ထွန်းဝင်းငြိမ်း - NCA လား၊ တရားမျှတမှုရှိသော အပစ်အခတ်ရပ်စဲရေး စာချုပ်သစ်လား



ထွန်းဝင်းငြိမ်း - NCA လား၊ တရားမျှတမှုရှိသော အပစ်အခတ်ရပ်စဲရေး စာချုပ်သစ်လား
(မိုးမခ) မတ် ၉ ၊ ၂၀၁၇


တကျော့ပြန်တိုက်ပွဲတွေ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ မတ်လ ၆ရက်နေ့ မနက် ၂ နာရီလောက်က စပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါ တယ်။ အခုအချိန်အထိ ပစ်ခတ်နေဆဲဖြစ်ကြောင်း သတင်းတွေ တက်နေပါတယ်။ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ အင်အား ၃၀ ခန့်က ရဲဝတ်စုံ တွေ အယောင်ဆောင်ဝတ်ဆင်ပြီး ရန်လုံကျိုင်းရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ပြန်လည် ခုခံခဲ့ရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်တာတွေ့ရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ဌာနေမျိုးနွယ်စုတွေ သေကြေထိခိုက် ပြီး အပြစ်မဲ့ ပြည်သူတွေ ဒုက္ခကြုံတွေ့စေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုကို စွန့်လွတ်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ လာရောက်ဖို့ ကြေညာချက် ထုတ်ပြန်ပြီး ဖိတ်ခေါ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

အစိုးရတပ်မတော်က ကိုးကန့်၊ ဟုန်အိုင်ဒေသကို အပြင်းအထန် တိုက်ခိုက်နေပြီး မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ MND AA ကို အမြစ်ပြုတ်ချေမှုန်းဖို့ ရည်ရွယ်နေတာကြောင့် မလွှဲမရှောင်သာ ပြန်လည်ခုခံတိုက်ခိုက်တာ ဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။ ကိုးကန့်တပ်ဖွဲ့အနေနဲ့ လောက်ကိုင်ကို ၀င်ရောက်တိုက်ခိုက်တာက မော်ထိုက်ဒေသဘက် မှာ ကိုးကန့်တပ်ဖွဲ့တွေကို အစိုးရတပ်မတော်က လေယာဉ်နဲ့ တလျောက်လုံး တိုက်ခိုက်နေတာကြောင့်လို့လည်း အချို့သတင်းတွေကဆိုပါ တယ်။ MNDAA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဟာ ကိုးကန့်ဒေသမြောက်ဖက်ခြမ်းမှာ အစိုးရတပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့အကြား လွန်ခဲ့တဲ့ ဇန်န၀ါရီလကတည်းက ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လောက်ကိုင်မြို့အထိ ပျံ့နှံ့လာတာဖြစ်ပါတယ်။

အားလုံးပါဝင်ရေးနဲ့ သုံးပွင့်ဆိုင်

ပြီးခဲ့တဲ့ မတ်လသုံးရက်နေ့က အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် PC နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ညှိနှိုင်းရေးအဖွဲ့ DPN တို့ တွေ့ဆုံခဲ့ပါတယ်။ NCA မှာ လက်မှတ်မထိုးရသေးတဲ့ UNFC အဖွဲ့ဝင်တွေတောင်းဆိုထားတဲ့ အချက်ကိုးချက်ကို ဆွေးနွေးခဲ့ပြီး မူအရ သဘောတူကြမယ့် နှစ်ဖက်ဆက်လက်ဆွေးနွေးညှိနှိုင်းမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးအတွက် အားတက် လောက်စရာ အခြေအနေတွေတော့ မဟုတ်သေးပါဘူး။ အကြောင်းကတော့ သုံးရက်နေ့တွေ့ဆုံပွဲမှာ DPN အနေနဲ့ အဓိကအင်အားစုတခုဖြစ် တဲ့ ကချင်အဖွဲ့ ပါမလာပါဘူး။ နောက်တခုက မူအရသဘောတူညီချက်တွေမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ UNFC ရဲ့ တောင်းဆိုချက်တွေ ပုံဖျက်ခံ နေရတယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

နိုင်ငံရေးဆွေနွေးပွဲမှာ ပါဝင်ကြမယ့် အစုအဖွဲကိစ္စ၊ ဆုံးဖြတ်ချက်ချရမယ့် နည်းလမ်းကိစ္စ၊ ဒီဆွေးနွေးပွဲကရရှိတဲ့ ဆုံးဖြတ်သဘောတူညီချက် တွေအတိုင်း ၂၀၀၈ ကိုပြင်ရမယ်ဆိုတဲ့ကိစ္စတွေဟာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ထူထောင်ရေးအတွက် သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဟာ လက်ရှိ NCA စာချုပ်ကို နှစ်ဖက်ညှိနှိုင်းမှုတွေ မပြီးပြတ်သေးတဲ့ အခြေ အနေတွေကြောင့် လက်ရှိမူဘောင်တွေအတိုင်း ဆက်လက်လိုက်ပါဖို့ မဖြစ်နိုင်ဘူးလို့ ရပ်ခံနေကြတာပါ။ လက်ရှိ NCA စာချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့မရအောင် အကာအကွယ်ပေးနေတာကြောင့်လည်း ဖြစ်ပါတယ်။

UNFC ရဲ့ ညှိနှိုင်းရေးအဖွဲ့ DPN အတွင်းရေးမှူး ခူဦးရယ်က NCA လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အဓိကအတားအဆီးဖြစ်နေတာက NCA မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အားလုံးပါဝင်ရေးနဲ့ နိုင်ငံရေးဆွေးနွေးမှုဖြစ်စဉ် အဆင့်ဆင့်မှာ သုံးပွင့်ဆိုင် သဏ္ဌာန်နဲ့ သွားဖို့ နှစ်ဖက်သဘောတူနိုင်တဲ့ အခြေအနေ မရောက်သေးကြောင်း။ တိုက်ပွဲတွေ ပြန်ဖြစ်ပေါ်လာတယ်ဆိုရင်အဖြေ ရှာ၊ ဖျန်ဖြေဖို့အတွက် UNFC က အဆိုပြုထားတာတွေ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

အင်အားနည်းသူတွေကို ဖိအားပေးနေ

ဒီနေရာမှာ အစိုးရနဲ့တပ်မတော်ဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထဲက အင်အားကြီးသူတွေကိုသာ ဆွေးနွေးလိုပြီး အင်အားနည်းသူတွေကို ဖိအားပေးနေတာကိုလည်း တိုင်းရင်းသားအရေး လေ့လာသူတွေက ထောက်ပြပြောဆို နေကြပါတယ်။ ဝေဖန်နေကြ တဲ့အချက်တွေထဲမှာ NCA ကို လက်မခံတဲ့ 'ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်' UWSA ကို ဆွေးနွေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်တာ တွေ့ရပေမယ့် စစ်ရေးအင်အား သိပ်မရှိတဲ့ မွန်ပြည်သစ်ပါတီကိုတော့ NCA လက်မှတ်ထိုးဖို့ ဖိအား ပေးတဲ့အနေနဲ့ တပ်မတော်က ဂိတ်စခန်းတစ်ခုပြီးတစ်ခု ဖယ်ရှားခိုင်းနေတာမျိုးတွေ ပါဝင်ပါတယ်။ အခုတော့ ပြေလည်သွားပြီလို့ ဆိုပါတယ်။

အခုလို ပြင်းထန်တဲ့စစ်ပွဲတွေကို မရပ်တန့်နိုင်ဘဲ မတ်လအတွင်းမှာ ၂၁ ပင်လုံ ညီလာခံလုပ်မယ် ဆိုရင် UNFC ကလည်း အရင် အစိုးရနဲ့ NCA ဆွေးနွေးမှုလမ်းကြောင်းအတိုင်း ဆက်သွားမလား၊ အခု ၀ ဒေသ ဆွေးနွေးပွဲရလဒ်အရ NCA ကို "ပိုမိုကောင်းမွန်တဲ့ စာချုပ်" နဲ့ အစားထိုးပြီး ဆက်သွားမလားဆိုတဲ့ လမ်းဆုံမှာ လမ်းကြောင်းတခုခုကို ရွေးချယ်ရမယ့် အနေအထားဖြစ်လာနိုင်တယ်လို့ သုံးသပ်မိပါတယ်။ တကယ်တော့ ပန်ဆန်းညီလာခံဟာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ NCA က ဖြေရှင်းမပေးနိုင်တဲ့အတွက် NCA ကို အခြေမခံတဲ့ နိုင်ငံရေးလမ်းစဉ်ကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေးဆွေးနွေးဖို့ ဝ ခေါင်းဆောင် ပေါက်ယိုချန်းကို ဖိတ်ခေါ်တာလည်းရှိတဲ့အတွက် ဒါဟာ ဝ အဖွဲ့ရဲ့အဆိုကို သွယ်ဝိုက်ပြီး အသိအမှတ်ပြုလိုက်တဲ့သဘော ဖြစ်နိုင်သလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါ ကြောင့် ၀ ပြည် သွေးစည်း ညီညွတ်ရေးပါတီ UWSA က ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှု ကော်မတီ ဖွဲ့စည်းဖို့ ပြင်ဆင်နေတာကို အခုလိုတွေ့ရပါတယ်။

နိုင်ငံရေးဆွေးနွေးမှုကော်မတီ

ဝ အဖွဲ့က သူ့နိုင်ငံရေးအဖွဲ့ကို “နိုင်ငံရေးဆွေးနွေးမှုကော်မတီ” လို့ လောလောဆယ် နာမည်ပေးထားပါတယ်။ ကော်မတီရဲ့ အဓိကလုပ်ငန်း စဉ်ကတော့ တရားမျှတမှုရှိသော အပစ်အခတ်ရပ်စဲရေး စာချုပ်သစ် နဲ့ NCA ကို အစားထိုးနိုင်ဖို့ပါ။ ဒီအဖွဲ့မှာ ဝ အဖွဲ့ UWSP/ UWSA က (၅)ဦး။ ကချင်အဖွဲ့ KIO/KIA က (၄) ဦး။ မိုင်လားအဖွဲ့ PSC/NDAA က (၄)ဦး။ ရှမ်းမြောက်အဖွဲ့ SSPP/SSA က (၄)ဦး။ ကိုးကန့် အဖွဲ့ MNTJP/MNDAA က (၃)ဦး။ ပလောင်အဖွဲ့ PSLF/TNLA က (၃)ဦး။ ရခိုင်အဖွဲ့ ULA/AA က (၃)ဦး။ မွန်အဖွဲ့ NMSP/MNLA က (၃)ဦး။ ကရင်နီအဖွဲ့ KNPP က (၂)ဦး ဆိုပြီး အဖွဲ့အစည်း(၉)ခုကနေ အဖွဲ့ဝင် (၃၁)ဦးနဲ့ ဖွဲ့စည်းဖို့ ရည်ရွယ်ထားကြောင်း သိရတယ်။ ဝ အဖွဲ့က ဥက္ကဋ္ဌနေရာယူမှာ ဖြစ်ပြီး ကျန်တဲ့ အဖွဲ့ (၈)ဖွဲ့က တစ်ဦးစီက ဒုတိယဥက္ကဋ္ဌနေရာတွေကို ရယူသွားကြမှာ ဖြစ်တယ်။ အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းတော့လည်း ဝ အဖွဲ့ကတော့ အတွင်းရေးမှူးနေရာကို ရယူမယ်၊ ကျန်အဖွဲ့တွေကတော့ ဒုအတွင်းရေးမှူးတွေ ဖြစ်ဖို့ပါပဲ။

နိုင်ငံရေးဆွေးနွေးမှုကိုယ်စားလှယ်အဖွဲ့

ဝ အဖွဲ့ရဲ့ သဘောထားက “နိုင်ငံရေးဆွေးနွေးမှုကော်မတီ” အောက်မှာ “နိုင်ငံရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့” ကို ထားရှိလိုပုံရတယ်။ ဝ အဖွဲ့က ဦးဆောင်တဲ့ ဒီအဖွဲ့ကိုလည်း အခုလို ဖွဲ့စည်းမှာပါ။ ဝ အဖွဲ့ UWSP/UWSA က (၃)ဦး။ ကချင်အဖွဲ့ KIO/KIA က (၂) ဦး။ မိုင်းလား အဖွဲ့ PSC/NDAA က (၂)ဦး။ ရှမ်းမြောက်အဖွဲ့ SSPP/SSA က (၂)ဦး။ ကိုးကန့်အဖွဲ့ MNTJP/MNDAA က (၂)ဦး။ ပလောင်အဖွဲ့ PSLF/ TNLA က (၂)ဦး။ ရခိုင်အဖွဲ့ ULA/AA က (၂)ဦး။ မွန်အဖွဲ့ NMSP/MNLA က (၂)ဦး။ ကရင်နီအဖွဲ့ KNPP က (၂)ဦး ဆိုပြီး အဖွဲ့ (၉)ဖွဲ့ကနေ (၁၉)ဦးနဲ့ ဖွဲ့စည်းသွားဖို့ပါ။ ဝ အဖွဲ့ကပဲ ရန်ပုံငွေကို တာဝန်ယူမှာ ဖြစ်ပြီး Technical team အပါအဝင် အခြားကိစ္စရပ်များမှာလည်း ဦးဆောင် သွားမှာဖြစ်ကြောင်း သတင်းတွေအရ သိရပါတယ်။

DPN အလိမ်မခံရဖို့

မကြာခင်က UNFC/DPN အဖွဲ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့တာ အားရကျေနပ်မှုအချို့ ရရှိခဲ့တယ်လို့ဆိုပါတယ်။ အခု ဖြစ် ပေါ်နေဆဲ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ၂၁-ရာစုပင်လုံညီလာခံမတိုင်မီမှာပဲ NCA ကို လက်မှတ်ထိုးဖို့ ရှိတယ်လို့ ဆိုပါတယ်။ တကယ်လို့ UNFC/DPN တပ်ပေါင်းစုအနေနဲ့ NCA ကို အပစ်ရပ်လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့ရင် ဝ ဦးစီးတဲ့ နိုင်ငံရေးဆွေးနွေးမှုကော်မတီနဲ့ ကိုယ်စားလှုယ်တွေဟာ မလိုအပ်တော့တဲ့ လုပ်ငန်းတခုလို ဖြစ်သွားစရာရှိပါတယ်။ ဒါပေမဲ့ DPN ကလည်း အစိုးရနဲ့ မြန်မာ့တပ်မတော်ကို ဘယ်လောက်ယုံကြည်မှုတည်ဆောက်နိုင်မလဲဆိုတာ ခန့်မှန်းရခက်တဲ့ အဖြေတစ်ခုပါ။ အချို့သော တိုင်းရင်းသားအရေး သုံးသပ်သူတွေက တော့ UNFC/DPN တို့ဟာ အလိမ်မခံရဖို့ အရေးကြီးကြောင်း တွက်ဆပြောဆိုနေကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ NCA ကို လက်မှတ်ထိုးဖို့ဆိုရင် ကာချုပ်မူ ၆ ချက်ကို ပြင်ပြီး UNFC ရဲ့ ညှိနှိုင်းရေးအဖွဲ့ DPN က တင်ပြထားတဲ့မူ ၉ ချက်ကို လက်ခံဖို့ လိုအပ်ပါတယ်။ အဲဒါကိုတော့ မူအရသာ လက်ခံတယ်။ NCA အမည်ကို ယူပြီး AA, MNDAA နဲ့ TNLA တို့ကိုကျတော့ တပ်အနေနဲ့ ဆွေးနွေးမှာမဟုတ်ဘူးလို့ တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်း ဦးက ပြောကြားခဲ့တာပါ။ အဲဒီ အဖွဲ့(၃)ဖွဲ့ကို ချန်ထားခဲ့ရင် တနိုင်ငံလုံးအပစ်ရပ်ရေးဆိုပြီး ပြောလို့မရနိုင်တော့ပါဘူး။

ဒီလိုအနေအထားတွေ ဖြစ်နေရတာဟာ မြန်မာ့တပ်မတော်ရဲ့ မရိုးသားမှုတွေလို့ တိုင်းရင်းသားအဖွဲ့တွေက ယူဆစရာ ဖြစ်ပါတယ်။ အရင်က ထိုးဖူးတဲ့ စာချုပ်ကို မြန်မာ့တပ်မတော်က မလေးစားရင် လက်ရှိ NCA ကိုလည်း တိုင်းရင်းသားအဖွဲ့တွေက လိုက်နာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း စစ်အင်အားတိုးချဲ့စုစည်းဖို့ တွန်းအားပေးသလို ဖြစ်နေပါတယ်။

လက်ရှိ NLD အစိုးရအနေနဲ့ ငြိမ်း ချမ်းရေးရသွားရင် နိုင်ငံရေးကနေ ထွက်သွားရမယ့် အုပ်စုတွေရှိနေတာကြောင့် ငြိမ်းချမ်းရေးမရအောင် တနည်းမဟုတ်တနည်း ဆောင်ရွက် နေတဲ့အဖွဲ့အစည်းတွေ ရှိနေတယ်ဆိုတာ အားလုံးကသိနေကြပါတယ်။ အဲဒီအုပ်စုဟာ ငြိမ်းချမ်းရေးရမှာ အင်မတန်ကြောက်နေပုံပါပဲ။ တိုင်း ရင်းသားအဖွဲ့တွေအနေနဲ့ UNFC/DPN မူအရ အားလုံး ပါဝင်ခွင့် မရှိရင် NCA ကို လက်မှတ်ထိုးစရာအကြောင်း မရှိဘူးလို့ မြင်ကြပါတယ်။

ညှိနှိုင်းစရာ မပြီးပြတ်သေး

လက်ရှိ NCA စာချုပ်ဟာ နှစ်ဖက်ညှိနှိုင်းမှုတွေ မပြီးပြတ်သေးဘဲ ဆက်လက်ညှိနှိုင်းစရာ အခြေအနေတွေရှိသေးတယ်ဆိုတာ လက်ရှိအစိုးရက ရော၊ တပ်မတော်ကပါ အသံထွက်တာ မတွေ့ရပါဘူး။ NCA ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာ နဲ့ တပ်မတော်တို့ ပါဝင်ပြီးတော့ အပြန်အလှန် အကျေအလည် ဆွေးနွေးထားတဲ့ Single Text စာချုပ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် နှစ်ဖက် ညှိနှိုင်းမှုတွေ မပြီးပြတ်သေးဘဲ ဆက်လက်ညှိနှိုင်းဖို့ ရှိသေးတာကို လက်ရှိအစိုးရနဲ့ တပ်မတော်က NCA အဆုံးသတ်ပြီးပြီ လက်မှတ်ထိုးဖို့ပဲ ကျန်တော့သယောင် ပြောဆိုနေတာပါ။

အဲဒါနဲ့ ပတ်သက်ပြီး NCA စာချုပ်ညှိနှိုင်းစဉ် တလျှောက်လုံးပါဝင်ခဲ့တဲ့ KIO ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ၁၊ ၃၊ ၂၀၁၇ နေ့စွဲပါ NCA ဆွေး နွေးခဲ့စဉ်ကြစဉ်က (ယခင်အစိုးရနှင့်) ဆိုတဲ့ မှတ်တမ်း စာမျက်နှာ ၃ မှာတော့ “ဒီလိုနဲ့ ပဉ္စမမူကြမ်း (အတည်ပြုမူကြမ်း) အပြီးမှာတော့ EAO’S အချို့က လက်မှတ်ထိုးခဲ့ကြပြီး အချို့ကတော့ အစိုးရသစ်နဲ့ ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ နိုင်ငံရေးအာမခံချက်ပေးနိုင်တဲ့စာချုပ်အဖြစ် မျှော်လင့်ထားသော်လည်းဘဲ “ဆွေးနွေးပွဲရလဒ်များနှင့်အညီ” ဆိုတဲ့အဆင့်အထိဘဲ ရရှိခဲ့ကြပါတယ်။ တနိုင်ငံလုံးမှာတိုက်ပွဲများ ချုပ်ငြိမ်းသွား နိုင်ဖို့ ရည်ရွယ်လျှက် NCA လက်မှတ်ရေးထိုးပြီးပါက အစိုးရအနေဖြင့် တနိုင်ငံလုံးတွင် စစ်ဆင်ရေး စီမံချက်များ ရပ်ဆိုင်းထားပြီး အပစ်အခတ် ရပ်စဲကြောင်းကြေငြာပေးစေလိုကြာင်း . . . ကို UNFC/DPN မှ ဆက်လက်၍ အလေးအနက် တောင်းဆိုနေဆဲဖြစ်ပါတယ်။” ဆိုပြီးဖေါ်ပြထား တာကို တွေ့ရပါတယ်။ ဒါကြောင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဟာ ဆက်လက်ညှိနှိုင်းစရာ မပြီးပြတ်သေးဘဲ လက်ရှိမူဘောင် တွေအတိုင်း ဆက်လက်လိုက်ပါဖို့ မဖြစ်နိုင်ဘူးလို့ ရပ်ခံနေကြတာပါ။

နောက်တချက်က လက်ရှိ NCA စာချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့မရအောင် အကာအကွယ်ပေးနေတာကြောင့် ဖြစ်ပါ တယ်။ နိုင်ငံရေးဆွေနွေးပွဲမှာ ပါဝင်ကြမယ့် အစုအဖွဲ့၊ ဆုံးဖြတ်ချက်ချရမယ့် နည်းလမ်း၊ ဒီဆွေးနွေးပွဲကရရှိတဲ့ ဆုံးဖြတ်သဘောတူညီချက်တွေ အတိုင်း ၂၀၀၈ ကိုပြင်ရမယ်ဆိုတဲ့အခြေအနေတွေဟာ ၂၁ ပင်လုံညီလာခံအနေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ရင် ဒီမိုကရက် တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှာမဟုတ်တဲ့အတွက် ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးလည်း မရနိုင်ပါဘူး။ NCA နဲ့ မူဘောင်ကို မပြင်ဘဲ NCA မှာ လက်မှတ်ထိုးရင် နိုင်ငံရေးအရ မှားယွင်းမှုကို ကျူးလွန်ရာရောက်သွားမှာပါ။ နောက်ဆုံးအခြေအနေက အစိုးရရဲ့ ငြိမ်းချမ်း ရေးကော်မရှင် PC နဲ့ UNFC/DPN တို့ တောင်းဆိုထားတဲ့ အချက်ကိုးချက်ကို ဆွေးနွေးခဲ့ကြပြီး မူအရ သဘောတူကြပေမယ့် နှစ်ဖက် ဆက် လက် ဆွေးနွေးညှိနှိုင်းဖို့ ကျန်ပါသေးတယ်။

NCA နဲ့ မူဘောင်တွေကို မုချပြင်ကြဖို့

လက်ရှိဆောင်ရွက်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်အောင်ဆောင်ရွက်ဖို့ဆိုရင် တပ်မတော်ရဲ့ ထိုးစစ်တွေ ရပ်စဲရပါမယ်။ NCA နဲ့ မူဘောင်ကို ပြင်ဆင်ရပါမယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးကို ၂၁ ရာစု ပင်လုံညီလာခံမှာ တန်းတူ ရည်တူ တက်ရောက်ခွင့်ပြုရပါမယ်။ အဲဒီလို အကောင်အထည် မဖေါ်နိုင်သေးရင်တော့ ၂၁ ရာစု ပင်လုံညီလာခံဟာ နောက်ထပ်ညောင်နှစ်ပင် ညီလာခံအဖြစ် သမိုင်းတွင် ကျန်ခဲ့မှာဖြစ်ပါတယ်။ ဒါကြောင့် ၂၁ ရာစု ပင်လုံညီလာခံကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ညီလာ ခံကြီးအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ဖို့ NCA နဲ့ မူဘောင်တွေကို မုချပြင်ဆင်ကြဖို့ တိုက်တွန်းလိုပါတယ်။

အဲဒီလိုမှ မဟုတ်ရင် ၀ ပြည် သွေး စည်းညီညွတ်ရေးပါတီ UWSA က “ဦးဆောင်ပြီး” တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုကော်မတီကနေ ဆောင် ရွက်မယ့် “တရားမျှတမှုရှိသော အပစ်အခတ်ရပ်စဲရေး စာချုပ်သစ်” က အသက်ဝင်လာမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း ၇၊ ၃၊ ၂၀၁၇

( ဓါတ်ပုံ -  ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌ ပေါက်ယူချမ်း ကို တွေ့ရစဉ်  )