ဆောင်းယွန်းလ ● အသံထွက်တူပေမယ့် လမ်းဟာ မလန်းပါ


ဆောင်းယွန်းလ ● အသံထွက်တူပေမယ့် လမ်းဟာ မလန်းပါ
(မိုးမခ) ဧပြီ ၁၄၊ ၂၀၁၇

ပျော်ပါစေလို့ ဆုပေးသူကိုယ်တိုင်က
မပျော်တဲ့အခါ
ပူနေအောင်လောင်တဲ့ နွေဟာ
လေအေးစက်အပြည့်နဲ့ အခန်းထဲမှာလည်း
ဆောင်းပြန်ဖြစ်မလာခဲ့
ညှိုးနေတဲ့ သစ်တပင်အတွက်လည်း
ရေခဲတတုံးဟာ ရေတခွက်ဖြစ်မလာခဲ့
လုံလုံခြုံခြုံ အမိုးပေါ်ကို
ထပ်မိုးထားတဲ့ မိုးကသည်းလွန်းနေတော့
လုံခြုံမှုကို ခြုံစရာ အကာမရှိတော့ပါ။

ဒါဟာ.. သဘာဝပဲတဲ့
တိုင်းပြည်ကမွဲတော့
ပြာနှမ်းနေတဲ့ မျက်နှာတွေကို ခွဲခြမ်းစိတ်ဖြာစရာ
ဆန်းသစ်တဲ့ ကာလာတွေလည်း မရှိတော့ပါ။

ရေတခွက်ထဲက ရေတစက်ကိုလိုက်ရှာနေရတာလည်း
မောလှပါတယ်။

သမုဒ္ဒရာကြီးတွေကို ဖြတ်ပြီးရင်
တံတိုင်းကြီးတွေကို ကျော်ပြီးတဲ့အခါ
နည်ခြားစည်းတွေရဲ့တဖက်ကို ဖြတ်ကျော်ပြီးသွားတိုင်း
ကျန်ရစ်သူ ပြည်သူလူထုကြီးအတွက်
နောက်ဆုံးကျန်တာက မျက်ရည်တစက်ပါပဲ။

တဲတဲလေးကျန်နေတဲ့ကြိုးကို ဖြတ်ပြီးသွားတဲ့နောက်
တစုံတယောက်အတွက် လျှောက်စရာလမ်းဟာ
မြေပုံထဲက ခုန်ထွက်လွတ်မြောက်သွားခဲ့ပါတယ်။

သူပြန်မလာမယ့် လမ်းဟာ
သူ့ဆီကိုလည်း ပြန်မလာခဲ့တော့ပါ။

ဆောင်းယွန်းလ
(ဧပြီလ ၁၂ ရက်၊ ၂၀၁၇)