ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဆောင်းဖြူ ● မ.ထ.သ အပြာ နဲ့ YBS အဖြူ

 
ဆောင်းဖြူ ● မ.ထ.သ အပြာ နဲ့ YBS အဖြူ
(မိုးမခ) မတ်လ ၁၅၊ ၂၀၁၇

(YBS နှစ်လပြည့်)

(၁)
မောင်ဆောင်းတို့ ရန်ကုန်မှာ အခြေချကတည်းက မ.ထ.သ နဲ့ လုံးထွေးပြီး နှစ်ပါးသွားကသလို ဖြစ်သန်းလာခဲ့ရတာ နှစ်တွေမနည်းဘူးဆိုရမယ်။ ရန်ကုန်ရောက်စက မ.ထ.သ ကို ‘မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ’ လို့တောင် သိတာမဟုတ်ဘူး။ မ.ထ.သ ကို ‘မြို့ထဲသို့’ လို့ ထင်ပြီး တွေ့ရာကား တက်စီးသွားလိုက်တာ ရန်ကုန်မြို့ထဲ မရောက်ဘဲ အင်းစိန်ဘက် ပါသွားလို့ တော်တော် ခွတီးခွကျ ဖြစ်လိုက်ရသေးတယ်။

ရန်ကုန်ဘတ်စ်ကားတွေကလည်း အဆန်းတွေ။ ပထမဆုံး ကားပေါ်ရောက်ရောက်ချင်း သတိထားမိတာက နေရာအနှံ့ ရေးထားတဲ့ စာတန်းတွေ …။ ဒရိုင်ဘာအပေါ် ကားရှေ့ခန်းမှာ ရေးထားတဲ့ စာသားကို ကြည့်ပါဦး။ ‘ဤကားသည် ဗုဒဘုရားရှင်၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် လိုက်ပါစီးနင်းသူ အားလုံး ချမ်းမြေ့ကြပါစေ’ တဲ့။ စာကိုဖတ်ရင်း မောင်ဆောင်း ကြည်နူးသွားတယ်။ သြော် စိတ်ချမ်းသာစရာကောင်းလိုက်တာ၊ ဒီကားကို မောင်းနှင်သူ ဒရိုင်ဘာကြီးနဲ့ ယာဉ်နောက်လိုက်လည်း အန္တရာယ်ကင်း ချမ်းမြေ့ကြပါစေ လို့ ပြန်ဆုတောင်းပေးရုံရှိသေး -

“ဟိုအလယ်က ဆရာသမား၊ အထဲနည်းနည်း ၀င်စီးလေဗျာ။ ခင်ဗျားတို့က ကားစီးတာေ -ာက်ချိုးကို မပြေဘူး။ တောသားတွေ …” တဲ့။

မေတ္တာပို့နေတဲ့ မောင်ဆောင်း နည်းနည်းတွန့်သွားတယ်။ ဘယ်သူ့ပြောနေပါလိမ့်လို့ လှည့်ကြည့်လိုက်တော့ မောင်ဆောင်းကို မျက်ထောင့်နီကြီးနဲ့ ဘုချိုး ချိုးလို့။ အပြာရောင်ဝတ်စုံကို ရင်ဘတ်ဟပြဲ ၀တ်ပြီး ဆေးမင်ကြောင်တွေ တကိုယ်လုံးနီးပါး အပြည့်ထိုးထားတဲ့ ဘုရားရှင်ရဲ့ မေတ္တာရိပ်အောက်က စပယ်ယာကြီးဟာ ဒေါသ တထောင်းထောင်း ထလို့ပါလား။ ဒရိုင်ဘာကလည်း နောက်ကြည့်မှန်ထဲ တချက်လှမ်းကြည့်ပြီး ကားဘရိတ်ကို ဆောင့်နင်းပြီး ပညာပြပြန်တော့ မောင်ဆောင်းတို့တတွေမှာ အယိုင်ယိုင်အလဲလဲကို ဖြစ်လို့။

“ဟ ဖြည်းဖြည်းလုပ်ပါဟ။ ကားပေါ် လိုက်လာတာ လူတွေနော်။ ဆီးသီးတွေမဟုတ်ဘူး” လို့ ခရီးသည် တယောက်က ပြောတော့ - “ဘတ်စ်ကားစီးရင် ဒါမျိုး ကြုံရမှာပဲ။ မကြုံချင်ရင် တက္ကစီငှားစီး” ဆိုတဲ့ ငှက်ဆိုးထိုးသံက ဒရိုင်ဘာဆီက ထွက်လာတယ်။ မောင်ဆောင်းရဲ့ အရှေ့မှာတော့ ‘ထမင်းရှင်ကို ရိုသေစွာ ဆက်ဆံပါ’ ဆိုတဲ့ စာတန်းကလေးကို ‘ကျေနပ်မှုမရှိပါက တိုင်ကြားရန်’  လို့ ရေးထားတဲ့ စာတန်းနံဘေးမှာ ပြူးပြူးကြောင်ကြောင်လေး မြင်နေရတယ်။

ပြောရရင် ဒီဆရာသမားတွေဟာ အများနဲ့ဆက်ဆံနေကြရတဲ့သူတွေလို့ ဆိုရမယ်။ မောင်ဆောင်းတို့ ခရီးသည်တွေကိုတင် မကဘူး။ လမ်းပေါ်မှာတွေ့တဲ့ တက္ကစီတွေကိုလည်း သံယောဇဉ်ကြီးရှာတယ်။ “ကားက ဆပ်ပြာခွက်လောက်ရှိတယ်။ ပါကင်ထိုးနေတာ မပြီးတော့ဘူး။ ဟေ့ ဆိုင်းဘုတ် မြန်မြန်လုပ်ကွ။ လေဖြတ်မနေနဲ့” ဆိုတာမျိုးလည်း ခဏခဏ ကြားရလေ့ရှိတယ်။ သူတို့တင်လား ဆိုပြန်တော့လည်း မဟုတ်ပြန်ဘူး။ ဘတ်စ်ကား လိုင်းတူတွေရော၊ မတူကွဲပြား အခြားလိုင်းတွေကိုရော တသားတည်း ဆက်ဆံတတ်တဲ့ မောင်မင်းကြီးသားတွေပေါ့။ “နောက်က ဘူကောင်ကျော်မယ် အာစိရေ။ ပေးကျော်လိုက် ပေးကျော်လိုက်။ ကွန်တော်တို့က မိဘကိုလုပ်ကျွေးနေတာ၊ ဒီကောင်တွေက မိန်းမကို လုပ်ကျွေးနေရတာ၊ မတူဘူး။ အဲဒီ သောကသမားတွေကို ပေးကျော်လိုက်” တဲ့။ ကလိတဲ့၊ ရိတဲ့နေရာမှာလည်း ရွှေချထားသင့်တဲ့ ပါးစပ်တွေပေါ့။



ကြာတော့လည်း ဒရိုင်ဘာ၊ စပယ်ယာတွေရဲ့ တုံ့ပြန်ဆက်ဆံမှုတွေကိုပဲ ရိုးလာတာလား၊ ကိုယ်တွေကပဲ သည်းခံခြင်းတရား လက်ကိုင်ထားနိုင်လာတာလား ဆိုတာ ဝေခွဲမရတော့ဘူး။ မ.ထ.သ လက်အောက်မှာက ဘတ်စ်ကားလိုင်းတွေကလည်း များသလို မော်ဖူးရမတတ် ဆက်ဆံရတဲ့ စပယ်ယာ၊ ဒရိုင်ဘာတွေဆိုတာလည်း ဒုနဲ့ဒေးဆိုတော့ ကားစီးရင် အလိုက်အထိုက် နေသာသလိုပဲ နေနေတော့တယ်။ တရက် တရက် အလုပ်သွား အလုပ်ပြန် သူတို့မျက်နှာလေးတွေ ကြည့်ကြည့်ပြီး သူတို့မျက်နှာမညိုအောင် နေရထိုင်ရတာလည်း ခေါက်ရိုးကို ကျိုးလို့။

ကိုယ်စီးမယ့်ကားတစီးလာပြီဆိုရင် ဦးခေါင်းကိုမော့၊ ရင်ကိုကော့ပြီး တိုးဝှေ့တက်ကြရတာ၊ ကားပေါ်ရောက်ရင် လွတ်တဲ့ခုံကို ကျီးကန်းတောင်းမှောက် ရှာရတာ၊ ကိုယ်ရပ်နေတဲ့ အနားက ထိုင်နေတဲ့လူ ထတော့မလားလို့ မျက်လုံးစွေစွေကြည့်ရတာ၊ အရပ်ပုတဲ့လူက အရပ်ရှည်တဲ့လူရဲ့ ချိုင်းအောက် ရောက်နေလို့ နှာခေါင်းတရှုံ့ရှုံ့ဖြစ်နေရတာ၊ လှတပတခြေထောက်ကလေး ကို ရွှံ့ပေနေတဲ့ဖိနပ်နဲ့ သွားနင်းမိလို့ ရန်တွေ့ခံရတာ၊ ကားကျပ်တာကို အခွင့်အရေးယူပြီး ရှိစုမဲ့စုလေးတွေ ခါးပိုက်နှိုက်ခံရတာတွေ ဆိုတာ ဘာမှ စာဖွဲ့လောက်တာ မဟုတ်ဘူး။

အဲဒီလိုပဲ စပယ်ယာတွေ တွန်းတင်တာ၊ တွန်းချတာ၊ ဖရုဿဝါစာတွေကို စက်သေနတ်ပစ်သလို တရစပ်ပစ်ပြီး စိတ်ဒုက္ခပေးတာ စော်ကားတာ၊ ခရီးသည်တွေရဲ့အသက်ကို ရှိတယ်လို့ကို မထင်ဘဲ တရကြမ်းမောင်းတာ၊ လမ်းပြောင်းပြန်ကို မျက်နှာပြောင်ပြောင်နဲ့မောင်းတာ၊ လမ်းတ၀က်မှာ ခရီးသည်တွေကို အကုန်ဆင်း ခိုင်းပြီး နောက်ကားတစီးပေါ် ငါးပိသိပ်သလို ထိုးသိပ်တင်ပေး လိုက်တာ၊ ယာဉ်စစ်အဖွဲ့မြင်မှ တန်းမှာ လက်သုတ်ဝတ်လိုတင်ထားတဲ့ အပြာရောင် ယူနီဖောင်းလေး ကို ကမန်းကတန်းကောက်ဝတ်ပြီး အလှူခံသွားထည့်တာ၊ ယာဉ်စီးခကို သူတို့ဘာသာ ဆုံးဖြတ်ပြီး တောင်းချင်သလို တောင်းနေတာ၊ တိုင်မယ်တောမယ်ဆိုတဲ့ ခရီးသည်ကို အသက်သေဆုံးသည်အထိ ကိုယ်ထိလက်ရောက် ထိုးကြိတ် ရန်ပြုတာ၊ အထက်က အရေးယူရင်လည်း ‘ဒီလိုင်းပြုတ်ရင် ဟိုလိုင်း’ ဆိုပြီး လေကလေးတချွန်ချွန်နဲ့ နောက်တစီးပေါ် ကော့ကော့လေး တက်သွားတာ စတဲ့ အကြောင်း တွေကလည်း ထူးမခြားနား ဇာတ်လမ်းတွေပါပဲ။

အဲဒီလို မ.ထ.သ ရဲ့ မောင်မင်းကြီးသားတွေအကြောင်းကို ပြောရရင် အမောသာဆို့သွားမယ်။ ကုန်မယ်မထင်ဘူး။ ပြောင်းလဲဖို့သင့်ပြီလို့ အများက ဝေဖန်ထောက်ပြနေတဲ့ အဖွဲ့အစည်းတခုဟာ ဘယ်သူ့ဘယ်သူမှ အလေးမထားဘဲ၊ မပြောင်းမလဲ ပြောင်ပြောင်တင်းတင်း ရပ်တည်နေတာ မောင်ဆောင်းတို့ စီးနေရတဲ့ ဘတ်စ်ကားလောကပေါ့။ သူတို့မပြောင်းတော့ မောင်ဆောင်းတို့ ခရီးသည်တွေကပဲ ကားထဲမှာ ရေးထားတဲ့ ‘မိမိ၏ စည်းစိမ်နှင့် မာနကို အိမ်တွင် ထားခဲ့ပါ’ လို့ ညွှန်ကြားစာတဲ့အတိုင်း ခပ်ကုပ်ကုပ်ကလေး စီးနေဖြစ်တာ ကြာလှပေါ့။

အဲဒီလို စိတ်ပျက်လက်ပျက်ဖြစ်၊ စိတ်လျှော့ထားတဲ့အချိန်မှာပဲ ရန်ကုန်ဘတ်စ်ကားလောကကို မြို့ပြအင်္ဂါရပ်နဲ့ညီအောင် ပြောင်းပစ်မယ်ဆိုတဲ့အသံတွေ သိုးသိုးသန့်သန့်ကြားလိုက်ရတယ်။ မောင်ဆောင်းတို့မှာတော့ မယုံရဲယုံရဲနဲ့ပေါ့။ မယုံရဲဆို ခေတ်အဆက်ဆက် ခံခဲ့ရတာလည်း များလှပြီကိုး။

မောင်ဆောင်းတို့ကြားရတဲ့အသံတွေဟာ တိုးနေရာကနေ တဖြည်းဖြည်းကျယ်လာပြီး ၂၀၁၇ အစမှာပဲ အကောင်အထည်ပေါ်လာခဲ့ပါတယ်။ မ.ထ.သ အစား YBS (Yangon Bus Services) တဲ့။ ဖောင်းပွ နေတဲ့ကားလိုင်းတွေကို လျှော့ချပြီး လိုင်းတွေကို ပေါင်းလိုက်မတဲ့။ မြို့တွင်းဧရိယာတွေထိ ကားတွေကို မ၀င်ခိုင်းဘဲ အပြင်မှာထားပြီး မြို့ထဲကို တဆင့်ထပ်သွားရမတဲ့။ ကားဟောင်းတွေကို တဖြည်းဖြည်း ဖြုတ်ပြီး ကားသစ်တွေကို အစားထိုးသွားမတဲ့။ စပယ်ယာတွေကိုလည်း လျှော့ချပြီး နောက်ပိုင်း ကတ်စနစ်ကို သွားမတဲ့။

ကြားရတာတွေကတော့ များမှများ။ ဘယ်လိုဖြစ်ဖြစ် မောင်ဆောင်းတို့ကတော့ YBS ကို အပြည့်အ၀ထောက်ခံပြီး ကြိုဆိုလိုက်ပါတယ်။ ရေရှည်ကောင်းဖို့ ပြောင်းရတာမို့ အစပိုင်းမှာ အခက်အခဲတော့ တွေ့ရမှာပဲ၊ အပြောင်းအလဲမှာ ခေါင်းခဲစရာတော့ ကြုံရမယ်၊ ခု ကားပေါ်တက် ခု လိုရာမရောက်နိုင်ဘူး စသဖြင့် ရင်ဆိုင်ရမယ့်အရာတွေကို ကြိုတွေးပြီး ပြင်ဆင်ထားလိုက်ပါတယ်။

ဘယ်ပြောကောင်းမလဲ၊ အပြောင်းအလဲ စတဲ့နေ့မှာ ဘယ်နေရာကြည့်ကြည့်၊ ရန်ကုန်ဘတ်စ်ကားရဲ့ ထမင်းရှင် လူအုပ်ကြီးဟာ ကားတစီးလာရင် လာတဲ့နံပါတ်ကို ချဲဂဏန်းကြည့်သလို ကြည့်ပြီးတော့ တောင်ပြေးရမလို၊ မြောက်ပြေးရမလိုဖြစ်၊ စာရွက်ကလေးတွေကိုင်ထားတဲ့ ဗော်လန်တီယာလေးတွေ ကို အားကိုးတကြီးမေး၊ ရောက်တယ်ဆိုတဲ့ကားပေါ် စုပြုံတိုးတက်၊ အပြာရောင်ကနေ အဖြူရောင်ကို ဟချလောင်း ဆိုပြီး ပြောင်းသွားတဲ့ဝတ်စုံ ၀တ်ထားကြသူ ယာဉ်နောက်လိုက်တွေရဲ့ စကားသံချိုချို ကလေးတွေကို နားထောင်နဲ့ ပျော်စရာကြီးကို ဖြစ်လို့။ ကားတွေက အပြိုင်အဆိုင်လည်း မမောင်းကြ ဘူး။ လမ်းတ၀က်မှာလည်း အကြောင်းအမျိုးမျိုးပြပြီး ကားပြောင်းပေးတာမျိုးလည်း မရှိဘူး။ ကားလမ်းကြောင်းတွေ ကြည့်ရ မေးရတာ၊ တိုးရစ်တယောက်လို လမ်းညွှန်စာရွက်ကြီး ကိုင်ကိုင်ပြီး ကားစီးရတာ၊ ကားပိုကျပ်လာတာတွေကလွဲရင် မဆိုးဘူး၊ နိပ်သားပဲဟ လို့ မောင်ဆောင်းတွေးနေမိပါ ရဲ့။
အဲဒီလိုနဲ့ ….

(၂)
အဲဒီလိုနဲ့
မ.ထ.သ အဲ … YBS ကို နေ့စဉ် နေ့စဉ် စီးလာလိုက်တာ တရက်မှာတော့ မောင်ဆောင်းစောင့် နေကျမှတ်တိုင်မှာ ကားစောင့်နေတုန်း စီးရမယ့်ကားတစီးလာနေတာကို အဝေးကပဲ လှမ်းမြင်ရပါ တယ်။ ကားခမျာ နောက်က ကျားလိုက်လာတဲ့ပုံစံမျိုးနဲ့ ကမူးရှူးထိုး မောင်းလာတာကို မြင်ရတယ်။ မောင်ဆောင်းက ခြေလှမ်းပြင်ပြီး လက်လှမ်းတားလိုက်တော့ လှည့်တောင်မကြည့်ဘဲ ဆက်မောင်း သွားတယ်။ သိပ်မကြာခင် နောက်က အူယားဖားယား လိုက်လာတဲ့ လိုင်းတူကားတစီး ကလည်း မောင်ဆောင်းကို တာ့တာပြပြီး ထားခဲ့ပြန်တယ်ခင်ဗျ။ မှတ်တိုင်မှာ အူလည်လည်နဲ့ ကျန်ခဲ့ရတဲ့ မောင်ဆောင်းမှာတော့ ခရီးသည်ကို ရပ်မပေးရင် တိုင်ကြားနိုင်တယ် ဆိုလား၊ ကားတွေအချင်းချင်း ပြိုင်မောင်း လုမောင်းရင် တိုင်တန်းနိုင်တယ် ဆိုလား၊ စတဲ့ ဆိုလား ဆိုလားတွေကို ပြန်စဉ်းစားရင်း နောက်ကားကိုသာ စိတ်ရှည်ရှည်နဲ့ စောင့်ရပြန်ပါတယ်။

နောက်ကားကတော့ ကျွီခနဲ ရပ်ပေးပြီး ကားပေါ်ကတယောက်ကို မြန်မြန် တွန်းချရင်း မောင်ဆောင်းကို အတင်းဆွဲတင်ပါတယ်။ မောင်ဆောင်းလည်း YBS ကားပေါ် ကားယားကြီး ရောက်သွားတော့မှ သက်ပြင်း ချနိုင်တယ်။ ကားပေါ်မှာ လူကလည်း တော်တော်ကျပ်နေတော့ ရှေ့ ၀င်ရကောင်းနိုး၊ နောက်ထဲ အားစိုက် တိုးရကောင်းနိုး ဝေခွဲမရ ဖြစ်နေတုန်းမှာပဲ -

“ကဲ … အထဲ ၀င်စီးကြပါ။ ဒီအပေါက်တခုတည်းနဲ့ လုပ်စားနေရတယ်ဆိုတာ ဟိုတုန်းကလည်း ခဏခဏ ပြောဖူးတယ်။ ခုလည်း ခဏခဏ ပြောနေရတုန်းပဲ။ ခင်ဗျားတို့မှ မပြုပြင်ရင် ဘယ်လို စီးပွားရှာရမလဲ။ အမိန့်ပေးနေတာ မဟုတ်ဘူးနော်။ အကူအညီတောင်းနေတာ။ လူဆိုရင်တော့ အလိုက်သိကြမှာပဲ” တဲ့။ သတ္တုသံစွက်နေတဲ့အသံက အမိန့်ပေးနေတာ မဟုတ်ဘူး လို့တော့ ပြောရှာသား။ မျက်နှာကလည်း မှုန်တေတေနဲ့ ဆိုတော့ အထဲ နည်းနည်းတော့ တိုးကြည့်လိုက်တယ်။ မောင်ဆောင်း တိုးဝင်လိုက်တော့ ရှေ့က အဘိုးကြီးက သူ့ချိုင်းကြားညှပ်ထားတဲ့ အိတ်ကို ရှေ့ဘက် ပြောင်းကိုင်လိုက်တယ်။ YBS နဲ့အတူ တကျော့ပြန် အတိုးချ လှုပ်ရှားလာကြတဲ့ ခါးပိုက်နှိုက်ရန်ကို ကြောက်လို့ ထင်ပါ့။

စီးရင်းစီးရင်း ကားက လူပိုကျပ်လာလေ၊ စပယ်ယာရဲ့အသံက ညံစီလာလေ ဖြစ်လာတယ်။ “ဘယ်မှတ်တိုင် အနီးဆုံးပါလဲ မေးထား။ နောက်ကားကို ကြည့်ဦး” ဆိုတဲ့ ဒရိုင်ဘာရဲ့အသံအဆုံးမှာ ကားက ဇက်ထိန်းမရတဲ့မြင်းလို တရကြမ်း မြန်လာတယ်။ ကျပ်တောက်နေတဲ့ လမ်းမပေါ်မှာ ဟိုကျော်ဒီခွနဲ့ တရှူးရှူးတရှဲရှဲ မောင်းနေတော့ ‘၁ နာရီ မိုင် ၂၀ ထက် ပိုမမောင်းရ’ စာတန်းကလေးနဲ့ ‘သင် ဘေးမသီရန်မခဘဲ အိမ်ပြန်လာချိန်ကို သင့်မိသားစုက စောင့်ကြိုနေကြပါသည်’ ဆိုတဲ့ စာတန်းလေးတွေခမျာ အထိတ်တလန့်ကို ဖြစ်လို့။

“…. မှတ်တိုင်ပါရင် ထွက်ထား။ ဖင်ကို ထိုင်ခုံမှာ ကျောက်ချမထားနဲ့။ ကားဖိုက်နေတယ်။ နားလည်ပေးကြ” ဆိုတဲ့ လေသံမာကျောကျောကို ထပ်ကြားလိုက်ရတော့ ဒီနေ့ကြားရတဲ့ လေသံမျိုးတွေဟာ နားထဲမှာ အသားကျနေတဲ့လေသံမျိုးတွေပါလား၊ ဟုတ်မှ ဟုတ်ရဲ့လား၊ ငါ အိပ်မက် မက်နေတာများလားဆိုပြီး အဆင်းပေါက်နားထွက်ရပ်ရင်း ကိုယ့်လက်ကိုယ် ဆိတ်ကြည့်လိုက်တော့ အားလားလား၊ နာတယ်ဗျ၊ ဒါ အိပ်မက်မဟုတ်ဘူး၊ တကယ် တကယ်။

မှတ်တိုင်ရောက်တော့ အလိုက်တသိ မြန်မြန်ဆင်းလိုက်ပေမယ့် စပယ်ယာက စေတနာဗရပွနဲ့ နောက်ကတွန်းချပေးလိုက်တော့ အရှိန်လွန်ပြီး ပလက်ဖောင်းပေါ် ကန့်လန့်ကြီးစိုက်ထားတဲ့ YBS လမ်းညွှန်ဆိုင်းဘုတ်နဲ့ နဖူးနဲ့ မိတ်ဆက်မိသွားတယ်။
အရင်တုန်းကလို မာန်မျိုးနဲ့ မှတ်တိုင်ကနေ ဆောင့်ကြီးအောင့်ကြီး ထွက်သွားတဲ့ YBS ကို မောင်ဆောင်း နဖူးပွတ်ရင်း လှမ်းကြည့်လိုက်တော့ …

အလို… ကားပေါ် လွှားခနဲ ခုန်တက်လိုက်ပါသွားသူ စပယ်ယာရဲ့ အင်္ကျီက အပြာရောင် သန်းနေပါလား၊ ဘုရား ဘုရား၊ မောင်ဆောင်းပဲ ခေါင်းမူးပြီး အမြင်မှားတာလား၊ YBS စပယ်ယာက သူ့အင်္ကျီကို ပိုဖြူ ပိုသန့်စေချင်လို့ မဲနယ်ဆိုးထားတာများလား။ အဲဒီလို အတွေးတွေပွားရင်း Yangon Bus Services ဆိုတဲ့ YBS ဟာ Yangon Bad Society ဆိုတဲ့ YBS မဖြစ်စေဖို့ မောင်ဆောင်း ဆုတောင်းနေမိပါရဲ့လေ။

(၂၀၁၇ ဖေဖော်ဝါရီ ၁၃)
ဆောင်းဖြူ