ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဗိုလ်သူရိန် ● အညတရ နွမ်းလျအိမ်အပြန်

ဗိုလ်သူရိန် ● အညတရ နွမ်းလျအိမ်အပြန်
(မိုးမခ) မတ် ၂၄၊ ၂၀၁၇

မနက်အရုဏ်ကျင်းလို့ အလင်းတောက်ခဲ့ပြီ။

အိမ်ခေါင်ရင်း မန်ကျည်းပင်ပေါ်က စာကလေးတစ်သိုက်ကလည်း ‘ကျလိ ကျလိ’ နဲ့။ အိမ်ယာထဲက ရုတ်တရက်မထသေးဘဲ နံနက်ခင်းရဲ့ အရသာကို အပြည့်အဝခံစားနေမိတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အာရုံခံ နှာဖျားဆီကို ကြက်ဥကြော်ရနံလေး ရလိုက်တာနဲ့ သူ့ဝမ်းဟာ အလိုလိုဟာတာတာ။ အိပ်ယာကထ၊ မီးဖိုချောင်ဘက် ကြည့်လိုက်တော့ ချစ်ဇနီး မိရွှေညွှန့် သူ့ကို အပြုံးတစ်ချက်။ သူမအပြုံး သူသိတယ်။ နှစ်ပေါင်း ၃၅နှစ် နီးပါး ပေါင်းသင်းလာခဲ့ကြတာ ဒီနေ့ သူ့ရဲ့ ပင်စင်ထုတ်တဲ့နေ့လေ။

သူ မျက်နှာသစ် ကိုယ်လက်သန့်စင် ဘုရားရှိခိုးပြီးတာနဲ့ အိမ်ရှေ့ ကွပ်ပျစ်ပေါ်မှာ ထမင်းဆီဆမ်းနဲ့ ကြက်ဥကြော်က အဆင် သင့်။ ပရုပ်လုံးနံ သင်းနေတဲ့ ဝတ်ဖို့ အင်္ကျီလက်ရှည် အဖြူရောင်ကလည်း ဝါးလုံးတန်းပေါ်မှာ ချိတ်နဲ့ ချိတ်ထားပြီး။ သူ့ရဲ့ ကိုယ်စားပြု ခြေထောက်များမှာလည်း ဘောင်းဘီရှည်က စွပ်ပြီးသား။ ရှာထိုးဦးထုတ်ကလည်း ထုတ်တန်းမှာ ချိတ်ထားလျှက်။ ရာဘာတုန်းခံထားတဲ့ သစ်သားတုတ်ကောက်က ရေပတ်တိုက်ထားတော့ အရောင်တဝင်းဝင်း။ အပြင်အဆင်အားလုံး သစ်လွင်တောက်ပလို့ပါပဲ။

‘ရွှေညွှန့်ရေ ပင်စင်ထုတ်ပြီး ဘာဝယ်ခဲ့ရမလဲကွ’

ထမင်းစားနေရင်း အာလုပ်သံနှင့် မီးဖိုချောင်မှာ တကုတ်ကုတ် အလုပ်လုပ်နေတဲ့ မိန်းမကို မျက်နှာလို မျက်နှာရ လှမ်းမေးမိတယ်။

‘ဘာမှ မဝယ်ခဲ့ပါနဲ့တော်၊ ရှင်ပင်စင်ထုတ်ရက်ကို သိလို့ မနေ့ညနေထဲက ငါးသည် ဒေါ်စိန်မက ငါးလေးတွေလာရောင်းပြီးသား စောစောသာပြန်ခဲ့ပါ၊ ငါးလေးအိုကပ်ကို ပင်စိမ်းလေးအုပ်ပြီး ချက်ထားမယ်’

‘အံမယ် ပင်စင်က မထုတ်ရသေးဘူး၊ အကြွေးပေးမယ်လူနဲ့ အကြွေးတောင်းမယ့်လူက အဆင်သင့်ပါလား၊’

သူ့ပင်စင်ဆိုလို များများစားစား မထင်လိုက်ပါနဲ့၊ သူအငြိမ်းစားစယူတုန်းက ရာဂဏန်းလောက်၊ နောက်တော့ ထောင် ဂဏန်းဖြစ်လာတာပေါ့။ အခုတော့ သောင်းဂဏန်း ရနေပါပြီ။ ငွေအရေအတွက်က အခုလိုတက် သွားသလို ကုန်ဈေးနှုန်းက လည်း အမွှာညီအကိုလို ပါပဲ။ ဘန်ကောက်ရောက်နေတဲ့ သားနဲ့သမီးက အိမ်က စားစရိတ်လေးလှမ်းပိုတော့ ပင်စင်လခလေး က အပိုဝင်ငွေလေးဖြစ်လာ။ တစ်လတစ်ခါ ဟင်းကောင်းလေး တစ်ခွက်ချက်စားရ သလိုပါပဲ။

ဘုရားစင်အောက်က တိုင်ကပ်နာရီ ကိုလှမ်းကြည့်တော့ ရထားချိန် နီးလာတာနဲ့ ဘူတာရုံလေးကို ဆင်းလာခဲ့တယ်။ သာစည်-ရွှေညောင်နဲ့ စာပို့လော်ကယ်လောက်ရပ်တဲ့ ဒီတော ဘူတာရုံလေးကတဆင့် မြို့နယ်ဘဏ်ရုံးစိုက်ရာကို သွားရမှာ၊။ ရုံပိုင်ကြီးကလည်း သူပင်စင်ထုတ်ရက်ကို အလိုလိုသိနေတယ်။ ဘယ်သွားမလဲ မေးမနေတော့ဘူး။ လက်မှတ်တမ်း ထုတ် ပေးပါတယ်။ နာရီဝက်လေးဆယ်ငါးမိနစ်လောက် စီးပြီးရင် ဘဏ်ရုံးစိုက်တဲ့ မြို့နယ်ကြီးကို ရောက်တာပါပဲ။ ယခင်တုန်း ကတော့ ဘဏ်ရုံးကို ပင်စင်စာအုပ်ထပ်တာက တစ်ရက်၊ ဘဏ်ငွေသွားထုတ်တာက တစ်ရက်၊ အခုတော့ အဲလိုမဟုတ်တော့ ပါဘူး။ လကုန်ခါနီး ၂၂ရက် နောက်ပိုင်းဆို ပင်စင်တမ်းထုတ်လို့ရတော့ သူ့အတွက် ခရီးအသွားအပြန် မပင်ပန်း တော့ဘူးလေ။ ဘဏ်ရုံးကို ရောက်တာနဲ့ ဆံပင်တဖွေးဖွေး အငြိမ်းစား ဝန်ထမ်းတွေကို တွေ့ရသလို ကိုယ်လက်အင်္ဂါ မသန်စွမ်းတော့တဲ့ စစ်မှုထမ်းဟောင်းများကိုလည်း တွေ့မြင်ရပါတယ်။

နေ့လည် (၁၂) နာရီလောက်ကြတော့ ပင်စင်ထုတ်ပြီး မိရွှေညွန့်က စောစောပြန်ခဲ့လို့မှာလိုက်တာနဲ့ ဘူတာကို တန်းဆင်း လာခဲ့တယ်။ ရထားက သတ်မှတ်ချိန်ထက် အနည်းငယ် နောက်ကျမယ်လို့ လက်မှတ်ရောင်းကောင်တာက ပြောတာနဲ့ ဘူ တာစင်္ကြန်ထဲက လူခပ်ရှင်းရှင်းထိုင်ခုံ တနေရာသွားပြီး ဒီနေ့ ဘဏ်ရုံးနားက စစ်မှုထမ်းဟောင်းတွေရောင်းတဲ့ စာအုပ်တစ် အုပ်ကိုထုတ်ကာ ရထား အလာစောင့်နေခဲ့တယ်။

စာအုပ်အမည်က မွန်သူရဲကောင်းများ။ စာအုပ်ကို ဟိုလှန်ဒီလှန်ဖတ်ပြီး ရှေ့ဆုံးစာမျက်နှာက မစပဲ အလယ်လောက်က စဖတ်လိုက်တော့ မွန်သူရဲကောင်း လဂွန်းအိမ် အကြောင်းဖတ်လိုက်ရတယ်။ မွန်ဘုရင် ရာဇာဓိရာဇ်က သူရဲကောင်းတွေကို ချစ်မြတ်နိုး တန်ဖိုးထားသလို သူ့ရဲ့ မွန်သူရဲကောင်းများကလည်း ကိုယ့်အရှင် ကိုယ့်သခင် အပေါ် သစ္စာရှိကြပြီး ရာဇာဓိ ရာဇ်က မိမိရဲ့ မိဖုရားကိုပါ စွန့်လွှတ်၊ လဂွန်းအိမ်ကို သူရဲကောင်း မြှောက်စားပုံများ ဖတ်ရင်းနဲ့ ကြက်သီးထမိတယ်။ ကြည်လည်း ကြည်နူး နေမိပါတယ်။ အဲဒီအချိန်မှာပဲ ဘူတာရုံအတွင်းကို ယူနီဖောင်းဝတ်ဆင်ထားတဲ့ ရဲဘော်နှစ်ဦး လူနာတင် ကဒ် သယ်ယူလာကြတယ်။ ဒဏ်ရာရစစ်သားတစ်ဦးလည်း ကဒ်ပေါ်မှာ ညဉ်းသံ တိုးတိုးကြားရတယ်။ ခရီးသည်ရှင်းတဲ့ သူ့ရဲ့အနားကိုပဲ လူနာကိုလာချပြီး သယ်လာတဲ့ ရဲဘော်နှစ်ဦးက ဘူတာအပြင် ခပ်လှမ်းလှမ်းမှာ ဆေးလိပ်သွားဖွာနေကြပါ တယ်။ ဒဏ်ရာရ လူနာရဲဘော်လေးအနားကို သူချည်းကပ်သွားတယ်။ အပေါ်အင်္ကျီယူနီဖောင်းလေး ဝတ်ဆင်ထားပြီး လက် နှစ်ဖက်မှာလည်း ဆေးတွေချိတ်ထားလို့ ။အောက်ပိုင်းကို ပုဆိုးလေး ဝတ်ဆင်ထားပြီး ဘယ်ခြေ တစ်ဖက်ကတော့ ဒူးဆစ် အောက်ကနေ တိုင်းပြည်အတွက် သူစွန့်ခဲပြီ။ ဒဏ်ရာက ရက်မကြာသေးတဲ့ အနေအထား၊ အဖြူရောင်ပတ်တီးများက သွေး စွန်းနေလို့၊ ရဲဘော်လေးကို ခပ်တိုးတိုး မေးမိတယ်။

‘ဘယ်လိုဖြစ်တာလဲ၊ ရဲဘော်’

ရဲဘော်လေးက မှိန်းနေရာမှ မျက်လုံးလေးအသာ ဖွင့်လာပြီး၊

‘မိုင်းနင်းမိတာပါ’ လို့ ခပ်တိုးတိုး ညဉ်းပြီးပြန် ဖြေရှာတယ်။

ဒီလိုသူနဲ့ ရဲဘော်လေး မေးမြန်းနေချိန်မှာ ဒီ ဘူတာရဲ့ တာဝန်ကျ ဗိုလ်မှူးတစ်ယောက်၊ အနီးကဖြတ်သွားတယ်။ (နယ်မြို့များ အထူးသဖြင့် ပဲခူးတိုင်းအရှေ့ခြမ်း ဘူတာများတွင် ရထားလမ်း လုံခြုံရေး တပ်မတော်မှ တပ်စိတ်များထား ရှိပါတယ်။) သူနဲ့ ဒဏ်ရာရနေတဲ့ ရဲဘော်လေးကို ဗိုလ်မှူးလေးက လှည့်တောင်မကြည့်သွားဘူး။ သူ က စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ခဲ့လို့ သံယောဇဉ် တွယ်နေပေမယ့် ခေတ်ကြီးကိုပဲ အပစ်တင်ရမလား။ အခုတော့ တပ်မိသားစုဝင် အရာရှိတစ်ဦးက အားပေးဖော် မရတော့ပါလား။ သူ့ ရင်ထဲ စူးကနဲ ဖြစ်သွားမှု့နဲ့ အတူ သူ့ရဲ့ အတိတ်လွင် ပြင်ဆီကို ပြန်ရောက်သွားပါတယ်။

x x x  ရှမ်းပြည်မြောက်ပိုင်း တစ်နေရာ။ တပ်မတော်က ရန်သူတောင်ကုန်းကို ဒီညအပြီး သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ရှေ့တန်း စစ်မြေပြင်တပ်ရင်မှာ ရဲဘော်လေးလှရွှေ။ တိုင်းပြည် ချစ်စိတ်နဲ့ တပ်မတော်ထဲ ဝင်လာပြီး တိုက်ပွဲများစွာ ဆင်နွဲခဲ့ရာမှာ ဒီတိုက်ပွဲက အပြင်းထန်ဆုံး ပါပဲ။ တောင်ကုန်းကို စစ်ကြောင်းနှစ်ကြောင်းခွဲ တက်ရောက်ဖြိုခွင်းဖို့ အမိန့်ကျလာတယ်။ တောင်ကုန်းအနောက်က ဝင်တိုက်မယ့်တပ်ခွဲက တပ်ခွဲတစ်ခွဲ၊ ရဲဘော်လှရွှေတို့ တပ်ခွဲကတော့ ရန်သူနဲ့ မျက်နှာခြင်းဆိုင် တိုက်ခိုက်ရမှာ။ ညသန်းခေါင်ယံမှာ ရန်သူဘက်ကိုစတိုက်ခိုက်ပါတယ်။ ဟိုဘက်ကလည်း အငိုက်မိချိန် ဆိုတော့ လက်နက်ငယ်များအစား လက်နက်ကြီးတွေနဲ့ တုန့်ပြန်ပြီး စတင်ပစ်ခတ်ပါတယ်။ တပ်မတော်ဘက်ကလည်း မနက်အရုဏ် တက်အမှီ အပြီးသိမ်းမှာဆိုတော့ တိုက်ခိုက်မှု အခြေအနေက အရမ်းပြင်းထန်နေတယ်။ နှစ်နာရီကျော် ပစ်ခတ်ပြီးချိန်မှာတော့ ရဲဘော်လှရွှေ အနားကို ‘ရွှီး . . ဝုန်း’ဆိုတဲ့ အသံတစ်ခု ကြားလိုက်ရတယ်၊ ရဲဘော်လှရွှေ ဒီအသံနဲ့ အတူ အဝေးတစ်နေရာကို လွင့်ပါသွားပြီး သူ့နောက်ဆုံးအသိကတော့ ငါတိုင်းပြည်အတွက် စွန့်လွှတ်လိုက်ပြီ ဆိုတာပါပဲ။

ဒီလိုနဲ့ နှစ်ရက်လောက်အကြာ တိုက်နယ်ဆေးရုံတစ်ခုရဲ့ ကုတင်ပေါ်မှာ အိပ်မက်ပေါင်းများ စွာကို ဖြတ်သန်းလာခဲ့တဲ့ သူတစ်ယောက် ပြန်လည်နိုးထလာခဲ့တယ်။ သူ ရဲဘော်လှရွှေ သတိရရခြင်း မျက်လုံးဖွင့်ကြည့်လိုက်တော့် မျက်နှာကျက် ကျောက်ပြားတွေကို စမြင်လိုက်ရတယ်။ ဘေးဘယ်ညာ ကြည့်လိုက်တော့လည်း သူ့လို ပက်လက်အနေအထား လူနာများကို တွေ့လိုက်ရတယ်။ အခုမှ အသိစိတ်ဝင်လာပြီး ရဲဘော်လှရွှေ သူ့လက်ဘယ်ညာကို ကြည့်လိုက်တော့ ဆေးထိုအပ်တွေ ချိတ်သွင်းထားလို့ ငါ့လက်နှစ်ဖက် အကောင်းပကတိပါလား၊ ပြီးတော့ ဘယ်ဘက်ခြေချောင်းတွေကို လှုပ်ကြည့်တယ်၊ ဘာအာရုံမှ မခံစားရ၊ ဒူးလှုပ်ကြည့်တော့လည်း ဒီအတိုင်းပဲ။ ပေါင်ရင်းကတော့ လှုပ်တဲ့ အချိန်ကြောင့် ဆစ်ကနဲ နာကျင် သွားတယ်။ သူသိလိုက်ပါပြီ ဘယ်ဘယ်ခြေထောက် ပေါင်ရင်းက စွန့်လွတ်ခဲ့ပြီဆိုတာကို .။ ဒါနဲ့ ကျန်တဲ့ ညာဘက်ခြေချောင်း တွေကို လှန်ကြည့်တော့လည်း တစ်ဖက်နည်းတူ။ ဒူးဆစ်နားရောက်တော့ လှုပ်ရမ်းလို့ရတယ်။ သူရဲ့ ခြေထောက်နှစ်ဖက် ကတော့ တစ်ဖတ်ကပေါင်းအရင်း တစ်ဖတ်က ဒူးဆစ်အောက်ကနေ စွန့်လွတ်လိုက်ရပြီ။ ဒါပေသိ ရဲဘော်လှရွှေ ငါအသက် ရှင်နေသေးပါတယ်လို့ မိမိကိုယ်ကို စိတ်အားတင်း အားပေးလိုက်ပါတယ်။ မကြာမှီ ဆရာဝန်ကြီး လှည့်လည် စစ်ဆေးပါတယ်။ ရဲဘော်လှရွှေ ကုတင်နားရောက်တော့

‘ဒီနေ့လည်မှာ သူ့ကို အနီးဆုံးလေယာဉ်ကွင်းရှိတဲ့ မြို့ကနေ မင်္ဂလာဒုံ စစ်ဆေးရုံသို့ပို့ပေး မှာဖြစ်ကြောင်းနဲ့ ခြေလက်များ ပြန်လည်သန်စွမ်းရေး လုပ်ပေးသွားမယ်လို့ နှစ်သိမ့်အားပေး သွားပါတယ်။ ခဏအကြာတော့ လူနာတင်ကတ်နှင့်အတူ တပ်မှကားလေးတစ်စီးရောက်လာပြီး ရဲဘော်လှရွှေကို ဆေးရုံကနေ နှစ်နာရီလောက်မောင်းတဲ့ လေဆိပ်ကို ပို့ပါတယ်။ ရဲဘော်လှရွှေ ကို လေယာဉ်ပေါ်တမ်းမတင်ဘဲ လှေခါးအတက်အဆင်းမှာ ကားရပ်ပေးထားပါတယ်။ ခရီးသည်တွေကို တက်နေတာတွေတော့ သူကို ခရီးသည်တွေပြီးမှ တင်ပေးမယ်ထင်ပြီး ပြန်မှိန်းနေလိုက်ပါတယ်။ ဒီအချိန် လေယာဉ်ကွင်းကို ‘တဝှီး,.ဝှီး’အသံနဲ့ စစ်ကားလေးတစ်စီးရောက်လာပါတယ်။ ရဲဘော်လှရွှေ စောင်းငဲ့ကြည့်လိုက်တော့ ‘အော် တိုင်းမှူးကား ပါလား’ ၊ သူနဲ့ အတူ ရန်ကုန် လိုက်မလို့ တွေးနေချိန်မှာ တိုင်းမှူးက ကားပေါ်မှ ဆင်းလာပြီး ရဲဘော်လှရွှေ ဆီတန်းလာပါတယ်။ ရဲဘော်လှရွှေလည်း လက်နှစ်ဖက်က ဆေးတွေ ချိတ်ထားတော့ လှုပ်မအားတာနဲ့ ပြုံးပြီး နှုတ်ဆက်တယ်။ တိုင်းမှူးက အသံတိတ်အလေးပြုမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းငြိတ်ပြပြီး သူ့ကို အားပေးစကားတွေ တသီတတန်း ပြောပါ တော့တယ်၊ ရဲဘော်လှရွှေရဲ့ မိသားစုကို အကြောင်းကြားပြီးကြောင်း တပ်မတော်မှ ဆုလျှော်ကြေး(နစ်နာကြေး)များနဲ့ ပင်စင်ရဖို့ ဆောင်ရွက်ပေးထားကြောင်း၊ မင်္ဂလာဒုံဆေးရုံမှာ ပြန်လည်သန်စွမ်းရေး ပြုလုပ်ပေးမှာ ဖြစ်တဲ့အကြောင်း အခုလို တိုင်းပြည်အတွက် စွန့်စားစွန့်ဝံ့သူကို လေးစားဂုဏ်ပြုပါကြောင်း အားပေးနှစ်သိမ့်ပြီး ကားပေါ်ပြန်တက်ပြီး လေဆိပ်မှ ထွက်ခွာသွားပါတယ်။

ရဲဘော်လှရွှေကြည်နူးမှုအပြုံးက မျက်နှာပေါ်မှာ တမ်းပေါ်လာတယ်။ ‘ငါလို သာမာန် ရဲဘော်တစ်ယောက်ကို လေဆိပ်အထိ လာရောက် အားပေးလိုက်တာ ချစ်စရာကောင်း လိုက်တာ။ ဒဏ်ရာအနာက တစ်ဝက်လောက် သက်သာသွားတယ် လို့ ထင်ရတယ်။ ဆေးရုံကဆင်းပြီးရင် ဘာလုပ်ဘာကိုင်စားသောက်မယ်ဆိုတာ မတွေးမိဘူး။ အခုတိုင်းပြည်အတွက် ခြေနှစ် ဖက် စွန့်လိုက်ရတာကိုပဲ မိမိကိုယ်ကို ဂုဏ်ယူနေမိပါတယ်။

x x x ဒီလို အတိတ်က မိမိဖြစ်ရပ်များနဲ့ ယခုပင်စင်စား စစ်ပြန်ကြီး ရဲဘော်လှရွှေ ဒီဘူတာထဲက ရဲဘော်လေးကို နှစ်သိမ့် အားပေးရုံမှတပါး ဘာမှ မတတ်နိုင်ပြီ။ ‘မင်းကွာ အဖြစ်ဆိုးလိုက်တာ’လို့ ရဲဘော်လှရွှေ စိတ်အတွင်းကသာ ပြောနိုင်ပြီး ပင်စင်လစာထဲက ငွေကြေးအချို့နဲ့ အနီးနားဈေးဆိုင်က ကျွဲရိုင်းတစ်ဗူးသာ ဝယ်ပေးနိုင်ခဲ့တယ်။ ယခုလို တိုးတက်နေတဲ့ ခေတ်ကြီးမှာ မော်တော်ကားတွေ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းနေတာ ဘာလို့များ . . . ရဲဘော်လှရွှေ ဆက်မတွေးချင် တော့။ မိမိလိုက်မယ့် ရထားကလည်း အချက်ပေး သံချောင်းခေါက်သံပေးနေပြီ။ ရဲဘော်လှရွှေ ဆိုက်ရောက်လာသော ရထားပေါ်လေးလံစွာ တက်ရောက်နေမိတယ်။ ၁ မိန်ကျော်သာရပ်တဲ့ ရထားကြီးက ထွက်ခွာ သွားပါပြီ။ ရထားပေါ်မှ စစ်ပြန်ကြီ်းရဲဘော်လှရွှေ ရဲဘော်လေးကို အလေးပြုလိုက်ပါတယ်။ ရဲဘော်လေးက မျက်နှာပြုံးလို့ ပြန်နှုတ်ဆက်ပါတယ်။ ရဲဘော်လှရွှေတို့လို ဘူတာရုံက ဒဏ်ရာရ ရဲဘော်လေးတို့လို အခြားသော အညတရ စစ်သည်တို့ ရဲ့ အိမ်အပြန် ခရီးလမ်းက ချောမွေ့ပါရဲ့လား ပင်ပန်းနွမ်းလျလျှက်ပဲလား အတွေးစ များစွာနဲ့... . . ရထားကြီးကတော့ တစ်ဘူတာပြီး တစ်ဘူတာ မောင်းနှင်ထွက်ခွာလို့  ....

ဂျုံး ဂျုံး ဂျက် ဂျက် ....
ဂျုံး ဂျက် ဂျုံး ဂျက် ....

ဗိုလ်သူရိန် ရေးသည်။