ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အောင်သူငြိမ်း ● တာဝန်ယူ တာဝန်ခံမှု (Accountability)

အောင်သူငြိမ်း ● တာဝန်ယူ တာဝန်ခံမှု (Accountability)
(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၇

တာဝန်ယူ တာဝန်ခံမှု (Accountability) ဆိုတာ အစိုးရအရာရှိတွေက ဆောင်ရွက်ကြတဲ့ လုပ်ဆောင်မှုများကို စောင့်ကြည့် ကြီးကြပ်မှု ရှိရမယ်၊ ခံနိုင်ရမယ်၊ အစိုးရရဲ့ဆောင်ရွက်ချက်တွေဟာ ဖော်ပြထားတာတွေ (ကတိပြုထားတာတွေ) နဲ့ လွဲနေ သလား၊ ရည်မှန်းချက်များကို ပြည့်မီသလား၊ အကျိုးရှိစေရန် ရည်ရွယ်ထားတဲ့ လူထု-ရပ်ရွာ (beneficiaries) တွေရဲ့ လိုအပ် ချက်ကို ဖြည့်ဆည်းနိုင်သလား… စသည်ဖြင့် တုံ့ပြန်တာမျိုး ဖြစ်ပါတယ်။

တာဝန်ယူ တာဝန်ခံမှု (Accountability) ဟာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good governance) အတွက် အခြေခံ အုတ်မြစ်တခုလည်း ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် "အာဏာလက်ကိုင်ရှိနေကြသူများ" (နိုင်ငံရေး၊ ငွေကြေး၊ အခြားပုံစံ) က သူတို့ရဲ့လုပ်ဆောင်ချက်တွေအပေါ် တာဝန်ယူခြင်း၊ တာဝန်ခံခြင်း ပြုတာမျိုး ဖြစ်ပါတယ်။ လူတစ်ဦး/ အဖွဲ့တစ်ခု၏ လုပ်ဆောင် မှုများကို အခြားတစ်ဦးက စောင့်ကြည့်နိုင်ရပါမယ်။ လမ်းညွှန် အကြံပေးနိုင်ရပါမယ်။ သူတို့ လုပ်ဆောင်မှုတွေ အပေါ်မှာ သတင်း၊ သို့မဟုတ် ရှင်းပြချက် (justification) ကို ရယူနိုင်ရပါမယ်။

အခု ရန်ကုန်ဘတ်စ်ကားလိုင်း (YBS) အပေါ် လွှတ်တော်အမတ်တွေက ဝေဖန်၊ ဆွေးနွေးနေကြ၊ မီဒီယာတွေက ဖော်ပြ နေကြ၊ ပြည်သူတွေက ပြောဆိုနေကြတာတွေရှိပါတယ်။ ဒါကို နားထောင်ဖို့၊ ဖြေကြားဖို့၊ လွဲချော်နေတာတွေကို ပြုပြင်ဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပျက်ကွက်နေတာဟာ တာဝန်ယူ တာဝန်ခံမှု (Accountability) ပျက်တာပါပဲ။

တာဝန်ယူ တာဝန်ခံမှု (Accountability) အမျိုးမျိုး ရှိကြပါတယ်။ အစိုးရ၏ တာဝန်ခံမှု (Public accountability) ဆိုတာ ရှိပါတယ်။ (ဒါကို အပေါ်သို့တာဝန်ခံမှုလို့လည်း ခေါ်ပါတယ်) ဆိုလိုတာက အစိုးရအာဏာပိုင်များ (အစိုးရများ၊ ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ ဒါမှ မဟုတ် အခြားအစိုးရဌာနများ) က အစိုးရရဲ့ တာဝန်ယူ တာဝန်ခံမှုကို နည်းမျိုးစုံသော ယန္တယား စနစ်များကတဆင့် တာဝန်ခံမှု ဖြစ်ပါတယ်။

နိုင်ငံရေးအရ- တရားရေးအရ တာဝန်ယူ တာဝန်ခံမှု (Political and Legal accountability) ဆိုတာလည်း ရှိပါသေးတယ်။ လွှတ်တော်- တရားရေးဌာန စသည်တို့က လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ကြတာပါ။ ယေဘုယျအားဖြင့် ထောင်လိုက် တာဝန်ခံမှုလို့ ခေါ်ကြပါတယ်။ (ထက်-အောက်သဘော တာဝန်ခံမှုပါ) သူတို့က ဖြေကြားဖို့ ဆင့်ဆိုနိုင်ပါတယ်။ အပြစ် ပေးနိုင်ပါတယ်။ ရာထူးက ဖြုတ်နိုင်ပါတယ်။ အစိုးရဌာနများ၊ ရုံးများ၏ လုပ်ဆောင်မှုများကို စစ်ဆေးနိုင်တဲ့ အာဏာ ရှိကြပါ တယ်။

ဒါအပြင် စာရင်းစစ်ချုပ်ရုံး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်၊ အွန်ဘာဒ်မင့် ရုံးများ (ombuds offices)၊ လူ့ အခွင့်အရေး ကော်မရှင်များ စတာတွေလည်း သူ့ကဏ္ဍနဲ့သူ ထိန်းညှိရေး တာဝန်ရှိကြပါတယ်။ သူတို့ကလည်း အစိုးရ၏ အာဏာကို ပြန်၍ ထိန်းကျောင်းကြပါတယ်။

ဒီလောက်နဲ့ မလုံလောက်ပါဘူး။ ထောင်လိုက်တာဝန်ခံမှု အပြင်၊ အလျားလိုက် တာဝန်ခံမှု (ရေပြင်ညီတာဝန်ခံမှု) Horizontal accountability ဆိုတာမျိုးလည်း ရှိပါသေးတယ်။ အစိုးရဌာနတွေအပြင် အလျားလိုက်တာဝန်ခံမှုမှာ နိုင်ငံသားများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများကလည်း ဖြေကြားမှု ရယူနိုင်ခွင့်ရှိပါတယ်။

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ အကူအညီကို ယူလို့ဖြစ်စေ၊ နစ်နာမှုများကို ဖြေရှင်းစေနိုင်ပါတယ်။ လူထု နည်းနဲ့ မေတ္တာရပ်ခံ၊ တောင်းဆိုမှုများလည်း ပြုနိုင်ပါတယ်။ လူထုအသံနှင့် သတင်းမီဒီယာများကို အသုံးပြုနိုင်ပါတယ်။

တနှစ်သား မြန်မာအစိုးရအပေါ်မှာ ခြုံငုံပြောရရင်တော့ တာဝန်ယူ တာဝန်ခံမှု (accountability) အားနည်း ချို့တဲ့နေတာ တွေ့မြင်ရပါတယ်။ ဒါဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတခုလုံးအတွက် စိုးရိမ်ဖွယ်ရာလည်း ဖြစ်ပါတယ်။ ဒါမျှသာမက တာ ဝန်ယူ တာဝန်ခံမှု (Accountability) ဟာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good governance) အတွက် အခြေခံ အုတ်မြစ်တခု ဖြစ်တယ်ဆိုတာလည်း သတိချပ်ဖို့ လိုအပ်ပါတယ်။