အစွန်းရောက်တွေက မြန်မာပြည်မှာ ဘာသာမတူသူတွေနဲ့ သတင်းသမားတွေကိုပါ ရန်ရှာနေပြီလား





ကိုယ်တွေ့ကြုံ သတင်းထောက်တစ်ဦး ရေးတဲ့စာ 
(အစွန်းရောက်တွေက မြန်မာပြည်မှာ ဘာသာမတူသူတွေနဲ့ သတင်းသမားတွေကိုပါ ရန်ရှာနေပြီလား)
(ဖေ့စ်ဘွတ်ပို့စ်တခုမှ) မိုးမခ၊ ဧပြီ ၂၉ ၊ ၂၀၁၇

ဥပဒေအကာအကွယ် ရဖို့ မျှော်လင့်လို့ မလွယ်တဲ့ နိုင်ငံမှာ ကျနော်တို့တွေ ဒီထက်ပိုပြီး စုစည်းနေဖို့ လိုမယ်ထင်ပါတယ် ။

ဒီနေ့ သတင်းနှစ်ခုအတွက် ဓာတ်ပုံလိုက်ရိုက်ဖြစ်တယ် ။ နှစ်ခုလုံးကလည်း မျိုးချစ်အမည်ခံ အဖွဲ့အစည်းတွေနဲ့ ပတ်သတ်တယ် ။ ပထမ တခုက ကမာရွတ်တရားရုံးမှာ ။ ဖြစ်ချင်တော့ (ဦး) ၀ီရသူ ရောက်လာတယ် ။ ရောက်လာတာကို ဓာတ်ပုံရိုက်နေ သတင်းယူနေတဲ့ သတင်းထောက်သုံးလေးယောက်လောက်ရှိနေတဲ့ နေရာထဲကို လူငယ်လေးငါးယောက်လောက်က အရှိန်နဲ့ ပစ်ဝင်ပြီး ကျနော်တို့ကို တွန်းထုတ်တယ် ။ တခြားလူတွေ ဘယ်လိုဖြစ်သွားလဲမသိပေမယ့် ကျနော်ကတော့ နောက်မှာရှိတဲ့ ကားနံရံမှာ ကပ်သွားတယ် ။ ကိုယ့်ရင်ဘတ်ကို တွန်းပြီး မင်းက ဘာဖြစ်ချင်လို့လဲ မင်းက ဘာလုပ်ချင်လို့လဲလို့ လေသံမာမာနဲ့ မေးတဲ့လူက လေးယောက်လောက်ရှိတယ် ။

ဒီတော့ အေးအေးဆေးဆေးပဲ ကိုယ့်အလုပ်ကိုယ်လုပ်နေကြောင်း ဘာမှ ပြသနာမရှိကြောင်းပြန်ပြောတယ် ။ ဘေးမှာရှိတဲ့ မျိုးချစ်အုပ်စုထဲက အဒေါ်ကြီးတွေဝင်တားလို့ အဲ့ကောင်တွေ ပြန်ထွက်သွားတယ် ။ ဒါနဲ့ ၀ီရသူ နောက်ဆက်မလိုက်ပဲ နေခဲ့တယ် ။

အဲ့တရားရုံးနဲ့ တစ်မှတ်တိုင်လောက်ဝေးတဲ့ လက်ဘက်ရည်ဆိုင်သွားထိုင်တယ် ။ ခဏနေတော့ ဆိုင်ထဲ လေးယောက်ဝင်လာပြီး ခုဏ ရန်ဖြစ်သွားတာ ဘယ်သူလဲ ဘာညာနဲ့ လာလုပ်တယ် ။ မသိဘူးပေါ့ ဘာဖြစ်လို့လဲဆိုတော့ သူတို့လူတစ်ယောက်ကို ပါးရိုက်သွားလို့တဲ့ ။ ဘယ်လိုပုံစံလဲ ဆိုတော့ ဆံပင်အရှည်နဲ့ဆိုပြီး ကိုယ့် ကြည့်ပြီးပြောတာ ။ ဒါနဲ့ ဆိုင်အပြင် လှမ်းရှိုးလိုက်တော့ လေးငါးယောက်လောက်ကလည်း ဆိုင်အပြင်မှာ ။ ဒါနဲ့ မဟုတ်တဲ့အကြောင်း လူမှားတဲ့အကြောင်း အေးဆေးရှင်းပြတော့ သတင်းနဲ့ပတ်သတ်ပြီး အမျိုးမျိုးခြိမ်းခြောက်ပြီး ပြန်ထွက်သွားတယ် ။

ဒါနဲ့ ခဏနေပြန်လာတယ် ။ အဲ့မှာတည်းက ဒီကောင်တွေကို နောက်အဖက်မလုပ်ဖို့ ဆုံးဖြတ်မိတယ် ။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေလည်းပြောဖြစ်တယ် ။ ကိုယ်တွေကို ပစ်မှတ်ထားနေမှန်းက သေချာနေပြီလေ ။

သတင်းထောက်တွေနဲ့ ရန်ဖြစ်အောင်ဖန်တီးပြီး သတင်းထောက်တွေလွန်လို့ဖြစ်တာပါဆိုတဲ့ အချိုးမျိုးဖန်တီးနေတာ သိသာလွန်းတယ် ။ ဗိုလ်စိန်မှန်မှာ မြတ်သူကျော်ကို စထိုးပြီး ကွိုင်ရှာကတည်းက သဘောပေါက်နေတာ ။

ဒါနဲ့ ရုံးမှာနေရင်း သာကေတမှာ အာရဗီစာသင်ကျောင်းတွေကို အဲ့ကောင်တွေ သွားပြသနာရှာနေပြီဆိုတာ ကြားရတယ် ။ ဒါနဲ့ သေသေချာချာစဉ်စားရတယ် ။ မီဒီယာသမားတွေသီးသန့်ပစ်မှတ်ထားနေတဲ့ကောင်တွေကြားကို ဒီကောင်တွေတခါလိုက်တည်နေတဲ့ ကိုယ်က သွားလို့သင့်မသင့် တော်တော်စဉ်းစားပြီးမှ ဘာဖြစ်ဖြစ်ကွာဆိုပြီးထွက်သွားခဲ့တယ် ။ထင်တဲ့အတိုင်းပဲ ဟိုရောက်တာနဲ့ ကျနော့်ကို ဖုန်းတွေနဲ့ ခိုးရိုက်တာရော ပေါ်တင်လာရိုက်တာရော အမျိုးမျိုးကြုံရတော့ စိတ်ထဲတော်တော်အနှောင့်အယှက်ဖြစ်ရတယ် ။

မကြာဘူး AP က မင်းကြည်သိန်းကို ဒီကောင်တွေ ပြသနာရှာပြီး ကိုယ်ထိလက်ရောက်တွေပါလာရော ။ ဖြစ်ရတဲ့ ပြသနာက အုပ်ချုပ်ရေးမှူးရုံးထဲဝင်မယ့် သတင်းထောက်ကို ဘာမှမဟုတ်တဲ့ စကားပြောရိုင်းတဲ့ မျိုးချစ်အမည်ခံကောင်တွေက ၀င်ခွင့်မပေးလို့ အပြန်အလှန်ပြောနေတာကို ဘေးက သင်္ဃန်းဝတ်တစ်ယောက်က မင်းတို့မီဒီယာတွေ ဘလာ ဘလာနဲ့ ရပ်တည်ချက် ယုံကြည်မှုထိခိုက်စေတဲ့ စကားတွေပြောလို့ ပြန်ပြောရင်း ဖြစ်ကြတာပဲ ။ တကယ်တော့ ဒါက ပြသနာဖြစ်ရမယ့်ကိစ္စမဟုတ်ဘူး ။ ဒါပေမယ့် တကယ်ဖြစ်ခဲ့တယ် ။

ဒီတော့ ဘာလဲဆိုတော့ သူတို့မီးထွန်းပြသနာရှာနေတဲ့ အစ္စလာမ်အသိုင်းအ၀ိုင်းက သည်းခံနေတော့ မီးမွှေးလို့ရမယ့် သူတို့လုပ်သမျှကို အမှန်အတိုင်း အထုပ်ဖြေပြနေတဲ့ မီဒီယာဘက်ကို လှည့်တာလို့မြင်တယ် ။ ရှင်းရှင်းပြောရရင် ပွဲမဖြစ်ဖြစ်အောင် လိုက်တည်နေသလိုဖြစ်နေတယ် ။

ဒီတော့ ဒီကောင်တွေနဲ့ မလွှဲသာမရှောင်သာပက်သတ်ရမယ်ဆိုရင် မိတ်ဆွေတွေအနေနဲ့ သတိထားကြပါ ။

ဥပဒေအကာအကွယ် ရဖို့ မျှော်လင့်လို့ မလွယ်တဲ့ နိုင်ငံမှာ ကျနော်တို့တွေ ဒီထက်ပိုပြီး စုစည်းနေဖို့ လိုမယ်ထင်ပါတယ် ။

တရစ်ပြီး တရစ် တိုးလာတဲ့ သူတို့ လှုပ်ရှားမှုဟာ မကြာခင် ကြီးကြီးမားမား တခုခုဖြစ်လာနိုင်လို့ သတိလည်းထားကြပါ ။ သတိပေးစရာရှိရင်လည်းအချင်းချင်း သတိပေးကြပါ မိတ်ဆွေအပေါင်းတို့

ထပ်မခံဖြည့်စွက်ချက် -

(Fri only တင်တဲ့ပို့စ်မို့ Share လို့မရပါဘူး ။ တားမရမယ့်အတူတူ တင်ချင်ရင်တော့ Copy လို့ရပါတယ် ။ ခွက်ဒစ်ကတော့ ကိုယ်တွေ့ကြုံသတင်းထောက်တစ်ဦးဆိုရပါတယ် ။ ဒါမျိုးကိစ္စနဲ့ ဆယ်လီလည်း မဖြစ်ချင်သလို လောလောဆယ်သူတို့ ပစ်မှတ်ထဲ ကိုယ်ပါ ပါနေတော့ ပြသနာရှိလာနိုင်လို့ပါ)

(အယ်ဒီတာ့မှတ်ချက် - မြန်မာပြည်တွင်းမှာ အစွန်းရောက်အကြမ်းဖက်မှုတွေ တစတစ ဖြစ်ပွားလာနေတာကို သိသာစေဖို့ ထောက်ပြတဲ့ စာကို ပြန်လည်တင်ဆက်ခြင်း ဖြစ်ပါတယ်)