မော်ဆူးသစ် ● ငါတို့သည်​​ ဆင်းရဲခြင်းကိုအဓိဋ္ဌာန်​ပြု တောင်​သူလယ်​သမားများသာ


မော်ဆူးသစ် ● ငါတို့သည်​​ ဆင်းရဲခြင်းကိုအဓိဋ္ဌာန်​ပြု တောင်​သူလယ်​သမားများသာ
(မိုးမခ) မတ် ၆၊ ၂၀၁၇
 

"​မြေကြီးက ရွှေသီးရမည်​" တဲ့
ရွှေသီး​တွေဖြိုင်​ဖြိုင်ကျ
နဖူးမှ ​ခြေမတိုင်​၊ အဝီစိတိုင်
တို့ဘဝဟာ ခုထိ​တော့ ငံကျိကျိပဲ၊ နွမ်းချည့်​ချည့်​ပဲ။

ဓားမဦးချ ဆိုဆို
ဘိုးဘွားတို့ ​ခေါင်းချသွားရာမြစ်​ကြမ်းပြင်​ထဲ
ဆွေစဉ်​မျိုးဆက်​ခုတ်​ထွန်​ခဲ့ရာ ​တောရိုးတ​လျောက်
ကန်​သင်းတည်​ရာ တို့အိမ်​ယာပဲ၊ တို့သင်္ချိုင်းပဲ။

ကန်​သင်းငုတ်​က ဆူးပုတ်​ခြုံလို
မိုးနံ့​လေးနဲ့​ဝေလိုက်​ ​ခေါင်​ညွှန့်​ဆိတ်​လိုက်

မြေခွန်​​တော်
အမ​တော်
ဘိုးဘွားပိုင်
မြေယာတန်းစီဇယား
တန်းတူညီမျှရေး
ဘုံဝါဒ/ဘုံလယ်​ယာ
(ပပက) ​ပြည်​သူ့ဆိုင်​၊ ကုန်​သွယ်​လယ်​ယာ
ေ​မြနု​​မြေယာ​ သီးစားလုပ်​ကိုင်​ခွင့်
ဈေးကွက်​စီးပွား​ရေးစနစ်
ပွဲရုံ၊ ကုန်​သည်​ပွဲစား/ကုန်​စည်​ဒိုင်
ဘယ်​စနစ်​ကမှ လူများစုနင်းပြားကို မပြဋ္ဌာန်းတဲ့​နောက်
ဘယ်​လမ်းစဉ်​နဲ့​လျှောက်​​လျှောက်
တို့​နောက်​မှာ ​အောက်​ကျစရာလူမှရှိ။

ပခုံးနှစ်​ဖက်​ အသားမာတက်​​အောင်​ထမ်းထားရ
တိုင်းပြည့်​ထမင်းအိုးကြီးဆိုလား
ချိုင်း (ဂျိုင်း) ပြတ်​လုလုဆွဲထားရ အာရှရဲ့ဆီအိုကြီးဆိုလား
လာသမျှ အစိုးရမင်းများက ကျောတရာ၊ ရင်​တရာ
ပွတ်​သပ်​နဖူးတည့်​တည့်​နင်းလို့ ကျွန်​တံဆိပ်​ခတ်​ကြ
"​ကျေးဇူးရှင်​ ​တောင်​သူဦးကြီးများ" ဆိုလား

ဒီမှာ
ဝမ်း​ဟောင်း​လောင်းနဲ့ ကိုယ့်​အသားမာကို ခွာစားကြရ

ဒီမှာ 
ကိုယ့်​လက်​ကိုပြတ်​​အောင်​​သွေးလို့
စက်​မှုလယ်​ယာကို ခုတ်​ထွန်​​နေကြ
ဒီမှာ
ဖင်​ထဲရွှံ့ဝင်​​အောင်​ရုန်းမှ
တို့​ခေါင်းကအညွှန့်​အဖူး ကုန်​သည်​ပွဲစားခူးဖို့ စိုက်​ကြ
မိုး​သောက်​မှ​နေဝင်​မိုးချု ပ်
ပုခက်​တွင်းမှ ​သေတွင်းထဲအထိ
ကိုယ့်​လယ်၊ ကိုယ့်​စပါး ကိုယ့်​နွားနဲ့ကို ​ခေတ်​မီ​နေရ
တသီးမစား​လောက်​ နှစ်​သီးစိုက်
နှစ်​သီးနဲ့အ​ကြွေးမ​ပြေရင်​ သုံးသီးစိုက်
ဆီ​တွေဆန်​​တွေ အိမ်​​ရှေ့ပုံပြီး
ကြွေးမြီဗရပွ အိမ်​​ရှေ့ပုံပြီး
ကိုယ့်​သား/သမီးတို့အိပ်​မက်​ သီးညှပ်​စိုက်​​နေရ။

ကြက်​သွန်​က​တော့ ရှုံးသွားပြီ
ပြောင်း​ဈေးကွက်​က ပျက်​ပြီတဲ့
ဖရဲခင်းက​တော့ စားပြီး​သောက်​ပြီး အသက်​ကြီးသွားတာ အမြတ်
ပဲခင်းကြီး ​ကောင်းချက်​က မကျန်
အိတ်​စပို့ ပိတ်​သွားသတဲ့
ဈေး​စောင့်​ရ​အောင်​ကလည်း
ငွေတိုးနဲ့အချိန်​သည်​ လူကိုမ​စောင့်
ဈေးကွက်​စီးပွား​ရေးစနစ်​ထဲ
စီးပွားပျက်​ကပ်​ဆိုတဲ့ 'ကျီး' ကလည်း
တို့​ခေါင်း​ပေါ်ကထန်းသီးပဲ​ ​ရွေး​ရွေးနင်းတယ်
ဝဋ်​တခုလို လယ်​လုပ်​ဆပ်​​နေရ
ပြောင်းဆန်​ တင်းတရာ တရုတ်​​မော်​​တော်​ဆိုင်​ကယ်​တစီး
စပါးတင်းနှစ်​ရာ တရုတ်​​ရေစုပ်​စက်​တလုံး
တို့တရွာလုံး တမိုးလုံး အုန်းအုန်းကျွက်ကျွက်သိမ်းလိုက်​ရတာ
သာ​အေးထွန်​စက်​တလုံးဖိုးပဲရသတဲ့

ဒီလိုနဲ့
တို့လယ်​ထဲ ကားလမ်းကြီး​ပေါက်​ချလာ
"လမ်းဝဲယာ ​ဟော်​တယ်​ကြီး​တွေ​ဆောက်​မှာတဲ့၊
မြို့သစ်​ကြီးတည်​မှာတဲ့"
ကိုရင်​​ထွေးအ​ပြော​တော့
တို့​တောင်​ရိုးတ​တောလုံး ​ဈေးဖြတ်​ဝယ်​သွားတဲ့တရုတ်​က
မြန်​မာစကား​တောင်​မတတ်​ဘူးဆိုပဲ
ကိုရင်​​ထွေးက​တော့
မြေ​တွေ​ရောင်းလို့ ကုန်​ပြီ
အ​ကြွေး​​တွေလည်းကြေပြီတဲ့
သူ့သားကို​တောင်​ "သားကြီးရှင်​ဖြစ်​" လှူမလို့ဆိုလား
ပိုင်​လိုက်​တဲ့ ကိုရင်​​ထွေး
လယ်​မလုပ်​​တော့ပဲ တရုတ်​စက်​ရုံဂိတ်​​စောင့်​လုပ်​​နေဆိုပဲ။

ငါ့မှာသာ
ရွာ​တောရိုးဆီကြည့်​လိုက်
တာလမ်း​ပေါ်​ပြေး​ဆော့​နေတဲ့ က​လေး​တွေကြည့်​လိုက်
တောင်​စူးစူးဆီ​မောင်းသွားတဲ့ ​ကျောက်​ကား​တွေကြည့်​လိုက်

မိုးမမြင်​ လေမမြင်​ ထွန်​​ရေးငင်​​နေမိ​ပေါ့။   ။

မော်​ဆူးသစ်