မိုးဝေး ● ဘာသာစကားထဲက အိပ်မက်

 မိုးဝေး ● ဘာသာစကားထဲက အိပ်မက်
(မိုးမခ) ဧပြီ ၄၊ ၂၀၁၇

အိပ်စရာ အိပ်ရာပေါ်မှာ
စောင်ကလေးတထည်ဘေးမှာ
ဖက်လုံးကလေးက လျောကျလို့
ကမ္ဘာဆုံးတဲ့အထိ ဆွဲတင်နေမိတယ်

ညတညနဲ့တညကြား
အိပ်မက်ကနိုးလာသလို
တမြို့လုံးကို ပတ်ကြည့်၊ ပြီး ပြန်အိပ်ပျော်သွား
အိပ်မက်ထဲမှာ တွေ့ကြပြန်တယ်
အိပ်မက်ထဲမှာလည်း မြို့ကိုပတ်ကြည့်နေတာပါပဲ

အစစ်အမှန်ကိုတွေ့ပြီတဲ့
အစစ်အမှန်ဟာ အိပ်မက်ပဲ တဲ့
အိပ်မက်ထဲ နာကျင်နေသူ လူသားတဦး
ဝတ္ထုစာအုပ်တအုပ်လို ဟိုလှန်ဒီလှော
ညရဲ့အစွန်းဟာ သူ့အတ္တနဲ့ မှောင်နေတာအရမ်းလှ

ငှက်သံကျေးသံတွေကြောင့် နိုးခဲ့ပြန်ပါပြီ
ဆောင်းဥတုလိုပ သင်ပြောလိုက်လေသလား
ဓာတ်မီးတိုင် မီးဝါကျင်ကျင်အောက်မှာ
အလို ငါ့လိုသူတယောက်ပါလား။  ။

မိုးဝေး
၁၆-၁၁-၁၂၀၁၆

(မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၂၊ ၂၀၁၇ ဖေဖော်ဝါရီလထုတ် ဖော်ပြခဲ့သည့်ကဗျာဖြစ်သည်)