ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်မောင် (တိုင်းတာရေး) ● ဘာနဲ့ပက်မှာလဲ ဘယ်လိုပက်မှာလဲ ....

ကျော်မောင် (တိုင်းတာရေး) ● ဘာနဲ့ပက်မှာလဲ ဘယ်လိုပက်မှာလဲ ....
(မိုးမခ) ဧပြီ ၁၄၊ ၂၀၁၇

“ကျနော် အပြင်ထွက်ပြီး ရေသွားပက်လိုက်ဦးမယ်”

“အေး သွားကွ၊ ဒါနဲ့ ဘာနဲ့ပက်မှာလဲ မင်းဟာက ရေပုံးလည်းမပါ၊ ရေခွက်လည်းမပါနဲ့၊ ရေရောဘယ်မှာလဲ ရေ ရေ”

“ရပါတယ် အဖေရ၊ လမ်းပေါ်ရောက်တာနဲ့ အဆင်ပြေမှာပါ”

“ဟေး တူကြီး အပြင်ထွက်မလို့လား၊ ခဏလေး ခဏလေး”

“ဗွမ်း”

“ဟာ ရေတွေစိုကုန်ပြီဗျ ဦးလေး ဘယ်လိုလုပ်..”

“ဟေ့ကောင် သူများကို ရေပက်မယ့်ကောင်၊ မင်းကို ရေစိုအောင်လုပ်ပေးလိုက်တာကွ၊ လေအတိုက်မှာ ခြေတ၀ိုက်သာမက တကိုယ်လုံး ချမ်းတုန်သွားအောင်၊ ဒါမှ သင်္ကြန်မေတွေ မင်းကို ခိုက်မှာ… သွားတော့ သွားတော့ … ဟားဟားဟား”

အိမ်ကအထွက် လမ်းပေါ်ရောက်တာနဲ့ ရေပက်နေသော ရပ်ကွက်ထဲက ကစားဖော်ကစားဖက်တွေကြား သွားနေလိုက်သည်။ သူတို့က ပလတ်စတပုံးအပြာရောင်ကြီးတွေ သံတိုင်ကီကြီးတွေကို လူသွားလမ်းဘေးရှိ အရိပ်ရသော နေရာတွေမှာ ချထား ကာ ထိုအထဲသို့ ပိုက်ဖြင့် ရေဖြည့်သူက ဖြည့်၊ လမ်းသွားလမ်းလာ ကားသွားကားလာတွေကို ရေပုံးကြီးငယ် ခွက်ကြီးခွက်ငယ် များဖြင့် ပက်သူက ပက်၊ ပဲကြီးတွန့်လိုက်နေသော လက်ချောင်းများအား ချိုင်းနှစ်ဖက်ကြားညှပ် လက်ပိုက်ရပ်ကာ ခိုက်ခိုက် တုန်အောင် ချမ်းပြနေသူတို့က တဖုံ၊ အသံချဲ့စက်များမှ ကြားရသော သင်္ကြန်သီချင်းများနှင့်အတူ ရေဖလားကိုင်ကာ မြူးထူးကခုန်နေသူတို့ တမျိုး စသည်ဖြင့် မြန်မာတို့၏ ရေပွဲသဘင်ကို ဆင်နွှဲနေကြလေသည်။

သင်္ကြန် သင်္ကြန် … ထိုသင်္ကြန်ဆိုသည်ကား သမိုင်းလှန်သော် ပုဂံခေတ်ကတည်းက ရှိသည်ဟု ရာဇ၀င်တို့က ဆိုကြ၏။ ထိုအချက်သည်လည်း မိဖုရား စောလုံဇာတ်လမ်း အကြောင်းပြုခြင်းကြောင့် နရသီဟပတေ့မင်းလက်ထက်တွင် ရေသဘင်ပွဲ ဆင်ယင်နွှဲကြကြောင်း သိရှိရခြင်းဖြစ်လေသည်။ ရှင်ဘုရင် ကျီစယ်သည်ကို ခွင့်လွှတ်လိုက်ပါက သင်္ကြန်ဟူသည် ပုဂံကာလ က တည်းက ရှိနေသည်ဆိုသည့် အချက် ငုပ်လျှိုးခဲ့နိုင်သည်။ ပုဂံမတိုင်မီ ရှိ မရှိ အထောက်အထား မရှာတွေ့သော်လည်း ရေအသုံးပြုပြီး နှစ်သစ်ကူးခြင်းသည် ဘယ်က ရလာသနည်းဆိုသည့်အချက်ကိုမူ ဆက်မလိုက်ချင်တော့။

အရေးကြီးသည်မှာ နှစ်သစ်သို့ကူးပြောင်းသောပွဲတွင် တဦးနှင့် တဦး၊ သို့မဟုတ် တဦးက တဦးကို ရေဖြန်းလိုက်ခြင်း ရေ လောင်းလိုက်ခြင်းဖြင့် ကူးပြောင်းသောပွဲကို အခုကာလအထိတိုင် ဆင်နွှဲနေကြခြင်းကို အများက သဘောကျလိုလားနေကြခြင်းသာဖြစ်သောကြောင့် အနှီနှစ်သစ်ကူးပွဲသည် ယဉ်ကျေးမှုပွဲတော်၊ ရိုးရာစဉ်လာကို ထိန်းသိမ်းသောပွဲတော်၊ မြန်မာတို့၏ ပင်ကိုယ်စိတ်ဓါတ်ကို ပြသသော ပွဲတော်တရပ်ဟု ဆက်လက်ဖြစ်ထွန်းနေဖို့သာ လိုလေသည်။

ရေသဘင်ပွဲတွင် ရေသည် အဓိက ဖြစ်လေသည်။ သို့သော်လည်း ရေသည် အသုံးခံအရာဝတ္ထုသာဖြစ်သည်။ ပက်မည့်သူနှင့် အပက်ခံမည့်သူ ရှိဖို့လိုသည်။ ရေလည်း ရှိမည်၊ ပက်မည့်သူလည်းရှိမည်ဆိုစေကာမူ အပက်ခံမည့်သူမရှိက ရေသဘင်ပွဲမဖြစ်။ ပြောင်းပြန်ဆိုရပါလျှင် ရေလည်း ရှိမည်၊ အပက်ခံမည့်သူလည်း ရှိမည် ဆိုစေဦး၊ ရေပက်မည့်သူမရှိက ရေပွဲသဘင်ဟု မမည်။ လှည့်ပတ်တွေးပြန်သော် ပက်မည့်သူ၊ အပက်ခံမည့်သူရှိသော်ငြား အသုံးခံအရာဖြစ်သည့် ရေ မရှိက ရေပွဲသည် ဆင်နွှဲစရာ ဖြစ်လာစရာ အကြောင်းမရှိ။

ထို့ကြောင့် ပက်မည့်သူ၊ ရေ၊ အပက်ခံမည့်သူ ရှိသောအခါ ရေသဘင်ပွဲဖြစ်လာနိုင်သည်ဟု ယူစရာရှိ၏။ သို့သော် ရေကို ဘာဖြင့် ဆောင်ယူကာ ပက်မည်နည်း။ ပက်သောအခါ မည်သို့ပက်ကြမည်နည်း။

ရေပိုက်၊ ရေခွက်၊ ရေဖလား၊ ရေပုံး၊ ရေပြွတ်၊ ရေသေနတ် ဆိုသည့်ဝေါဟာရများကား သင်္ကြန်ကာလအတွင်းတွင် မကြာခဏကြားရမည့် စကားလုံးများဖြစ်ပေသည်။

အခါတွင်းတွင် မိုးရွာသောနေ့များကို ကြုံဖူးကြသည်။ မြန်မာသင်္ကြန်သည် ရေပက်သောသင်္ကြန် ရေလောင်းသောသင်္ကြန်ဖြစ် သည်။ မိုးရွာသောအခါ သင်္ကြန်တွင်း ရေပက်ခံသက်သက်ထွက်မည့်သူများအတွက် အဆင်မပြေလှ။ ရေပက်မည့်သူများကား မိုးရွာသော်လည်း ဖြစ်အောင်ပက်သည်။ မိုးတဖွဲဖွဲတွင် ထီးဆောင်းကာ မိုးစိုခြင်းမှ ကင်းဝေးအောင် ဆောင်ရွက်ပြီး ဈေးဝယ် ထွက်သော မိန်းမပျိုတို့အား ထီးဆောင်းကာ ရေလိုက်လောင်းခွင့်ရလိုက်သော လူပျိုကာလသားများ၏ အပျော်သည် မိုးရေ မစို၊ သင်္ကြန်ရေစိုသွားသော မိန်းမပျိုတို့၏ မျက်စောင်းဒဏ်ကြောင့်သော်လည်း ပျက်ပြယ်သွားသည်မရှိ။

“ဟဲ့ ထီးယူသွားတာတောင် မိုးစိုလာသလား” ဟု အိမ်မှ အမေဖြစ်သူ၏ အမေးအား “လမ်းထဲက ဟိုအကောင်တွေပေါ့ သမီး ကို မိုးရွာနေတာတောင် ရေလောင်းလိုက်တယ်” ဟု ဒေါနှင့်မောနှင့် အပြောကို “ခွင့်လွှတ်လိုက်ပါ သမီးရယ် သင်္ကြန်တွင်းမှာ ရေပက်တာပဲ ဘယ်တတ်နိုင်ပါ့မလဲအေ” ဟူသော စကားလုံးဖြင့် သမီးဖြစ်သူအား စိတ်ပြေစေသည့် ချစ်စရာကောင်းသည့် မြန်မာတို့၏စရိုက်များကို ကြားတွေ့နိုင်စေသော သင်္ကြန်လည်း ဖြစ်ပေသည်။

သင်္ကြန်တွင်းတွင် ရေပက်ခံထိမည်စိုးသောကြောင့် အိမ်တွင်းပုန်းကာ နှစ်သစ်ကူးကာလကို ကုန်ဆုံးစေချင်သူများလည်း ရှိပေသည်။ ထိုအိမ်တွင်းပုန်းနေသူအား ရေပက်ချင်သောအခါ အခွင့်ကောင်းကို စောင့်ရ၏။ အိမ်တွင် သင်္ကြန်စာ အစားအသောက်များဖြစ်သော ထန်းလျက်ခဲကြီးကြီးထည့်လုံးထားသော မုန့်လုံးရေပေါ်၊ ကန်စွန်းဥ ရောထားကာ အုန်းသီးများများ ဖြူးထားသော သာကူ စသည်တို့ လုပ်နိုင်ရန် နှိုးဆော်ရသည်။ အိမ်တွင်စားရန်သာမက အိမ်နီး ပတ်ဝန်း ကျင်ပါ ဝေငှရန် များများလုပ်ကြပါဟု ပြောရသည်။ မုန့်များအား ဝေငှရန် အချိန်ဆိုက်လာသောအခါတွင် ရေပုံးထဲတွင် ရေတ၀က်ထည့်၊ ရေဖလားလေးယူပြီး မုန့်ယူကာ သွားရ၏။ အိမ်တံခါးခေါက်၊ အသံပေးကာ မုန့်ယူလာသူ အပြင်ထွက်လာချိန်တွင် ရေလောင်းခွင့်တောင်းကာ ရေလောင်းနိုင်၏။ ထိုနည်းဖြင့် အိမ်တွင်းပုန်းများအား သင်္ကြန်ရေ၏ အရသာကို မြည်းစမ်းခွင့် ပေးရလေသည်။

ရေလောင်းသောအခါတွင် ဖြစ်တတ်သော သဘောသဘာဝတခုကို လေ့လာမိသည်။ ရေမစိုသေးသောသူကိုသာ ရေလောင်းချင်ကြသော စိတ်ဖြစ်သည်။ ကလေးများ ပြောတတ်ကြသော စကားရှိ၏။ “ဟေ့ အခုလာတဲ့သူတွေကို မပက်နဲ့ကွ ရေကုန်တယ်၊ သူတို့က စိုပြီးသားတွေ၊ ဟိုမှာတွေ့လား၊ အခုမှ ရေပက်ခံထွက်ကြမလို့နဲ့တူတယ်၊ ရေမစိုသေးဘူး၊ အဲဒီလူတွေကိုပဲ သွားပက်ကြမယ်” ဆိုတာ ဖြစ်သည်။

သင်္ကြန်အကြိုနေ့မရောက်မီတွင် အတာရေကစားမည့် ကလေးသူငယ်များမှာ အလုပ်များကြရရှာသည်။ အိမ်တွင်ရှိသမျှသော ရေအိုး ရေခွက် ရေပုံး ရေဖလားတို့အား မျက်စောင်းထိုးကြရကုန်၏။ မနှစ်က အသုံးပြုခဲ့သော ရေပြွတ် ရေသေနတ် ရေပုံးသေးသေး စသည်တို့ကိုလည်း သိမ်းဆည်းထားရာ၊ ချောင်ထိုးထားရာမှ ရှာဖွေကြရကုန်၏။ ပလတ်စတပြွတ်၊ စတီးပြွတ်များအား သုံး၍ရ မရ စမ်းသပ်ကြလေသည်။ အစမ်းသပ်ခံ အရာဝတ္ထုများကား အနီးအနားပတ်ဝန်းကျင်မှ သစ်ပင်ပျို သစ်ပင်အိုများဖြစ်ပေသည်။ အသစ်ကိုမှ သုံးချင်သော ကလေးများကား လိုချင်သောပစ္စည်းကိရိယာများရရှိရေးအတွက် မိဘများထံ ပူဆာကြသည်။ တချို့ဆယ်ကျော်သက်များမှာကား နို့ဆီခွက်အလွတ်များရှာဖွေကာ ခွက်စောင်းခုတ် ရေးအတွက် လက်သွေးကြကုန်၏။

အကြံကြီးကြသော ကလေးများမှာ သုံးယောက်ဖြစ်စေ၊ ငါးယောက်ဖြစ်စေ လူစုလျှက် ရေပြွတ်များ၊ ရေထည့်ရန် ပလတ်စတပုံးများ၊ ထိုပုံးများအား ထည့်ရန် လွယ်အိတ်အဟောင်းများ ကျောပိုးအိတ်အဟောင်းများအား စုဆောင်းကြသည်။ သူတို့သည် သင်္ကြန်ကာလတွင် မနက်စောစောထ၍ ရေကစားရန် ကိရိယာအစုံအလင်နှင့် ဆိုင်ရာဆိုင်ရာ အိမ်များဆီမှ မြို့ထဲသို့ ထွက်ခွာကြသည်။ နေ့လည်ထမင်းစားချိန်တွင် အိမ်မပြန်ကြဘဲ အဆင်ပြေသလို ၀ယ်ယူစားသောက်ကြကာ ညနေမိုးချုပ်မှ အိမ်များဆီသို့ ခိုက်ခိုက်တုန်လျက် ပြန်လည်ရောက်ရှိပြီး တနေ့တာအတွေ့အကြုံကို အိမ်သားများအား အားပါးတရ ပြောတတ်ကြလေ့ရှိသည်။

ဝီရိယကောင်းသော လူပျိုပေါက်များမှာလည်း မနက်စောစောထကာ ရေပုံးထဲ ရေထည့်၊ ရေဖလားယူ၍ ဈေးဝယ်သွားသူ ဈေးမှပြန်လာသူ အပျိုများအား မရရအောင် ရေလောင်းဖို့ ချောင်းနေကြလေသည်။ ဤနေရာတွင် ကာလသားအချို့ ရေလောင်းပုံကို အနည်းငယ် တင်ပြပါအံ့။

စောင့်ဆိုင်းနေသော နေရာသို့ ဈေးဝယ်ထွက်လာသူများ ဈေးမှပြန်လာသူများ လျှောက်လာသည်ကို မြင်သောအခါ ရေပုံးကို တနေရာတွင် ဖွက်ထားလိုက်၏။ တချို့မှာ ရေခဲတုံး အနေတော်လောက်ကို ရေပုံးထဲထည့်ထားကာ ရေကို အေးစေ၏။ လမ်းလျှောက်လာသူ ကျော်သွားမှ အသာအယာ နောက်မှလိုက်ကာ ရေဖလားဖြင့် ရေကို ဖြည်းညင်းစွာ လိုက်ပါလောင်းကြ၏။ ရေပက်ခံရသူမှလည်း ဆံကေသာများ ရေစိုခြင်းမှ ကင်းဝေစေရန် ဆံဖျားများကို စုပင့်ကာ ရေလောင်း ရေပက်ခံကြသည်။ အကယ်၍ ရေပက်ခံရသူမှ ရေပြန်လောင်းသော် အမောင်ကာလသားတို့သည် ပီတိဖြာကာ နေမထိထိုင်မသာ ဖြစ်ကြရလေသည်။

ရေလောင်းမခံဘဲ ထွက်ပြေးသောသူများနောက်သို့ မရမက လိုက်ပါပက်ကြသည်။ များများမစို နည်းနည်းစိုလျှင်ပင် ရေပက်သူက အနည်းငယ်ကျေနပ်ပျော်ရွှင်သွားတတ်လေသည်။

ရပ်ကွက်များရှိ လမ်းများပေါ်တွင်လည်း ကလေးသူငယ်တို့ ဟိုတစု ဒီတစုဖြင့် ရေသဘင်ပွဲကို ပျော်ပျော်ကြီး ဆင်နွှဲကြလေ့ရှိ သည်။ ပက်စရာ လမ်းသွားလမ်းလာများကို မတွေ့ရလျှင် သူတို့အဖို့ အရေးမကြီး၊ အချင်းချင်း ပြန်ပက်ကြခြင်းဖြင့် မြေသားလမ်းတို့အား ဟိုတအိုင် ဒီတအိုင် ဗွက်ဖြစ်စေ၏။ ရေထည့်ထားသည့် ရေပုံး ရေခွက်များအား ကိုင်ထား မထားချိန် ကြာသောအခါ ရေအသစ်လဲလှယ်ရန် ကိုယ့်ကိုယ်ကိုယ် ဦးခေါင်းပေါ်မှ လောင်းချကြကုန်၏။ ထိုကလေးအုပ်စုများနှင့် ရောနှောကာ ရေကစားကြကုန်သော ပျိုဖော်ဝင်စအရွယ် မိန်းကလေးတို့မှာလည်း ရွယ်တူကောင်ကလေးများအား ရှက်ရွံ့စွာဖြင့် ရေဖြန်းကြကုန်၏။ သို့မဟုတ် ရေလောင်းခြင်းမပြုဘဲ မသိယောင် ဆောင်နေကြလေသည်။

ဖြတ်သွားဖြတ်လာ ကောင်လေးများမှ ထိုကလေးမလေးများအား ရေပြန်ပက် ရေပြန်လောင်းသည်ရှိသော် တအုပ်စုတည်းရှိ ကလေးများ၏ ၀ိုင်းဝန်း၍ ခွက်စောင်းခုတ်ခြင်းအား ကျောများကော့အောင် ထိုထိုကောင်လေးများ ခံကြရ၏။ မိန်းကလေးများ ထံမှ အထင်ကြီးမှုရရှိစေရန် ခပ်ပြုံးပြုံးသာ နေပေးရ၏။ ခွက်စောင်းခုတ်ဒဏ်ကြောင့် ကျောတလျှောက်ခံစားရသော စပ်ဖျင်းဖျင်းအရသာသည် မိန်းကလေးတယောက်ယောက်မှ “ဟေ့ တော်ကြတော့ဟေ့ ဟိုမှာ တခြားလူတွေကိုလည်း ပက်ကြဦး” ဟု အပြောတွင် ပြေပျောက်လေသည်။

ကြုံခဲ့ဖူးသော အဖြစ်အပျက်တခုကိုလည်း ဖောက်သည်ချပါအံ့။

မြို့ပတ်လမ်းဟု ခေါ်တွင်သော ကတ္တရာလမ်းသည် သင်္ကြန်ကာလတွင် အုပ်စုလိုက် ရေလောင်း ရေပက်သူများဖြင့် အစည်ကားဆုံးဖြစ်လေသည်။ အလှူဒါန အကျွေးအမွေးရှိသောကြောင့် ရေပက်ခံသူများအား ပလတ်စတအိတ်များဖြင့် မုန့်များထုပ်ပေးကာ ဒါနပြုလေ့ရှိသော နေရာများစွာရှိ၏။ ထိုမြို့ပတ်လမ်းတွင် ရေပက်သူများကား ငယ်ငယ်ရွယ်ရွယ်တွေမဟုတ်။ သုံးဆယ်ကျော် လေးဆယ်ပတ်ဝန်းကျင် လူလတ်ပိုင်းများပင်ဖြစ်သည်။

ထိုနေရာတွင် ရေလောင်းကြပုံနှင့် ရေပက်ခံကြပုံမှာ ဤသို့ဖြစ်သည်။

အားကောင်းမောင်းသန် အမျိုးသားကြီးများက ရေပုံးအကြီးကြီးများကို အားပါးတရပင့်ထားကာ ရေကစားကြသည်။ အမျိုးသမီးကြီးများက မုန့်များကို လိုက်လံဝေငှကြသည်။ သူတို့သည်လည်း ရေလောင်း ရေပက်သော အုပ်စုတွင် တခါတရံပါတတ်ကြသည်။ စက်ဘီး ဆိုက်ကား ပေါများသော မြို့ဖြစ်သောကြောင့် ရေပက်ခံထွက်သူတို့သည် ထိုအရာများ နှင့်ပင် ရေပက်ခံထွက်ကြ၏။ ရေပက်သူများက ရှေ့နှစ်ဖက်မှ ရေလောင်း၏။ အနှေးယာဉ်များအား ခေတ္တရပ်တန့်ပေးရန် တောင်းဆိုပြီး စိတ်ကြိုက်ရေပက်ကြသည်။ မုန့်များ ပေးဝေကြသည်။ အသိမိတ်ဆွေများပါပါက ဘယ်သူရေ ဘယ်ဝါရေဟု အော်ဟစ်နှုတ်ဆက်သံများဖြင့် ဆူဆူညံစေသည်။ အသံချဲ့စက်များမှလည်း မြူးကြွသော သင်္ကြန်တီးလုံးများဖြင့် ရေကစား သူများစိတ်ကို လန်းဆန်းစေသည်။

စက်ဘီးဖြင့် ထိုနေရာများသို့ အရောက် မရပ်တန့်ချင်ဘဲ ဖြတ်သောအခါ စက်ဘီးမောင်းသူမှာ လက်ကိုင်နှစ်ဖက်ကို တင်းတင်းကျပ်ကျပ်ကိုင်ထား၍ စက်ဘီးကို ရှေ့တည့်တည့်သို့သာ ဦးတည်စေ၏။ ရှေ့ဘက် ၀ဲယာမှ ပုံးကြီးကြီးကိုင်ကာ ရေလောင်းသူများကြောင့် ကိုယ်နေဟန်ရော၊ စက်ဘီးလားရာရော မယိမ်းယိုင်စေရန် အထူးကြိုးစားရ၏။ ရေလောင်းမည့် သူများထံ မရောက်မီ လက်တကမ်းအလိုတွင် မျက်စိနှစ်ဖက်လုံးကို မှိတ်ထားလိုက်ကာ စက်ဘီးကို ခပ်မြန်မြန်နင်းလိုက်ရ၏။ မျက်နှာများ လည်ပင်းများ ရင်ဘတ်များဆီသို့ ရေလုံးများ တလုံးပြီး တလုံးဝင်ရောက်လာသည်ကို ခံစားပြီးချိန်မှ မျက်လုံးကို ပြန်ဖွင့်ကာ အရှိန်ကို သတ်ရ၏။ အလွန်အန္တရာယ်များသော ရေလောင်း ရေပက်ခံကြပုံပင် ဖြစ်ပေသည်။

နောက်ပိုင်းကာလများတွင် ခပ်ကြမ်းကြမ်းရေမကစားကြရန် အချင်းချင်းသတိပေးပြောဆိုမှုများကြောင့် ထိုကဲ့သို့ ရေကစားမှု များ နည်းသင့်သလောက် နည်းသွားလေသည်။

သင်္ကြန်တွင် ရေကစားသည့်အခါ ရေသန့်ဗူးကောင်းကောင်းတလုံး ရှိရုံမျှဖြင့် ရေကစားနိုင်သည်။ ရေသန့်ဗူးကို ဆောင်ယူ၍ ကြုံရာနေရာတွင် ရေဖြည့်ကာ ရေပက်နိုင်ပေသည်။ လည်ပတ်ရာလမ်းတလျှောက် ရေကစားနေကြသော ရေပက်ခံနေကြ သော တွေ့သမျှလူများအား အတာရေဖြင့် ရွှင်လန်းစေနိုင်ပါသည်။

သင်္ကြန်ကျသောအခါ အိမ်သူအိမ်သားအချင်းချင်း အိမ်တွင်းမှာပင် ရေလောင်း ရေပက်ကြခြင်းဖြင့် အိမ်တွင်းသင်္ကြန်ပွဲကို အဦးဆုံး ဆင်နွှဲကြလေ့ရှိကြသည်။

အတွေးတခုမှာကား ပူအိုက်မနေဘဲ အေးနေသော အရပ်ဒေသများတွင် မြန်မာတို့၏သင်္ကြန်ကို မည်သို့ဆင်နွှဲကြသနည်းဆိုသည့်အချက်ဖြစ်လေသည်။

“ဘာနဲ့ပက်မှာလဲ” ဟူသော အမေးကို “သန့်ရှင်းသော ရေနဲ့ပက်မှာပေါ့” ဟု ဖြေနိုင်ပြီး၊ “ဘယ်လိုပက်မှာလဲ” ဟူသော မေးခွန်းကို “အပက်ခံသူများ အေးမြပျော်ရွှင်သွားရန် စေတနာထားကာ ညင်ညင်သာသာပက်မှာပေါ့” ဟု ဖြေနိုင်ကြပါကြောင်း မြန်မာနှစ်သစ်ကူး အတာရေသဘင်ပွဲတော်အား သင်္ကြန်ရေစိုစိုရွှဲရွှဲဖြင့် ကြိုဆိုရေးသားလိုက်ရပါသည်။

သင်္ကြန်ပိုးမှာကား သင်္ကြန်မကျမီကပင် နိုးထနေခဲ့ပြီထင်၏။