ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ရွှေကူမေနှင်း - အမေရိကန်ပြည် အ၀င်ဂိတ်မှာ ပိတ်မိခြင်း



ရွှေကူမေနှင်း - အမေရိကန်ပြည် အ၀င်ဂိတ်မှာ ပိတ်မိခြင်း
(မြန်မာသံတော်ဆင့်၊ ဇန် ၆၊ ၂၀၁၇) မိုးမခ၊ မတ် ၈၊ ၂၀၁၇

ယခုနှစ်များအတွင်း အမေရိကန်ဗီဇာလွယ်နေပြီဟူသော သတင်းပျံ့နှံ့၏။ ယခင်က ဗီဇာအလွန်ခက် သဖြင့် မဲဖောက်ပေးသော စနစ်ပင်ရှိခဲ့သည်။ ရန်ကုန်မြို့လမ်းမကြီးများ ပလက်ဖောင်းတွင် ဗီဇာလျှောက်လွှာပုံစံ များရောင်းချခြင်း ခေတ်စားခဲ့သည်။ ယခုတော့ ၂၀၁၅မတိုင်မီကပင် ဗီဇာစနစ်လွယ်ကူလာခဲ့ပြီဖြစ်၏။ တစ်ခု တော့ရှိသည်။ လျှောက်လွှာကို စာရွက်ဖြင့်လက်မခံတော့ပေ။ Online မှသာ လျှောက်ခွင့်ပြုသည်။ အရေးအကြီး ဆုံးမှာ မိမိက မည်သည့်ဗီဇာအမျိုးအစားကို ရယူလိုကြောင်း သိရှိထားရန်ဖြစ်လေသည်။

အကြမ်းဖျင်းအားဖြင့် ဗီဇာ၂မျိုးခွဲထား၏။ အခြေချနေထိုင်ရန်နှင့် အခြေမချ(ခေတ္တ)နေထိုင်ရန်ဖြစ်သည်။ ခေတ္တမှာပင် ၂မျိုးရှိ၏။ အလည်အပတ်နှင့် အလုပ်(စီးပွားရေး)ကိစ္စဟူ၍ဖြစ်သည်။ အလုပ်ဗီဇာကို B1 ဟုခေါ် သည်။ အလည်အပတ်ကို B2 ဟုခေါ်ပါသည်။

ဤ ၂မျိုးကိုကွဲပြားအောင် လုပ်ရန်အရေးကြီး၏။ မကွဲပြားသဖြင့်မှားမိသောအဖြစ်ကိုသိလျက်နှင့် ခံခဲ့ရပါ သည်။ ဤပြဿနာကို မြန်မာနိုင်ငံလူများ မဖြစ်မနေသိသင့်သည်ဟုယူဆသဖြင့် တင်ပြပါမည်။

ဤ B1,B2 ကိစ္စနှင့်ပတ်သက်၍ မမှားရအောင် ဗီဇာဖြေစဉ်မှာကတည်းက မည်သို့ဖြေရန်ဆိုသည်ကို ကျွန်မတို့အား တာဝန်ယူဖိတ်ကြားသည့်လူက ညွှန်ကြားခဲ့ပြီးသားပါ။ 'စာပေဟောပြောရန်ဟု မပြောပါနှင့်။ စာပေနှင့်ယဉ်ကျေးမှု ဆွေးနွေးဖလှယ်ရန်ဟုသာပြောပါ'ဟူ၍ဖြစ်၏။ အကြောင်းမှာ 'စာပေဟောပြောရန်'ဆိုလျှင် သူတို့ဆီမှာက ဟောပြောခြင်းသည် ငွေပေး၍ နားထောင်ရသော 'ရုံသွင်းပွဲ' ဖြစ်ရာ စီးပွားရေးကိစ္စဖြစ်သွားမည်။ B1 ဖြစ်သွားမည်။ ထိုအမျိုးအစားအတွက်ဆိုလျှင် ငွေစာရင်း၊ ငွေကြေးပြရန်စသဖြင့် ပိုမိုရှုပ်ထွေးသည်။ B2 ကား သာမန်အလည်အပတ်မို့ အထောက်အထားများများ မလိုချေ။

ကျွန်မတို့ကား ဗီဇာကို အလွယ်တကူရခဲ့၍ ပျော်သွားခဲ့သည်။ ညွှန်ကြားချက်အတိုင်းပင် ဟောပြောမည် ဟု ထုတ်မပြောခဲ့ပေ။ သို့သော် ဗီဇာရိုက်ထားသောစာမျက်နှာကိုဖတ်ရှုရာ၌ မည်သည်နေ့ကုန်ဆုံးကြောင်း အိတ် စပါးယားကိုသာ ဂရုစိုက်ပြီးကြည့်ခဲ့သည်။ ခုလအတွင်းသွားနိုင်ပြီဟု မှတ်ထားခဲ့သည်။

သို့သော်….

ဤ သို့သော်က …ပေါ့သေးသေးသို့သော်မဟုတ်။ ဗီဇာအမျိုးအစားကို မကြည့်ခဲ့သဖြင့် မိမိတို့လိုချင် သော B2 မဟုတ်ဘဲ B1 ဖြစ်နေကြောင်း ဆန်ဖရန်စစ္စကိုလေဆိပ် လူဝင်မှုကြီးကြပ်ရေးဂိတ်ကျမှ သူတို့ပြ၍သိရ သည်။

ရန်ကုန်မှ တရုတ်တောင်ပိုင်းလေကြောင်းဖြင့် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန် စစ္စကို လေဆိပ်သို့ရောက်ခဲ့ပါပြီ။ လေဆိပ်ကကြီးမားကျယ်ပြန့်လှရာ သူတို့ အမေရိကန်နိုင်ငံသားများအတွက် သီးသန့်နေရာနှင့် နိုင်ငံသားမဟုတ်သူများအတွက် သီးသန့်တစ်နေရာစီ စစ်ဆေးခံကြရသည်။ တစ်ဦးချင်းကို ကွန်ပျူတာခုံများဖြင့် လက်ခံစစ်ဆေးသည်။ ကျွန်မရှေ့မှာ အတူပါသူဆရာက စစ်ဆေးခံ၏။ နောက်တစ်ခုံလွတ် သွားသဖြင့် ကျွန်မကိုခေါ်သည်။ ညီမလေးစာရေးဆရာမက နောက်တစ်ခုံမှာဖြေရသည်။

ဤတွင် ပြဿနာတက်တော့၏။

'ခင်ဗျားဟာ B1 ဖြစ်နေတယ်'

အရာရှိက ပြောရင်းပြသည်။

' မဟုတ်ဘူး။ B2… ပါ'

ကျွန်မက ငြင်းချက်ထုတ်၏။ ကြည့်လိုက်တော့ B1 ဖြစ်နေသည်။

'ဒါဆို…သံရုံးက မှားတာဖြစ်နိုင်တယ်။ ကိစ္စမရှိဘူး'

B1 ဖြစ်တဲ့အတွက် နောက်တစ်နေရာမှာ ဒုတိယအဆင့်ထပ်ပြီး စစ်ဆေးရမယ်။ ဒီလိုင်းအတိုင်းလျှောက် သွားပြီး စစ်ဆေးရမယ်။ ဒီလိုင်းအတိုင်းလျှောက်သွား၊ အစွန်ဆုံးမှာ တွေ့ရမယ့်အခန်းပဲ။

အရာရှိကား သဘောကောင်းပုံရ၏။ ပြုံးရွှင်စွာပင်ရှင်းပြသည်။ မျက်နှာချင်းဆိုင်ခုံတွင်ဖြစ်နေသော ညီမ လေးအတွက်လည်း ကျွန်မတို့အတူတူလာတာပါ ပြောသဖြင့် အတူသွားရန် လွှတ်ပေးလိုက်သည်။ ရှေ့က ဆရာ ကိုလှမ်းကြည့်တော့ မရှိတော့ပါ။ သူကထပ်ဆင့်စစ်ဆေးခြင်းမခံရဘဲ ရှင်းလင်းပြီးမြောက်သွားဟန်တူသည်။ သူ က B2 များလားဟု ကြာကြာတွေးချိန်မရ။ ညွှန်ကြားချက်အတိုင်း အစွန်ဆုံးအခန်းသို့ လျှောက်ကြရသည်။ ညီမ လေးကို စိတ်မပူရန် လက်တွဲထားလိုက်သည်။

အစွန်ဆုံးအခန်းမှာ 'ကပ်စတန်'ဟု စာရေးထား၏။ အကောက်ခွန်ဌာနပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ရင်ဆိုင်ရုံ ပါပဲ…ဟု စိတ်အားဖြည့်ထားရ၏။ အထဲရောက်တော့ အခန်းထဲတွင် ထိုင်ခုံအများအပြားကို မြင်ရသည်။ ကိုယ့် ထက်အရင်ရောက်နေသူတွေရှိသည်။ ကိုယ်နှင့်လေယာဉ်တစ်စီးတည်းစီးလာသူ မျက်မှန်းတမ်းမိသူတွေလည်း ပါသည်။ ဘာမှပူစရာမရှိဟု…ခံစား၏။ အစောင့်က ကျွန်မတို့ကိုင်လာသော နိုင်ငံကူးလက်မှတ်နှင့် လူဝင်မှုကြီး ကြပ်ရေးမှာ သူတို့ဘာသာဖြည့်ပေးခဲ့သော ပုံစံစာရွက်များညှပ်ပြီးသားကို လှမ်းယူကာ တန်းစီထားလိုက်သည်။ အလှည့်ကျမှ ဖြေရမည်ပေါ့။

နှစ်ယောက်သား ဘာမျှမပြောဘဲ အရိပ်အခြည်ကိုသာ ကြည့်နေရ၏။ အလှည့်ကျသူများ မေးတာဖြေပြီး လွှတ်ပေးနေသည်။ ကိုယ်လည်းမေးတာဖြေရုံပေါ့။

ခက်သွားတာက ကိုယ့်အလှည့်မှာမေးပုံက 'B1 ဆိုတာ စီးပွားရေးဗီဇာမို့ ငွေဘယ်လောက်ပါလဲ'

ပြဿနာမှ ပြဿနာပဲ။

စာရေးဆရာတွေ စာပေဟောပြောပွဲသွားသည်ဆိုခြင်းမှာ တာဝန်ယူဖိတ်ကြားသူများက အစစအရာရာ အကုန်ခံလေ့ရှိသဖြင့် ကိုယ်ကငွေများများယူသွားရန်မလိုပေ။ ယူစရာငွေမချမ်းသာတာလည်း ပါပါသည်။ ယခု ခရီးစဉ်မှာလည်း သူတို့ဖိတ်ခေါ်စာထဲမှာ 'ကျွန်ုပ်တို့အဖွဲ့က ဤလူများအတွက် နေစရာ၊ စားစရာ၊ ခရီးသွားကုန် ကျငွေ၊ အားလုံးကိုခရီးစဉ်တစ်လျှောက်လုံးအတွက် ကုန်ကျခံမည်ဖြစ်သည်'ဟု အတိအကျပါပြီးသားပါ။ ခုတော့ B1 ဖြစ်နေ၍ ငွေဘယ်လောက်ပါလဲ..ဟု မေးနေပြီ။

ကျွန်မက ခပ်မြန်မြန်စဉ်းစားလိုက်၏။ ငွေပြဆိုလည်း ပါတာပြရုံပဲ…ဟူ၍ပါ။

ထို့ကြောင့် 'အင်း ၅၀၀-၁၀၀၀ လောက်တော့ပါပါတယ်'ဟု ခပ်ပြုံးပြုံး၊ က္ကနြေ္ဒမပျက်ဖြေလိုက်သည်။

'မလုံလောက်ဘူး ၃လတောင်နေမှာ'

အကောက်ခွန်အရာရှိကြီး ဒေါပွသွားဟန်တူပါ၏။

အမေရိကန်လို ပထမတန်းစားတိုင်းပြည်ကြီးမှာ စီးပွားရေးလုပ်ငန်းလုပ်ရန်လာသူက ၅၀၀-၁၀၀၀ တဲ့။ အရေးမပါလိုက်တာဟု တွက်ဆပုံရလေသည်။

ဤအခါ ကျွန်မလည်း အတတ်နိုင်ဆုံး ချိုသာစွဖြင့် ရှင်းပြပါသည်။

'အမှန်က ကျွန်မတို့ B2 လျှောက်တာပါ။ ဘယ့်နှယ်ကြောင့် B1 ဖြစ်နေလဲမသိဘူး။ ခုနကမှ ဟိုဆရာပြ လို့မြင်ရတာပါ။ တောင်းပန်ပါတယ်။ ငွေလည်းမလိုပါဘူး။ ကျွန်မတို့မှာ စပွန်ဆာရှိတယ်လေ'။ နတ်သိကြားများ စောင့်မသဖြင့်ဟုပင် ဆိုချင်လှသည်။ ကျွန်မအမြဲဆောင်ထားသော အရေးကြီးစာရွက်စာတမ်းများထည့်သည့် အိတ်တွင် 'လိပ်စာကတ်'တစ်ခုရှိ၏။ အမေရိကန်ရှိ မြန်မာအဖွဲ့မှ တာဝန်ယူထားသူ၏လိပ်စာပါ။ လိပ်စာကတော့ အမေရိကန်လိပ်စာမဟုတ်ပါ။ မြန်မာပြည်ရှိ သူ့ကုမ္ပဏီလိပ်စာဖြစ်၏။ ကံကောင်းထောက်မစွာ ထိုလိပ်စာကတ် ထဲတွင် မြန်မာဖုန်းနံပါတ်အပြင် အမေရိကန်ရှိ သူ့ဖုန်းနံပါတ်ရှိနေလေသည်။

'ရော့ ဒီမှာ၊ ရှင်ကိုယ်တိုင် ဖုန်းဆက်မေးနိုင်ပါတယ်'

ပိုင်ပြီဆိုပြီး လိပ်စာကတ်ကိုပေးလိုက်သည်။

သူကရှုံ့မဲ့မဲ့နှင့်ရှာသည်။ ဟုတ်တာပေါ့။ ကုမ္ပဏီက မြန်မာပြည်ပဲဟာ။ နောက်တော့ အမေရိကန်သုံးဖုန်း နံပါတ်ကိုမြင်သွားသည်။ ချက်ချင်းပင် ဖုန်းဆက်သည်။ ကယ်တင်ရှင်လာပြီဟု ကျွန်မရင်အေးသွားသည်။

သို့သော်…ဖုန်းမကိုင်…တဲ့။ သူကမျက်နှာထားကြီးနှင့်ပြောသဖြင့် မူလနေရာမှာသွားထိုင်ရပါသည်။ ကြာ ကြာကားမထိုင်နိုင်။ ညီမလေးမျက်နှာက ကြည့်ရက်စရာမရှိ။ သူ့ခမျာ အားငယ်နေရှာပြီ။ ကိစ္စမရှိဘူး။ ဟိုလူ ရောက်လာရင် ရှင်းသွားမှာပါဟု အားပေးရသည်။ အရာရှိကြီးက ဖုန်းနှင့်ကွန်ပျူတာနှင့် အလုပ်များနေသည်။ မတတ်နိုင်၊ ကိုယ့်ကိစ္စကိုယ်ကြိုးစားရမှာပဲ။ အသာအယာထသွားကာ… တစ်ဆိတ်…ကျေးဇူးပြုပြီး…ဟုပြောကာ ရှိသေး။ 'ထိုင်နေပါ။ ငါအလုပ် လုပ်နေတယ်'ဟု အဟောက်ခံရတော့သည်။ အခန်းထဲမှာ တဖြည်းဖြည်းလူကုန် သွားပြီ။ ဖမ်းထားတာတော့မဖြစ်နိုင်။ နောက်ဆုံးတစ်ညလှဲအိပ်ရုံပေါ့ဟု စိတ်လျှော့ထားရ၏။ တစ်နာရီကြာသွား ပြီ။ ဖုန်းဆက်၍မရသေး။ အဲ…သတိရပြီ။ ဖိတ်ခေါ်စာပြရင် ရမှာပဲ။ ခက်တာက ကျွန်မသည် ဖိတ်ခေါ်စာကို လိုလို မည်မည်ဆိုပြီး ၄-၅စောင် Print ထုတ်ခဲ့ပြီး ရန်ကုန်လေဆိပ်၌ အမေရိက၌ တည်းခိုမည့်လိပ်စာမေးသောအခါ အသင့်ကိုင်ထားသော ဖိတ်ခေါ်စာကိုပြခဲ့၏။ အဆင်ပြေသွားသဖြင့် ဟိုဆရာအလှည့်မှာ ဒီစာပြလိုက်ဆိုပြီးပေးခဲ့ သည်။ ဆရာကပြန်မပေးသေး။ ဒီတော့ လောလောဆယ်လက်ထဲမှာမရှိ။ ခရီးဆောင်အိတ်ကြီးထဲမှာတော့ ၃-၄ စောင်ဖိုင်နှင့် အပေါ်ဆုံးမှာမှတ်မှတ်ရရ ထည့်ထားခဲ့သည်။

အရဲစွန့်သွားပြီး တင်ပြရပြန်ပါသည်။

'ဒီမှာရှင်…ကျွန်မတို့မှာ ဒီနိုင်ငံကအဖွဲ့ရဲ့ ဖိတ်ခေါ်စာပါပါတယ်။ ခရီးဆောင်အိတ်ထဲမှာပါ။ သွားမရွေးရ သေးဘူး'

သူက ဂရုမစိုက်ပါ။

ဘာတတ်နိုင်မည်နည်း။

အခန်းပြင်ခဏထွက်၊ သန့်စင်ခန်းဝင်၊ လုံခြုံရေးကို အကူအညီတောင်း။ ဘာမှအကူအညီမရ။ ဒီလိုနှင့် ညဥ့်နက်တော့မည်။ တစ်ခုပဲအားထားစရာရှိ၏။ ကိုယ့်လူတစ်ယောက်လွတ်သွားပြီမို့ အပြင်ကနေ ကြိုးစားရှာဖွေ လာလျှင် လူချင်းတွေ့နိုင်မည်။

တစ်နာရီနှင့် မိနစ်လေးဆယ်ကြာသွားပြီ။

'ခဏလိုက်ခဲ့'

အရာရှိကြီးက ကျွန်မကိုခေါ်သည်။ အခန်းပြင်ထွက်ရန်ဟု ယူဆရသည်။ ညီမလေးတစ်ယောက်တည်း ကျန်ရစ်တော့မည်။ ဘာလုပ်မလို့ပါလိမ့်။ တစ်ခုခုတော့ တစ်ခုခုပဲ။ သို့သော် ကျွန်မကား လက်မလျှော့တတ်သူပဲ လေ။ လုပ်လို့ရတာ အကုန်ုလုပ်ရုံပေါ့။ အရာရှိခေါ်ရာ ပေါ့ပါးစွာ လျှောက်ဆဲ………..'ခင်ဗျားတို့အိတ်တွေ ဘယ်မှာလဲ'ဟု သူကမေးလေ၏။

'အိုကေ...ပိုင်ပြီ'ဟု ထွက်လိုက်သည်။ အိတ်တွေမေးတာက ဖိတ်ခေါ်စာပြခိုင်းဖို့အပြင် ဘာရှိဦးမည်လဲ။ အတော်လျှောက်ပြီးမှ အိတ်တွေရှိရာရောက်၏။ အိတ်က များများမရှိတော့ပါ။ ကျွန်မနှင့်ညီမလေးတို့၏အိတ်တွေ ပဲကျန်နေတော့တာပါ။ ကိုယ့်အိတ်ကို ကြာကြာရှာရန်မလို၊ ဘယ်အိတ်မှာ ဘာထည့်ထားမှန်းလည်း မေ့လျော့ တတ်သူမဟုတ်။ အလျင်မြန်ဆုံးသော့ဖွင့်ပြီး အပေါ်ဆုံးရှိဖိုင်ကိုယူကာ ဖိတ်ခေါ်စာ မူရင်းကိုပေးလိုက်သည်။ သူ ခဏဖတ်ကြည့်၏။ သဘောပေါက်သွားသည်။ အိတ်တွေကိုလှည်းပေါ်တက်ခိုင်းသည်။ လှည်းက အလေးချိန် များလွန်း၍ ကျွန်မမတွန်းနိုင်၊ စိတ်မရှည်စွာ သူကိုင်တိုင် တွန်းရရှာတော့၏။ (မှတ်ကရောဟဲ့…ခိုင်းစားတာလေ)

အခန်းထဲပြန်ရောက်တော့ ထိတ်လန့်နေသော ညီမလေးကို လက်မထောင်ပြလိုက်သည်။ အရာရှိက ကျွန်မတို့၏ နိုင်ငံကူးစာအုပ်တွေပြန်ပေးပြီး လွှတ်လိုက်သည်။ နှစ်ယောက်သား အင်အားအပြည့်ဖြင့် အိတ်တွေ တင်သောလှည်းကိုတွန်းပြီး ထွက်ခဲ့ကြတော့သည်။

အပြင်မှာ စိုးရိမ်တကြီးစောင့်နေသူများကိုမြင်ရပြီ။ အရင်ဆုံးမေးခွန်းကို မေးလိုက်၏။ 'ဆရာဘယ်လို လွတ်လာသလဲ' ခေါ် 'စာပြလိုက်တာပေါ့'၊ သူက ခပ်ပေါ့ပေါ့ပင်ဖြေ၏။ ဒါနဲ့များကျွန်မတို့လည်း ခေါ်စာလိုမှာပဲဆို ပြီး ပြန်မကြိုကောင်းလားဟု မပြောတော့ပါ။ ကံဆိုးတာက စပွန်ဆာဖုန်းမမြည်ခြင်းပါ။ ကျွန်တော်ဖြင့် ရဲတိုင် တော့မလို့ဟု သူပြောသည်။ စောစောက တိုင်ဖို့ကောင်းတာ၊ အဲဒါဆို ကပ်စတန်မှာ ပိတ်မိနေတာသိရမှာဟုပြော ပြီး…ခုတော့လည်း ရေးစရာပိုရတာပေါ့ဟု ရယ်မောကြရ၏။ ကိုယ်တွေက စာရေးဆရာပဲလေ…။