ဝေမြင့်မောင် ● နေ့လည်ခင်း အက်ဆေး


ဝေမြင့်မောင် ● နေ့လည်ခင်း အက်ဆေး
(မိုးမခ) မတ် ၆၊ ၂၀၁၇

(၁)
ညရဲ့အလင်းထဲမှာ ကြောက်စရာကောင်းလောက်အောင် ကျွန်တော် ထိုင်နေခဲ့ပါတယ်။ အဲ့ဒါ အရင်က။ ဆရာဝန်တဦးကတော့ ကျွန်တော့်လည်ပင်းကို ခွဲစိတ်ကြည့်မယ်ဆိုရင် မြို့ပြတွေ၊ စပရိန်တွေ၊ လမ်းတွေ၊ တံတားတွေနဲ့ တခြားအရည်တွေ တွေ့ ရလိမ့်မယ်တဲ့။ အဲ့ဒီတုန်းက ဆရာဝန်ဟာ ကျွန်တော့်ကို သေချာမသိမြင်နိုင်ခဲ့ဘူးလို့ ကျွန်တော်သိနေတယ်။ ဒါကလည်း သိပ်တော့ ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး။ တခါထူးဆန်းပြီးတဲ့ ကြုံတွေ့မှု တိုက်ဆိုင်မှုဟာ နောက်တခါ ဘယ်လိုမှ မထူးဆန်း နိုင်တော့ဘူး။ ဒီတော့ ပြောရရင် ထူးဆန်းတယ်ဆိုတာ ဘာမှမရှိဘူး။ တကယ်ပါ။ ဆရာဝန်က ကျွန်တော်မဟုတ်ဘူး။ ကျွန် တော်လည်း ဆရာဝန် မဟုတ်ဘူး။ ကျွန်တော်ကလည်း ဆရာဝန်မြင်ရမယ် ဒါမှမဟုတ် ဘယ်သူ ဘယ်ဝါ မြင်ပါစေဆိုတဲ့ စိတ်ကူးမျိုးနည်းနည်းလေးမှ မရှိခဲ့။

(၂)
ကျွန်တော် ရှက်တယ်။ ဘာပြုလို့လဲဆိုတော့ ကျွန်တော့်မှာ ရှက်စရာကောင်းတဲ့ ကိစ္စတခုရှိလို့ပဲ။ ဘယ်လိုကိစ္စလဲဆိုတာ ကိုတော့ ထပ်မမေးနဲ့။ ဘယ်သူကများ ဒီလောက်ရှက်ဖို့ကောင်းတဲ့ကိစ္စကို ပြောပြရဲမှာလဲ။ ကျွန်တော်ပြောပြရင် ခင်ဗျားတို့ နားလည်ပေးနိုင်မှာလား။ ကိုယ်ခံအားကောင်းဖို့လိုတယ်။ ရေဟာ မြင့်ရာကနေ နိမ့်ရာကို သွားတယ်လို့ပြောကြတယ်။ ဒါပဲ။

(၃)
နေ့လည်ခင်းတခုမှာ အစ်ကိုသေတယ်လို့ ကျွန်တော် သတင်းရတယ်။ ဘယ်လိုဖြစ်နိုင်မှာလဲ။ သေတယ်ဆိုတာ ဘာသဘော လဲ။ သေခြင်းနဲ့ရှင်ခြင်းဟာ တဆက်တည်းပဲ။ သေပြီးတဲ့နောက်မှာ ကမ္ဘာတခု စမလား။ မသေချာဘူး။ ဘာတခုမှ ပြောလို့ မရဘူး။ ပြောလို့မရတာ ထားကြမယ်။ လေကုန်တယ်။ အချိန်ကုန်တယ်။ ဖြစ်တည်မှုကို တန်ဖိုးထားရမယ်။ အားလုံး ချစ် တတ်ရမယ်။ အားလုံးဆိုတော့ ကိုယ်တိုင်လည်း ပါတယ်။

(၄)
ရှက်ခြင်း/ မှုဟာ ဝတ္ထုတိုတပုဒ်လေး ဖြစ်လာနိုင်လား။ ပင်ပေါင်ဘက်တံတွေမှာ အာမခံချက်ရှိလား။ မြန်မာဝတ္ထုတိုတွေ ဘယ်တော့ ကောင်းလာနိုင်လဲ။ ကမ္ဘာက သိဖို့ဆိုတာကော။ နေအုံး။ အဲ့ဒါ ကိုယ့်ကိစ္စမှ မဟုတ်တာ။ ထပ်မေးမယ်။ ရှက်ခြင်း/ မှုဟာ ဝတ္ထုတိုတပုဒ် ဖြစ်လာနိုင်သလား။

(၅)
ကျွန်တော် လူတယောက်ပါ။ ၁၉၉၉ မှာ ကျောင်းပြီးတယ်။ ၂၀၀၂ မှာ လက်ဆောင်တခုရတယ်။ ၂၀၀၃ မှာ ကားမှောက် တယ်။၂၀၁၇ ဒီစာကြောင်း ရေးပြီးတဲ့အထိ အသက်ရှင်နေသေးတယ်။ ဒီတော့ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ခွင့်ရတာကို လည်း ကျေးဇူးတင်လိုက်ပါရဲ့။ လေတွေတိုက်နေတယ်။ အေးလိုက်တာ။

(၆)
ကျွန်တော် အခုဘယ်မှာလဲ။ ကျွန်တော်ဟာ ဘယ်သူလဲ။ ကျွန်တော် ဘယ်ကိုရောက်နေတာလဲ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ဆိုတဲ့အသမျိုးကို ကျွန်တော် ထပ်ခါ ထပ်ခါ သုံးနေမိတာလဲ။ အမှန်တရား တချို့ပြောပြမယ်။ ကျွန်တော် ရိုးသားချင် တယ်။ ကျွန်တော့်အနားကနေ ကြောင်တကောင် ဖြတ်သွားတယ်။ အဲ့ဒီကြောင်ဟာ ကျွန်တော့်ခြေထောက်ကို ပွတ်သွားသလားပဲ။ ကျွန်တော် သတိမထားမိဘူး။ ကျွန်တော် သတိထားမိတဲ့ချိန်မှာ ကြောင်မရှိတော့ဘူး။ နေအုံး။ ကျွန်တော့်နာမည် ကျွန်တော် မှတ်မိလာပြီ။ ဟော ကျွန်တော် ဘာလို့ ဒီကိုရောက်နေတာလဲဆိုတာ မှတ်မိပြီ။ ကျွန်တော် သတိထားမိတဲ့ချိန်မှာ ကြောင်မရှိ တော့ဘူး။ ကျွန်တော်လည်း မရှိတော့ဘူး။ ပျင်းဖို့ကောင်းလိုက်တာ။ ဟော ကျွန်တော်ပျင်းနေပြီ။

(၇)

ရာဘာရွက်တွေ ကြွေနေတယ်။ မောင်ချောနွယ်က ကြွေတာကိုက ပွင့်ခြင်းပဲတဲ့။ ရာဘာရွက်တွေကြားမှာ ငါမင်းကို မျှော်မိ တယ်။ မင်းဘယ်မှာလဲ။ နည်းနည်းတော့ ကြာသွားပြီဆိုတာ ငါပြောပြမယ်။ ရာဘာရွက်နုစိမ်းစိမ်းတွေ ထွက်နေပြန်ပြီလေ။အရွက်စိမ်းစိမ်းတွေဟာ ငါ့ကို အေးမြစေတယ်။ မင်းကို သတိရလိုက်တာ။ မင်းသာ ငါ့အနားရှိမယ်ဆိုရင် အရွက်စိမ်းစိမ်းတွေ ကို မင်းမြင်ရမယ်။ ပြီးရင် မင်းလည်း ငါ့လို အေးမြတဲ့အရသာကို ခံစားရမယ်။ ဒါ ငါ့အချစ်ပဲ။ ငါတို့ အရင်လိုစကားတွေ အများ ကြီးပြောကြမယ်။ မင်းနှုတ်ခမ်းလေးကို ငါ နမ်းမယ်။ ပြီးရင် ငါးကန်ရှိတဲ့နေရာသွားကြမယ်။ ငါးစာ ကျွေးမယ်လေ။ ငါးကန် နားမှာ ခွေးလေ ခွေးလွင့်တွေများနေရင် အရင်လို မင်းကြောက်မယ်။ ပြီးတော့ ငါ့လက်ကို လာတွဲမယ်။ အဲ့ဒါကို ငါသဘော ကျတယ်။ ငါသဘောကျတာက မင်းရဲ့ကြောက်ရွံ့မှုမဟုတ်ဘူး။ ငါ သဘောကျတာက မင်းရဲ့အားကိုးတတ်တဲ့ စိတ်မဟုတ် ဘူး။ ပြောပြမယ်။ ငါသဘောကျတာက မင်း ငါ့အနားရှိနေပါလားဆိုတဲ့ အသိလေ။

(၈)
ကဗျာတပုဒ်။ ချစ်စရာကောင်းတဲ့ စကားပြေ အရေးအသား။ ပန်းချီကား။ သီချင်း။အကောင်းမြင်တတ်တဲ့ စိတ်။ သံသယမရှိ တဲ့ နယ်မြေ။ အားလုံးကို ချစ်ခင်ခွင့်လွှတ်နိုင်တဲ့စိတ်ဓာတ်။ ဘေးထွက်ဆိုးကျိုးမရှိတဲ့အချစ်။ ချစ်ခြင်းမေတ္တာ။ လိင် အဆင့်အ တန်း  အသက်အရွယ် လူမျိုး ဘာသာ ခွဲခြားမှုမရှိတဲ့ အသစ်။ ကျွန်တော်ဟာ ဝေဒနာရှင်တယောက်ပါ။ ကျွန်တော်ဟာ အရူး ပါ။ မဖြစ်နိုင်တာတွေ ဘယ်သူမှမလုပ်နိုင်တဲ့အရာတွေကို ကျွန်တော် ဆာလောင်တယ်။ ဆရာဝန်ခင်ဗျား ငတ်မွတ်မှုကို ကျွန် တော် လှောင်ရယ်တယ်။ ကျွန်တော် ရူးနေပါပြီ။

(၉)
အမေ ဘာလုပ်နေမလဲ။ဘုရားမှ သိမယ်။ အမေဟာ ဘုရားကို သိတယ်။ သိတယ်ဆိုတာက ကျွန်တော့်ထက် ပိုသိတယ်။ ဒီတော့ အမေဟာ ကျွန်တော့်ထက် အများကြီးသာတယ်။ အခုချိန်မှာ အမေ ဘာလုပ်နေမလဲ။ ညနေစာချက်ပြုတ်ဖို့ ပြင် ဆင်နေမလား။ ဒါမှမဟုတ် ကျွန်တော်တို့မောင်နှမတွေအတွက် အင်္ကျီထိုးနေမလား။ ဒါမှမဟုတ်။ ကျွန်တော့် စာအုပ်စင်ပေါ်က စာအုပ်တွေ ယူဖတ်နေမလား။ ဒါမှ မဟုတ်။ အိမ်ဘေးနားက အမှိုက်တွေကို လှဲကျင်း ရှင်းလင်းနေမလား။

(၁၀)
နှင်းဆီအကြောင်း
ငယ်ဘဝမှာ နှင်းဆီခြံကြီးရှိခဲ့
အခုတော့လည်း မရှိတော့
နောက်တော့ ငါ မရှိနိုင်တော့
အဲ့ဒီနောက်တော့လည်း မင်းမရှိနိုင်တော့
နှင်းဆီခြံကြီးဟာ အကြီးကြီး
တကယ့် အကြီးကြီး။
2017 feb 20

(၁၁)
ကျွန်တော့်မှာ အိပ်မက်လေးတခုရှိတယ်။ ကျွန်တော် စာဖတ်ချင်တယ်။ ကျွန်တော် စာရေးချင်တယ်။ စာအုပ်တွေကို ကျွန တော် ချစ်တယ်။ ဘယ်လိုအရသာအသစ်မျိုး ငါရေးနိုင်မလဲလို့ ကျွန်တော် အမြဲတွေးဖြစ်တယ်။ ကျွန်တော် တခြားဘာမှ မ လုပ်ချင်ဘူး။ တနေ့ကျရင် ကျွန်တော့်စာအုပ်တွေကို ထုတ်ဖို့ထုတ်ဝေသူတွေက ကျွန်တော့်ကို ဆက်သွယ်လာကြမယ်။ ထုတ်ဝေသူတွေကို ကျွန်တော် မေးခွန်းမေးမယ်။ မောင်ချောနွယ်ကို သိလား။ ကောင်းကောင်းမွန်မွန်ဖြေဆိုနိုင်တဲ့ ထုတ်ဝေ သူတယောက်ကို ကျွန်တော့်စာအုပ်တွေ ထုတ်ခွင့်ပေးမယ်။ တကယ်တော့ အိပ်မက်ဆိုတာ အမြဲတမ်းပြောင်းလဲနေတတ်တဲ့ သဘောရှိတယ်တဲ့။ ကျွန်တော့်မှာတော့ အစီအစဉ် မရှိဘူး။ အိပ်မက်ဆိုတာ ဟားလို့ရတယ်။ လှောင်ရယ်လို့ရတယ်။ ဒါပေမဲ့ ဖြစ်လာနိုင်တယ်ဆိုတာကိုတော့ ဘယ်သူမှ မတွေးမိဘူးလေ။

ကျွန်တော်တို့ရဲ့နိုင်ငံမှာ ရသစာပေဟာ ကျရှုံးနေတယ်။ ကျွန်တော်တို့ စာဖတ်မှရမယ်။ ကျွန်တော်တို့ဟာ အမှောင်ခေတ် ကြီးထဲမှာ တဖြည်းဖြည်းသွားနေကြတယ်။ နည်းနည်းတော့ လင်းလာပြီ။ ဒါပေမဲ့ အလင်းဟာ ရိုးသားမှု မရှိသေးဘူး။ သူများ ပြောတာတွေပါ။ ကျွန်တော့်နားထဲရောက်လာတဲ့ စကားလုံးတွေပါ။ ကျွန်တော် ဘာကိုမှ ထူးထူးထွေထွေ ပြောစရာမလို တော့ဘူး။

(၁၂)
နေ့လည်ခင်းဟာ ပျင်းရိဖွယ်ကောင်းလှတယ်။ လူတယောက်ဟာ လိုင်းကားကို စောင့်နေတယ်။ လိုင်းကားရောက်လာတဲ့အခါ ကားပေါ်ကိုတက်ပြီး သူသွားချင်တဲ့ခရီးကို သူဆက်သွားလိမ့်မယ်။ ဘဏ်တခုခုကို ပိုက်ဆံသွားထုတ်ဖို့ဖြစ်ဖြစ်။ ဒါမှမဟုတ် နယ်က သူ့အိမ်ကို ပိုက်ဆံလှမ်းပို့ဖို့ဖြစ်ဖြစ်။ ဒါမှမဟုတ် သူ အိမ်ပြန်နေတာလည်း ဖြစ်နိုင်တယ်လေ။ သူ့အိမ်မှာ သူ့ကိုစောင့် နေတဲ့လူတွေ ရှိနေနိုင်တယ်။

လူတယောက်ကတော့ သူ့ခန္ဓာကိုယ်ကိုထားပြီး ထွက်သွားရှာပြီ။အားလုံးပြောကြတာက သူ အေးချမ်းသွားပြီဆိုတာကိုပဲ။ လူတယောက်ဟာ စာအုပ်တအုပ်ကိုကိုင်ပြီး ဖတ်လိုက် တွေးလိုက်လုပ်နေတယ်။ တနေရာမှာတော့ ခွေးဟောင်နေတယ်။ ခွေးကလေးဟာ ပူလွန်းလို့ မနေနိုင် မထိုင်နိုင်ဖြစ်ပြီး ထအော်/ ဟောင် နေရှာတယ်။ ဖြစ်နိုင်ပါသလား။ လူတယောက်ဟာ စာကျက်နေတယ်။ သူဟာ စာအုပ်ထဲကစာတွေကို ကျက်မှတ် ဖတ်ရှုနေတယ်။ ပိုမိုကောင်းမွန်အဆင့်မြင့်တဲ့ ဘဝတခုကို တက်လှမ်းဖို့သူ လုပ်နေတာတဲ့လေ။ လူတယောက်ကတော့ ရေးချိုးခန်းတခုထဲမှာ ရေချိုးနေတယ်။ အပူရှပ်မှာကို ကြောက် ပုံမရဘူး။ ရေချိုးပြီးတဲ့အခါ သူ့ပုံစံဟာ သပ်ရပ်နေမယ်။ နှစ်လိုဖွယ်ကောင်းနေမယ်။ ဒါပေမဲ့ ကျွန်တော်ထင်တယ် ... သူ ရေ ချိုးပြီးတဲ့ နောက်ပိုင်းမှာတော့ သဘာဝလောကတရားကြီးကို ကျေးဇူးတင်ဖို့မေ့နေမယ်။ ကျေးဇူးတင်ကြပါစို့လို့ ကျွန်တော် ဘယ်တော့မှ မပြောဘူး။ လူတယောက်ကတော့ ဆေးလိပ်ကိုင်ပြီး တချက်တချက် ဖွာရှိုက်နေတယ်။ သူ့ ကိုတော့ ကျွန်တော် မပြောတတ်ဘူး။ ကျွန်တော်လား။ လူတယောက်ပါ။ သူများတွေဘာဖြစ်နေတယ် ဘာလုပ်နေတယ်ဆိုတာကို ချောင်းပြီး စာရေးနေတဲ့တယောက်။ စိတ်မပူပါနဲ့။ ဒီလိုခွင့်မတောင်းဘဲရေးမိတာကို တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒီလိုချောင်းပြီး စာရေး တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ဘာဆိုးကျိုးမှ မဖြစ်စေနိုင်ပါဘူး။ ယုတ်စွအဆုံး။ ဟောင်နေတဲ့ ခွေးလေးကိုတောင် မောင်းထုတ်ဖို့ရာ မတတ်နိုင်စွမ်းနိုင်ပါဘူး။

(၁၃)
ဒီလို နေ့လည်ခင်းတခုမှာ ကျွန်တော် ဘယ်သူနဲ့မှမချိန်းထားပါ။ ထီလည်း မထိုးတတ်ပါ။ ဘုရားကျောင်းသွားဖို့လည်း စိတ် ကူးမရှိပါ။ မြို့ထဲကိုသွားဖို့ဆိုတာကတော့ အဝေးကြီး။ ကျွန်တော် တခုခုကိုတော့ စောင့်နေမိတယ်။ ပျင်းရိဖွယ်ကောင်းတဲ့ နေ့ခင်းတခုမှာပေါ့။ ဘာကို စောင့်နေမှန်းတော့လည်း ကျွန်တော်ကိုယ်တိုင်တောင် မသိဘူး။ လွန်ခဲ့တဲ့ရက်တွေကဆို သူငယ် ချင်း တယောက် ကျွန်တော့်ဆီရောက်လာတတ်တယ်။ သူလွယ်ထားတဲ့ သူ့ဗိုက်ထဲက မြွေတွေကို ထုတ်ထုတ်ပြတတ် တယ်။ မြွေတွေကိုကြော်ပေးဖို့သူဟာ ကျွန်တော့်ကို ပြောတတ်တယ်။ အခုတော့လည်း အဲ့ဒီသူငယ်ချင်းဟာ ကျွန်တော်တို့ မြို့ထဲကနေ ထွက်သွားခဲ့ပေါ့။ သူချစ်တဲ့မြွေတွေနဲ့အတူ ထွက်သွားတာပါ။ ပြောပြပေးကြပါ။ သူ့ကိုများ တွေ့ခဲ့မယ်ဆို ကျွန် တော် သူ့ကို သတိရနေတဲ့အကြောင်း ပြောပြပေးစမ်းပါ။ ကျွန်တော် ဘယ်သူနဲ့မှ မချိန်းထားပါ။ ကျွန်တော် တခုခုကို စောင့် နေကြောင်းတော့ ဝန်ခံပါရစေ။

(၁၄)
ခြင်တွေကို မုန်းတယ်။ယင်ကောင်တွေကိုတော့ ပိုမုန်းတယ်။ ငါ့မှာ မုန်းစရာတွေ အများကြီး။ သိပ်ကိုများတယ်။ ငါဟာ ကတိ မတည်သူ။ ငါဟာ အောက်တန်းစား။ ငါဟာ ညစ်ပတ်ယုတ်ညံ့သူ။ ငါဟာ လိမ်လည်လှည့်စားတတ်သူ။ ငါဟာ .... အို ငါဟာ များလိုက်တဲ့ ငါဟာ။ ငါ ဘယ်သူလဲ။ ငါ အမုန်းဆုံးကလည်း ငါပဲ။ ဒါနဲ့ငါ ဘယ်သူလဲ။

(၁၅)
(ငါ ဘယ်သူလဲနှင့် ပြဇာတ်အင်တာဗျူး)
တည်နေရာအချိန် အခင်းအကျင်းအချိန်။ အဝင်။ လူ မိတ်ဆက်။ အကြောင်းအရာ မိတ်ဆက်ခြင်း။ အခန်းများ။ တခုမှ မရှိ။ အပိုတွေ ဖြုတ်ထား။
မေးသူ - "ငါဟာ ပျောက်ဆုံးနေတဲ့ လမ်းဖြစ်တယ်" လို့ ခင်ဗျား စာသားတခုထဲမှာ ရေးထားခဲ့တယ်။ အဲ့ဒါရှင်းပြပါလား မစ္စတာ။

ဖြေသူ - ဟုတ်လား။အဲ့ဒီတုန်းက ငါ ရှိသေးတယ်။ ငါရှိတော့ လမ်းဆိုတာ ရှိနေသေးတယ်။ မနက်ဖြန်မှာ ငါဆိုတာ ထပ်ရှိ လာပြန်တယ်။ ထပ်ထပ်ပြီး ရှိနေအုံးမှာပဲ။ ဒါပေမဲ့ မနေ့က ငါနဲ့ဒီနေ့က ငါမတူဘူး။ အဲ့ဒီလိုပဲ။ အဲ့ဒီတုန်းက ငါဟာ ပျောက် ဆုံးနေတဲ့ လမ်းဖြစ်တယ်လို့ ငါရေးခဲ့ဖူးတယ်လို့မင်းပြောတယ်။ ငါ မမှတ်မိတော့ဘူး။ စိတ်မကောင်းပါဘူး။ ငါဟာ ပျောက် ဆုံးနေတဲ့လမ်းဆိုတာကို မသိတော့ဘူး။ ဒီနေ့ငါဟာ တခြားတယောက်ပဲ။ စောစောက "ငါဟာ" လည်း နောက်စက္ကန့်ပိုင်း အတွင်းမှာ တခြား "ငါ" ဖြစ်သွားလိမ့်မယ်။

မေးသူ - ဘုရားရေ။ ခင်ဗျားဟာ ခင်ဗျားအရေးအသားတွေကို တာဝန်မယူရဲတဲ့မယူနိုင်တဲ့ လူတယောက်ပဲ။ ခင်ဗျားဟာ လူ့ အဖွဲ့အစည်းအတွက် ကြောက်စရာကောင်းတဲ့ စာရေးဆရာတယောက်ဖြစ်နေပြီ။

ဖြေသူ - ဟုတ်လား။ ငါ ဘုရားမဟုတ်ဘူး။ ဘယ်လိုအကြောင်းအရာတွေကများ ကြောက်စရာကောင်းစေတာလဲ။ ဘယ်လို တာဝန်ယူမှုမျိုးကို ခင်ဗျားမျှော်လင့်နေတာလဲ။

(မေးသူ ထပြန်သွား။ ဖြေသူများ ကျန်ရစ်ခဲ့ကြ။ ဤနေရာတွင် ပြီးသည်ဟု ယူဆရ။ တကယ်တော့ ပြီးတယ်ဆိုတာ ဘယ်တော့ မှမရှိ)

(၁၆)
ငြိမ်သက်နေတဲ့ နေ့လည်ခင်းတခုပါ။ မှားနိုင်တာကို အလွယ်တကူ လက်ခံပေးပါ။ ငြိမ်သက်နေတဲ့ နေ့လည်ခင်းမှာ လေတိုး သံတွေ ငှက်တွေရဲ့ဘာသာစကားတွေ ကြားနိုင်ပါတယ်။ နေရာ ဆက်တင်များ ပြောင်းကြည့်ပါ။ ရေပေါ်ထိုးသံ။ လွှစာမှုန့် တွေ တဖွဲဖွဲကျနေသံများ။ နောက်တခုခုကို အားပါးတရ ရိုက်နှက်ခုတ်ထစ်နေတဲ့ အသံ။ ရေဆွဲသံ။ ရေတွင်းထဲ ရေပုံး ပြုတ် ကျသည့် အသံ။ သီးချင်းသံ အချို့။ ကောင်းကောင်းကြီး ကြားနိုင်ပါတယ်။

ငြိမ်ပေးကြည့်ပါ။ ဆူညံနေတဲ့ အသံတွေဟာ ငြိမ်သက်နေတဲ့အသံတွေအကြောင်းကို ထုတ်ဖော်ပြသပေးနိုင်ပါတယ်။ သေ ချာ။ နားဆင်ကြည့်ပါ။ သိပ်မကြာဘူး။ ညနေ ရောက်တော့မယ်။တိမ်တွေဟာ ရွေ့နေတယ်။ တိမ်ပေါ်ကနေ တခုခုကများ ငါတို့ရှိရာကို လှမ်းကြည့်နေမလား။ ရင်ခုန်စရာပါ။ ညနေရောက်တဲ့အခါ။ ဘတ်စ်ကားတွေပေါ်မှာ လူတွေ ပြည့်နေအုံးမယ်။ သိပ်ကို ငြိမ်သက်နေတဲ့ နေ့လည်ခင်းတခုပါ။သစ်ရွက်လေးတရွက် လမ်းပေါ်လွင့်နေတဲ့အသံကို ကျွန်တော် ကြားလိုက်ပါ တယ်။သိပ်မကြာပါဘူး။ ညနေရောက်တော့မှာပါ။ ငြိမ်သက်နေတဲ့ နေ့လည်ခင်းမှာ အေးအေးလူလူ အနားယူပါ။ ရေအေး အေး သောက်ပါ။ မေတ္တာထားပါ။ ချစ်ခင်တတ်တဲ့ စိတ်မွေးပါ။ ဟော ဒီငြိမ်သက်နေတဲ့ နေ့လည်ခင်းမှာပေါ့ကွယ်။

(၁ ၇)
ဟန်ဆယ်နဲ့ ဂရိတာ။ မောင်နှမနှစ်ယောက်။ ဂျူးလူမျိုး။ ပိုလန်မှာ နာဇီကိုက်လို့တဲ့။ မက်ဒါဆိုတဲ့ စုန်းမကြီးက သူတို့မောင် နှမကို စောင့်ရှောက်ပါသတဲ့။ Louise Murphy ရေးတာ။ ခင်စောတင့် ဘာသာပြန်။ စာအုပ်လေး။

မီးခြစ်လေးဟာ အချိန်ကိုစောင့်နေတယ်။ တချိန်ချိန်မှာတော့ စာရေးသူဟာ မီးခြစ်ကို ယူသုံးမှာပဲလေ။ ဒါမှမဟုတ် စာရေး သူဟာ သူရေးနေတဲ့အက်ဆေးကို မီးရှို့ပစ်ဖို့အတွက် မီးခြစ်ကိုသုံးနိုင်တာပဲ။ ဟန်ဆယ်ဂရိတာကို စာရေးသူဖတ်ပြီးသွား ပြီ။ဒါတော့ မီးရှို့လို့မရဘူးလေ။ စာရေးနေသူရဲ့စာအုပ်မဟုတ်ဘူးကွဲ့။ သူ့သူငယ်ချင်းဆီက ငှားထားတဲ့ စာအုပ်လေးပါ။ သေ ချာတာတခုတော့ ရှိတယ်။ ညနေရောက်တဲ့အခါ စာရေးသူဟာ တခုခုကိုတော့ဖြင့် မီးရှို့ဖို့ပြင်ဆင်နေလိမ့်မယ်။ စာရေး နေသူဟာ သိပ်မကြာခင် စာမေးပွဲဖြေရတော့မှာ။ သူ့မှာ စာမေးပွဲရှိတယ်။ စာရေးသူချစ်တဲ့ အစ်ကိုလို သူငယ်ချင်းလိုခင်တဲ့ ကဗျာဆရာတယောက်ကတော့ စာရေးသူကို ကြိုးစားဖို့ အမြဲပြောတတ်တယ်။ စာရေးသူရဲ့ အဖေ အမေ ချစ်သူ မိသားစု ဆွေမျိုး သူငယ်ချင်းတွေအားလုံးကလည်း စာရေးသူကို စာတော်တဲ့လူဖြစ်စေချင်ကြတယ်။ စာကြိုးစားဖို့ ဝိုင်းပြောကြတယ်။ စာရေးသူ စာကြိုးစားနေတယ်။ အက်ဆေးရေးနေတယ်။ အခုတော့ တိတ်တိတ်နေ။ ဘာမှသွားမပြောလေနဲ့။

(၁၈)
မှောင်တော့မယ်။သွားစို့ ။သိပ်မကြာဘူးလေ။

(၁၉)
ငြိမ်သက်နေတဲ့ ပျင်းရိဖို့ကောင်းတဲ့နေ့ခင်းဟာ ပြီးဆုံးသွားပြီ။ ဖွင့်ဟဝန်ခံချက်များနဲ့ အခြားများ။ ကျွန်တော် တခုအကြံပြု လိုပါတယ်။ ဖတ်ပြီးရင် ဒီအက်ဆေးကို ဖျက်ဆီးပစ်လိုက်ပါ။

(၂၀)
ငြိမ်သက်မှုကို သယ်သွား ...။
ချစ်ခြင်းကို သယ်သွား ...။
နေ့များ ...။

ဝေမြင့်မောင်