ကိုသန်းလွင် ● အိန္ဒိယနိုင်ငံမှ အကောက်ခွန်စနစ်ပြုပြင်ရေး


ကိုသန်းလွင် ● အိန္ဒိယနိုင်ငံမှ အကောက်ခွန်စနစ်ပြုပြင်ရေး
(မိုးမခ) ဧပြီ ၁၂၊ ၂ဝ၁၇

(၁)
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နီရန်ဒါမိုဒီ (Mr. Narendra Modi) သည် ဂူဂျာရပ်ပြည်နယ်၏ ဝန်ကြီးချုပ်ဘဝ ၂ဝဝဝ ပြည့်နှစ်ကတည်းက အိန္ဒိယနိုင်ငံ၏ အကောက်ခွန်စနစ်ကို ပြုပြင်သင့်ကြောင်း ဆော်သြခဲ့ဘူးပါသည်။ ထိုစဉ်က သူ့အဆိုကို ဂရုမပြုမိခဲ့ကြ၊ ၂ဝ၁၄ ခုနှစ်တွင် သူအိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဖြစ်လာသောအခါ GST ခေါ် Goods and Services Tax ပုံစံသို့ပြောင်းရန်အရေးကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ထိုကိစ္စအတွက်အိန္ဒိယနိုင်ငံသမ္မတ ကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် ဥပဒေကို ၂ဝ၁၆ ခု သြဂုတ်လ ၃ ရက်နေ့က လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ပါသည်။

ဝန်ထမ်း နှစ်သိန်းကျော်ကို သင်တန်းပေးရန်လိုအပ်ပြီး၊ ကွန်ပြူတာ ဆာဗာများ နက်ဝပ်များ တည်ဆောက်ရန်အတွက် အချိန်ယူရန်လိုအပ်သဖြင့် ၂ဝ၁ရ ဧပြီလတွင်စတင်ပြဌာန်းရန် ရည်ရွယ်ခဲ့ကြပါသည်။ ပြင်ဆင်ရမည့် လုပ်ငန်းများပမာဏ ကြီးမားများပြားမှုကြောင့် နိုဝင်ဘာလ အထိ နောက်ဆုတ်သွားနိုင်သည်ဟုလည်းခန့်မှန်း နေကြသည်။

(၂)
၁၉၆၅ ခုနှစ်ခန့်မှ စတင်၍စီးပွားရေး ဖွံ့ဖြိုးမှုကိုလိုလားကြသော နိုင်ငံတိုင်းလိုလိုက အကောက်ခွန်ဆိုင်ရာ ပြုပြင် ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ကြပါသည်။ အမြင်သာဆုံးပြောင်းလဲမှုမှာ နိုင်ငံတိုင်းလိုလို ပို့ကုန်ပေါ်မှရ သော အကောက်ခွန်ကို အနိမ့်ဆုံးသို့ရောက်အောင်ချပေးကြခြင်းဖြစ်ပါသည်။

အလုပ်လုပ်သူများ၏ တစ်ဦးချင်း ဝင်ငွေခွန်နှင့် ကုမ္ပဏီကြီးများ၏ဝင်ငွေခွန်တို့သည် ကမာ့္ဘကုန်သွယ်မှု တိုးပွား လာသည် နှင့်အမျှ တိုင်းပြည်တိုင်း၏ အဓိကဝင်ငွေများဖြစ်လာကြပါသည်။ ၁၉၈ဝ ခုနှစ်များတွင် နိုင်ငံတကာက အသုံးပြုသော စံနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) GST- Goods and Services Tax (VAT -  Value Added Tax  ဟုလည်းခေါ်သည်)၊ နိုင်ငံ၏ထွက်ကုန် ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ်မှ အစိုးရက အကောက်ခွန်ကောက်ယူခြင်း ဖြစ်ပါသည်။ ၁ဝ% နှင့် ၂ဝ% ကြားမှာရှိသည်။

(၂) ကုန်ပစ္စည်းအမျိုးအစားကိုလိုက်၍ အကောက်ခွန်နှုန်းမတူညီ၊ ဇိမ်ခံပစ္စည်း (Luxury) များ အတွက် ပိုမို ကောက်ခံသည်။

(၃) သွင်းကုန်ကို ချိုသာသော နှုန်းများဖြင့်ကောက်ခံသည် (၁ဝ% နှင့်အောက်) ထုတ်ကုန်အတွက်အခွန်ပေးရန် မလိုပါ။

(၄) လုပ်သားတဦးချင်းစီအတွက် ၃ဝ% မှ ၄ဝ% အတွင်းကောက်ခံသည်။

(၅) ကုမ္ပဏီများအကောက်ခွန်မှာလည်း အမြင့်ဆုံး ၃ဝ မှ ၄ဝ ရာနှုန်း အထိသာကောက်ခံသည်။

၁၉၇ဝ ခုနှစ်များက အိန္ဒိယပြည်၏ အကောက်ခွန်စနစ်သည်  ကိုလိုနီအင်္ဂလိပ်များချန်ထားခဲ့သည့် လက်ကျန် အတိုင်းရှိသေးသည်ဟုဆိုနိုင်ပါသည်။

ပြည်တွင်းမှထုတ်လုပ်သမျှ ပစ္စည်းများအတွက် ၂ % မှ ၁ဝဝ % အထိ အခွန်ပေးရသည်။ စီးကရက်နှင့် ရေနံထွက် ပစ္စည်း များမှာ ၁ဝဝ % ထက်ပိုသေးသည်။ ပစ္စည်းအမျိုးအစားမှာ ၂၄ မျိုးအထိရှိပြီး အကောက်ခွန်နှုန်းထားများ မတူညီကြပေ၊ သွင်းကုန်များအပေါ်မှ တခါတရံ ၂ဝဝ % အထိ အခွန်ပေးနေကြရရာ၊ အခွန်မပေးရေးအတွက် မသမာမှုများ၊ နည်းအမျိုး မျိုးသုံး၍ အခွန်ရှောင်မှုများဖြစ်လာသည်။ အင်ပို့လိုင်စင်ကလည်းလိုအပ်သေးရာ ကြိုးနီ စနစ်၊ ရုံးလုပ်ထုံးလုပ်နည်း စာရွက်စာ တမ်းကိစ္စများမှာ စိတ်ပျက်ဘွယ်ရာကောင်းအောင် ရှုတ်ထွေးများပြားလှ၏၊

၁၉၇၃-၇၄ ခုနှစ်က ပုဂ္ဂိုလ်ဆိုင်ရာအခွန်တွင် ဝင်ငွေအဆင့် ၂၂ ဆင့်ခွဲထားပြီး အနည်းဆုံး ၁ဝ% မှ အများဆုံး ၈၅% အထိပေးကြရသည်။ ထပ်ဆောင်းသော (Surcharge) မှာ ၁၅% ဖြစ်ရာ တခါတရံ လူတဦးသည် ဝင်ငွေ၏ ၉၇.၅% အထိပေးကြရသည်။

မိမိချမ်းသာသမျှ (net weallth) အတွက်ပါပေါင်းသောအခါ တခါတရံ ၁ဝဝ% ထက်ကျော် သွားသေးသည်။ ကုမ္ပဏီများ အတွက် အမြင့်ဆုံးအခွန်မှာ ၆ဝ% ရှိပြီး ခြွင်းချက်များ၊ လိုက်နာရမည့် စည်းကမ်းနည်းလမ်းများမှာ ရှုတ်ထွေးပွေလီ လှသော ကြောင့် အကောက်ခွန်အရာရှိများကို လာဒ်စားအောင်စနစ်ကြီးက ခွင့်ပြုထားသလိုဖြစ်နေသည်။

အခွန်ပေးဆောင်ရမည့်လူများ၏ ၂%သာ အခွန်ကောက်ခံ၍ရသည်ဟုဆိုသည်။ လယ်သမားများက အခွန်မပေး ဆောင်ကြချေ၊ ဂူဂျာရန် ဒပ်စ ဆိုသူ စာရေးဆရာတစ်ဦးက “အိန္ဒိယနိုင်ငံတွင် အစိုးရမင်းများ အိပ်ပျော်နေသော ညဥ့်အချိန်များတွင်သာတိုးတက်မှုရှိသည်“ ဟုတင်းကြပ်လှသောအိန္ဒိယနိုင်ငံအစိုးရရုံးများမှ ကြိုးနီစနစ်များ အကြောင်းကို စာအုပ်တစ်အုပ်ရေးခဲ့ဘူးသည်။

ဤသို့မျှော်လင့်ချက်မရှိအောင်ဆိုးရွားသော နည်းစနစ်များကိုဖယ်ရှားရန် စတင်ကြိုးစားခဲ့ကြသည်မှာ ၁၉၈၅ ခု နှစ်တွင်ဝန်ကြီးချုပ်ဖြစ်သူ ရာဂျစ်ဂန္ဓီနှင့် သူ၏စီးပွားရေးဆိုင်ရာဝန်ကြီး (VP Singh) ဆင်း  တို့၏ လက်ထပ်က စတင်ခဲ့ပါသည်။ စီးပွားရေးဝန်ကြီးက နှစ်ရှည်စီမံချက် (LTEP - Long Term Fiscal Policy)  ကို ၁၉၈၅ ခု ဒီဇင်ဘာလ တွင် လွှတ်တော်သို့ တင်သွင်းခဲ့ပြီး လာမည့်အနှစ် ၂ဝ အတွက် ဆောင်ရွက်ရန် ပေါ်လစီကိုချမှတ်ခဲ့ ကြပါသည်။ MANVAT -Manufacturer’ s VAT  ကုန်ထုတ်လုပ်သူများအတွက် အကောက်ခွန်တမျိုးနှင့် MODVAT –ModifiedVAT ပြုပြင်ထားသည့် VAT ဟူ၍ ဝေါဟာရအသစ်များ စတင်သုံးစွဲခဲ့ကြပါသည်။

သူတို့စတင်ခဲ့သောလုပ်ငန်း၏ အသီးအပွင့်များကို စတင်မြင်ရသောအချိန်မှာ ၁၉၉၁ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ် လာသော Mr. Narasimha Rao လက်ထက်မှာဖြစ်ပါသည်။ သူကမိတ်ဆွေဖြစ်သူ မာမိုဟန်ဆင်း(Manmohan Singh) ( စီးပွားရေးပါ မောက္ခ၊ နောင်တွင် ဝန်ကြီးချုပ်ဖြစ်လာသူ) ကို ခေါ်ယူပြီး စီးပွားရေးပြုပြင်ရေးလုပ်ငန်း (Reform) များကိုဆောင်ရွက်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံသားများနိုင်ငံခြားတွင် စီးပွားရေးလုပ်ပိုင်ခွင့်၊ နိုင်ငံခြား မှ အိန္ဒိယနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့်တို့ကိုချပေးခဲ့ပြီး ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ဥပဒေများကို ပြင်ဆင်ခြင်း၊ အခွန် အကောက် နှုန်းထားများကိုလျှော့ချခြင်း စသည့် ပြုပြင်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။ (Licence Raj) ခေါ်အစိုးရနှင့်လက်သင့်ရာ လူများကိုသာလိုင်စင်ချပေးသော စနစ်ကိုလည်း ပယ်ဖျက်ပေးခဲ့ပါသည်။

ရောင်း ၏အစိုးရက အကောက်ခွန်ပြုပြင်ရေး ကော်မရှင် Tax Reform Commission –TRC ကိုဖွဲ့စည်းပေးခဲ့ပြီး ထိုစဉ်ကထင်ရှားသောစီးပွားရေးပညာရှင် Mr.Raja Chelliah ကို ဥက္ကဌအဖြစ်ခန့်အပ်ခဲ့ပါသည်။ ထိုကော်မီရှင် က ၁၉၉၁ ခု ဒီဇင်ဘာလ၊ ၁၉၉၂ သြဂုတ်လ၊ ၁၉၉၃ ဇန်နဝါရီလ တို့တွင်ရီပို့ ၃စောင်တင်ခဲ့ပါသည်။ သီအိုရီ သဘောတရားများ၊ လက်တွေ့လုပ်ရမည့် နည်းလမ်းများ၊ လက်ရှိတွေ့ရှိချက်များ၊ အထောက်အကူပြု အချက်အလက်များ၊ အကြံပြုချက်များဖြင့် ဝေဝေဆာဆာ တင်ပြခဲ့ပါသည်။

ထိုအကောက်ခွန်ပေါ်လစီများတွင်နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရန်ရည်ရွယ်ချက် ပါရှိခဲ့ပါသည်။ ဝင်ငွေအဆင့် ၃ဆင့်သာပါသော ပုဂ္ဂိုလ်ရေး အကောက်ခွန်မှာ ၂ဝ-၄ဝ ရာနှုန်း၊ ကုမ္ပဏီများအခွန်ကို ၄ဝ %၊ ချမ်းသာမှုအခွန်ကိုအဆင့်ဆင့်ပယ်ဖျက်ပေးမည်၊ သွင်းကုန်များအတွက် ကန့်သတ်ချက်များကို ဖယ်ရှားပေးခါ အခွန်ကို  ၁၅-၃ဝ% အထိ လျှော့ချရန် တို့ပါဝင်ခဲ့ပါသည်။ အကောက်ခွန်စနစ်တွင် ထိုအချိန်မှစတင် ခေတ်စား လာသော ကွန်ပြူတာ အင်တာနက်၊ နက်ဝပ်များကို အသုံးပြု သွားရန်တို့ဖြစ်ပါသည်။

၁၉၉၁ မှ ၁၉၉၆ နှစ်အထိ ဘတ်ဂျက်နှစ်တိုင်းတွင် အထက်ပါဦးဆောင်ညွှန်ပြမှု များအတိုင်း စီးပွားရေးဝန်ကြီး ဖြစ်သူ မာမိုဟန်ဆင်းကလိုက်နာဆောင်ရွက်ခဲ့ပါသည်။ ထိုစီးပွားရေးပြုပြင်မှုများကြောင့် ဝန်ကြီးချုပ် နာမာဆင်ဝါ ရောင်း ၏အစိုးရခေတ် ကို အိန္ဒိယနိုင်ငံ၏ စီးပွားရေးလွတ်လပ်ရေးရသောခေတ်ဟု တင်စားခေါ်ဝေါ်ခဲ့ကြပါသည်။ ထိုပေါ်လစီများကြောင့်ပင် အိန္ဒိယနိုင်ငံတွင် ထိပ်တန်း ဆော့(ဖ) ဝဲယားကုမ္ပဏီကြီးများ၊ မော်တော်ကားစက်ရုံ၊  မီးရထားစက်ရုံနှင့်အကြီးစားစက်မှုလုပ်ငန်းကြီးများ၊ နိုင်ငံတကာအဆင့်မှီဆေးကုမ္ပဏီများပေါ်ပေါက်ခဲ့ကြပြီး ဒေသတွင်း စီးပွားရေးကျားကြီးတကောင်ဖြစ်လာခဲ့ပါသည်။

(၃)
ဂျီအက်စတီ စနစ်ကို ၁၉၅ဝ ခုနှစ်များဆီက ပြင်သစ်နိုင်ငံတွင်စတင် ကျင့်သုံးခဲ့သည်ဟုဆိုကြပါသည်။ ယခုအခါ နိုင်ငံ ၁၆ဝ တွင်ကျင့်သုံးနေကြပြီး အေစီယံ (ASEAN) ထဲမှ ခုနှစ်နိုင်ငံပါဝင်ပါသည်။

အိန္ဒိယနိုင်ငံ၏ အသေးစားနှင့်အငယ်စားကုမ္ပဏီပေါင်း ၅၁သန်းကျော်က ဤစနစ်စတင်ကျင့်သုံးမည့် အချိန်ကို မျှော်လင့်နေကြပါသည်။ အိန္ဒိယတွင် တိုင်းကြီး၂၉ ခုရှိရာ ဒေသဆိုင်ရာ ဥပဒေနှင့် စည်းကမ်း နည်းလမ်းများ ကွဲပြားနေမှုကြောင့် တိုင်းတခုနှင့်တခုကူးသန်းရတိုင်း နိုင်ငံခြားနှင့်ကုန်ကူးရသလိုပင် ခက်ခဲခဲ့ကြပါသည်။ ဂျီအက်စတီ စနစ်က အကောက်ခွန်ဥပဒေကို တစ်နိုင်ငံလုံး တပြေးညီတည်းဖြစ်အောင်ပြုလုပ်ပေးလိုက်သဖြင့် ကုန်ပစ္စည်းတင် ကားကြီးများနယ်ခြားတွင် တန်းစီစောင့်ရသော ဒုက္ခမှလျှော့နည်း သွားကြတော့မည်ဖြစ်သည်။ ကုမ္ပဏီကြီးများ၏ ပစ္စည်းသိုလှောင်ရာဂိုဒေါင်များကို ယခင်က နယ်အသီးသီးးတွင်ထားခဲ့ကြရာမှ ယခုအခါ တနေရာတည်းမှာပင်စုစည်းထားနိုင်ကြတော့မည်။

ဥပမာအားဖြင့် မော်တော်ကား အခွန်ကောက်ရာတွင် သတ်မှတ်ချက်ခြောက်မျိုးခန့်ကွဲခြားနေခဲ့ရာမှ (ကား အရှည်၊ အင်ဂျင်စက် ပမာဏ၊ အောက်ခြေမြေကြီးမှအမြင့်စသည်ဖြင့် အမျိုးမျိုးကွဲပြားခဲ့သည်)  ယခုအခါ နှုန်းတမျိုးတည်း သတ်မှတ်ရန် ရှိသဖြင့်ယခင်ကလို စာရွက်စာတမ်းများဖြင့် ဒုက္ခမများတော့ပေ။

ဂျီအက်စတီ စနစ်စတင်ကျင့်သုံးရန်နှောင့်နှေးရမှုများတွင် ကွန်ပြူတာနက်ဝပ်များအဆင်သင့် မဖြစ်သေး၍ဟု ဆိုသည်။ စနစ်စတင်ကျင့်သုံးချိန်တွင် ကုန်အရောင်းအဝယ်ဖြတ်ပိုင်း (Invoices) များမှာ လစဉ် ၃ မှ ၅ ဘီလီယံ အထိစာရင်းသွင်းကြ ရမည်ဟုဆိုသည်။ လည်ပါတ်ငွေ ၃ ထရီလီယံရှိ၍လူဦးရေ သန်း ၁.၃ ထောင်ကျော်ရှိသော နိုင်ငံကြီးတွင် မည်သည့် ပြောင်းလဲမှုမျိုးကိုပင်လုပ်လုပ် အခက်အခဲများစွာတွေ့ကြရမည်သာဖြစ်သည်။

ဂျီအက်စတီ စနစ်ကျင့်သုံးရာတွင် ကွန်ပြူတာများကို အသုံးပြုခြင်းဖြင့်အစိုးရ၏ ဘတ်ဂျက်တွင် ဝင်ငွေပိုမိုရရှိ အောင်ထိမ်းကြောင်းသွားနိုင်လိမ့်မည်ဟု မျှော်လင့်ရပေသည်။ အကောက်ခွန်အရာရှိ စသည့် လူ အင်အားပါဝင် မှုများနည်းသွားသည်နှင့်အတူ ခြစားမှုများလည်းလျှော့ပါးသွားလိမ့်မည်ဟုမျှော်လင့်နေကြပါသည်။

ကိုသန်းလွင်