ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ပြည်သစ်ဟန် ● လောင်မီးမကျရပဲနှင့် ပြာစတို့အား လျှာနှင့်တို့ကြည့်ခြင်း

ပြည်သစ်ဟန် ● လောင်မီးမကျရပဲနှင့် ပြာစတို့အား လျှာနှင့်တို့ကြည့်ခြင်း
(မိုးမခ) ဧပြီ ၁၊ ၂၀၁၇

ကုန်လွန်ခဲ့သော ၂၀၁၆ ဒီဇင်​ဘာလလောက်က ဖြစ်မည်။ ကုန်လွန်ခဲ့သော......... ဟု ဆိုလိုက်သည်တွင် လွမ်းစရာတွေ၊ သတိရစရာတွေ၊ တန်ဖိုးထားအောင့်မေ့ဖွယ်ရာတွေပါ တပါတည်း ပါဝင်ခဲ့ပြီးသောနေ့ရက်တွေ ဖြစ်ပါသည်။ ရန်ကုန်သို့ရောက် ခိုက်နှင့် ကျွန်တော် "သိမ်ဖြူလမ်း" စာအုပ်ဈေးရောင်းပွဲတော်သို့ ရောက်ရှိသွားခဲ့ပါသည်။ ကျွန်တော့်ကို ညီတယောက်လို ချစ်ခင်တတ်သူ ကဗျာဆရာ "ကိုရွေး" နှင့် စာအုပ်ဈေးရောင်းပွဲတော်တွင် ဆုံဖြစ်သည်။ စကား အတန်ငယ်ပြောဖြစ်ကြရင်း "ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း" မှ ဆရာ "ကိုခါး" နှင့် မိတ်ဆက်ပေးသည်။ ထိုခဏအတန်ငယ်အတွင်း ကျွန်တော် နွေးထွေးမှု ရ လိုက်ပါသည်။ စာအုပ်ဈေးရောင်းပွဲတော်အတွင်းရှိ စာအုပ်ဆိုင်တွေ၏အကြား၊ ကဗျာဆရာစာရေးဆရာတို့၏အကြား၊ ကဗျာ အကြောင်း စာအကြောင်း ပြောဆိုသံတွေ၏အကြားတွင် အဘယ်သို့သော နွေးထွေးမှုမျိုးဟူ၍ ဖော်ပြဖို့ရန်လိုတော့မည် မ ထင်ပါ။ နောက် ဆက်တိုက်ဆိုသလို ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းတွင် စာအုပ်ဈေးရောင်းပွဲတော် ထပ်မံဖွင့်လှစ် ရောင်း ချပြန်လေသည်။ ကျွန်တော်တော့ ရောက်ရှိမသွားခဲ့ပါ။ စိတ်ထဲမှသာ ကျိတ်ဝမ်းသာရင်း မုဒိတာပွားမိပါသည်။ ထိုနေ့ရက် တွေဆီက စာအုပ်တွေ...... စာအုပ်တွေ လွမ်းဖွယ်ရာ သာကောင်းနေတော့သည်။ ထိုစာအုပ်တွေထဲတွင် တချိန်က အာဏာ ရှင်ကြောက်သောစာအုပ်တွေ ဘယ်လောက်များပါနေပြီလဲ.....။

ကျွန်တော်တို့တတွေ၏ အလေ့အထတွေထဲတွင် တစုံတခုကို သိမ်းဆည်းတတ်သော အလေ့အထရှိမည်ဟု ထင်မြင်မိသည်။ မိမိနှစ်သက်ရာ၊ အလေးထားရာ၊ တန်ဖိုးထားရာ ကိုယ်စီကိုယ်စီ အစုံစုံပေါ့။ ကျွန်တော့်တွင်လည်း ထိုအလေ့အထရှိပါသည်။အခြားတော့မဟုတ်၊ စာအုပ်တွေပင် ဖြစ်ပါသည်။ အလျင်းသင့်သလို မကြာမကြာ စာအုပ်တွေကို ဝယ်ယူဖြစ်ပါသည်။ ရင်းနှီးခင်မင်သူ ဆရာသမားတွေဆီမှလည်း လက်ဆောင်ရပါသည်။ ထိုသို့စာအုပ်တွေကို ကျွန်တော် စုဆောင်းမိခဲ့ သည်။ နောက် မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ပြန်လည်ငှားရမ်းသည်။ ကျွန်တော် စာအုပ်တွေကို စုဆောင်းရင်း စာအုပ်တွေမှာ လည်း အမြဲခရီးနှင်နေပါသည်။ ဤသည်ကို ကျေနပ်ပီတိဖြစ်ကာ စုဆောင်းရင်း၊ ငှားရမ်းရင်းဖြင့် စာအုပ်တွေကို ပိုမိုချစ်မြတ်နိုး လာခဲ့ပါသည်။ အသက်ဝင်နေသော စာအုပ်တွေဟူ၍ ဆိုလိုက်ချင်ပါသည်။ ထိုစာအုပ်တွေထဲတွင်လည်း တချိန်က အာ ဏာရှင်ကြောက်သော စာအုပ်တွေ ဘယ်လောက်များ ပါနေပြီလဲ.........။

ကျွန်တော်တို့သည် "ရွေးချယ်ခွင့်" နှင့်ပတ်သက်ပြီး ကိုယ်တိုင်ဆုံးဖြတ်ချက်ချရသည်ဖြစ်စေ၊ တစုံတယောက်က အဆုံး အဖြတ်ပေး၍ဖြစ်စေ ရွေးချယ်ခွင့်နှင့် အမြဲထိစပ်နေကြရပါသည်။ အယုတ်ရွဆုံး စားစရာသစ်သီးဝယ်ရာတွင်ပင် မိမိကောင်း မည်ထင်သော အလုံးအဝန်းကိုပါ ရွေးချယ်ဝယ်ယူတတ်ကြပါသေးသည်။ "အကြိုက်" နှင့်နှီးနွယ်၍ သဘာဝကျကျ ဖြစ်တည် နေသော "ရွေးချယ်ခွင့်" သည် ပြော၍မဆုံးနိုင်အောင် အများအပြား ရှိနေပါသည်။ စာအုပ်များနှင့်ဆက်စပ်ပြီး ဝယ်ယူသော အခါတွင်လည်း ရွေးချယ်တတ်ကြပါသည်။ လတ်တလော မိမိဖတ်ရှုလိုသောစာအုပ်က ဘာစာအုပ်လဲ ... စသည် စသည်ဖြင့် ရွေးချယ်တတ်ကြပါသည်။ ရသစာပေဖြစ်လျှင်ဖြစ်မည်၊ သုတစာပေ ဖြစ်လျှင်ဖြစ်မည်၊ အတွေးအမြင်ဆိုင်ရာ ဖြစ်လျှင်ဖြစ်မည်၊ အတ္ထုပ္ပတိ ဖြစ်လျှင်ဖြစ်မည် ... စသည် စသည်ဖြင့် အလိုလျောက် ရွေးချယ်နေမိတတ်ကြပါသည်။ ထိုရွေးချယ်ခြင်းသည်ပင် စိတ်၏ ငတ်မွတ်မှု၊ အတွေးအခေါ်အတွက် အာသာဖြေရာ အစားအစာတခု ဖြစ်နေပါသည်။ စာအုပ်တွေ ရွေးချယ်ဖတ်ရှု နေရသည်ပင် ဦးနှောက်နှင့်နှလုံးသားအတွက် အကြိုက်ကို ဖြည့်တင်းပေးနေသည်နှင့် တူနေပါသည်။ ရုရှားစာရေး ဆရာ "အီလျာ ဂရီဂိုးဗစ်ခ်ျအာရင်ဘခ့်" က "လူသည် သူ့ခေတ်ကို ရွေး၍ မရပါ။ ခေတ်ကသာ လူကို ရွေးသွားပါသည်" ဟူ၍ ပြော သောစကားကို အမှတ်ရမိသည်။ ကျွန်တော်တို့ အခြားအရာတွေထက် စာအုပ်တွေကို ရွေးချယ်ဖတ်ရှုနေရသည်ပင် ခေတ်က ရွေးချယ်မည့်အထဲမှာ ကျေကျေနပ်နပ်ကြီး လိုက်ပါစီးမျောနိုင်လိမ့်မည်ဟု ယုံကြည်မိသည်။ ထိုရွေးချယ်ခွင့်ထဲတွင်လည်း တချိန်က အာဏာရှင်ကြောက်သော စာအုပ်တွေ ဘယ်လောက်များ ပါသွားပြီးလဲ.........။

ကျွန်တော့်၏ တွေးထင်ယူဆချက်တရပ်တွင် စကားလုံး/စာလုံးတွေနှင့် ဖွဲ့စည်းထားသော စာအုပ်တအုပ်ထဲတွင် အသက်ဝင် စီးဆင်းနေသော ခွန်အားတွေအကြောင်းဖြစ်ပါသည်။ ထိုခွန်အားတွေသည် လက်နက်ခဲယမ်းတွေတပ်ဆင်ထားသော ကိုယ် ကာယအပေါ် အားပြုထားသော အဖွဲ့အစည်းတရပ်နှင့် ထူထောင်ဖွဲ့စည်းထားသော ခွန်အားတွေမဟုတ်သည်မှာတော့ သေ ချာလှပါသည်။ သို့သော်လည်း ထိုအရာတွေထက် သာလွန်သောအချက်တချက်မှာကား အသံတိတ် ခွန်အားများစုဆောင်းနိုင် ခြင်းပင် ဖြစ်ပါသည်။

စာတစ်ပုဒ်ရေးဖို့၊ သမိုင်းတခုကို ပြန်လှန်သုံးသပ် ရှာဖွေကြည့်ဖို့၊ ကမ္ဘာ့နေရာတိုင်းဆီမှ အဖြစ်အပျက် အကြောင်းအချက်များ ကို ကိုယ်တိုင်ရောက်သွားရသလို ကြုံသိရဖို့စသည် စသည်ဖြင့် အသံတိတ်ခွန်အားများကို ဖြည့်တင်းပေးနေသည်နှင့် တူပါ သည်။ နောက်ထပ် ရှုထောင့်တမျိုးမှ ကြည့်မည်ဆိုလျှင်လည်း အာဏာရှင်အမျိုးအစားတွေက ဘယ်လိုဘယ်ပုံ ကျင့်ကြံနေ ထိုင်ခဲ့ပုံ၊ လူသားဆန်သော ခေါင်းဆောင်တွေက ဘယ်လိုဘယ်ပုံ ကျင့်ကြံနေထိုင်ခဲ့ပုံတွေကို ရသစာပေပုံသဏ္ဌာန်ဖြင့် လည်းခံစားသိရှိနိုင်လေသည်။ အတွေးအမြင်ဆိုင်ရာ စာပေပုံသဏ္ဌာန်ဖြင့်လည်း တွေးခေါ်မြော်မြင်နိုင်လေသည်။ သုတ စာပေပုံသဏ္ဌာန်ဖြင့်လည်း သိမှတ်နားလည်နိုင်လေသည်။ အတ္ထုပ္ပတိစာပေတရပ်အနေဖြင့်လည်း ပိုမို၍ ထဲထဲဝင်ဝင် သိရှိ နိုင်လေသည်။ အကျိုးကျေးဇူးများကား မနည်းလှပါ။ ဤအသံတိတ် ခွန်အားတွေဖြင့် ကိုယ်ချင်းစာတရားတွေ လူသားဆန် သော နှလုံးရည်တွေကို မွေးဖွားပေးနိုင်လိမ့်မည်ဟု ယုံကြည်မိသည်။ ထို အသံတိတ်ခွန်အားတွေထဲတွင်လည်း တချိန်က အာဏာရှင်ကြောက်သောစာအုပ်တွေ ဘယ်လောက်များပါသွားခဲ့ပြီလဲ.......။

မကြာမီရက်အတွင်းက သတင်းတပုဒ်နားထောင်နေရင်း မြောက်ကိုရီးယားအစိုးရ၏ ခြိမ်းခြောက်မှုအဖြစ် အမေရိကန်နိုင်ငံသို့ ရောက်ရှိအောင် ပစ်ခတ်နိုင်မည့် တိုက်ချင်းပစ် ဒုံးကျည်တစ်စင်း ပြင်ဆင်နေသောအကြောင်းကို အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်က မယုံကြည်ပဲ ငြင်းဆိုလိုက်သောသတင်း ကြားမိလိုက်တော့ ကျွန်တော် ခဏမှင်သက်သွားမိသည်။ ဆူညံ နေသောကမ္ဘာကြီးထဲမှ တွန်းအားကြောင့် ဖြစ်မည်ထင်ပါသည်။ ကျွန်တော်တို့ကမ္ဘာကြီးသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာ သော၊ ဆူညံခြင်းတွေ ပိုမိုများပြားလာသော အသွင်ဆောင်လာသည်ဟု တွေးမြင်နေမိသည်။

ကျွန်တော်တို့၏ တွေးထင်ယူဆချက်များမှတဆင့် ရွေးချယ်ခွင့်နှင့်အတူ အလေ့အထတို့ ဖြစ်ပေါ်လာရာသည် ဘယ်လို အစပြုခဲ့သည်လဲ။ အစ ကနဦးကပင် တွေးထင်ယူဆချက်များ မွေးဖွားလာအောင် တထောင့်တနေရာမှ အသံတိတ် ခွန်အား များအဖြစ် စာအုပ်များသည် အကျုံးဝင် အကျိုးပြုနေမည်ဟု ယုံကြည်မိသည်။ ထိုယုံကြည်မှုသည်ပင် တခါတရံ ရိုက်ချိုး ဖျက်ဆီး ခံရတတ်ပေသေးသည်။

ကျွန်တော် ရန်ကုန်မှ ဇာတိနယ်မြို့သို့ပြန်သော နှစ်ထပ်ရှပ်ပြေးသဘောင်္ပေါ်တွင် ဖြစ်ပါသည်။ သဘောင်္ပေါ်မှ ခရီးသည်အ တွက် နေရာပေးထားပုံမှာ လူလေးယောက်စာ အကန့်အကန့်တွေနှင့် ဖြစ်ပါသည်။ ရန်ကုန်မှ အပြန်သတင်းစာ၊ ဂျာနယ်တွေ များများဝယ်သွားလေ့ ရှိပါသည်။ သဘောင်္ပေါ်တွင် သတင်းစာများကို ဆွဲထုတ်နေရင်း ကျွန်တော့ဘေးအကန့်မှ မိသားစု တစုတည်းဟုထင်ရသည့်အထဲမှ လူက သတင်းစာတောင်းသဖြင့်ခ ဏ ပေးလိုက်ပါသည်။ ကျွန်တော်လည်း နောင်မှ ဖတ် မည်ဟု ဆုံးဖြတ်လိုက်ပါသည်။ ထိုကဲ့သို့ သဘောင်္ပေါ်တွင် မေ့မေ့ပျောက်ပျောက်နှင့်နေလိုက်ရင်း အချိန်အတော်ကြာသွားပါ သည်။ သတိရ၍ သတင်းစာဖတ်ဦးမည်ဟု ပြန်တောင်းမည်ပြုလိုက်စဉ်တွင် ကျွန်တော့်သတင်းစာကို ကျွန်တော် လက်လွှတ် လိုက်ရဖို့ သေချာသွားခဲ့ပါသည်။ မိသားစုဟုထင်ရသည့် ထိုလူတစု၏ ထမင်းချိုင့်တွေ၊ ခရီးဆောင်အိပ်တွေ၊ အခြားစားဖွယ် ပစ္စည်းထုပ်တွေအောက်တွင် အောက်ခံအခင်းအဖြစ် ကျွန်တော်မဖတ်ရသေးသောသတင်းစာတွေ အသံတိတ် သေဆုံးသွား ခဲ့ပါပြီ။

ထိုသို့ဆိုရ၍ ကျွန်တော့်သတင်းစာတွေက ဟိုးလွန်ခဲ့သောအတိတ်ဆီမှ စာအုပ်မီးပုံရှို့ပွဲကြီးတွေ ပြုလုပ်ခဲ့သော ဂျာမနီ၊ ရော မ၊ တရုတ် စသည့်နိုင်ငံများမှ စာအုပ်ကြောက်သည့်အာဏာရှင်တွေ၏ လုပ်ရပ်တွေအကြားမှ လူထုနှင့်စာသော် အသေးအမွှား အပိုင်းအစလေးဟူ၍ စောဒကတက်နိုင်ပါသည်။ သို့သော်လည်း ထိုသူတွေက ကြောက်ရွံ၍ စာအုပ်တွေကို မီးပုံရှို့ပစ်ခြင်း ဖြစ်ပါသည်။ ကျွန်တော်ကြုံတွေ့လိုက်ရသည်ကား မီးပုံမရှို့ရပဲနှင့် သူ့အလိုလိုလောင်ကျွမ်းပြာကျသွားမည်ကို စိုးရိမ်မိခြင်းသာ ဖြစ်ပါတော့သည်။

ပြည်သစ်ဟန်