မောင်လူရေး - လွမ်းစရာသွေးနှိုးလှုပ်ရှားမှုများ



မောင်လူရေး - လွမ်းစရာသွေးနှိုးလှုပ်ရှားမှုများ
(မိုးမခ) မတ် ၁၆၊ ၂၀၁၇

၈၉/၉၀ ကာလတွေတုန်းက ဖိနှိပ်မှုတွေက ပက်စက်လွန်းတော့ နိုင်ငံရေးလှုပ်ရှားမှုတွေ အရှိန်လျော့ပြီး သွေးအေးမသွားအောင် ဗကသ၊ မတကသ၊ မန္တလေးခရိုင်၊ စက်မှု၊ ရေဇင်းစတဲ့ ကျောင်းသားသမဂ္ဂမျိုးစုံက ကျောင်းသားတွေ၊ မနတလတို့ အလုပ်သမားအဖွဲ့တို့က နိုင်ငံရေးသမားတွေနဲ့ လေးပြင်လေးရပ် သံဃာ့သာမဂ္ဂီက သံဃာတွေပေါင်းပြီး မန္တလေးမှာ နိုင်ငံရေးလှုပ်ရှားမှုမျိုးစုံ တရစပ် မနားတမ်းလုပ်ခဲ့ကြတယ်။

 အဲဒီတုန်းက နိုင်ငံရေးလှုပ်ရှားမှုတွေကို သေးနှုတ်သွားအောင် စစ်အစိုးရက ဝါဒဖြန့်ချီရေးစာတွေ နိုင်ငံပိုင်သတင်းစာတွေကနေ တရစပ်ရေးနေတဲ့အချိန်ပေါ့။ ၈၈-အရေးအခင်းမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်တွေကို သင်္ကန်းဝတ်ဆိုတဲ့ အသုံးအနှုံးနဲ့ စတင်သုံးနှုံးရေးသားတယ်။ ရဟန်းအစစ်တွေ မဟုတ်ပါဘူးဆိုတဲ့အဓိပ္ပါယ်နဲ့ပေါ့လေ။ သာသနာရေးဌာနက လူတွေ အားကိုးနဲ့ပေါ့။ သံဃာ့သာမဂ္ဂီက အဲဒါကို ဆန့်ကျင်ကန့်ကွက်တဲ့ တောင်းပန်ခိုင်းတဲ့စာထုတ်ပြန်ရင်းနဲ့ မစိုးရိမ်နှစ်တိုက် စာစောင်ထုတ်ကြဖို့ တိုင်ပင်ဆွေးနွေးဖြစ်ကြတယ်။ မစိုးရိမ်ဆိုတဲ့ နာမည်သုံးမလား၊ ပထမမစိုးရိမ်ဆရာတော်ကြီးကိုဂုဏ်ပြုပြီး သူရိယဆိုတာလုပ်မလား၊ သူရိယဆိုရင် ရှေးကထုတ်ခဲ့ဘူးတာလည်းရှိတယ်။ နိုင်ငံရေးနွယ်အောင် ဦးဝိစာရဆိုရင်ရော၊ ရွေးရင်းရွေးရင်းနဲ့ ဥတ္တမ ဆိုတာ အတည်ဖြစ်သွားတယ်။


 ဥတ္တမဂျာနယ်ဆိုတာ အဲဒီကာလက သိပ်နာမည်ကြီးတယ်။ ဆွမ်းခံအိမ်တွေကမှာရင် ကိုရင်တွေ ဦးဇင်းတွေ သပိတ်ထဲထည့်ယူသွားရတာပ။ လက်ပွေ့ရောင်းတဲ့သူတွေကလဲ အလုအယက်။ ၅ကျပ်တန်ဂျာနယ်ကို ၅၀ နဲ့ ရောင်းစားလို့ရတာဆိုလို့ ဥတ္တမဂျာနယ်တခုဘဲ ရှိထင်ရဲ့။ သူတို့ ထမင်းအိုး စိတ်ချရတယ်ပြောတယ်။ ဥတ္တမက တလ နှစ်ကြိမ်ထွက်ရတယ်။ ကြားဖြတ်အထူးထုတ်တွေလည်း ရှိရဲ့။

 ဗကသဥက္ကဋ္ဌ စက်မှုက မိုးကျော်ကလည်း ဥတ္တမမှာ ကျွန်ုပ်နားလည်သလို ပြောဆိုပါမည် ဆိုပြီး အပတ်စဉ်ဝင်ရေးသေးတယ်။ သတင်းစာတွေဖတ်ပြီး ချေပတဲ့သဘောရေးထင်ပါရဲ့။ အဲဒီခေတ်က နာမည်ကြီးတဲ့ခေါင်းစည်းတခုကို မှီးပြီးသုံးတာ။ ကိုမြတ်မှိုင်းတို့ လူရွှင်တော်ကိုချစ်စရာတို့ဆီကလဲ (ဦး)လာဘက ဆောင်းပါးတောင်းတတ်တယ်။ အဲဒီတုန်းက မြတ်ခိုင်ရဲ့ အောင်မြင်နေတဲ့ စာရင်ပြင်ကိုကြည့်ပြီး တတ်နိုင်ဆိုတဲ့အမည်နဲ့ သတင်းရင်ပြင်အခန်းပါတယ်။ သတင်းကို ထေ့တေ့တေ့ဟန်နဲ့ ရေးတာ။ နောက် သော်တာဆွေရဲ့ ပြောရမှာပေါ့ မခင်ကျော့ရယ်ဆိုတာကိုယူပြီး ဆော်တာဆွေဆိုပြီးရေးတာလဲ ပါတယ်။ နိုင်ငံရေးသရော်စာအခန်းက သံချပ်ဆိုရင် 'လာဘ'ကြီးက လမင်းတရာအငြိမ့်က ဆိုင်းတွေ ဗုံတွေ တီးမယ့်သူတွေ မ လာပြီး ခွေတောင် သွင်းခဲ့သေး။ သူက စန်းယု(ယခု ဂွသခင်)ကို တိုင်ခိုင်းတာ၊ မရလို့ ကိုယ်တိုင်ဗျင်းလိုက်တာပေါ့လေ။ နိုင်ငံရေးသုံးသပ်ချက်အခန်းတွေ ကဗျာဆောင်းပါးတွေ ဝေဝေဆာဆာနဲ့။ ထွက်တာနဲ့ ကုန်တာဘဲ။ အဲဒီတုန်းက အဖွဲ့ရဲ့ ထမင်းအိုးနီးနီးတောင်ဖြစ်ခဲ့သေး။

 စာစောင်လုပ်ရတာကလဲ နားရတယ်မရှိပါဘူး။ ဗကသက မီးဒုတ်သတင်းစာနဲ့ ဗဟိန်းဂျာနယ်၊ အဲဒါကတော့ အကုန်ဝိုင်းရတယ်။ ကိုတီးတို့ ကျားကြီးတို့တွေရဲ့ မတကသက အောင်ကျော်။ ရေဆင်းက ရိုးမရေစီး၊ ကျော်ဇင်နဲ့ ဘယ်သူလဲမသိဘူး။ မိုးကျော်တို့စက်မှုကလဲ ဒီရေသစ် ထင်တယ်။ ခရိုင်က တပ်လှန့်သံ၊ အေးထွေး(ယခု ဘီညို) ဒိုင်ခံ။ သူက အထက်ကကျောင်းတွေကလုပ်တဲ့ စာစောင်တော်တော်များများလုပ်ရတယ်။ ကာတွန်းရော ပန်းချီရောရလို့။ လက်ရေးကောင်းတော့ လက်မလည်အောင် ဖယောင်းဖောက်ရတယ်။ ညိုလေးနဲ့ တွဲထင်တာဘဲ။ ဘယ်သူထုတ်လဲ မသိဘူး။ အကသ ကရော လုပ်သေးလားမသိဘူး။ အကသ က ရန်ကုန်က နေလင်းသယ်လာတာ။ သူလဲ တိုက်ဟောင်းထဲ နှစ်ချီနေသွားတာဘဲ။ ခု ဘယ်ရောက်နေမသိ။ သူ့နဲ့တွဲပြီး ခရိုင်ကနေ အကသထဲရောက်သွားတဲ့ ဇော်ဇော်လင်းတော့ သေသွားရှာပြီ။ ခရိုင်က မင်းနိုင်လွင်(ကျော်ကြီး)တို့။ အောင်မှိုင်းဆန်းလေးက အဲဒီတုန်းက ၈-တန်းလားမသိဘူး။ သူ့လိုငယ်ငယ်လေးက ချစ်ကိုဆိုတာရှိသေးတယ်။ သူက ၇-တန်းထင်ရဲ့။ ကဗျာရေးကောင်းတယ်။ အစောကြီး အဖမ်းခံလိုက်ရတာ။

နောက်ပိုင်း တမျိုးပြောင်းသွားတယ်။ အဲဒီတုန်းက ထောက်လှမ်းရေးကလဲ အမြဲချောင်းနေတာ။ လစ်တယ်ဆို အဆွဲခံရတာဘဲ။ နောက် ရန်ကုန်က ဒေါင်းဋီကာဆိုတဲ့ စာစောင်လာလုပ်တယ်။ အဲဒီတုန်းက လာလုပ်တဲ့သူကို ကတုံးလို့ ခေါ်ကြတယ်။ သူက ချိုတူးဇော်။ သူက ကတုံးတုံးထားတယ်။ စာစောင်တွေသယ်ပြီး ရန်ကုန်ပြန်ရမှာလေ။ ထောက်လှမ်းရေးကြောက်ရတော့ ဒီအတိုင်း မပြန်ရဲဘူး။ သင်္ကန်းဝတ်ပြီး ပြန်ရမှာ။ အဲဒါ ကတုံးက အသစ်ဖြစ်နေရင် ပြဿနာရှိမှာစိုးလို့ ရောက်ကထဲက ခေါင်းခနခနရိတ်တာ။ သူလဲ လချီနေသွားတယ်။ ပြန်ကာနီးတော့ ဦးဇင်းဝတ်နဲ့။ သူက သပိတ်မှောက်အစိုးရ ဆိုတဲ့ဆောင်းပါးကို အဓိက ထုတ်ချင်လို့လာတာ။ အဲဒီစာစောင်ထဲ ဥတ္တမက အခန်းတခန်းတောင် ထည့်လိုက်သေး။ မောင်ရစ်လဲ စတူးဒင့်ရီဗျူးနဲ့ စစ်ဖိနပ်အောက်က ဗမာပြည်ဆိုတဲ့ ဘာသာပြန်ဆောင်းပါးတွေ လာလာလုပ်ဖူးတယ်လို့ လာဘ ကပြောတယ်။ အဲဒီအချိန် ကိုယ်က တိုက်သစ်ဘက်မှာဆိုတော့ သူလာလုပ်တာကို မသိလိုက်ဖူး။ သိပ်မမှတ်မိတာလဲ ပါတယ်။


 အားလုံး တိုက်သစ် သီတဂူဆွမ်းစားကျောင်းအောက်ထပ်က အဲဒီအခန်းလေးထဲ စုနေရတာဘဲ။ ညတိုင် အိပ်ရင် လှည့်လို့ မရဘူး။ ပြည့်နေတယ်။ စားလဲဒီထဲ။ စာစောင်လုပ်တော့လဲ ဒီထဲ။ စည်းဝေးလဲ ဒီထဲ။ ခြေရင်းဘက်မှာ တခါတရံ မိန်းခလေးတွေတောင် ဝင်ခွေကြတယ်။ မှုန်ကြီး(မြင့်မြင့်ခိုင်) ဥမ္မာမြင့် အေးအေးမင်းတို့လဲ အိပ်ကြတယ်။ သူတို့ကို နာယကဆရာတော်ရဲ့ အခန်းပေးထားလိုက်တယ်။ ဆရာတော်က တခြားရွှေ့နေတယ်။ နိုင်ငံရေးအတွက်ပေးထားတာ။ အိပ်တယ်ဆိုတာလဲ အိပ်တယ်မည်ကာမတ္တပါ။ ညလဲ မိုးလင်းငြင်းခုံ ဆွေးနွေး ရေးသား ရိုက်နှိပ်နေကြရတာများပါတယ်။ ပိုက်ဆံရှိတုန်းက မကုန်တကုန်ထားခဲ့တဲ့ ဒန်ဖလားကြီးထဲက ဆေးလိပ်တိုလေးတွေ ညှိရသလောက် ရှိုက်ဖွာရင်း လက်ဖက်ရည် ဖန်ခါးဇလုံကြီး ချလို့ပေါ့လေ။ နေ့ပေါင်းများစွာ ညပေါင်းများစွာ။

  ဥတ္တမဂျာနယ်က နောက်ပိုင်း စောင်ရေသောင်းကျော်ရိုက်ရတယ်။ မျက်နှာဖုံးဖယောင်းက အဲလောက် မခံတော့ တခါတလေ နှစ်ရွက်ဖောက်ရတယ်။ ဆွဲတဲ့သူတွေ မချောင်ဘူး။ မျက်နှာဖုံးနဲ့ အတွင်းသရုပ်ဖော်ပုံတွေ အဓိကဒိုင်ခံဆွဲပေးတာက တိုက်ဟောင်းက ဦးမဟောသဓ(ရခိုင်ကြီး)။ နဝတက ဘုရားကြီးဗိုက်ဖောက်တဲ့ကိစ္စမှာ သူပြန်ဦးဆောင် တိုက်ပွဲဝင်တော့ အဖမ်းခံလိုက်ရတယ်။ ထောင်၇-နှစ်။ စစ်ကြောရေးမှာ နားအုံတွေ ရိုက်ခံရတော့ နားတော့ ထိခိုက်သွားတယ်။ ခု ရခိုင်ဘက်က ရွာတရွာမှာ။ နောက် ဦးသုစိတ္တ၊ ဦးသံဝရ။ တိုက်သစ်က ဦးစန္ဒာသီရိ။ ခု အမေရိကားမှာ။ သူက ကာတွန်းလဲ ပင်တိုင်ဆွဲပေးတယ်။ ဦးဉာဏိက(အခုအမေရိက) တို့က လက်ရေးကောင်းတော့ ကညစ်နဲ့ ခြစ်ကြရတာပ။ သူက ကဗျာတွေ ဆောင်းပါးတွေလဲ ရေးပေးတယ်။ စကားဝိုင်းထဲ သူဝင်ပြီးပြန်သွားရင် အကုန်ဝေ ထွေ ကျန်ရစ်တာဘဲ။ ဘယ်သူမှ မစဉ်းစားမိတဲ့ အချက်တချက်လောက်ပြပြီး သူကတော့ ပြုံးပြုံးနဲ့ ပြန်သွားတယ်။


 စာစောင်က သိပ်ရောင်းရတော့ စာကူးစက်အသစ်ဝယ်ဖို့လုပ်ကြတယ်။ အစောတုန်းကတော့ ဒလိမ့်တုံးနဲ့ လှိမ့်ထုတ်ခဲ့ရတာလေ။ နောက်ပိုင်း ဝမ်းအိုဖိုက် တလုံးဝယ်ထားတာ။ သူကလဲ သိပ်အဆင်မပြေတော့ အဲဒါကို ဆိုင်ပြန်ရောင်းပြီး သူတို့ဆီက နောက်ထပ် အသစ်တလုံးထပ်ဝယ်တာ။ အဖုံးကို ရွက်ရေ တသောင်းကျော် ကူးလို့ရမယ့်ဟာပေါ့။ ဥတ္တမက စောင်ရေ သောင်းကျော်ရိုက်နေရပြီလေ။ အဲဒီစက် ကြာကြာတောင် မသုံးလိုက်ရပါဘူး။ ၉၀-အောက်တိုဘာမှာ ကျောင်းတိုက်ကြီး စစ်တပ်တွေဝင်စီးတော့ ဖွက်ထားခဲ့ပေမဲ့ ရှာဖွေသိမ်းဆီးခံလိုက်ရတယ်တဲ့။ အဲဒီစက်ကို ဦးဓမ္မာနန္ဒက ဦးဆောင်သွားဝယ်ခဲ့တာ။

၂၀၁၃မှာ ဘုန်းကြီးဦးရာဇရဲ့ သဇီဝသရဏဂုံပွဲမှာ စုံကြမယ်ဆိုတော့မှ သူလဲ မန္တလေး ပြန်ရောက်တော့တာကိုး။ တွေ့တွေ့ခြင်း သူက ဘာပြောတုန်းဆိုတော့ ငါကွာ ဒီနှစ် ၂၀-ကျော်လုံး သောကရောက်နေတဲ့ ကိစ္စတခုရှိတယ်တဲ့။ အဲဒါ အရင်သွားလုပ်မှဖြစ်မယ်တဲ့။ အဲဒါက စာကူးစက်ဝယ်တုန်းက ပိုက်ဆံမလောက်လို့ ကြွေးနှစ်ထောင်မှတ်ခဲ့တာတဲ့။ အဲဒါ သွားမဆပ်ဖြစ်ဘဲ ပြေးရတော့ နှစ်နှစ်လောက်နေတော့ ဒါကြီးက ခေါင်းထဲ ခနခနရောက်လာတယ်တဲ့။ ဒီအကြွေး မပေးရဘဲနဲ့ သေသွားရင်၊ ဝိနည်းကိစ္စ မပေါ့မပါးကြီးနဲ့၊ ဒုက္ခဘဲဆိုပြီး အတွေးရောက်ရောက်လာတာတဲ့။ အဲဒါနဲ့ ကျော်ဇင်ကို ရတနာစာကူးစက်လုပ်ငန်းဆီ လိုက်ပို့ခိုင်းတယ်။ သူက ရှင်းပြတယ်။ ဟိုက ဘာမှ မသိတော့ဘူး။ သူက အဲဒီတုန်းက နှစ်ထောင်၊ ခု နှစ်သောင်းယူပါပေါ့။ ဟိုကလဲ မယူ သူကလဲ ဇွတ်ပေး။ နောက်ဆုံး ဝိနည်းကိစ္စမို့ ယူပါဆိုပြီးထားခဲ့တော့ ဟိုကလဲ ဆေးဗူးတွေ ကောက်လှူလိုက်လေရဲ့။ သူ့မှာ အဲဒီတော့မှ နေသာထိုင်သာရှိသွားပုံဘဲ။

 အဲဒီတုန်းက သုစရိတ(အခု ဆီသည်ကြီး၊ ယခင်ပင်လုံ) ပင်လုံဆိုတာက တရက်မှာ တိုက်ဟောင်းဘက်လာပြီး ကျောင်းသားတွေနဲ့ သူနဲ့ ပင်လုံကိစ္စပြောကြဆိုကြ ငြင်းကြခုန်ကြတာ နှစ်ရက်လောက်ကြာထင်တာဘဲ။ အဲဒီကထဲက သူ့ကို ပင်လုံလို့ခေါ်ကြတာ။ သူတို့ တိဿတို့တွေက ဆွမ်းခံပြီးရင် သပိတ်တွေ အခန်းထဲ လာထည့်သွားတာဘဲ။ နိုးတဲ့သူ မနက်စာလေး ချိန်ဆစား။ နောက် ဇလုံတွေချထားလိုက်ရင် ဦးဇင်းတွေ ကိုရင်တွေက ဆွမ်းလာပေါင်းသွားကြတယ်။ အဲဒါတွေနဲ့ ရှင်သန်ရတာဘဲ။ အရှင်တို့ ကျေးဇူးတွေကလဲ လွမ်းရပါသော်ကောဘုရား။ နာမည်တွေ အများကြီးကျန်ပါတယ်။ သတိရတာလေးတွေ လျှောက်ရေးတာမို့ ခွင့်လွှတ်တော်မူကြပါဘုရား။ ခွင့်လွှတ်တော်မူကြပါခများ။

 လူတွေကများရင်တို့၊ ပွဲတွေရှိရင်တို့ - ဒိုင်ခံ ချက်ပြုတ်ကျွေးမွေးတာတော့ ကိုတင်ဌေး(သေဆုံး)၊ ကိုအေးနိုင်(သေဆုံး)၊ ကိုအောင်၊ ကိုကျော်ဝင်းတို့က မငြီးမငြူလုပ်ပေးကြတယ်။ နေ့စဉ်လိုလိုပါဘဲ။ ကိုကျော်ဝင်းကြီး အခု နိုင်ကျဉ်းရုံးမှာ ဒုက္ခိတဘဝနဲ့နေ နေရတယ်လို့ သိရတယ်။ ဘာရယ်မဟုတ်ဘူး၊ ကိုယ့်လူတွေကို လွမ်းလို့ရေးတာပါ။

 မောင်လူရေး


(စာဖြည့် - ချိုတူးဇော်က ၀င်ရောက် ဖြည့်စွက်ထားတာကို ပူးတွဲ ဖော်ပြလိုက်ပါတယ်)


ချိုတူးဇော် - "အိုဘယ့် ယူဂျီ "

ဦးဇင်းရေးထားတာ နည်းနည်းလေးလွဲနေလို့ပါ။

ဦးဇင်းပြောသလို 'သပိတ်မှောက်အစိုးရ' အဓိက ထုတ်ခဲ့တာ မဟုတ်ပါဘူး။ "ဒေါင်းဋီကာ" ဂျာနယ်ပေါင်းချုပ် ဆိုပြီး၊ တနိုင်ငံလုံး ကျောင်းသားသမဂ္ဂတွေရဲ့ စာစောင်တွေ စုစည်းပြီး ထုတ်ခဲ့တာပါ။ မောင်ရစ် တို့ RIT Union အုပ်စု စီစဉ်ကြတာပါ။

ကျနော်က ထောင်ကထွက်လာချိန်မှာ ABPY လဲ တောထဲရောက်သွားပြီ ဆိုတော့၊ တကိုယ်တော် သူတို့နဲ့ပေါင်းပြီး ဆက်လုပ်ဖြစ်တာ။ မောင်ရစ်ကို ထောက် က လိုက်နေလို့ ကျနော့်အိမ်မှာ သူက ခိုနေခဲ့တယ်။ ကျနော်က သူ့ကိုယ်စား သွားမယ်လို့ တက်လာတာ။

ထောင်ကလွတ်လွတ်ချင်း အိမ်က စိတ်ချမ်းသာအောင် ဒုလ္လဘခံပြီး မန်းလေးတက်လာတာမို့ ကတုံးဖြစ်နေတာ။

မန်းလေးမှာ အနကလနဲ့ တပူးတွဲ 'အောင်ဇော်မင်း' ကို 'မိုးကျော်' တို့က လန့်တန့်တန့် လုပ်ပြလို့
နာမည်မပြောဘဲ 'ကတုံး' ဆိုပြီး နေခဲ့တယ်။

ပြန်တော့ ငကြပ်(ကြပ်ကလေး - မြင့်နိုင်ကျော်) က ကတုံးနဲ့ သင်္ကန်းစည်းပြီး စာအုပ်သေတ္တာပုံးကို ဘုန်းကြီးစာအုပ်တွေ လို့ ပြောသယ်ဖို့ တိုက်တွန်းလို့ ထ သတ်ရတာ။ အဲလို မပြန်ဖြစ်ပါဘူး။

 ထင်ရူးသေတ္တာကြီး က တော်တော်ကြီးတယ်။ အမြင့်သုံးပေ၊ အလျား လေးပေ လောက်ရှိမယ်ထင်တယ်။
မန်းလေး က နေ ပြည်၊ ပြည်ကနေမှ ရန်ကုန်ကို ဟိုင်းလက်စ်ကားနဲ့ ပြန်ခဲ့ကြတာ။ ဟိုင်းလက်စ်ခေါင်မိုးပေါ်တင်လိုက် သေတ္တာကြီး က ပြူးနေတာပဲ။ အဲဒါကြီးကြည့်ပြီး စိတ်ဓါတ်ကျရတာ။

ထောက်ကြံ့ဂိတ်မှာ စစ်တပ်က စစ်တော့ သေတ္တာကြီး ကို ပုတ်ပြီး 'ဒါဘယ်သူ့သေတ္တာလဲ'
 
 ငကြပ် က ဖြေတယ်။

'ကျနော်တို့သေတ္တာပါ'
'အထဲမှာ ဘာတွေလဲ'
'စာအုပ်တွေပါ'
'ဘာစာအုပ်တွေလဲ'
'ဘုန်းကြီးစာအုပ်တွေပါ'
' မင်းတို့ ဘယ်က တက်လာတာလဲ '
' ပြည်ပေါက်ခေါင်းကပါ'

ဦးနေဝင်းဇာတိ မို့ တမင်ဖြေဆိုပဲ။

စစ်ဗိုလ်ကားထဲကြည့်ချိန်မှာ ကျနော်ကလဲ ဆံပင်ပေါက်စ ကျနော့်ကတုံးလေး မြင်သာအောင် လည်ပင်းကလေးထောင်ပြရသပေါ့။ 'မင်းတို့ ဂိတ်ဆုံးထိ စီးမှာ မလား'
'ဟုတ်ကဲ့ စီးမှာပါ'

ဒါနဲ့ ကားကို လွှတ်ပေးလိုက်တယ်။
'ခွေးကောင် တော်တော် မျက်နှာမင်သေတယ်'
' ငါက အဆောင်မှာ ရှိုးရိုက်နေကျမို့ မင်းအခွက်ကလဲ ကြောက်နေတော့ သနားကမားလေး ဖြစ်နေတာကိုး '
' ငါက ဦးသာလှိုင် ဗိုင်ဗာမေးခံရတဲ့ မုဒ်သွင်းပြီး ဖြေတာ ငှိငှိငှိ'

ကျနော်တို့ ဂိတ်ဆုံးအောင်မစီးဘဲ၊ သမိုင်းလမ်းဆုံမှာဆင်း၊ လေးဘီးငှားပြီး မြေနီကုန်းအဘောင်တို့အိမ်ကို သယ်၊ မြေနီကုန်းကျ ရော်ကတစ် ( ရစ်ကတော် မမေသန်းဌေး) က သူ့ကားနဲ့ လာသယ်ပြီး " ဒေါင်းဋီကာ" ဂျာနယ်ပေါင်းချုပ်ကြီး ထုတ်ဝေဖြန့်ချိခဲ့ပါကြောင်း။

(ချိုတူးဇော်)