မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ - အပိုင်း (၁၉)


မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ - အပိုင်း (၁၉)
(မိုးမခ) မတ် ၂၂၊ ၂၀၁၇

● ထောက်ပံ့ရေး
အရှေ့မြောက်တွင် CPB အနေနှင့် တဟုန်ထိုး လျင်မြန်စွာကြီးထွားလာစေသည့် အကြောင်းအချက်တခုအဖြစ် တရုတ်တို့၏ အားတက်သရောထောက်ပံ့ပေးမှုသည် အရေးပါသောအခန်းကပါသည်ကတော့အမှန်ပင်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန၏ စီမံညွှန်ကြားမှုအောက်တွင် တရုတ်လွတ်မြောက်ရေးတပ်မတော်က CPB အတွက် စစ် လက်နက်ပစ္စည်းမှအစပြု၍ လိုအပ်သည့် ရုပ်ဝတ္ထုပစ္စည်းများကို ထောက်ပံ့ပေးသည်။

CPB တပ်သားများအတွက် စစ်ယူနီဖေါင်းအဖြစ် ဦးထုပ်၊ ဦးထုပ်တွင်တပ်ဆင်သည့် ကြယ်နီ၊ အင်္ကျီ၊ စွပ်ကျယ်၊ ဘောင်းဘီရှည်၊ အတွင်းခံ ဘောင်းဘီတို၊ ခြေအိတ်၊ စစ်ဖိနပ်၊ မျက်နှာသုတ်ပုဝါ၊ ကျောပိုးအိတ်၊ ဘေးလွယ်အိတ်၊ မိုးကာစ၊ ရေဗူး၊ စစ်သုံး မတ်ခွက်၊ ပိတ်ထောက်ဟုခေါ်သော စစ်နှစ်ထပ်စောင် (နှစ်ထပ်စောင်ကို အိတ်သဖွယ်ပြုလုပ်ထား၍ အလယ်တွင် ဂွမ်းကပ် ထည့်၍ ရသည်။ ရှေ့တန်းသို့ မသယ်နိုင်ကြသော် နောက်တန်း၌ အဆင်ပြေသည်။) ဂွမ်းကပ်၊ ခြင်ထောင်၊စစ်အနွေးထည်၊ ကေဒါများအတွက် ဂွမ်းကပ်အင်္ကျီရှည် (လောင်းကုတ်) စသဖြင့် လိုလေးသေးမရှိပါဝင်သည်။ မိမိတို့ရောက်စဉ်ကာလက စစ်အင်္ကျီလက်ရှည်အထူအပြင် ဆောင်းတွင်း အတွင်းဝတ် နွှေတွင် အပြင်ဝတ်ပါရသည့် အင်္ကျီလက်ရှည် အပါးတထည် ပါ ထပ်ပေးသေးသည်။ ထို့ပြင် သက္ကလပ်စောင်ပြာများလည်း ထုတ်ပေးသေးသည်။ အယ်ဘေးနီးယားကွန်မြူနစ်ပါတီမှ ကူညီ သည်ဟု သိရသည်။ ရှမ်းပြည်ရာသီဥတုမှာ အေးမြသည်ဖြစ်ရာ ဂွမ်းကပ် သက္ကလပ်စောင်တို့ခြုံလျင်တောင် ချမ်းနေဆဲဖြစ်၍ လိုအပ်သည်ဟု ဆိုနိုင်သည်။ သို့သော် လေးလံလှသဖြင့် ရှေ့တန်းစစ်မျက်နှာသို့ သယ်ပိုးမသွားနိုင်ကြ နောက်တန်းတွင်သာ ထားခဲ့ရသည်။ နောက်တန်းဌာနများတွင်တော့ အသုံးတည့်သည်။

ထိုစဉ်က တပ်သားသစ်များကို တပ်ထဲဝင်ဝင်ချင်း ယူနီဖေါင်း နှစ်စုံနှင့်ကျန်စောင်ခြင်ထောင် ကျောပိုးအိတ် စသဖြင့်အစုံအလင် ထုတ်ပေးသည်။ တပ်သားသစ်တယောက်အတွက် ထမ်းမနိုင်ပါ။ နောင်တွင် ယူနီဖေါင်းကတော့ ၆ လတကြိမ် တစုံထပ်ထုတ် ပေးပြီး စောင်ခြင်ထောင်ကတော့ တနှစ်တကြိမ်ခန့်သာ ထပ်လဲပေးသည်။ ထို့ကြောင့် CPB တပ်သားများအတွက် အခြေ ခံအဝတ်အစား စောင်ခြင်ထောင်သည် ဖူလုံသည်ဟု ဆိုနိုင်သည်။

လက်နက်ခဲယမ်းမီးကျောက် ထောက်ပံ့မှုအနေနှင့် အရေအတွက် မည်မျှအထိ ထောက်ပံ့ခဲ့သည်ကို မသိနိုင်သော်လည်း တပ်အင်အားသောင်းချီ တိုးချဲ့လာသည်အထိ လက်နက်လုံလောက်စွာ တပ်ဆင်နိုင်သည်။ ထိုစဉ် တရုတ်မှထောက်ပံ့သည့် လက်နက်အမျိုးအစားများမှာ ...

၁။ အမ် ၂ဝ ပစ္စတို ကျည် ၈ တောင့်ပါ ကျည်ကပ်
၂။ အမ် ၂၁ semi-auto မောင်းပြန်ရိုင်ဖယ် ကျည် ၁ဝ တောင့်ထည့်
၃။ အမ် ၂၂ မောင်းပြန် ရိုင်ဖယ် ကျည် ၃ဝ ဆန့် ကျည်ကပ်သုံး (AK 47 ပုံတူ)
၎။ အမ် ၂၃ စက်ကလေး ကျ ည် ၁ဝဝ ဆန့် ကျည်ဘောက်ဝိုင်းတပ်
၅။ စက်လတ်
၆။ အမ် ၁၄ ကျ ည် ၂ဝ ဆန့် ကျည်ဘောက်တပ် (ဂျီ ၃ ကျည်နှင့်ပစ်၍ရ)
၇။ ပွိုင့် ၅ စက်သေနတ်ကြီး
၈။ ပွိုင့် ၅ ပြောင်းနှစ်လုံးတွဲ (ဘီးတပ်)
၉။ အမ် ၄ဝ လောင်ချာ (ဘဇူကာ)
၁ဝ။ ၆ဝ မမ မော်တာ
၁၁။ ၅၇ မမ နောက်ပွင့် ရိုင်ဖယ် (အမြောက်)
၁၂။ ၈၂ မမ မော်တာ
၁၃။ ၇၅ မမ နောက်ပွင့် အမြောက်
၁၄။ ၁၂ဝ မမ မော်တာ
၁၅။ နင်းမိုင်း/ဆွဲမိုင်း/ တင့်ကားမိုင်း
၁၆။ TNT ယမ်းခဲ/ ယမ်းချောင်း
၁၇။ လက်ပစ်ဗုံး

စသည့် လက်နက်များ ကျည်ဆံ အမြောက်ဆံများ ကျည်ကပ်ထည့်သည့် လက်ပစ်ဗုံးထည့်သည့် စစ်ချပ်တန်ဆာများ ပွိုင့် ၅ နှင့် ၅၇ မမ၊ ၈၂ မမ၊ ၇၅ မမ၊ ၁၂ဝ မမ များတင်ဆောင်ရန် လားမြင်းများမှအစ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

ရှေ့တန်းစစ်မြေပြင်တွင် အမ် ၂ဝ ပစ္စတိုအား တပ်ခွဲအဆင့် အထက်ကေဒါများ ဆက်သွယ်ရေးနှင့် ဆေးဘက်ဆိုင်ရာတာဝန် ယူသော ရဲဘော်များကိုင်ဆောင်ကြသည်။ တိုက်ခိုက်ရေးရဲဘော်များကတော့ အမ် ၂၂ အကိုင်များသည်။ တတောင့်ချင်းသာ ပစ်၍ရသော အမ် ၂၁ အား ဒေသပြည်သူ့စစ်များအား တပ်ဆင်သည်ကများ၍ တိုက်ခိုက်ရေးတပ်၌ အနည်းအကျင်းသာရှိသည်။ တရုတ်စကားဖြင့် ချုံဖုံးချမ်းဟုခေါ်သော အမ် ၂၂ ကား ရဲဘော်များအကြိုက်ဖြစ်သည်။ တရစပ်ပစ်ခတ်ရသည့် စခန်းသိမ်း တိုက်ပွဲများ လမ်းဖြတ်တိုက်ပွဲများတွင် အသုံးတည့်သည်။ အမ် ၁၄ နှင့် အမ် ၂၃ ကတော့ ပစ်အားကောင်းသော်လည်း အ တန်ငယ်လေးလံ၍ တပ်စုတစုတွင် တလက်စ နှစ်လက်စသာတွေ့ရသည်။ စစ်မြေပြင်တိုက်ပွဲဝင် ရဲဘော်များသည် ကျည် ၃ဝဝ ခန့်နှင့် လက်ပစ်ဗုံး ၄ လုံးခန့်အထိ သယ်ဆောင်ကြလေ့ရှိသည်။ တပ်စု တပ်ခွဲတိုင်း အလေးထားသည့် မပါမဖြစ် လက်နက်မှာ ၄ဝ မမ လောင်ချာ ခေါ် ဘဇူကာဖြစ်သည်။

၆ဝ မမ မော်တာကတော့ တပ်ခွဲအဆင့်တွင့်သာ သုံးလေ့ရှိပြီး ပွိုင့် ၅၅၇ မမ၊ ၈၂မမ၊ ၇၅ မမ တို့အား တပ်မဟာအဆင့် စစ် ဆင်ရေးများ ခံစစ်စခန်းများတွင် အသုံးပြုသည်။ ၁၂ဝ မမ နှင့် ပွိုင့် ၅ ပြောင်းနှစ်လုံးတွဲများကိုတော့ တပ်မဟာအဆင့်အထက် စစ်ဆင်ရေးများတွင် သုံးစွဲလေ့ရှိကြသည်။ စစ်ဆင်ရေးထွက်သည့် ရဲဘော်တိုင်းသည် လက်နက်ငယ် ကျည် ၂ဝဝ မှ ၃ဝဝ အထိနှင့် လက်ပစ်ဗုံး ၂ လုံးမှ ၃ လုံးမှ သယ်ဆောင်နိုင်ကြသည်အပြင် အရံကျည်အဖြစ်လည်း ထောက်ပံ့သယ် ဆောင် ပေးနိုင်သည်။ ခံစစ်စခန်းများတွင်လည်း လက်နက်ငယ်ကျ ည် သေတ္တာလိုက် ပုံထားနိုင်ပြီး လက်နက်ကြီးကျည်ထိုးစစ်ရော ခံစစ်တွင်ပါ အလုံအလောက်သုံးနိုင်ပေရာ လက်နက်နှင့်အတူ ခဲယမ်းမီးကျောက် ထောက်ပံ့မှုကလည်း မနည်းလှဟု ဆိုနိုင်ပါ သည်။

ထို့ပြင် စစ်ဆင်ရေးလုပ်ငန်းတွင် အသုံးပြု နိုင်ရန် စစ်သုံးမှန်ပြောင်းစစ်သုံးမြေပုံများ (ကီလိုမီတာစနစ်သုံး) စစ်သုံးအိမ်မြှောင် ၊ တပ်အချင်းချင်း ဆက်သွယ်သည့် ဆက်သွယ်ရေးစက်များ ဘက်ထရီနှင့် အားသွင်းစက်များ အစိုးရစစ်တပ် ဆက်သွယ်ရေး စက်များအား ကြားဖြတ်နားထောင်နိုင်ရန်ကြားဖြတ်စက်များလည်း ထောက်ပံ့ပေးခဲ့သည်။

နောက်ထပ်ထောက်ပံ့မှုတခုမှာ ရိက္ခာ ဆန်နှင့်ဆီ ထောက်ပံ့ခြင်းဖြစ်သည်။ ရှေ့တန်းထွက် ရဲဘော်တဦးအား တလလျှင် ဆန် ၈ ပြည် နောက်တန်းဌာနများရှိ ရဲဘော်များအား တလလျှင် ဆန် ၇ ပြည် ထောက်ပံ့နိုင်သည်။ ဆီကရဲဘော်တဦးလျင် တလ ၃၃ ကျပ်သားခန့် (တရုတ်အချိန် တကျင်း) ထောက်ပံ့နိုင်ပါသည်။ CPB ဝင်ရောက်သည့် အရှေ့မြောက်ဒေသများတွင် ရိက္ခာအခက်အခဲရှိသည်။ ကိုးကန့်ဒေသဆိုလျှင် ၎င်းဒေသထွက် ရိက္ခာ (ဆန်/ပြောင်း) သည် ဒေသအတွက် တနှစ်လျှင် ၇ လခန့်သာ ဖူလုံသည်။ ထိုစဉ်က ဝ နယ်၏ ရိက္ခာထွက်နှုန်းမှာ တနှစ်လျှင် ၄ လသာ ဖူလုံသည်။ မုန်းကိုးဒေသကတော့ ဒေသ ထွက်ရိက္ခာသည် ဒေသလူထုအတွက် ဖူလုံသည့်ပြင် အတန်ငယ်ပိုလျံသည်။ သို့သော် ထောင်နှင့်ချီသော တပ်အင်အား အများကြီးအတွက် ရိက္ခာဖူလုံရန် မလွယ်ကူပေ။

ဝနှင့်ကိုးကန့်ဒေသများတွင် ဒေသခံများအနေနှင့် ပြောင်းကြမ်းကိုကြိတ်၍ ရိက္ခာလုပ်ရသည်။ တောတောင်ထဲတွင် ကြွေဥ မျောက်ဥရှာဖွေ၍ ရိက္ခာအဖြစ် ဖန်တီးနေရသည့်ကာလဖြစ်သည်။ ဆိုလိုသည်မှာ မိမိတွင် ပိုက်ဆံရှိလျှင်တောင်မှ ဒေသတွင်း ရိက္ခာဝယ်ယူ၍ မရနိုင်ပေ။ ထို့ပြင် နယ်စပ်တဖက်ရှိ တရုတ်ပြည်မှလည်း ဝယ်ယူ၍မရနိုင်ပေ။ တရုတ်ပြည်တွင် ထို အချိန် ကာလအထိ ရာရှင်စနစ် ကျင့်သုံးသည်။ ဆန် ဂျုံ စသည့်ရိက္ခာများကိုငွေရှိရုံနှင့် ဝယ်မရပေ။ လူဦးရေသတ်မှတ်ထားသည့် ရိက္ခာလက်မှတ်ပါမှ ဝယ်ယူ၍ရသည်။ ထို့ပြင် ချ ည်သားပိတ်စများသည်လည်း သတ်မှတ်ထားသည့် ခွဲတမ်းပိတ်လက်မှတ်ပါ မှ ဝယ်ယူရနိုင်သည်။ ထိုစဉ်က တရုတ်ပြည်တွင် ဓါတ်ဗူး စက်ဘီးတို့သည်ပင် အလွယ်တကူ ဝယ်မရပေ။ ခွဲတမ်းနှင့်ဖြစ်သည်။ တရုတ်ပြည် တံခါးပိတ်ထားဆဲကာလဖြစ်သည်။

ထိုသို့သောအခြေအနေအောက်တွင် ဒေသတွင်းမှလည်း ရိက္ခာမရ။ တရုတ်ဘက်ကလည်း ဝယ်မရဆိုလျှင် အစိုးရထိမ်းချုပ် ထားသည့်ဒေသမှ ဝယ်ရမည်ဆိုလျှင် အစိုးရစစ်တပ်၏ ပိတ်ဆို့မှုခံရပြီး ရိက္ခာပြဿနာ အတော်ဖြေရှင်းရမည်ဖြစ်သည်။ ရိက္ခာဆန်သာမက ဆန်ထည့်ရန် ရှေ့တန်းသုံး ဆန်အိတ်ရှည်များလည်း တပါတည်း ထောက်ပံ့သည်။ အနံ ၄ လက်မခန့် နှင့်အရှည် ၆ ပေနီးပါးခန့်ရှိသည့် ဆန်အိတ်ရှည်များဖြစ်သည်။ အပြည့်ထည့်လျှင် ဆန် ၃ ပြည်ခန့် ဆံ့သည်။ ဆန်တပြည်ခွဲ နှစ်ပြည်ခန့်ထည့်လျင်တော့ ရှေ့တန်းထွက် ရဲဘော်များ အလွယ်တကူ ပုခုံးတွင် သိုင်းလွယ်၍ သယ်ပိုးနိုင်သည်။

ထို့ပြင် ထမင်းဟင်းချက်ရန် အိုးများကိုလည်း ထုတ်ပေးသည်။ တရုတ်တပ်ပုံစံဖြစ်၍ မဆလစစ်တပ်ကဲ့သို့ တဦးချင်းသုံး ဟန် ကော သိပ်မသုံးကြပေ။ အမှတ် ၁ / ၂ / ၃ ဟူ၍ အရွယ်အစားအသေးအကြီးလိုက် သတ္တုစပ်အမျိုးအစားကောင်းသော အိုး များ ထုတ်ပေးသည်။ ရှေ့တန်းတပ်များတွင် နံပါတ် ၂ အိုးအား ထမင်းချက်ရန်လည်းကောင်း၊ နံပါတ် ၃ အိုးအား ဟင်းချက် ရန်လည်းကောင်း၊ တပ်စိတ်တစိတ်လျင် ၂ အိုး ထုတ်ပေးသည်။ အတန်ငယ်ကြီးသော နံပါတ် ၁ အိုးနှင့် တပ်ခွဲသုံးအိုး ( ဒယ် အိုး အရွယ်ခန့်) ကိုတော့ နောက်တန်းဌာနများတွင် အသုံးပြုကြသည်။

နောက်ထပ်ထောက်ပံ့သည်မှ ဆေးဝါးဖြစ်သည်။ တရုတ်လုပ် အနောက်တိုင်းဆေးဝါးများ တရုတ်တိုင်းရင်းဆေးများ ဆေးရုံသုံးပစ္စည်းများခွဲစိတ်ကရိယာများ အစုံအလင် ထောက်ပံ့သည်။ ထို့ပြင် ဒဏ်ရာပြင်းထန်သည့် ရောဂါပြင်းထန်သည့် လူနာ ရဲဘော်များအား တရုတ်ပြည်တွင်းရှိ တရုတ်လွတ်မြောက်ရေးတပ်မတော် စစ်ဆေးရုံများတွင် ကုသမှုပေးသည်။ နယ်စပ်တ လျောက်တွင် CPB တပ်သားများအတွက် သီသန့်ကုသပေးရန် တရုတ်လွတ်မြောက်ရေးတပ်မတော်မှ ဖွင့်လှစ်ထားသော စစ်ဆေးရုံများရှိသည်။

CPB ၁ဝ၁ စစ်ဒေသ (ပန်ဝါဒေသ) အတွက် တရုတ်ပြည် ထိန်ချုံး၌အမှတ် ၇၁ စစ်ဆေးရုံ၊ မုန်းကိုးဒေသအတွက် တေဟုန်တိုင်း လူရှီးခရိုင်ကျယ်ဖန့် အနီး၌ အမှတ် ၁ဝ၈ စစ်ဆေးရုံ၊ ကိုးကန့်နှင့် ဝ နယ်ဒေသများအတွက် အဆိုပါဒေသနှင့်ကပ်ရက် နယ် စပ်တလျောက် တရုတ်ပြည်အတွင်း၌ အမှတ် ၆၁။ အမှတ် ၆၆။ အမှတ် ၁၄၅ စစ်ဆေးရုံများကို တရုတ်လွတ်မြောက် ရေးတပ် မတော် PLA မှ ဖွင့်လှစ်ထားပြီး CPB စစ်သည်များကို ကုသပေးခဲ့သည်။ အလားတူ ယူနန်ပြည်နယ် ခွင်းမင်မြို့ရှိ အမှတ် ၄၃ စစ်ဆေးရုံတွင်လည်း CPB မှခေါင်းဆောင်ပိုင်းကို လက်ခံကုသပေးခဲ့သည်။

ထို့ပြင် တေဟုန်တိုင်း မန်စီတွင် စစ်သင်တန်းကျောင်းတခုဖွင့်လှစ်ထားရှိပြီး CPB မှ တပ်ခွဲ၊ တပ်ရင်း၊ တပ်မဟာအဆင့်ကေဒါ များကို စစ်သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ထိုသင်တန်းကျောင်းအား ၁ဝ၆ စစ်သင်တန်းကျောင်းဟုခေါ်သည်။ သင် တန်းကာလမှာ ၆ လဖြစ်သည်။ ထို ၁ဝ၆ စစ်သင်တန်းကျောင်းသည် ၁၉၈ဝ ခုနှစ်ထိ ၁၄ ပတ်ခန့် ဖွင့်လှစ်ခဲ့ပါသည်။ ဆေးသင် တန်းကို စစ်ချွမ်းပြည်နယ် ချင်တူးမြို့တော်၌ တက်ရောက်ခွင့်ပြုထားသည်။ ၃ နှစ် သင်တန်းဖြစ်ပြီး ကုသရေးရော ခွဲစိတ်မှုပါ ဝင်သည့် တရုတ်အငယ်တန်းဆရာဝန်အဆင့် ဖြစ်သည်။

နောက်ထပ် ထောက်ပံ့သည်မှ ငွေကြေးထောက်ပံ့မှု ဖြစ်သည်။ ရိက္ခာငွေ၊ စစ်စားရိတ်၊ အဆောက်အဦးဆောက်လုပ်မှုတို့အ တွက် နှစ်စဉ်သတ်မှတ်ထားသည့် ထောက်ပံ့ငွေရရှိခဲ့သည်။ သို့သော် ကိန်းဂဏန်းအတိအကျတော့ မိမိသိခွင့်မကြုံခဲ့ပေ။

ဤသည်ကား မိမိရောက်ရှိသွားသည့်ကာလက အရှေ့မြောက်စစ်ဒေသအား တရုတ်ကွန်မြူနစ်ပါတီမှ ထောက်ပံ့ထားမှု ဖြစ် သည်။ ပဲခူးရိုးမပါတီဗဟိုအပါအဝင် ပြည်တွင်းရှိ အခြေခံဒေသများ ပါတီအဖွဲ့အစည်းများနှင့် ကွဲပြားသည့်အခြေအနေလည်း ဖြစ်သည်။ အရှေ့မြောက် CPB အနေနှင့် မဆလအစိုးရကို တိုက်ခိုက်ရန်အတွက်၎င်း အခြေခံဒေသတွင်း လူထုအား စည်းရုံး သိမ်းသွင်းရန်အတွက်လည်းကောင်း၊ မကြောင့်မကျ မပူမပင် လုပ်ကိုင်နိုင်သည့် ရုပ်ဝတ္ထုပစ္စည်းထောက်ပံ့မှု အခြေအနေဟု ဆိုရပါမည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)