ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဝင်းအောင်ကြီး (မောင်အောင်မွန်) - သင်္ကြန်ကပေးသောပျော်ရွှင်မှု သံချပ်ကရသည့်လွတ်လပ်မှု


ဝင်းအောင်ကြီး (မောင်အောင်မွန်) - သင်္ကြန်ကပေးသောပျော်ရွှင်မှု သံချပ်ကရသည့်လွတ်လပ်မှု
ကျနော်တွေးမိသလို ရေးပါမည် (၂၃၉)

(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၇

(၁)

ခုလိုအသက်ရှစ်ဆယ်ကျော် မြန်မာပြည်နဲ့ မိုင်ထောင်ပေါင်းများစွာ ဝေးကွာရာဒေသ တိုင်းတပါးသို့ ရောက်နေသော်ငြားလည်း သင်္ကြန်ကျတော့မယ်ဆိုတဲ့ အသိခေါင်းထဲဝင်လာတော့ ပျော်မြူးလာတယ်။ သင်္ကြန်က လူတွေကိုပျော်စေတာကိုး။ ကလေးဘ၀ ရွာကသင်္ကြန် အတွေးထဲဝင်လာပြီ။
နို့ဆီခွက်လေးထဲရေထည့်ကာ လမ်းပေါ်ထွက်လာပြီး ပက်ဖို့ကြိုးစားတယ်။ ဘုန်းကြီးကျောင်းသွားတဲ့ လူကြီးတွေနားက သူငယ်ချင်းတွေကိုမပက်ရဘူး။ ဒီကောင်တွေ ဥပုသ်သည်မှမဟုတ်တာ။ ဈေးဝယ်သွားတဲ့ အမျိုးသမီး တွေကလည်း အပြန်ကျမှပက်ပါတဲ့။ နောက်ဆုံးကျတော့ အင်္ကျီချွတ်နဲ့ရေထမ်းသမားကြီးကို ပက်လိုက်ရတာမို့ အမေက သနားလို့ထင်ရဲ့ ၂၅ ပြားတန် သံပြွတ်လေးဝယ်ပေးတယ်။
ကိုရင်လေးကိုထိမှာစိုးလို့ မပက်ရဲတာကို ကြည့်ပြီး နဘေးက ဘုန်ကြီးကျောင်းသားလေးက မျက်စိမှိတ်ပြတယ်။ ကိုရင်လေးကလည်း ကာပေးထားလို့ သူတို့ရှေ့ရောက်အောင်ပြေးပြီး ပက်တော့နည်းနည်းလေးစိုသွားလို့ သုံးယောက်သား အားပါးတရရယ်ကြနဲ့ ရင်ထဲကပျော်ရွှင်မှု ခုထက်တိုင်ရှိနေဆဲပါ။
မြူးနေကြတဲ့ အပျိုပေါက်လူပျိုပေါက်တွေကို ကြည့်ရင်း သင်္ကြန်ဟာ ရေပက်ရတာထက်မက ပျော်ရွှင်စေတယ်လို့ တွေးမိရာကနေ နားလည်ခဲ့တယ်။

(၂)

၁၉၅၃ ခုနှစ်က ရန်ကုန်တက္ကသိုလ်ရောက်လာလို့ မြို့ကသင်္ကြန်ကိုမြင်ဖူးလာပြီ။
သစ်ကိုင်းသစ်ခက်တွေနဲ့ စိမ်းစိုတဲ့မဏ္ဍပ်တွေက သီချင်းတွေဖွင့် စတုဓိသာကျွေး ရေပက်ကြ၊ ရေပက်ခံထွက်တဲ့
ကားပေါ်မှာ အမျိုးသမီးကိုအမျိုးသားက ကာပေးရင်း ရေပက်သူနဲ့ရေပက်ခံသူတို့ပြိုင်ကြ၊ ရေမပက်ရလို့စာရေးထားတဲ့ အလှပြကကားတွေက ဆုပေးမဏ္ဍပ်ရှေ့သီဆိုကြ သံချပ်ထိုးကြတာကို ၀ိုင်းကြည့်ကြ စသဖြင့် တကယ်ပင်တနှစ်တာ စိတ်အညစ်အကြေးတွေ သင်္ကြန်ရေထဲမျောပါသွားသလို ပေါ့ပါးသွားတယ်။
အလှပြကားပေါ်မှာလည်း ဇာတ်စင်လိုပြင်ဆင်ထားပြီး ရောင်စုံသစ်ဆန်းစွာ ၀တ်ပြီးသီဆိုကပြနိုင်ကြဖို့ ဘယ်လောက်အထိ အချိန်ယူငွေကုန်ခံထားရမလဲမသိ။ စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေရဲ့ မဏ္ဍပ်တွေမှာလည်း ညဥ့်ဘက်ဆို မီးထွေထိန်ထိန်၊ ရေဒီယိုမှာသာ အသံကြားဖူးတဲ့ အဆိုတော်တွေ၊ ရုပ်ရှင်ပိတ်ကားပေါ်မှာသာ မြင်ဖူးတဲ့ မင်းသမီးတွေကို သင်္ကြန်ကျမှသာ လူတိုင်းကြည့်ကြရတာ မဟုတ်ပါလား။
လူတွေကချောင်လည် ငွေပိုငွေလျှံရှိကြတာမို့ သင်္ကြပွဲဆင်နွှဲကြတာပါ။

(၃)

၁၉၆၁ ခုနှစ်ကျတော့ မန္တလေးသင်္ကြပွဲ ကျွန်တော်ရောက်ဖူးသွားပြန်ပြီ။
အင်မတန်ကြိုက်တဲ့ မြို့မငြိမ်းရဲ့ တေးသီချင်းတွေနဲ့ အံ့မခန်းအလပြကားတွေ အဆိုအကတွေ ရပ်ကြည့်ရတာ ထမင်းမေ့ဟင်းမေ့ပါပဲ။ နောက်ထူးခြားတာတစ်ခုက ညဥ့် ၆ နာရီ ထိုးပြီဆို ကလေးလူကြီး ရေပက်တာတွေ ရပ်သွားခြင်းပါ။ တကယ့်အံ့ဖွယ်ပါကလား။ ဒါဟာ ဘယ်သူကမှ အမိန့်ထုတထားတာမဟုတ်၊ နှစ်တွေနဲ့ချီပြီး ရှိခဲ့တဲ့အစဉ်အလာကို လိုက်နာကြတာလို့ ရုပ်ရှင်ဒါရိုက်တာဝင်းဖေက ပြောပြဖူးတယ်။
ညဥ့်ဘက်မှာ လှပစွာပြင်ထား မဏ္ဍပ်အနား မတ်တတ်ရပ်ကာ သီချင်းဆိုသံတွေနားထောင်ရ၊အမျိုးသမီးလေးများ ကကြတွေကြည့်နေရလို့ မိုးလင်းသွားမှာကိုတောင် စိုးရိမ်မိပါရဲ့။
အနယ်နယ်အရပ်ရပ်က ဓလေ့ထုံးစံကိုလည်း ကြည့်ကြပါစို့။
ရွှင်ရင်အေး မုတ်လုပ်ဆောင်း ပေါင်မုန့်အုန်းနို့ဆမ်း မဏ္ဍပ်မှာ တိုက်ကျွေးကြသလို အိမ်တွေကိုလည်း လိုက်ပို့ကြနဲ့ အိမ်တွင်းအောင်းနေလည်း သင်္ကြန်ကတံခါးမခေါက်ဘဲ ရောက်လာပြီ။ သရော်ကင်မွန်းနဲ့ ခေါင်းလျှော်ရည်တွေလည်း အိမ်တိုင်းစေ့လိုက်လှူကာ နှစ်ဟောင်းမှာ လုပ်ခဲ့မိတဲ့ အညစ်အကြေးတွေ စင်ကြယ်သွားအောင် လုပ်ဆောင်ပုံမျိုးကြည့်ပါ၊ ပျော်စရာသက်သက်ထက် ပိုပြီးအဓိပ္ပါယ်ရှိလေးနက်တယ် မဟုတ်ပါလား။
အေးအေးလူလူနဲ့ နားအေးပါးအေး ဘုရားကျောင်းကန်သွား ဥပုသ်စောင့် တရားဘာဝနာပွါးနဲ့၊ မြန်မာပြည်အနှံ့ ရိုးရာ သင်္ကြပွဲဆင်နွှဲလာခဲ့ကြတာပါ။
ပြည်တွင်းက မွန် ရခိုင် ရှမ်း သင်္ကြန်ပွဲများလို ထိုင်း၊ လော၊ကမ္ဘောဒီးယားတို့မှာလည်း ရှိကြပါတယ်။ တူညီတာက သင်္ကြန်ဆိုတာ လူတွေကိုယဉ်ကျေး ပျော်ရွှင်စေခြင်းပါပဲ။

(၄)

သင်္ကြန်နဲ့တွဲပါလာက သံချပ်ထိုးတဲ့အလေ့ပါ။ ထုံးစံအတိုင်း ကလေးဘ၀က ရွာမှာကြုံလိုက်တဲ့ သံချပ်နဲ့စပါရစေ။ “ ခွက်စုပ်လေးနဲ့ ပက်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့၊ ရီတာပေါ့လို့အပျော့ထင်၊ အဒေါ့်လင်ဟ ကျုပ်တို့ဦးလေး “ ကျွန်တော်က အဲဒီသံချပ်ကို အိမ်မှာထပ်တလဲလဲ အော်နေရာ အမေကသဘောကျနေပေမယ့် ဒေါ်လေးက မဆိုရဆိုကာ ရှက်နေလေရဲ့။ ကျွန်တော့ကို သင်ပေးလိုက်တဲ့ ဦးကျော်မြင့်က ဒေါ်လေးကိုနောက်ပိုးနေလို့ ဆိုတာနောက်မှသိရတယ်။ သင်္ကြန်သံချပ်မို့ ဘာပြဿနာမှမတက်။
ဘယ်တော့မှ ရိုးမသွားတဲ့ နောက်သံချပ်ကတော့ “ အမေ့ချွေးမ ပျောက်လို့ရှာ၊ တွေ့ပြီတွေ့ပြီ သူပဲ သူပဲ “ ပါ။ လမ်းပေါ်ကအမျိုးသမီးကို ရေပက်ခံကားပေါ်ကနေ အဲဒီလိုပိုင်စိုးပိုင်နင်း ချစ်ရေးဆိုသွားသူကို တရားစွဲဖို့ ဥပဒေမရှိ။ သတို့သားလောင်း မျက်နှာကိုတောင် မမြင်လိုက်ရလို့ လမ်းပေါ်က သတို့သမီးလောင်းလည်း ခပ်ရှက်နဲ့ပဲ ကျေအေးလိုက်ရ၊ ကားနောက်ပြေးလိုက်လို့မှ မရတော့။
သြော် သင်္ကြန်မှာသံချပ်ထိုးတာကိုး။
အဲဒီလို တစ်ဦးတစ်ယောက်ချင်းကနေ သင်္ကြန်သံချပ်ဟာ လူအများနဲ့သက်ဆိုင်တဲ့ ခေတ်ကိုရောင်ပြန်ဟပ်တဲ့ အထိကျယ်ပြန့်တိုးတက်လာပြီ။ ဒီနေရာမှာ စာဖတ်သူများနဲ့အတူ စဉ်းစားကြည့်ကြပါစို့။ သင်္ကြန်စာတို့ သံချပ်တို့ဟာ ပြည်သူလူထုရဲ့ ခံစားချက်တို့ လိုအင်ဆန္ဒတို့ ဖြစ်တာမို့ ခေတ်အဆက်ဆက် ရှိခဲ့တာမဟုတ်ပါလား။ သက်ဦးဆံပိုင်ဘုရင် တို့သည်ပင်လျှင် လက်ခံခဲ့ကြပုံရတယ်။
သံချပ်တွေထွန်းကားတဲ့ ရွှေခေတ်လို့ တင်စားကြတဲ့ ခေတ်ကောင်းတုန်းက မြန်မာပြည်ကိုကြည့်ပါ။ သံချပ်က ဘယ်သူ့ကိုမှအလွတ်မပေး ဘယ်ကိစ္စမှမချန်၊ မဟုတ်တာလုပ်လို့များ သင်္ကြန်ကျရင် သံချပ်ထဲပါလာမယ်မှတ်။ သို့သော် သံချပ်ထိုးသူတွေဟာ အစွယ်နဲ့ငေါငေါရန်မလို၊ အာဂါတနဲ့အညှိုးမကြီး၊ ဒေါသမပါ ရယ်ကာမောကာနဲ့ အတိုင်အဖောက်ညီညီ ရင်ဖွင့်ကြတာပါ။
ကဗျာရွတ်ပြီး ဝေဖန်တာလို့တောင် မြင်ချင်ရင် မြင်နိုင်ကြပါလိမ့်မယ်။ သံချပ်ထိုးသမားများက လွန်တာရှိရင် ၀န္ဒာမိလို့ အဆုံးသပ်တာကိုယ်က ဘယ်လောက်ယဉ်ကျေးလိုက်ပါသလဲ။ ပြုပြင်စရာတွေကို ထောက်ပြတဲ့ ယဉ်ကျေးမှု အဆင့်အတန်း ( Standard of Culture) ကိုပြသတာလို့တောင် ရေးရင်းတွေးမိတယ်။
သံချပ်စာအုပ်တွေထွက်တယ်၊ သတင်းစာတွေကဖော်ပြတယ်၊ ရေဒီယိုကအသံလွှင့်တယ်။

(၅)

သင်္ကြန်ကျတော့မယ်ဆိုတဲ့ အသိခေါင်းထဲဝင်လာတော့ နှာခေါင်းထဲ ပိတောက်နံ့မွှေးကလည်း အပြေးဝင်လာပြီ။ ဖယောင်းနံ့သင်းတဲ့ သင်္ကြန်ထမင်းကို လျှာကတမ်းတတောင်းဆိုလာပြီ။ မျက်စိထဲ ဟိန်းနေတဲ့မဏ္ဍပ်ကြီးတွေ မြင်ယောင်လာပြီ။ သံချပ်သံတွေ နားထဲကြားရသလိုလို ဖြစ်လာပြီ။
လွမ်းတာနဲ့ မြန်မာပြည်က သတင်းတွေဖတ်လိုက်တော့ လှပတဲ့သင်္ကြန်အိပ်မက် ၀ိုးတ၀ါးနဲ့မှေးမှိန် လာပြီး လူအများရဲ့ ပကတိအနေအထားပေါ်လာပြီ။
ဟုတ်တာပေါ့၊ အိုးထဲမှာဆန်မရှိပဲ သင်္ကြန်ပွဲဘယ်လိုနွှဲမလဲ၊သင်္ကြန်ဆိုတာကလည်း လူတွေကို ပျော်ရွှင်မှုထက်ပိုကာ ထမင်းတော့ ဘယ်နှယ့်လုပ်ကျွေးနိုင်ပါ့မလဲလေ။ လူ့ပြေဆင်းလာတဲ့ သကြားမင်းကြီးလည်း ဆန်အိတ်သိန်းသန်းချီကာ သယ်လာနိုင်မထင်။
သံချပ်ပြန်ထိုးလို့ ရလာပြီဆိုပေမယ့် လွတ်လပ်ခွင့်ကတော့ ပျောက်ကွယ်နေဆဲ။
ပြောချင်တာတွေ များလာလေလေ ပါးစပ်ကယားလာလေလေ။
သင်္ကြန်သံချပ်ဆိုတာ တိုင်းသူပြည်သားများရဲ့ အမြင်သဘောထားဆန္ဒကို တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူတွေ နေရင်းထိုင်ရင်း အခမဲ့သိခွင့်ရလိုက်တာပါလို့ ဘယ်သူ့ကိုသွားပြောရမှန်းမသိသမို့ စာဖတ်သူများအား Zaw Htet Zaw ထံကရထားတဲ့ ပန်းချီကားများနှင့်အတူ ဝေငှလိုက်ရကြောင်းပါ။

 ၂၀၁၇ ခု၊ဧပြီလ (၁၄) ရက်နေ့