ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုသန်းလွင် ● နှစ်တစ်ရာပြည့် ရုရှားတော်လှန်ရေး

ကိုသန်းလွင် ● နှစ်တစ်ရာပြည့် ရုရှားတော်လှန်ရေး
(မိုးမခ) ဧပြီ ၂၄၊ ၂ဝ၁၇

(၁)
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ ၁၉၁၇ ခုနှစ်ကရုရှားပြည်တွင် အလွန်အရေးကြီးသော အဖြစ်အပျက်နှစ်ခု ဖြစ်ပွားခဲ့ပါသည်။ မတ်လ ၂ ရက်နေ့တွင် ဇာဘုရင် နိကိုးလပ် (Czar Nicholas II) နန်းစွန့်ခဲ့ပြီး ယာယီအစိုးရကိုဖွဲ့စည်း ပေးခဲ့ပါသည်။ တိုင်း ပြည်ကို ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သွားရန်လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်ပါသည်။ သို့သော် နောက်ရှစ်လကြာသောအခါ လီ နင် (Vladimir Lenin) ခေါင်းဆောင်သော ကွန်မြူနစ်ပါတီကဦးဆောင်ပြီး လူထုအုံကြွမှုဖြင့် အစိုးရကိုဖြုတ်ချခါ ကွန်မြူနစ် အစိုးရ တက်လာခဲ့ပါသည်။ ယခု၂ဝ၁၇ ခုနှစ်သည် ရုရှားတော်လှန်ရေး၏ အနှစ်တစ်ရာပြည့်နှစ်ဖြစ်ပါသည်။

ဇာဘုရင်မရှိတော့သော်လည်း ရုရှားစစ်တပ်ကရန်သူများနှင့် စစ်ပွဲတွေဖြစ်နေသည်။အစာရေစာရှားပါးပြီး လူမှုဒုက္ခများဖြင့် ပြည့်နှက်နေသောအချိန်တွင်အုပ်ချုပ်ရေးစနစ်၏ မမျှတမှုများကြောင့် ဆင်းရဲချမ်းသာ ကွာဟမှုကလည်း ကြီးမားခဲ့ပါသည်။ယာယီအစိုးရအနေဖြင့် ဆန္ဒပြလာသောပြည်သူလူထုကို ထိမ်းချုပ်ရန် အခြေအနေမပေးခဲ့ပါ။ စစ်တပ်ကပါ ပြည်သူများနှင့် ပူးပေါင်းမိခဲ့ကြပါသည်။

(၂)
ရုရှားနိုင်ငံတွင်သာမက ကမ္ဘာကြီးကိုပါ ကိုင်လှုတ်ခဲ့သော ထိုအထင်ကရဖြစ်ရပ်ကြီးများ၏ ရာပြည့်နှစ်တွင် ရုရှားအစိုးရက အထိမ်းအမှတ်ပွဲလမ်းဟူ၍ ဘာမှပြုလုပ်ဖို့ရည်ရွယ်ဟန်မတူ။ မတ်လ ၁၂ ရက်နေ့မှာလည်း ရုံးပိတ်ရက် မဟုတ်ပါ။ ထိုနည်းတူ သမိုင်းဖြစ်ရပ်များနှင့်ပတ်သက်ပြီး အစိုးရ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ သဘောထားထုတ်ပြန်ချက်၊ ဟူ၍လည်း ဘာမှမထုတ်ပြန် ခဲ့ပါ။

တိုင်းပြည်နိုင်ငံတိုင်းတွင် ရုတ်ရုတ်သဲသဲဖြင့် တတိုင်းပြည်လုံး အုံကြွတော်လှန်သည့်ဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ခြင်းမှာ အုပ်ချုပ် သော အစိုးရကို မိမိတို့လုပ်ရပ်များနှင့်ပေါ်လစီများကို ပြန်လည်သုံးသပ်ရန် အခွင့်အရေးပေးလိုက်ခြင်းလည်း ဖြစ်ပါသည်။

အစိုးရ၏ တရားဝင်သတင်းထုတ်ပြန်မှုမရှိခြင်း၊ သမိုင်းဖြစ်ရပ်တခုအနေဖြင့်ပင် အသိအမှတ်မပြုလိုတော့ခြင်းတို့မှာ လက်ရှိ မစ္စတာပူတင် (Vladimir Putin) ၏ အစိုးရအဖွဲ့အတွင်းဝယ် ညီညီညွတ်ညွတ် ဆုံးဖြတ်ချက်ချ၍ မရနိုင်ခြင်းဟုလည်း ယူဆ နိုင်ပါသည်။

သမ္မတ ပူတင်အနေဖြင့် တော်လှန်ရေးဆိုသောစကားကိုပင် နားမခံသာဖြစ်နေသည်ဟု ဝေဖန်နေကြပါသည်။ နိုင်ငံအစိုးရ ဖြုတ်ချခံရခြင်းကြောင့် လူတွေလမ်းပေါ်ထွက်၍ ကခုန်နေကြသည့် အစဉ်အလာကို မမြင်လိုတော့ခြင်း၊ ဖြစ်ခဲ့သောသမိုင်းကို အစမဖေါ်လိုတော့ခြင်းလည်း ဖြစ်နိုင်ပါသည်။ သူ့အဖို့ ယနေ့သည် ရုရှားနိုင်ငံတော်၏ဂုဏ်ယူ ဝံ့ကြွားဖွယ်ရာဖြစ်ရပ်များသာထုတ်ဖေါ်လိုပါလိမ့်မည်။

ရုရှားနိုင်ငံ၏ တရားဝင်ခံယူချက်မှာ ဒုတိယကမ္ဘာစစ်သည် ဆိုဗီယက်နိုင်ငံ၏ ကြီးမားသောအောင်ပွဲတခုဖြစ်သည်။ ပူတင်၏ ပေါ်လစီများမှာ ရုရှားနိုင်ငံတော်ကို အတိတ်ကာလကရှိခဲ့ဘူးသည့် သြဇာနှင့်ပါဝါကို ပြန်လည်ဆောင်ကျဉ်းပေးလိမ့်မည်။

တချို့သော ရုရှားမျိုးချစ်ပုဂ္ဂိုလ်ကြီးများက ၁၉၁၇ခုနှစ်ကအဖြစ်အပျက်များသည် ကြီးမြတ်သော ရရှားနိုင်ငံတော်ကြီးကို ပြို ပျက်အောင်ဆွဲချခဲ့ကြသည်ဟုသာ ယုံကြည်ကြသည်။ မစ္စတာပူတင်၏အစိုးရအဖွဲ့မှ ယဉ်ကျေးမှုဆိုင်ရာ လက်ထောက် မစ္စတာ ရှက်ဖကွိုင် (Mikhai Shvydkoy) ကမူ ထိုအဖြစ်အပျက်များသည် မကြာသေးမီက ဥရောပကောင်စီမှ ဗြိတိန်နိုင်ငံ ထွက်ခွာရန်ဆုံးဖြတ်ခဲ့သော Brexit ကိစ္စနှင့်ဆင်တူသည်။ ရရှားနိုင်ငံ၏တိုးတက်ရေးလမ်းကြောင်းမှာ ကြီးစွာအနှောင့်အယှက် ဖြစ်ရသည်ဟုဆိုသည်။

မစ္စတာပူတင်က ရုရှားတို့၏သမိုင်းကြောင်းကို အမြဲတစေ ဂုဏ်ယူဝင့်ကြွားစွာပြောလေ့ရှိသည်။ သို့သော် လွန်ခဲ့၏သောနှစ် ဒီဇင်ဘာလက “ကျုပ်တို့နိုင်ငံမှာ ကံဆိုးခြင်းတော့ ၂ဝ ရာစုနှစ်က ရုတ်ရုတ်သဲသဲဖြစ်ရပ်တွေ ခဏခဏ ဖြစ်ခဲ့တယ်။ ဒါတွေ ဟာ ဘာမှဂုဏ်ယူစရာမရှိပါဘူး” ဟုဆိုသည်။ ခေါင်းဆောင်ကြီး လီနင် (Vladimir Lenin) ကို မကောင်းပြောခဲ့ပြီး “ကမ္ဘာ့ တော်လှန်ရေးဆိုတာ ရှိဖို့မလိုပါဘူး” ဟု ဆိုသည်။ ပူတင်အနေဖြင့် ထို ၁၉၁၇ ခု တော်လှန်ရေးအတွက် လူထုကြားတွင် အထိမ်းအမှတ်ပွဲတွေ ပြုလုပ်မပေးတော့ဘဲတက္ကသိုလ်များတွင်သာ ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲတွေကျင်းပရန် ကော်မီတီ တခုကို ဖွဲ့စည်းပေးခဲ့ပါသည်။

စာရေးဆရာဆိုဇင်နစ်ဆင် (Alexandr Solzhenitsyn) ကို စာတမ်းတစ်စောင်ရေးရန်တာဝန်ပေးခဲ့ပြီး “တရားရုံးများကို   မယုံမကြည်ဖြစ်နေကြချိန်တွင် ဂျာမန်တွေဝင်ပြီး သွေးထိုးလို့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရတာပါ” ဟု ထိုစာတမ်းက ကောက်ချက်ဆွဲ ထားသည်။

ထိုအယူအဆမှာ အရိုးစွဲနေသော အစိုးရ၏အာဘော်ဖြစ်ပါသည်။ သူတို့၏လုပ်ရပ်များ မအောင်မြင်ရခြင်းမှာ နိုင်ငံခြားမှ သွေးထိုးမှုများကြောင့်ဖြစ်သည်။ Color Revolution ခေါ် ကာလာပေါင်းစုံ တော်လှန်ရေးများဖြင့် အမေရိကန်တို့က  သူတို့ သြဇာအာဏာတိုးပွားအောင် လုပ်နေကြသည်။ ယူကရိန်း၊ ဂျော်ဂျီယာနယ်များတွင်ဖြစ်ခဲ့သော လူထုလှုပ်ရှားမှုများကို လိ မ္မော်ရောင်တော်လှန်ရေး၊ အဝါရောင်တော်လှန်ရေး စသည်ဖြင့် သတင်းစာ ဂျာနယ်များတွင် ရည်ညွှန်းခဲ့ကြပါသည်။

မစ္စတာပူတင်အဖို့ သမိုင်းထဲကခေါင်းဆောင်တွေမှာ အားကျအတုယူဘွယ်မရှိ၊ ဇာဘုရင်မှာ အင်အားချိနဲ့ပြီး၊ သူ့ နောက်ဆက် ခံသော ယာယီအစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သူ ကဲရင်းစကီး (Alexander Kerensky) မှာလည်း ဘာမှထိထိရောက်ရောက် မဆောင်ရွက်နိုင်၊ လီနင်ကိုမူ ဘုရားရှိခိုးကျောင်းများကို ဖျက်ဆီးခဲ့သူဟု သူက ယူဆသည်။ ဘုရားရှိခိုးကျောင်းနှင့် ဘုန်း တော်ကြီးများမှာ မစ္စတာပူတင်ကို ထောက်ခံမှုပေးသော အဖွဲ့အစည်းများဖြစ်ကြသည်။ ပူတင်က သူ့ကို ဘယ်သူနှင့်မှ နှိုင်း ယှဉ်မခံနိုင်ပေ။

သူက “တော်လှန်ရေးကြောင့် ခေါင်းဆောင်မဖြစ်ထိုက်သော ပျော့ညံ့သူများနေရာရတတ်ကြသည်။ သူတို့သည် မိမိကိုယ်ကျိုး ကိုသာကြည့်သူများဖြစ်ကြသောကြောင့် တိုင်းပြည်အတွက် ကောင်းကျိုးမရှိနိုင်၊ ဇာဘုရင်ကိုဖြုတ်ချကြသူများမှာ ဇာဘုရင် နှင့် ကောင်းမွန်စွာ စေ့စပ်ညှိနှိုင်းမှုမရှိခဲ့ကြ” ဟု ယူဆသည်။

အစိုးရကိုဝေဖန်သူများကမူ ယနေ့ရရှားပြည်တွင် ဖြစ်ပေါ်နေသော ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားနေခြင်းကို လစ်လျူရှုထား လျင် သမိုင်းတပတ်ပြန်လည်လာစေလိမ့်မည်ဟု နိမိတ်ဖတ်နေကြသည်။

သမိုင်းဆရာတဦးက “လူမှုရေးမညီမျှမှုတွေကြောင့် ၁၉၁၇ ခုနှစ်က အဖြစ်အပျက်တွေဖြစ်ခဲ့ရတာ၊ အခုလို မညီမျှမှုပြဿနာ ကြီးထွားနေတဲ့ ရုရှားနိုင်ငံမှာ ဒီတော်လှန်ရေးကို အထိမ်းအမှတ်ပွဲတွေ လုပ်မပေးနိုင်ဘူး” ဟု မှတ်ချက်ချသည်။

ယနေ့အချိန်ထိ ရရှားပြည်သူများအကြားတွင် အောက်တိုဘာတော်လှန်ရေးမှာ ဖြစ်ထိုက်၊ မဖြစ်ထိုက်ဝေခွဲမရ၊ ဆွေးနွေးငြင်း ခုန်နေကြရဆဲ ဖြစ်ပါသည်။ ဤလှုပ်ရှားမှုများကြောင့် တိုင်းပြည်ပျက်ခဲ့ရသည်ဟုဆိုစေဦး၊ ထိုတော်လှန်ရေးစိတ်ဓါတ်မှာ ပြည် သူတို့၏ရင်ထဲတွင် စွဲနေကြဆဲပင်ဖြစ်ပါသည်။

ထို့ကြောင့် ရှေ့မီနောက်မီလူကြီးများက ငယ်ရွယ်သူများကို သွန်သင်ဆုံးမကြရာတွင် သူတို့သည် သစ္စာရှိသော ပြည်သူပြည်သားများဖြစ်ရန်သာလိုသည်။ တော်လှန်ရေးလုပ်ရန်မလို၊ အစိုးရကိုဆန့်ကျင်ရန်၊ သူပုန်ထရန်မလို၊ တန်းစီချီတက်ရန်၊ တဦး နှင့်တဦး သတ်ဖြတ်ကြရန်မလို၊ တိုင်းပြည်အတွက်တော့တိုက်ပွဲဝင်ကြပါ။ မြင့်မြတ်သောစိတ်ဓါတ်ကိုသာ မွေးကြပါဟူလို။

(၃)
တချိန်ကဤတော်လှန်ရေးကို တသသချီးမွမ်းခဲ့ကြသည့် ပြည်သူအားလုံးကပင် ဤတော်လှန်ရေးကို သံသယဝင်စပြုနေ ကြပြီ။ လူငယ်ထုကြားတွင် ပုန်ကန်လိုသောတော်လှန်ရေး စိတ်ဓါတ်သည် မလိုအပ်တော့ပေ။ တိုင်းပြည်အတွက် အလုပ် လုပ်ကြရန်သာ လိုပါသည်။ အစိုးရတိုင်း၏တာဝန်မှာ ဆင်းရဲချမ်းသာမရွေး အခွင့်အရေးညီတူ မျှတူရရှိကြရေးနှင့် တည်ငြိမ် သောနိုင်ငံရေးအခြေအနေကို ဖန်တီးပေးရန်ပင်ဖြစ်ပေသည်။

ရုရှားနိုင်ငံတော်လှန်ရေး၏ နှစ်တစ်ရာပြည့်ချိန်တွင် မိမိတို့ပါဝင်ဆင်နွှဲခဲ့ကြသော မိမိတို့တော်လှန်ရေးကိုပင် သံသယဝင် နေကြရသော ဖစ်ရပ်မှာ သင်ခန်းစာယူဖွယ်၊ သံဝေဂရဘွယ်ကိစ္စတရပ်ဖြစ်ပါသည်။

ကိုသန်းလွင်
Ref: What Revolution? Russia asks 100 Years Later, New York Time March 10, 2017