နရီမင်း- အသည်းကွဲဟိုတယ်






နရီမင်း- အသည်းကွဲဟိုတယ်
(မိုးမခ) မတ် ၂၉၊ ၂၀၁၇

ဓားသွားလို ထက်​မြက်​တဲ့ စကားလုံးတွေနဲ့
နှလုံးသားကို ဓားနဲ့ မွှန်းပြီး မင်း ထွက်​သွား
ပိတ်လိုက်တဲ့ တံခါးက ငါ့အသည်းကို ခွဲပစ်ခဲ့။

မင်း ဖွင့်ထားခဲ့တဲ့ မီးလုံးတွေ
စစ်ကြောရေးဝင်နေသလို
မဖြေနိုင်တဲ့ ​မေးခွန်းတွေ မေးနေဆဲ။

တ​ခုတည်းသော ကြည့်စရာ
လှောင်ပြောင်နေတဲ့ မျက်နှာကျက်အောက်မှာ
ငါဟာ ဂုဏ်​သိက္ခာမဲ့သွားတဲ့ လူတယောက်ပါ။

အဆုံးတင်ပစ်ခဲ့တဲ့ အဲကွန်းကြောင့်
အိပ်ရာခင်းက အေးစက်လွန်း
ခေါင်းအုံးတလုံးက စိုရွှဲ​နေပြီး
နောက်တလုံးက ပိုင်ရှင်မဲ့လို့။

စားပွဲပေါ်မှာတော့
မင်း ဖောက်သောက်ခဲ့တဲ့ ဘီယာဘူးခွံတွေနဲ့
စားလက်စတန်းလန်း ကြာဇံပြုပ်ပန်းကန်က
ဇာတ်လမ်းကို ဆက်ရေးဖို့ ကြိုးစားဆဲ။

နံရံတွေရဲ့ ရယ်သံတွေအကြား မင်းရဲ့ စွဲချက်များနဲ့
ထောင်ဒဏ်တစ်သက်ကျသွားတဲ့ ငါဟာ
အသည်းကွဲဟိုတယ်မှာ။

နရီမင်း
၂၉- ၃- ၂၀၁၇

Design by KT#