မောင်ဥက္ကလာ - ငရဲပြည် တရက်နေခွင့်ရတဲ့ အခွင့်အရေး



မောင်ဥက္ကလာ - ငရဲပြည် တရက်နေခွင့်ရတဲ့ အခွင့်အရေး
(မိုးမခ) မတ် ၂၈၊ ၂၀၁၇


- ကြားဖြတ်ရွေးကောက်ပွဲအတွက် ​-
လူတယောက် ကွယ်လွန်အနိစ္စရောက်ပြီးနောက် ရေဝေးကနေ ဆယ်စွယ်ရောင် ပန်းခတ်ပန်းခိုင် ကနုတ်များနဲ့ ဆင်မြန်းထားသော နတ်ဗိမာန်တံခါးဂိတ်ပေါက်ဆီ ရောက်ရှိသွားတယ်။ ဒေါက် … ဒေါက် … တံခါးကြီးကို ခေါက်ဖို့လုပ်နေတုန်း အထက်အောက် အဖြူရောင်ဝတ်စုံကို စမတ်ကျကျ ဝတ်ထားသော နတ်မင်းတပါး ပေါ်လာပြီး “Welcome to Heaven” လို့ဆိုကာ၊ လက်ထဲမှာကိုင်ထားတဲ့ ဘုတ်အုပ်ကြီးကို လှန်လှောကြည့်ပြီး …

“အမောင်က လူပြည်မှာတုန်းက နိုင်ငံရေးသမားတယောက် မဟုတ်လား” လို့ မေးလေတယ်။

“မှန်ပါတယ်။ အဲဒါ ပြဿနာ ရှိပါလား” လို့ ပုဂ္ဂိုလ်က နိုင်ငံရေးသမားပီပီ ခပ်တင်းတင်း ပြန်ဖြေမေးလေတယ်။

“ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့ဆီမှာ မကြာသေးခင်က အမောင်တို့လို့ နိုင်ငံရေးသမားတွေအတွက် ဥပဒေသစ်တခု ပြင်ဆင်ရေးဆွဲထားပါတယ်။ ဒီမှာတော့ မြန်မာနိုင်ငံလို ပြင်ဆင်သင့်တဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ရေးဆွဲ ပြဌာန်းဖို့ မခက်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ပြင်ဆင်ရေးဆွဲထားတဲ့ ဥပဒေသစ်အရ … အမောင်တို့ နိုင်ငံရေးသမား ဖြစ်ခဲ့သူတွေ… ငရဲပြည်မှာ တစ်နေ့ - ၂၄ နာရီ သွားရောက်နေထိုင်ရပါမည်။ အဲဒီနောက် အမောင့်အနေနဲ့ ငရဲပြည် နဲ့ နတ်ပြည် ဘယ်နေရာမှာ စံနန်းနေလိုသလဲဆိုတာကို လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်နိုင်ပါတယ်။” လို့ နတ်မင်းက တည်တည်ငြိမ်ငြိမ် ရှင်းလင်းပြောပြတဲ့အခါ…။

“ခဏ နေပါအုံး။ ငရဲပြည်မှာ တစ်ရက်လောက် သွားနေရမယ် ဟုတ်လား။ ကျနော် လူ့ဘဝမှာတုန်းက အလှုအတန်းတွေ အများကြီး လုပ်ခဲ့ပါတယ်။”

“မှတ်တမ်းအရ အဲဒါတွေအားလုံး ကျုပ်တို့ သိပါတယ်။ ဒါပေမဲ့ အခုလက်ရှိ တည်ဆဲဥပဒေအရ ငရဲပြည်ကို တစ်ရက်သွားရောက်လေ့လာကြည့်ဖို့ပါ။” နတ်မင်းက စိတ်ရှည်လက်ရှည် ရှင်းလင်းဖြေကြားပြီး၊ “ကဲ အဆင်သင့်” သူ့ရှေ့  စားပွဲခုံပေါ်မှာရှိတဲ့ စက်ခလုတ်လေးတခုကို နှိပ်လိုက်တဲ့အခါ “ဝိစ်” ဆိုတဲ့အသံနဲ့အတူ နိုင်ငံရေးသမား နတ်မင်းရှေ့ မြင်ကွင်းမှ ဖွတ်ကနဲ့ ပျောက်ကွယ်သွားလေတယ်။

တခဏအကြာမှာ စိုးရိမ်ထိတ်လန့် တုန်လှုပ်နေသော နိုင်ငံရေးသမားမှာ သူ့မျက်လုံးအစုံကို လက်နဲ့ဖုံးအုပ်ကာ သူရောက်ရှိနေသော နေရာမှာ ဧကန်မလွဲ ငရဲပြည် ဖြစ်မယ်ဆိုတဲ့ အသိစိတ်နဲ့ မျက်လုံးကိုဖွင့်မကြည့်ဘဲ ပတ်ဝန်းကျင်ရဲ့  အသံ၊ အနံ့၊ အခြေအနေများကို နာခေါင်းတရှုပ်ရှုပ်၊ နားစွန့်ခံစားကြည့်တဲ့အခါမှာ သူထင်ထားတဲ့အတိုင်း မဟုတ်ဘဲ ချိုမြသင်းကြိုင်တဲ့ အနံ့၊ နုညံ့တဲ့ အငွေ့အသက်များကို ခံစားနေတုန်း …

“ဘာမှ မစိုးရိမ်ပါနဲ့။ အမောင့်ရဲ့  မျက်လုံးတွေကို ရဲရဲဖွင့်ကြည့်လိုက်ပါ။ မြန်မြန်သွက်သွက်လေး နိုးထပါ။ အမောင့်အနေနဲ့ ဒီနေရာမှာ စံမြန်းဖို့ (၂၄) နာရီပဲရှိပါတယ်။” ဆိုတဲ့ နုညံ့ချိုသာတဲ့ အသံကြောင့် အားဆေးတင်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ကောဇောနီ ခင်းကျင်းထားသော အလွန်ကျယ်ဝန်းသန့်ရှင်းလှပတဲ့ ဟိုတယ်ခန်းတခန်းထဲ ရောက်ရှိနေပြီး၊ သူနဲ့ မလှမ်းမကမ်းမှာ မြန်မာပြည်သိန်းတစ်ထောင်တန်လို ပြောင်ပြောင်လက်လက် ကော်လံထောင် အဖြူရောင်ဝတ်စုံနဲ့ လက်ထဲမှာ အရက်ခွက်ကိုင်ကာ မခို့တရို့ အပြုံးနဲ့ ပုဂ္ဂိုလ်တဦးကို တွေ့လိုက်ရလို့ အနည်းငယ်အံ့သြထိတ်လန့်သွားတယ်။

“ခင်များ ဟို Style ရှိမှ Star ဖြစ်တဲ့ အူကြောင်ကြောင်သိန်းတထောင်တန်နဲ့ တူတယ်ဗျာ။ ခင်များက ဘယ်သူလဲ။” နိုင်ငံရေးသမားက အရဲစွန့် အားတင်းမေးလိုက်တော့ …

“ဟဲ ဟဲ ကျုပ်က အကယ်ဒမီလူမင်း … အဲ … ဆော်ရီး … ငရဲမင်းပါ။” မယုံသင်္ကာမျက်လုံးနဲ့ ကတုန်ကယင် ဖြစ်နေတဲ့ နိုင်ငံရေးသမားကို လက်ကမ်းမတ်တပ်ရပ်စေပြီး၊ အရက်ခွက်ကို ကမ်းလှမ်းကာ “ပြောင်းလဲတိုးတက်နေတဲ့ ငရဲပြည်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်။”

“နေပါအုံး။ ဒါ အမှန်အကန် ငရဲပြည် ဟုတ်ပါရဲ့ လား။” ကိုယ့်စကားကိုယ့်အလုပ်ကလွဲရင် အခြားသူအပေါ် ယုံကြည်မှုနည်းတဲ့ အကျင့်အတိုင်း “ဘယ်မှာလဲ နှိပ်စက်မှုတွေ၊ ပြစ်ဒဏ်ပေးမှုတွေ မတွေ့မမြင်ရ၊ မကြားရပါလား။ မြန်မာပြည်ထောင်တွေ၊ ကျောင်းတွေလို လူကြီးလာမှာမို့ ရှင်းလင်းထားတာလား။” လို့ တအံ့တသြ မယုံသင်္ကာ စွပ်စွဲမေးတဲ့အခါ။

ငရဲမင်းက မျက်စေ့တချက်ဝှေ့ လက်ကာပြပြီး “ဟဲ ဟဲ … ခင်များတို့က ကျုပ်တို့ ငရဲပြည်အကြောင်း Fake News သတင်းမှားတွေ၊ လုပ်ကြံသတင်းတွေကြောင့် အထင်လွှဲအမြင်မှား ဖြစ်ခဲ့ကြတာ အတော်ကြာခဲ့ပြီဆိုတော့ ခွင့်လွှတ်နားလည်ပါတယ်။ ခင်များတို့ ထင်ထားသလို မဟုတ်ဘူးဆိုတာကို ပြောရရှင်းရမယ်ဆိုရင် ဇာတ်လမ်းရှည်ကြီးပေါ့။ အချိန်မရှိဘူး။ အဲဒါတွေ ခေါက်ထားလိုက်တော့ … အခုဒီမှာက မောင်မင်း နေရာမယ့် ရှယ်အိပ်ခန်း - အခန်းအလယ်က ဖဲမွေ့ရာကြီးပေါ်မှာ အေးအေးဆေးဆေး အိပ်စက်အနားယူနိုင်တယ်။ Mini-bar ရေခဲသေတ္တာကြီးထဲက အရက်မျိုးစုံနဲ့ အစားအစာတွေကို ငွေရှင်းစရာမလို စားချင်တာ ကြိုက်သလောက်စားသောက်နိုင်တယ်။ ရေချိုးခန်းထဲမှာ ရေနွေးစိမ်ကန်ရှိတယ်။ မျက်နှာသုတ်၊ ကိုယ်သုတ်ပုဝါတွေ ထပ်လိုချင်ရင် ဧည့်ကြိုကောင်တာကို ဖုန်းခေါ်လိုက်ပါ။ လိုအပ်တာတွေ ချက်ချင်းလာပို့ပေးလိမ့်မယ်။ ဒါနဲ့ အပြင်ကိုလည်း တချက်ကြည့်လိုက်ပါအုံး … ဒီနေ့ ရာသီဥတု အတော်လေး သာသာယာယာ ရှိတယ်။

ပါရှန်ကော်ဇောကြီးများ အပြည့်ခင်းထားသော တဖိတ်ဖိတ်တောက် အခန်းအပြင်အဆင်နဲ့ ကြမ်းပြင်ကနေ မျက်နှာကျက်အထိ ဇာခန်းဆီးကာ မှန်ပြူတင်းပေါက်ကြီးကနေ အပြင်ကိုကြည့်လိုက်တော့ ငရဲမင်း ပြောသလို အပြင်မှာ တော်တော်လေး သာသာယာယာ ရှိတာကို တွေ့ရတယ်။ ဟိုတယ်ခန်းရှေ့ ရှိ အဆင့်မြင့် ဂေါက်ကွင်းထဲမှာ ဟိုတစု ဒီတစု သွားလာနေတဲ့ လူတွေက ငရဲမင်းနဲ့ နိုင်ငံရေးသမားကို လက်များဝှေ့ယမ်း အော်ဟစ် နှုတ်ဆက်ကြတယ်။

“အခု ဒီကနေ မြင်နေရတဲ့ ဂေါက်ကွင်းကြီး (၅) ကွင်းက ကျားသစ်သား (Tigerwood) လောက်နီးပါး ပရော်ဖက်ရှင်းနယ်အဆင့် ရိုက်နိုင်တဲ့ ဂေါက်သမားတွေအတွက်ပါ။ မြန်မာပြည်က တောင်ရိုက်မြောက်ရောက် ဂွင်ရိုက်ဖို့ ဂေါက်ကြတဲ့ ဗိုလ်ရှုပ်တွေတော့ ဒီလိုကွင်းမျိုးမှာ ရိုက်ခွင့်ရမှာ မဟုတ်ဘူး။ ဒါ့အပြင် ဟိုဘက် ပင်လယ်ကမ်းစပ်နားမှာ အလွန်လှပတဲ့ ကွင်းတကွင်း ရှိပါသေးတယ်။ အဲဒီမှာတော့ ကျုပ် အရိုက်လေ့ကျင့်တယ်။” ငရဲမင်းက တအံ့တသြ ဖြစ်နေတဲ့ နိုင်ငံရေးသမားကို ကျုပ်ပြောတာ အကြွင်းမဲ့ယုံပါဆိုတဲ့ ပုံစံနဲ့ပြောဆိုကာ …

“လာ … အချိန်ရှိတုန်း အပြင်ဘက်ကို တချက်လျှောက်ကြည့်ကြစို့။”

အပေါ်ထပ်ကနေ ဓါတ်လှေကားနဲ့ အောက်ဘက်ကိုဆင်းလာပြီး ရွှေငွေရောင်တဖိတ်ဖိတ်နဲ့ ကြီးမားခမ်းနားလှသော ဧည့်ခန်းမကြီးကို ဖြတ်လျှောက်လာချိန်မှာ ဟိုတယ်ဝန်ထမ်းများနဲ့ ဧည့်သည်တွေက ငရဲမင်းနဲ့ နိုင်ငံရေးသမားကို လက်များဝှေ့ယမ်း ဝမ်းပန်းတသာ ကြိုဆိုနှုတ်ဆက်ကြသလို၊ လမ်းတလျှောက် ငရဲမင်းကို ပန်းပေးကြိုဆိုနှုတ်ဆက်သူတွေ၊ လက်ဆွဲနှုတ်ဆက်၊ အော်တိုလက်မှတ်ထိုးခိုင်းသူများနဲ့ အတော်စည်းကားလှတယ်။

ဒီလိုနဲ့ နိုင်ငံရေးသမားက သူ့မျက်လုံးကို သူမယုံ ဖြစ်နေကာ ... ဂေါက်ကွင်းထဲမှာ ဂေါက်ရိုက်ကစားနေသူတွေကို ကြည့်လိုက်တော့ အများစုမှာ သူနဲ့ တချိန်တခါက အလုပ်လက်တွဲ လုပ်ခဲ့သူတွေ၊ သူ အားကျလေးစားခဲ့တဲ့ နိုင်ငံရေးသမားကြီးတွေ၊ သူကို နိုင်ငံရေး၊ စီးပွားရေးလောကထဲ တွန်းပို့ခေါ်ဆောင်ခဲ့သူတွေ ဖြစ်နေတယ်။ သူတို့ကို ပြုံးပြနှုတ်ဆက်ပြီး ဂေါက်ကွင်းအလယ် မြက်ခင်းပြင်ကြီးကို ဖြတ်လျှောက်လာတဲ့ နို့နှစ်ရောင် ဘလာက်စ်ခါးတို နဲ့ ဂါဝန်တိုလေး ဝတ်ထားသူကို ကြည့်လိုက်တော့ ချစ်စရာအပြုံးပိုင်ရှင် Sexy မလေးမှာ သူ့ချစ်ဇနီးမယား ဖြစ်နေတယ်။ ကြော့ရှင်းလှပနေသော သူ့မိန်းမမှာ လွန်ခဲ့တဲ့ အသက် (၂၀) လောက်ကအရွယ် ပြန်ဖြစ်နေပြီး၊ အခုခေတ် ဖော်ရဲချွတ်ရဲလာတဲ့ မြန်မာမော်ဒယ်မလေးတွေ ခန္ဓာကိုယ်မျိုး ( x x x)။ ချစ်ဇနီးမယားက အနားရောက်လာပြီး သူ့ကို ပွေ့ဖက်ကာ အနမ်းတပွင့် ပေးလိုက်တဲ့အခါ ကွင်းထဲမှာရှိတဲ့ လူတွေက ကောင်းချီးသြဘာပေးကြတယ်။ မိန်းမ ညာလက်ကို တင်းတင်းဆုပ်ကိုင်ပြီး မိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်တွေကို နှုတ်ဆက်၊ ရှေ့ ဟောင်းနှောင်းဖြစ် … မပြီးပြတ် မရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေး၊ ဘယ်ဦးတည်နေမှန်း မသိတဲ့ စီးပွားရေး၊ လူသတ်သမားမိပြီး အမှုမဖော်ထုတ်နိုင်တဲ့ တရားဥပဒေ စိုးမိုးရေး ရာဇဝတ်မှုများ၊ YBS, တံတား အဖြေမရှိတဲ့ ကိစ္စများကို ကြုံတုန်းပြောဆိုကြတယ်။ သူ့ဇနီးသည်ကတော့ သူပြောသမျှကို နားလည်သလိုလို ထောက်ခံသလိုလို ခေါင်းတညိတ်ညိတ်နဲ့။

ဒီလိုနဲ့ တနေတာကုန်ဆုံး ညနေပိုင်းမှာ ဟင်းမျိုးစုံလှတဲ့ စားကောင်းသောက်ဖွယ် ညနေစာစားပွဲကြီးကို မိန်းမဖြစ်သူနဲ့တက်ရောက် - မိတ်ဆွေများနဲ့ တပျော်တပါး၊ ဗိုက်ကားအောင် စားသောက်၊ အလွန်ပြင်းရှတဲ့ ငရဲပြည်ထုတ် အရက်များကို တဝသောက်ပြီး လင်မယားနှစ်ယောက် ဟိုတယ်ခန်းပြန်လာပြီး ကြင်စဦး ပျားရည်ဆမ်း ရက်တစ်ရာကာလအချိန်မှာလို xxx ဖြစ်ပြီးသကာလ တခေါခေါနဲ့ အိပ်ပျော်သွားလိုက်တာ တဦးတယောက် ပုတ်နှိုးမှ အလန့်ထညက် နိုးလေတယ်။

“ကဲ ဘယ်လိုလဲ။ ငရဲပြည်ဆိုတာ အသင် မျှော်လင့်ထားသလို ဖြစ်နေလား။” နတ်မင်းက ဆိုင်းမဆင့်ဗုံမဆင့် မေးတော့…

“နိုးပါ။ မယုံနိုင်လောက်အောင် အလွန်သာယာပါပေတယ်။” လို့ နိုင်ငံရေးသမားက မနေ့က တွေ့ခဲ့မြင်ခဲ့ ပျော်ခဲ့တာတွေကို ပြန်မြင်ယောင်ပြီး ကျေနပ်အပြုံးနဲ့ ပြောလေတယ်။

“ကောင်းပြီလေ။ အခု အမောင့်အနေနဲ့ ရွေးချယ်ပိုင်ခွင့်တွေ ရှိနေပြီ။ ငရဲပြည်ကို ပြန်သွားချင်လား။ ဒါမှမဟုတ် ကျုပ်တို့ နတ်ပြည်မှာ အေးအေးဆေးဆေး၊ ငြိမ်းငြိမ်းချမ်းချမ်း ဝတ်ဖြူစင်ကြယ်ဝတ်ပြီး ဓမ္မသီချင်းတွေ သီဆို၊ ဘုရားသခင်နဲ့ တရားဆွေးနွေး၊ တရားအားထုတ် နေထိုင်မလား။” နတ်မင်းက မေးတော့…

“ပြောမယ်ဆိုရင် နည်းနည်းတော့ တမျိုးကြီးပေါ့။ နတ်မင်းကြီးကို အားတော့နာပါတယ်။ ကျနော့် ဆုံးဖြတ်ချက်က ငရဲပြည်မှာ ပြန်နေချင်ပါတယ်။” နိုင်ငံရေးသမားက နတ်မင်းကြီးရဲ့  မျက်နှာကိုမကြည့် အနည်းငယ် ရှိုးတိုးရှန့်တန့် ပြောလေတယ်။

“ကိစ္စမရှိပါဘူး။ ဒါ မောင်မင်းရဲ့  လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပါ။ အမောင့်ရဲ့  ဆုံးဖြတ်ချက်ကို အပြည့်အဝ နားလည်ပါတယ်။ ကောင်းပါပြီ … ငရဲပြည်ကို ပြန်ပို့ပေးပါမယ်။” လို့ ပြောဆိုကာ စားပွဲပေါ်က စက်ခလုတ်လေးကို နှိပ်လိုက်တယ်။

စက္ကန့်အကြာ နိုင်ငံရေးသမားတယောက် ပထမအကြိမ်လို့ စိုးရိမ်ကြောက်ရွံမနေဘဲ၊ မျက်လုံးမပိတ်ဘဲ သွားခဲ့ရာ ပတ်ဝန်းကျင်တခုလုံး မှောင်မည်းညှီစို့စို့ နေရာတနေရာကို ရောက်သွားခဲ့တယ်။ အဲဒီမှာ လက်တကမ်း ဘေးအနီးအနားကိုတောင် ဘာဆိုဘာမှမမြင်ရ။ ဘယ်ရောက်နေမှန်း GPS က မပြ။ တခဏအကြာ မှောင်မှောင်မည်းမည်းကြီးထဲမှာ ဦးစွာခံစားရတာက အသားစိမ်းများကို မီးကင်မီးလောင်ကျွမ်းနေတဲ့ ညှော်စော်နံနဲ့ မနီးမဝေးနေရာတခုမှ ပေါ်ထွက်လာတဲ့ အော်ဟစ်ငိုကြွေးသံများ။ ဒီလိုနဲ့ ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ မီးရောင်ဆီသို့ ဟိုစမ်းဒီစမ်းနဲ့ ကြိုးစားလျှောက်သွားလိုက်တော့ အဝေးက မြင်ခဲ့တဲ့ မီးရောင်မှာ အစုလိုက်အပြုံလိုက် အပြစ်ပေးခြင်း ခံနေရတဲ့ လူသားတို့ရဲ့  သွေးသားတွေနဲ့ တဟုန်းဟုန်း လောင်ကျွမ်းနေသော မီးရေကန်ကြီး ဖြစ်နေပြီး၊ အနားရှိ ဆီပူအိုးကြီးတွေထဲမှာ အော်ဟစ်ငိုကြွေးနေသူများနဲ့အပြည့်။

ကြောက်စရာလန့်စရာ အနိဌာရုံတွေကို အထိတ်တလန့် ကြည့်နေတုန်း လျှပ်စီးအလင်းတန်းနဲ့ ငရဲမင်း ပေါ်လာတယ်။ ငရဲမင်းဒီဇိုင်းက တနေ့က ပုံစံအတိုင်း အလန်းဝတ်ဆင်ထားပေမယ့် လက်ထဲမှာတော့ အရက်ခွက်အစား နှစ်ခွမှိန်းချွန်ကြီး နဲ့ တခြားတဘက်မှာ ဆူးခတ်တင်းပုတ်ကြီးကို ကိုင်ထားပြီး “ကောင်းလေစွ ... မောင်မင်း ပြန်ရောက်လာပါလား။ ကြိုဆိုပါတယ်။” လို့ မချိုမချဉ်မျက်နှာထားနဲ့ ပြောလေတယ်။

တုန်လှုပ်ခြောက်ခြားနေသော နိုင်ငံရေးသမားက “ဘယ်မှာလဲ မနေ့က တည်ခိုခဲ့တဲ့ ဟိုတယ်။ ဘယ်မှာလဲ ကျနော့် မိန်းမ။ ဘယ်မှာလဲ ဂေါက်ကွင်း၊ ဘယ်မှာလဲ စားသောက်ဆိုင်၊ ရေကူးကန်။ ဘယ်မှာလဲ နွေးထွေးလှပတဲ့ နေရောင်ခြည် …” တရှိုက်ရှိုက် အော်ဟစ်ငိုကြွေး မေးတော့ …

မထိမဲ့မြင်အပြုံးနဲ့ ငရဲမင်း အဖြေက “တနေ့က မောင်မင်း တွေ့မြင်ခဲ့တာတွေက မဲဆွယ်စည်းရုံးရေးကာလအချိန်။ အခုက မဲပေးပြီကာလဆိုတော့။”


*အင်တာနက် စာမျက်နှာပေါ်မှာ ဖတ်ရတဲ့ “A politician dies and has to spend just one day in hell” ကို ကိုးကားကောက်နုတ် တင်ပြလိုက်ခြင်းဖြစ်သည်။