေညာ အရပ်က ဆိပ်ကမ်းသို့ ကုတို့လှေကို လှော်ခတ်ပို့ခိုင်းပုံမှာ မညှာတာရာ အတော်ကျလေသည်။ ဤအခြေအနေမျိုးမှာ လေညာအရပ်က ကုတို့ဆိပ်သို့ ကုတို့လှေကို လှော်ခတ်ပို့ရလောက်အောင် ဘာတွေများ အရေးကြီးနေပါသနည်း။
ဖခင်က ဤသို့ ခိုင်းသည်ကို မိခင်က သဘောတူ ကြည်ဖြူနိုင်ပါမည်လော။ အိမ်ဦးနတ်မို့ မလှန်သာ၍ မိခင်မှာ ငြိမ်နေရခြင်း ဖြစ်တန်ရာပေ သည်။ သို့ဆိုလျှင် သားဖြစ်သူ မိုးထဲလေထဲမှာ လှော်တက်ကို ဆွဲပြီး လှေဆိပ်သို့ ဆင်းသွားချိန်မှစပြီး မိခင်သည် ပူပန်သော နှလုံးဖြင့် ကျန်ရစ်ခဲ့ဖို့ သေချာလေသည်။ လေပြင်းမုန်တိုင်းကျရောက်ချိန် ရေလမ်းခရီးမှာ အန္တရာယ်ကြီးလှဘိခြင်း။

ကဗျာဒုတိယပိုဒ်မှာ သားဖြစ်သူ၏ ကြိုးပမ်းမှုကို မြင်ရသည်။ လေနှင့်မိုးတို့က ထန်လျက်ရှိသဖြင့် ဦးမော့၍ လန် လန်နေသော လှေကို အကျောက်အကန် နိုင်အောင် စီးနင်း၍ အားကြိုးမာန်တက် လှော်ခတ်နေရပုံကို မြင်ရသည်။ မိုးရေစိုစွတ်၍လည်း အေး၊ လေပြင်းတိုက်ခတ်၍လည်း အေးသည်ဖြစ်ရာ သား၏ လက်နှစ်ဘက်တို့မှာ ပဲကြီးတွန့် တွန့်နေကြပေပြီ။ စင်စစ် အပိုဒ်သည် ကဗျာဆရာ၏ ကဗျာမှု အနုပညာ လိမ္မာကျွမ်းကျင်မှု ( to tal mastery of the art of poetry)ကို ဖော်ပြနိုင်သော အပိုဒ်ဖြစ်သည်။ တစ်ပိုဒ်မျှဖြင့် ကဗျာဆရာသည် ကိစ္စနှစ်ရပ်ကို တစ်ပြိုင်နက်ပြီးစီး ပြည့်စုံစေသည်။ အသွားခရီးနှင့် အပြန်ခရီးနှစ်ခုလုံးကို ကဗျာတစ်ပိုဒ်မျှဖြင့် ပြီးစီး ပြည့်စုံစေသည်။ ထို့ပြင် ဤအပိုဒ်သည် အသွားခရီးလည်းကောင်း၊ အပြန်ခရီးလည်းကောင်း သားဖြစ်သူ အညီအမျှ အပန်းတကြီး အားထုတ်ရပုံကို ဖော်ပြနိုင်စွမ်းရှိလေသည်။

ကဗျာတတိယပိုဒ်တွင် မိခင်၏ မေတ္တာနှင့် ကရုဏာကို မြင်ရလေသည်။ ဖခင်ခိုင်းသဖြင့် သားဖြစ်သူ နံနက်ကတည်းက လှေဆိပ်သို့ ဆင်းသွားချိန်ကစ၍ မိခင်သည် ပူပန်သော နှလုံးဖြင့် ကျန်ခဲ့လေသည်။ ထိုတစ်နေ့တာလုံး သားမျက်နှာကို ပြန်မမြင်ရမချင်း မိခင်မှာ အဘယ်မှာ စိတ်ဖြောင့်ရှာမည်နည်း။ မိခင်မှာ အဘယ်မှာ စိတ်အေးရှာမည်နည်း။ မိခင်မှာ အဘယ်မှာ စိတ်ချနိုင်မည်နည်း။ သားမျက်နှာကို ပြန် မြင်ရသောအခါကျမှသာ မိခင်ခမျာ စိတ်ချ စိတ်အေး၍ စိတ်ဖြောင့်ပေတော့မည်။ သားဖြစ်သူ တစ်နေ့လုံး မိုးထဲလေထဲ ပင်ပန်းကြီးစွာ၊ စိုရွဲအေးစိမ့်စွာ လှော်ခတ်နေရမည်ကို မြင်ယောင်ကာ မိခင်စိတ်ပူရှာပေမည်။ ရေရူးမောက်၍ လှိုင်းထန်နေသော မြစ်ထဲ တစ်နေ့လုံး ကြိုးစားပမ်းစား ပင်ပန်းကြီးစွာ လှော်ခတ်နေရသဖြင့် ပြန်လာလျှင် အလွန်ဆာလောင်နေရှာတော့မည်ကိုလည်း မိခင် အသိဆုံး ဖြစ်ပေမည်။

ဤသို့ဖြင့် သားဖြစ်သူ ပြန်လာသောအခါ စားဖို့ ထမင်းဟင်းများကို မိခင်သည် ချက်ပြုတ်ကာ အေးစက်မသွားရအောင် မီးအေးအေးဖြင့် မပြတ် နွှေးထားရလေသည်။ မီးထွန်းချိန်ကျမှ ပြန်ရောက်လာသော သားကို အသင့်ခူးခပ်ကျွေးရလေသည်။ ထိုအခါ တစ်နေ့လုံး ချမ်းအေး၍ ဆာလောင် မွတ်သိပ်နေသော သားဖြစ်သူသည်လည်း ထမင်းဟင်း ပူပူနွေးနွေးတို့ကို ဗိုက်စူနံကား အားပါးတရ စားသောက်လေတော့သည်။ ထိုသို့ အားပါးတရ စားသောက်နေသော သားကို မိခင်ဖြစ်သူသည် မရောင့်ရဲနိုင်သော ချစ်ခြင်းဖြင့် တစိမ့်စိမ့်ကြည့်ကာ တစ်နေ့လုံး သားလေး ပင်ပန်းဆင်းရဲခံပုံများကို သားမျက်နှာ မြင်ရကာမှ ပို၍ပင် တစိမ့်စိမ့် ကရုဏာ သက်နေဟန် တူလေသည်။ ထို့ကြောင့် သားကို ကြည့်နေသည့် ပြုံးရိပ်သန်းနေသော မိခင်၏ မျက်လုံးအစုံဝယ် မျက်ရည်များလည်း ရစ်စို့၍ ကြေကွဲရိပ် သန်းခဲ့ရလေသည်။ ဤသို့လျှင် ကဗျာ တတိယပိုဒ်က မိခင်၏ မေတ္တာကို ဖော်ကျူးပြလေသည်။

(၄)

ဤသို့ မိခင်မေတ္တာကို ခံစားမိသောအခါ ဖခင်မှာ စိတ်နှလုံးအလွန် မာကျော ကျန်းခက်သည့် လူကြမ်းကြီးပမာ ထင်မှတ်ဖွယ် ဖြစ်ပေတော့သည်။ စင်စစ် ဖခင်ကရော သားကို မချစ်တော့ဘူးတဲ့ လား။

ဖခင်ခိုင်းသည့် ခရီးစဉ်ကို သေသေချာချာ တွေးလေ၊ တော်တော် ရက်ရက်စက်စက် အစီအမံ ချပြီးမှ ခိုင်းသည်ဟု ထင်မှတ်ဖွယ် ဖြစ်ရလေ သည်။ မိခင်မှာ သားအား ခိုင်းစေသော နေ့သည် ဆိုင်ကလုန်းမုန်တိုင်းလို ရပ်ရှစ်ခွင် ဝှေ့ယမ်းပတ်ရစ်၍ ပြင်းထန်စွာ တိုက်ခတ်တတ်သော မုန်တိုင်းကြီးမျိုး ကျနေသည့်နေ့တော့ မဟုတ်နိုင်။ ထိုမုန်တိုင်းကြီး ကျနေချိန်တွင် ရေလမ်းခရီးဖြင့် သွားရန်မှာ လုံးဝမဖြစ်နိုင်ပေ။ သာမန် မိုးသက်မုန်တိုင်းမျိုး ကျနေသည့် နေ့သာ ဖြစ်ဟန်တူသည်။ မုန်တိုင်းမျိုးမှာ တောင်အရပ်ဆီကသာ တိုက်ခတ်တတ်သည်။ တစ်နာရီ မိုင် ၄၀ ဆယ် မိုင် ၅၀ နှုန်း တိုက်ခတ်တတ်သည်။ မြစ်ထဲမှာ လှိုင်းအတန်အသင့် ထစေ၍ မဖြစ်မနေလှော်ခတ် ကူးသန်းရမည် ဆိုလျှင်လည်း လှော်ခတ်ကူးသန်း၍ ရနိုင်လေသည်။ သို့သော် အန္တရယ်ကား မုချ ကင်းသည်ဟု မဆိုသာချေ။ အချိန်မရွေး တိမ်းမှောက်နိုင်သည် အထိ အန္တရာယ်ကြီး သည်။ နီးသည်သာ ဖြစ်လေ သည်။

ဖခင်က မုန်တိုင်းထန်နေချိန်မှာ လေညာအရပ်ရှိ ဆိပ်ကမ်းသို့ ကုတို့လှေဖြင့် ပို့ဆောင်စေခဲ့သည်။ ဤသို့ဆိုလျှင် သားသွားရမည့် ဆိပ်ကမ်းသည် မြစ်အောက်ဘက် လေညာမှ ဆိပ်ကမ်းဖြစ်မည်။ (မြန်မာပြည်ရှိ မြစ်အများစုတို့သည် မြောက်ဘက်မှ တောင်ဘက်သို့သာ စီးဆင်းကြ သည်။) ဤသို့ဆိုလျှင် သား၏ အသွားခရီးမှာ ရေသည် ရေစုန်ဖြစ်၍ လေသည် လေဆန် ဖြစ်မည်။ ရေနှင့်လေ၏ ဆန့်ကျင်အားပြိုင်မှုတွင် လိမ့်လူးနေသော လှေကို နိုင်အောင်စီးနင်းဖို့ ဆိုသည်မှာ သာမန် အရည်အချင်းမျှနှင့် မရနိုင်။ လှေလှော်ခတ်မှု အတတ်ပညာကို ကျွမ်းကျင်ရမည့်ပြင် ဇွဲနဘဲကြီးစွာ အားထုတ် ကြိုးပမ်းနိုင်စွမ်းရှိမှလည်း သည်တောင်ကို ကျော်နိုင်မည် ဖြစ်လေသည်။

အပြန်ခရီးကျတော့ လေစုန် ရေဆန် ဖြစ်ရပြန်လေသည်။ ထိုအခါ အလာလမ်းသည် ကြမ်းတမ်း ခက်ခဲသကဲ့သို့ အပြန်လမ်းမှာလည်း ညီတူညီမျှ အပန်းတကြီး အားထုတ်ကြိုးပမ်းစရာ ကြမ်းတမ်းခက်ခဲသော ခရီးလမ်း ဖြစ်ရပြန်လေသည်။ မည်သည့်ခရီးမှ သက်သာလွယ်ကူသော ခရီးလမ်း မဟုတ်ချေ။ များသောအားဖြင့် ရေလမ်းခရီးမှာ အသွားရေစုန်၊ အပြန်ရေဆန်၊ အသွားရေဆန်၊ အပြန် ရေစုန် ဖြစ်တတ်၍ အသွားခက်လျှင် အပြန်လွယ်ပြီး အပြန်ခက်လျှင် အသွား လွယ်ကူမြဲသာ။ ယခုမူ ဖခင်ခိုင်းသည့် ခရီးလမ်းက အဆင်းခက်ခက် အတက်ကြမ်းကြမ်း ခရီးလမ်းကြီး ဖြစ်လေသည်။ သားကို မပန်း ပန်းအောင် တမင်မြော်မြင် စီမံ၍ ခိုင်းသည်နှင့် တူနေပေပြီ။ ရေလမ်းခရီးမှာ အသွားမသေ၊ အပြန်သေအောင် စေလွှတ်သည်နှင့် တူနေပေပြီ။

(၅)

သို့သော် စဉ်းစားစရာ ရှိပါသေးသည်။

မြန်မာမိဘတို့၏ ဆုံးမစကားအစဉ်တွင် – ရေဆန်ကို လှော်ခတ်ဖူးမှ ရေစုန်မှာ သက်သာမယ် ဟူသော ဆုံးမစကားတစ်ရပ် ရှိပါသည်။ သားသမီးကို ပင်ပင်ပန်းပန်း ခိုင်းစေ လေ့ကျင့်ပေး ထားမှ သူတို့ဘာသာ ဘ၀ကို ရင်ဆိုင်ရချိန်တွင် အဆင်ပြေ ချောမွေ့မည်ဟူသော သဘောပင် ဖြစ်ပါသည်။
ဤတွင် ဖခင်ဖြစ်သူတို့၏ စိတ်သဘောကိုလည်း ထည့်သွင်း ဆင်ခြင်ရပေမည်။ ဖခင်ဖြစ်သူတို့မှာ သေ မြေကြီး၊ ရှင် ရွှေထီး ဟူသော သဘောကို ယောက်ျားကောင်း စိတ်ဓာတ်ဖြင့် နှလုံးသွင်း ခံယူနိုင်ကြမြဲ ဖြစ်သည်။ ဤတောအုပ်ကြီး သားရဲတိရစာန်များနှင့် ဘီလူးကြီးတစ်ကောင် ကျက်စားနေသည်။ ထိုတောအုပ်၏ ဟိုမှာဘက်မှာ ထီးစည်ကြငှာန်းနှင့်တကွ မင်းမဲ့ တိုင်းပြည်ကြီးတစ်ခု ရှိနေသည်။ ဤတောကို ဖြစ်ကျော်၍ အရောက်လာမည့် မည့်သည့် ယောက်ျားကောင်းကိုမဆို ထီးနန်းအပ်နှင်းရန် စောင့်စားနေကြသည်ဆိုလျှင် ဖခင်ဖြစ်သူတို့က မိမိသားအား ထိုတောအုပ်ကို ဖြတ်သန်းခိုင်းရဲသည့် စိတ်နှလုံးမျိုး ရှိတတ်ကြသည်။ လမ်းမှာ သေလျှင် သေ၊ မသေလျှင် င့ါသား ရွှေထီးဆောင်းပေရော့ ဟု ဥပေက္ခာစိတ် တစ်ဝက်ထား၍ စေလွှတ်နိုင်သည်မှာ မုန်း၍မဟုတ်၊ ချစ်၍ စေတနာထား၍သာ ဖြစ်လေသည်။ ထိုအခါမျိုးတွင် မိန်းမသားဖြစ်သည့် မိခင်တို့က ထားမြစ်လိုမည်မှာ ဧကန် ဖြစ်လေ သည်။ သို့ဖြစ်၍ သားကို အမေက ပိုချစ်သည်ဟု မဆိုသာချေ။ ချစ်ပုံချစ်နည်းနှင့် နှလုံးသွင်း ကွဲပြားခြင်းသာ ဖြစ်လေသည်။

ဤသို့ဆိုလျှင် ကုတို့ရှင် ကဗျာထဲက ဖခင်သည် သား၏အရည်အသွေးကို စာမေးပွဲ စစ်ဆေးသကဲ့သို့ တွက်ချက်စီမံကာ ဤခရီးကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်ဟု ယူသော်ရသင့်ပါသည်။ ဤခရီးကို အောင်မြင်စွာ ကျော်ဖြတ်ပြီးသော် နောင်တွင် ဤမြစ်တရိုး၌ မည်သည့်အခြေအနေမှာမဆို သားအတွက် စိတ်မချစရာ၊ စိတ်ပူစရာ မရှိတော့ပါချေ။ ဤသဘောဖြင့် ဖခင်က စနစ်တကျ အကွက်ချ၍ စေလွှတ်ခြင်း ဖြစ်သည်ဟု ယူနိုင်သင့်ပါသည်။ ဤသို့ယူလျှင် ခိုင်းရက်လေခြင်းဟူ၍ မပြစ်မမြင်သာတော့ဟု ကျွန်တော်ထင်ပါသည်။

ထို့ကြောင့် ဤကဗျာကို သေချာစွာ ဖတ်ရှုဆင်ခြင်သောအခါ ဆရာမင်းသုဝဏ်သည် ဖခင်နှင့် မိခင်တို့၏ မေတ္တာချင်း ခြားနားပုံသဘော ကို ဖော်ကျူးထားခြင်း ဖြစ်သည်ဟု နားလည်မိပါသည်။ ဖခင်မေတ္တာသည် ဥပေက္ခာနှင့် ရံဖန်ရံခါ ယှဉ်၍ မိခင်မေတ္တာသည် ကရုဏာနှင့်သာ ထာဝရယှဉ်သည် ဟူသော သဘောကို ဖော်ပြနေသည်ဟု ကျွန်တော်ယူချင်ပါသည်။

(၆)

နောက်ထပ် စဉ်းစားစရာ ရှိပါသေးသည်။

ဖခင်က ကုတို့လှေနှင့် စေလွှတ်ခြင်းမှာ အသားလွတ် လှေခွက်ချည်း လွှတ်ခြင်းမဟုတ်ဘဲ မိုးသက်မုန်တိုင်းကျချိန်၌ မည်သူမျှ ပို့ဆောင်ပေး မည့်သူမရှိ၍ မိမိတို့ သွားလိုရာသို့ အသွားရ ခက်နေသော ခရီးသည်တို့ကို သွားလိုရာ ပို့ဆောင်ပေးစေသည့် သဘော၊ အများအကျိုး ဆောင်စေ သည့် သဘောလည်း ဖြစ်နိုင်ပါသေးသည်။ အဆင့်အတန်းမြင့်သော လူမှုဝန်ထမ်း စိတ်ဓာတ်ကို သား၏ နှလုံးအိမ်တွင်း သွတ်သွင်းပေးခြင်း လည်း ဖြစ်နိုင်ပါသေးသည်။ ဤသဘောတို့ကို စာဆိုက ဤကဗျာဖြင့် ဖော်ကျူးထားခြင်း ဖြစ်သည်ဟူ၍လည်း ယူနိုင်သင့်သည်သာ ဖြစ်ပါသည်။

(၇)

“Poetry is everying; it can define the indefinable; it can embrace the illimitable; it can speak the ineffable; it can penetrate the abyss; it can measure the eternity.’’
Gabriele D’Annanzio

“ကဗျာသည် မဖြစ်နိုင်တာ ဘာမျှမရှိ၊ အရာရာကို စွမ်းဆောင်နိုင်သည်။ ကဗျာသည် အဓိပ္ပာယ် သတ်မှတ်ပေးနိုင်စွမ်း ရှိသည်။ ကဗျာသည် အကန့်အသတ်မဲ့ ကျယ်ပြောသော အခြင်းအရာတို့ကို လည်း လွှမ်းခြုံသိမ်းပိုက် ဖော်ကျူးနိုင်စွမ်း ရှိသည်။ ကဗျာသည် နှုတ်ဖြင့် ဖော်ထုတ်ပြောဆိုခြင်းဌာ မစွမ်းသာသော အရာတို့ကိုလည်း ဖော်ထုတ် ပြောဆိုနိုင်စွမ်းရှိသည်။ ကဗျာသည် ထောက်လှမ်းမမီနိုင် အောင် နက်နဲသော အခြင်းအရာတို့ကိုလည်း ထိုးဖောက် ဖော်ကျူးနိုင်စွမ်း ရှိသည်။ ကဗျာသည် အတိုင်းအဆမဲ့ ရှည်လျားကျယ်ပြန့်သော၊ အဆုံးအစမဲ့ ထာဝရ ကာလထုထည်ကြီးကိုလည်း တိုင်းတာပြနိုင်စွမ်း ရှိသည်။

ဆရာမင်းသုဝဏ်သည် အထက်ပါ ဖွင့်ဆိုချက်အတိုင်းပင် ကုတို့ရှင်ကဗျာ၌ စွမ်းဆောင်ထားသည် ဟူ၍သာ ကျွန်တော် အကျဉ်းရုံး၍ ဆိုချင်ပါတော့သည်။

(၈)

ကဗျာကောင်းတို့မည်သည် ပြောလိုသမျှကို အဖြောင့်မပြော၊ သွယ်ဝိုက်၍သာ အစဉ် ပြောသည်။ ကဗျာစကားသည် ကျစ်လျစ်၍ ခွန်အားရှိသည်။ ကဗျာသည် စကားနည်းနည်းနှင့် အနက်ကျယ်ကျယ် ပြောသည်။ တကယ့်ကဗျာကောင်းတို့တွင် စကားလုံးတစ်လုံးမျှ နုတ်ပယ်၍ မရ၊ ပေါင်းဖြည့် ၍ မရ၊ ပြင်ဆင်၍ မရချေ။ စာတစ်လုံးမျှကို နုတ်ပယ်ပေါင်းထည့် ပြင်ဆင်ရုံမျှနှင့် ကဗျာ အလှပျက်၍ အနက်ယွင်းသွားသည် အထိ ထိခိုက်စေတော့သည်။

(၉)

ဤမျှအထိ ကျစ်လျစ်လှသော “ကဗျာစကား“ဖြင့်လည်း ဆရာမင်းသုဝဏ်က ဤသို့ ဖော်ပြဖူးပါသည်။

“ကျွန်တော်မြို့၏ အရှေ့ဘက်ခပ်လှမ်းလှမ်း ချောင်းကမ်းနံဘေးတွင် တမံကြီးရွာ ရှိပါသည်။ ယင်းရွာနှင့် မျက်နှာချင်းဆိုင် ရိုးကလေး စီးနေသော ဆားဖိုကုန်းများရှိသည့် ခြံကလေးသည် တစ်ခါက ကျွန်တော့်ဖခင် အိုစာမင်းစာ အမောဖြေစရာဟု ရည်မှန်း၍ စိုက်ပျိုးခဲ့သော ခြံကလေး ဖြစ်ပါသည်။ မိုးထဲလေထဲတွင် ဖခင်နှင့်အတူ ဘောက်တူကလေးလှော်ကာ ရေစုန်ရေဆန်သွား၍ စိုက်ပျိုးခဲ့ပါသည်။ အိမ်ပြန်ရောက်လျှင် မိခင်က အချမ်းပြေ ထမင်းဟင်း ပူပူနွေးနွေး ချက်ပြုတ် ကျွေးသည်ကို မှတ်မိနေပါသေးသည်။ ဤအကြောင်းကို ကဗျာတစ်ပုဒ်ပင် ရေးမိပါသေးသည် ထင်သည်“

မင်းသုဝဏ်

ဟိုခေတ် ဟိုအခါ ဟိုကဗျာ
စာ – ၁၆၂ ၊ ရှုမ၀၊ ၁၉၈၄ ဇန်န၀ါရီ

(၁၀)

ယခုအခါ၌ ကျွန်တော်သည် မိဘတို့၏ မေတ္တာကို ကောင်းစွာခံစား သိမြင် နားလည်နေပြီဖြစ်ပါသည်။ မိဘတို့၏ ကျေးဇူးကိုလည်း စိတ်ကျေနပ်လောက်အောင် ဆပ်လိုလှပါ၏။ စိတ်ကျေနပ်လောက်အောင် မဆပ်နိုင်လေလေ မိဘမေတ္တာ၊ မိဘကျေးဇူးကို လေးမြတ် ရိုသေလေလေလည်း ဖြစ်ရပါသည်။ ဤခံစားမှုသည်လည်း မိဘမေတ္တာကို ဖော်ကြူးထားသည့် ဤကဗျာကို အထူး နှစ်သက်မိခြင်း၏ အကြောင်းတစ်ရပ် ဖြစ်နိုင်ပါသည်။ ဤခံစားမှုသာ ရှိနှင့် မနေခဲ့ပါမူ ဤကဗျာကို ကျွန်တော် ဤမျှ နှစ်သက်မိချင်မှ နှစ်သက်မိမည်ဟူ၍ လည်း တွေးမိပါသေးကြောင်း။

(၁၁)

“ကိုဝန်ကား ကဗျာဆရာ အစစ်ဖြစ်သည်ဟူ၍ ဆိုလျှင် ငြင်းဆိုဖွယ်မရှိပေ။ —- ကိုဝန်၏ ကဗျာများမှာ နုနုယဉ်ယဉ် သိမ်သိမ်မွေ့မွေ့ ပြေပြေပြစ်ပြစ် ရှိလှပေ၏။ လွယ်လွယ်ကလေးနှင့် ကောင်းသော ကဗျာများပေတည်း။ ခက်ခဲသော စကားလုံးများမပါ။ စကားကိုလည်း များစွာမသုံး။ ပြောင်ပေ့ဆိုသော စကားလုံးကလေးများကိုသာ ရွေးကာ ပုလဲသွယ်ကို သီကုံးသကဲ့သို့ သီကုံးထားသည်မှာ လွန်စွာမှပင် အံ့စရာကောင်းပေတော့၏ ။
စာ – ၇၁

“ကိုဝန်၏ အထူးခြားဆုံး သတ္တိမှာ ခက်ခဲသော စကားများကို ရှောင်နိုင်သမျှ ရှောင်ပြီးလျှင် လွယ်ကူလှသော စကားများကိုသာလျှင် ရွေးချယ်၍ သုံးနိုင်ခြင်းပင် ဖြစ်လေသည်။ —— ။ အလွန် လွယ်ကူ၍ နေ့စဉ် သုံးစွဲနေကြသော မြန်မာစကား ရိုးရိုးများပင် ဖြစ်လင့်ကစား ကိုဝန်ဖန်တီး၍ ဖွဲ့ဆိုလိုက်သောအခါ အသက်ဝင်လာကြပြီးလျှင် ဆန်းကြယ်၍ လာကြကုန်၏။ ဆန်းကြယ်သော စိတ်ကူးများပေါ်လွင်အောင် နေ့စဉ်သုံးစွဲနေ ကြသော စကားလုံး ရိုးရိုးများနှင့် ဖွဲ့ဆိုနိုင်ခြင်း သတ္တိမှာ တော်တော့်သတ္တိ မဟုတ်။ တကယ့်သတ္တိ ဖြစ်လေသည်။ ——— ။ အဓိပ္ပာယ်များများကို စာသားအနည်းငယ်နှင့် ဖွဲ့ဆိုနိုင်သော ကိုဝန်အား များစွာ ချီးမွမ်းမိတော့သည်။
စာ – ၈၄
သိပ္ပံမောင်ဝ
ခေတ်စမ်းစာပေ အထွေထွေ
ဒုတိယအကြိမ်၊ စပယ်ဦး
၁၉၉၇၊ ဒီဇင်ဘာ

သိပ္ပံမောင်ဝသည် ဆရာမင်းသုဝဏ်၏ ကဗျာများကို သိမြင်နားလည်မှု အပြည့်အ၀ဖြင့် အပို မပါ၊ အလို မရှိ၊ အတိအကျ ချီးမွမ်းထားခြင်း သာ ဖြစ်ကြောင်း ယခုအခါ၌ ကျွန်တော် ကောင်းစွာ သိမြင် နားလည် လာခြင်းသည်လည်း ဤကဗျာကို အထူးနှစ်သက်မိခြင်း၏ နောက်ထပ် အကြောင်းတစ်ရပ် ဖြစ်နိုင်ပါ သည်။ ဤသိမြင်လာခြင်းမျိုး ရှိနှင့်မနေခဲ့လျှင်မူ ဤကဗျာကို ကျွန်တော် ဤမျှ နှစ်သက်မိချင် မှ နှစ်သက်မိမည်ဟူ၍လည်း တွေးမိပါသေးကြောင်း။

(၁၂)

ယခုအခါ၌ ကျွန်တော်အကြိုက်ဆုံးစာဆိုမှာ “ဆရာမင်းသုဝဏ်“၊ ကျွန်တော် အကြိုက်ဆုံး ကဗျာမှာ ဆရာမင်းသုဝဏ်၏ “ကုတို့ရှင်“ ဖြစ်ပါသည်ဟု မေးသူရှိလာလျှင် ဖြေဖို့ အသင့်ယုတ္တိရှိသော အကြောင်းပြချက်များနှင့်တကွ ကျွန်တော် အသင့်ရှိနေပါပြီ။ ။
(ဤဆောင်းပါးဖြင့် ဆရာမင်းသုဝဏ်အား ရိုသေလေးမြတ်စွာ ကန်တော့အပ်ပါသည်။)
ဖြောင့်မှန်စွာ (ဖြင့်)


သော်ထွန်း
“ဤသို့ မိခင်မေတ္တာကို ခံစားမိသောအခါ ဖခင်မှာ စိတ်နှလုံး အလွန်မာကျော ကျန်းခက်သည့် လူကြမ်းကြီးပမာ ထင်မှတ်ဖွယ် ဖြစ်ပေတော့ သည်။ စင်စစ် ဖခင်ကရော သားကို မချစ်တော့ဘူးတဲ့လား။“ဟူသော စာမျက်နှာ (၂)၊ အပိုင်း(၅)မှ စာပိုဒ်တွင် “ကျန်းခက်” သည် စာလုံးပေါင်း အမှန် ဖြစ်ပါသည်။ သတ်ပုံမမှားပါ။

စာရေးသူ၏ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။