ရွှေပိုးအိမ် (ပဲခူး) ● စိတ်ဖြေ ရုပ်ထုများ


ရွှေပိုးအိမ် (ပဲခူး) ● စိတ်ဖြေ ရုပ်ထုများ
(မိုးမခ) ဧပြီ ၁ဝ၊ ၂ဝ၁၇

သူ့ခြေရင်းမှာ ကြွေကျနေတဲ့ သစ်ရွက်ခြောက်ကလေးတွေကို ငေးတယ်။

ပြီးတော့ ဘိုးတော်တပါးရဲ့ပုံသဏ္ဍာန်နဲ့ရုပ်ထုဟာ ဓာတ်နန်းဟောင်းလေးထဲမှာ အေးအေးဆေးဆေး ဆေးလိပ်ဖွာနေ တော့ တယ်။ ဓာတ်နန်းဟောင်းလေးရဲ့ အမိုးထောင့်စွန်းလေးတွေမှာတော့ ပင့်ကူမျှင်တွေဟာ လိမ်ကောက် ယှက်သန်းလို့ပေါ့။

ညောင်ပင်ကြီးရဲ့အရိပ်အာဝါသအောက်က ဘိုးတော်ဓာတ်နန်းလေးဟာ ဟောင်းနွမ်းပေမယ့် အေးအေးလူလူရှိ နေပါတယ်။ ကိုးကွယ်ယုံကြည်မှု တော်တော်များများကို နေ့စဉ်ရက်ဆက်ဆိုသလို ကြုံတွေ့နေရပေမယ့် ရုပ်ထုဟာ ငြိမ်ငြိမ်သက်သက် မတုန်မလှုပ်ပါပဲ။ ကြာလာတော့ ငြီးငွေ့ဖွယ်ရာတောင် ဖြစ်လာသေးတယ်။ ကိုးကွယ်ယုံကြည်မှုတွေရဲ့ဇစ်မြစ်ဟာ အ ကြောက်တရားက စလာတာဆိုလျှင် ဘာကိုကြောက်လို့ ဘာအတွက်ကိုးကွယ်မှု လုပ်နေကြပါသလဲလို့ ရုပ်ထုဟာ မကြာ ခဏဆိုသလို တွေးနေမိတယ်။ ရုပ်ထုကိုယ်တိုင် သူ့ရဲ့နာမ်တရားဖြစ်တဲ့ ဘိုးတော်အကြောင်းကို ဂဃဏန မသိပါဘူး။ ရုပ်ထု ကိုယ်တိုင်က ရုပ်ထုသက်သက်ဖြစ်တဲ့အတွက် အတွေးအခေါ် အယူအဆကင်းလွတ်ပြီး ဘဝအဓိပ္ပာယ်မဲ့နေပြီးသားပါ။

အချိန်တန်ရင် ရာသီဥတုရဲ့တမြည့်မြည့်ချင်း ရိုက်ခတ်မှုတခုအောက်မှာ ရုပ်ထုဟာ အသားတွေပဲ့ထွက်လာမယ်။ အပေါ်ယံ သုတ်လိမ်းထားတဲ့ဆေးတွေ ကွာလာမယ်။ အခုတောင် ဘိုးတော်ရဲ့နှာခေါင်းနေရာက ဆေးတချို့ဟာ အကွက်လိုက် ကွာနေ ခဲ့ပြီမဟုတ်လား။

ဘိုးတော်ဟာ လေးစားစရာပုဂ္ဂိုလ်ဟုတ်မဟုတ်၊ ပြီးတော့ ကိုးကွယ်သူတွေရဲ့ဆန္ဒတွေကို ဖြည့်ဆည်း ပေးမပေး၊ ကိုးကွယ် သူတွေရဲ့လုံခြုံမှုကို စွမ်းဆောင်နိုင်ခြင်း ရှိ/မရှိ ရုပ်ထုဆက်မတွေးချင်တော့ဘူး။ ရုပ်ထုဟာ ဘိုးတော်ရဲ့ကြီးမြတ်လှတဲ့ နာမ် တရားအတွက် အပြခံသက်သက်ပဲ။ ပိုပြီးငြီးငွေ့စရာကောင်းတာက ဘိုးတော်နတ်နန်းရှေ့မှာ မိတ်ကပ်အဖွေးသားနဲ့ ဟန် တလုံး ပန်တလုံး စကားတွေပြောပြောနေတတ်တဲ့ နတ်ကတော်ဆိုတဲ့ပုဂ္ဂိုလ်ပဲ။ ကြားဖူးနားဝရှိသလောက် ကတော် ဆိုတဲ့ စကားစုဟာ အရာရှိအရာခံပုဂ္ဂိုလ်တွေရဲ့ဇနီးယားကို သုံးစွဲတဲ့ဝေါဟာရလေ။ ဒီတော့ နတ်ကတော်ဆိုတာ နတ်မယား၊ နတ် ဇနီးပေါ့။ စေ့စေ့ တွေးကြည့်ရင် နတ်တပါးရဲ့ ဇနီးမယားအဖြစ် ကိုယ့်ကိုယ်ကိုယ် အမည်ခံရဲတာဟာ တော်ရုံသတ္တိတော့ မဟုတ်ဘူး။ တကယ်တမ်းဆို လက်ဖျားခါလောက်တဲ့ အံ့သြစရာစကေးကြီးပါ။ ဒါပေမဲ့ ဘယ်သူမှလည်း နတ်ကတော်ဆိုတဲ့ ဝေါဟာရအပေါ် အထူးတလည် အံ့သြနေတာ မတွေ့ မိလေတော့လည်း ရုပ်ထုအနေနဲ့က ပြောရခက်ပြန်ရော။

ပြီးတော့ နတ်ကတော်ဟာ သိပ်ပြီးဟိတ်ဟန်ကောင်းတာ။ ဘယ်လောက် တောင် ဟိတ်ဟန်ကောင်းသလဲဆို မှင်သေသေ နဲ့ တသက်လုံးပုံစံမပျက်ထိုင်နေတဲ့ ရုပ်ထုရဲ့ဟန်ပန်ထက်တောင် ဟိတ်ဟန်ကောင်းသေး။ ဒါ့အပြင် ဘယ်အရာမဆို ဘိုး တော်နာမည်သုံးပြီး လူတကာရဲ့အကြောက်တရားကို နတ်ကတော်ဟာ ခပ်တင်း တင်းဆုတ်ကိုင်လို့။ ဘိုးတော်ရဲ့ အတိတ်က မြင့်မြတ်မှု၊ သက်ရောက်မှုသြဇာကို ခုတုံးလုပ်ပြီး ဘိုးတော်အပေါ် ယုံကြည်ကိုးကွယ်သူတွေအပေါ် မကြောက် ကြောက် အောင် ခြိမ်းခြောက် နေတဲ့ နတ်ကတော်အသံကို ရုပ်ထုဟာ နားရည်ဝလျှက် ရှိပါတယ်။
…………

မနက်ခင်စောစော ဘိုးတော်ဓာတ်နန်းကို ရောက်ရောက်လာတဲ့ နတ်ကတော်ဟာ ဓာတ်နန်းဟောင်းလေးကို သန့်ရှင်းရေး လုပ်တယ်။ ဘိုးတော်ရှေ့က ပန်းအိုးတွေကို လဲတယ်။ အမွှေးတိုင်ထွန်းတယ်။ အမွှေးတိုင်ရဲ့စူးရှပြင်းထန်တဲ့ အနံ့ အသက်ကို ဘိုးတော်ရဲ့နာမ်တရားရမရတော့ ရုပ်ထုမသိဘူး။ ရုပ်ထုကိုယ်တိုင်တောင် သက်ရှိဖြစ်ရင် ချောင်းဆိုးပြီး အဆုတ်ရောဂါရနေ လောက်ပါပြီ။

တနေ့တော့ ဘိုးတော်အတွက် ဓာတ်နန်းအသစ်ဆောက်ဖို့ကိစ္စကို ရွှေ လက် ကောက်တွေ တတောင်ဆစ်လောက်ဝတ်ထားတဲ့ အမျိုးသမီးတယောက်နဲ့ နတ် ကတော် တိုင်ပင်နေသံကို ရုပ်ထုကြားလိုက်ရတယ်။ အဲ့ဒီအတွက် ဓာတ်နန်းအသစ် ဆောက် မယ့်ပိုက်ဆံကို ဘိုးတော်က ချေးပေးစေ့ချင်တယ်လို့ နတ်ကတော်က တလက်စတည်း စကားခေါ်လိုက်သေးတယ်။ အင်း … ခက်တော့ ခက်နေပြန်ပါပြီ။ ဒီလိုနဲ့နတ်ကတော်နဲ့ အမျိုးသမီးကြီးတို့ စကားဝိုင်းကို ရုပ်ထုဟာ ဆေးပြင်းလိပ်ကြီး ခဲနေဟန်နဲ့ မသိလိုက် မသိဘာသာ စပ်စုမိလျှက်သားပေါ့။

ထင်တဲ့အတိုင်းပါပဲ။

အမျိုးသမီးကြီးဟာ ဘိုးတော်ကိုယုံကြည်တဲ့စိတ်နဲ့ နတ်ကတော်ကို ပိုက်ဆံ ထုတ် ချေးလိုက်တယ်။ ပိုက်ဆံကလည်း နည်းနည်းနောနော ဟုတ်ပုံမရပါဘူး။ သိန်း နဲ့ချီတယ်လို့ တစွန်းတစ ကြားမိလိုက်တော့ “ဘိုးတော်ရယ် … နတ်ကတော်ကို ကြည့်ပြောပါဦး”ဆိုပြီး အလန့်တကြားနဲ့ ရုပ်ထုဟာရေရွတ်လိုက်မိတယ်။ ဒါပေမဲ့ ရုပ်ထုရေရွတ်တာကို ဘယ်သူမှကြားပုံ မရပါဘူးလေ။ မျက်လုံးကြီး ပြူးထွက်လာသလို မခံထိမခံသာဖြစ်နေတဲ့ ရုပ်ထုရဲ့ဟန်ပန်ကို ဘိုးတော်ကပဲ အသက်ဝင်စီး နေသလို လို၊ ဘာလိုလိုပုံစံနဲ့နတ်ကတော်က သတင်းထပ်လွှင့်နေပြန်တော့ ကဲ.... ရုပ်ထုအနေ နဲ့ ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူးပေါ့။

လွဲချော်နေတဲ့ယုံကြည်ကိုးကွယ်မှုတွေဟာ ခဏတာအတွက်ပဲ ငြိမ်းချမ်းစေနိုင်ပြီး ဝေဒနာရဲ့နာကျင်ခံစားမှုကို လုံးဝအရှင်း ပျောက်အောင်ကုသ မပေးနိုင်ဘူးဆိုတာ လူတွေ ဘာလို့မသိကြရတာပါလိမ့်။ ပြီးတော့ ယုံကြည်ကိုးကွယ်မှုတိုင်းကရော လက်တွေ့ ရင်ဆိုင်နေရတဲ့ ဒုက္ခဆင်းရဲအပေါင်း၊ ဖိနှိပ်ခံရမှုအပေါင်း၊ မတရားမှု အပေါင်းကနေ လွတ်မြောက်နိုင်ပါ့မလား။ ဒါဆို မှန်ကန်တဲ့ ယုံကြည်ကိုးကွယ်မှုဟာ ဘယ်မှာများလဲလို့ ရုပ်ထုဟာ ဖြေသူမဲ့စွာနဲ့ မေးခွန်းထုတ်နေလိုက်တယ်။ မေးခွန်း ဟာ ဖြေသူမဲ့မှတော့ ဘယ်လိုလုပ် အရာရောက်တော့မှာလဲ။ အဓိပ္ပါယ်လည်း မရှိတော့ဘူးလေ။ မေးခွန်းပေါင်းများစွာနဲ့ တုန်ရင် နေတဲ့ ကမ္ဘာကြီးကို သနားသော အားဖြင့် ရုပ်ထုဟာ သူ့မေးခွန်းကို သူ့ဘာသာပဲ ပြန်လည်းသိမ်းထုတ်လိုက်တော့ တယ်။ ရုပ်ထုဟာ ကိုယ့်ကိုယ် ကိုယ်ကလွဲရင် ကျန်တဲ့အရာမှန်သမျှကို ကြံဖန်ပြီး သနားတတ်တဲ့စိတ်ကလည်း ရှိသေးတာကိုး။
………………

ဓာတ်နန်းရှေ့ကနေ ဖြတ်တက်သွားတဲ့လှေကားအဆုံးမှာ စေတီငယ်လေးတခု ရှိပါတယ်။ သစ်ပင်ကြီးတွေ အုံ့မှိုင်းဝန်းရံ ထားတဲ့စေတီငယ်လေးရဲ့အေးမြတဲ့ အရိပ်အောက်မှာ တရားထိုင်နေသူပုဂ္ဂိုလ်အချို့ကိုမြင်ရတာနဲ့တင် ရုပ်ထုဟာ အလိုလို ငြိမ်း ချမ်းလာလေ့ရှိပါတယ်။

ယုံကြည်ကိုးကွယ်မှုဆိုတာ အပေါ်ယံကိုင်တွယ်လို့ရတဲ့ တွေ့ထိမှု ဓာတ်သား တွေကို ဆိုလိုတာလို့တော့ ရုပ်ထုမထင်ပါဘူး။ ဟုတ်တယ်လေ။ ရုပ်ဝတ္ထုရဲ့ အတွင်း သားထဲက ထွက်လာတဲ့အမှန်တရားနဲ့လောကသစ္စာ၊ ဘဝအပေါ် အမြစ်ဖြတ်နိုင်မှု၊ အမှန် တကယ်လွတ်မြောက်လိုမှု၊ အေးချမ်းမှုတွေကိုပဲ ယုံကြည်ကိုးကွယ်ရတာ မဟုတ်လား။ ဥပမာ- ရုပ်ထုရဲ့သွင်ပြင်ဟာ နှစ်ပေါင်း များစွာကြာမြင့်လာလို့၊ လေ ဒဏ်၊ မိုးဒဏ်ရာသီဥတုဒဏ်ကြောင့် မသစ်လွင်တော့ဘူး။ ဟောင်းနွမ်းနေပြီ။ အပေါ် ယံ အရေခွံတွေဟာလည်း ပဲ့ကျနေပြီ။ လူတွေရဲ့ကိုးကွယ်ယုံကြည်မှုဟာ ရုပ်ထုရဲ့ အပေါ်ယံ သွင်ပြင်လက္ခဏာကြောင့် ဖြစ်လာတာမဟုတ်ဘူး။ ဘိုးတော်တစ်ပါးရဲ့ ဖြတ်သန်းလာရတဲ့အတိတ်၊ အယူအဆ၊ အပြုအမူ၊ သူ့ရဲ့နာမ်တရားကို ကိုးကွယ် ယုံကြည်ကြရတဲ့အတွက် သူ့ပုံစံတူရုပ်ထုရဲ့ပုံပျက်နေမှုဟာ ဘိုးတော်အပေါ် ယုံကြည် ကိုးကွယ်မှုကို မပျက်ယွင်းစေနိုင်ပါဘူး။ ဒီလိုပြောနေလို့ ရုပ်ထုဟာ တခုခုကို ယုံ ကြည် ကိုးကွယ်နေသူလို့ထင်နိုင်စရာရှိပါတယ်။ ဒါ လုံးဝမဟုတ်ပါဘူး။ ရုပ်ထုဟာ အကြောင်းအရာ ဒါမှမဟုတ် အရာဝတ္ထုတခုအပေါ် ယုံကြည်ချင် ယုံကြည်မိပါလိမ့်မယ်။ ဒါပေမဲ့ ကိုးကွယ်နေမှာတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ရုပ်ထုဟာ ရုပ်ထု ပဲဖြစ်ပြီး ရုပ်ထုမှာ ဘာစိတ်မှ ရှိမနေလို့ပဲ ဖြစ်တယ်။

ဒါဆို ရုပ်ထုဟာ ယုံကြည်ကိုးကွယ်မှုစနစ်ဆီ သွားနေတာမဟုတ်ဘဲ သုံး သပ်တဲ့ရှုထောင့်တရပ်ကိုသာ ရှေ့ရှုနေခြင်း ဖြစ်တဲ့အတွက် အနုပညာသဘောအရဆိုရင်တော့ ပို့စ်မော်ဒန် ဆန်ချင်ဆန်နေပါလိ့မ်မယ်။ အော် ခက်ပါရောလား။ ဘိုးတော် သဏ္ဍာန်ရုပ်ထုနဲ့ ပို့စ်မော်ဒန်နဲ့ ဘာများသက်ဆိုင်နေလို့ တုန်း။ ထားပါတော့လေ။

ခုလည်း နတ်ကတော်ရွေ့နေတဲ့အကွက်တွေကို ရုပ်ထုဟာ အနောက်ကနေ မိန့်မိန့်ကြီးထိုင်ပြီး တကိုယ်တည်း ကြိတ်ပြီး ဝေဖန်သုံးသပ်နေမိပြန်ပါတယ်။

“ပိုက်ဆံချေးတာက ငါမဟုတ်ဘူး အဘလေ၊ ငါ့ကို ခဏခဏ လာတောင်း မနေနဲ့၊ အဘနင့်ကို စိတ်တိုနေပြီသိလား။ အဘက ငါ့ကို လာမိန့်တယ်၊ နင့်ကို အဘ သတ်လိမ့်မယ် ကြပ်ကြပ်သတိထား အေ”

ဒီနတ်ကတော်ရဲ့ဟိတ်ဟန်ကြီးပုံကတော့ ပိုက်ဆံပြန်တောင်းတဲ့သူကို ဖုန်းထဲကနေ ပြန်ဟောက်နေလိုက်သေးတာပဲ ကြည့်။ မသိရင် ဘိုးတော်ကပဲ လိမ်ပြီးချေး သလိုလို ဘာလိုလိုနဲ့။ တော်တော်လည်းဟုတ်တဲ့ နတ်ကတော်။ သူ့ဘာသာသူ သူ များ ပိုက်ဆံကို ဓာတ်နန်းအသစ်ဆောက်မယ်ဆိုပြီး လိမ်ညာချေးတယ်။ ပြီးတော့ ဘိုး တော်အပေါ် အပြစ်တွေပုံချပစ်လိုက်တယ်။ ရုပ်ထုဟာ နတ်ကတော်ကိုကြည့်ပြီး အတော်လေးကို စိတ်ပျက်လက်ပျက်ဖြစ်နေတော့တယ်။ အဲ့ဒီနောက်ပိုင်း နတ် ကတော်ဟာ ရုပ်ထုဆီကို လာတာနည်းသွားတယ်။ နောက်ပိုင်းတော့ နတ်ကတော်ကို လုံးဝကိုမတွေ့ရတော့ပါဘူး။ နတ်က တော် မလာတော့တဲ့ နောက်ပိုင်းရုပ်ထုရဲ့ ပတ်ဝန်းကျင်ဟာ ပိုပြီး တိတ်ဆိတ်သွားသလိုပါပဲ။ နတ်ကတော်ရဲ့ဟိတ်ဟန်တွေ၊ အပို စကားတွေကို မကြားရတာ ကြာလာတော့လည်း ရုပ်ထုမှာ လစ်ဟာဟာကြီး ဖြစ်လို့ပေါ့။ နတ်ကတော် ဘယ်ရောက်နေ သလဲလို့ ရုပ်ထုဟာ တနေ့တနေ့ ဆေး ပြင်းလိပ်ကြီးခဲနေပုံနဲ့ စဉ်းစားခဲ့တာပေါ့။

ရုပ်ထုအထင် တဦးနဲ့တဦးယုံကြည်ကိုးကွယ်မှုမတူညီတာဟာ ပြဿနာတခုတော့ မဟုတ်နိုင်ပါဘူး။ အင်းလေ ဒါကြောင့် လည်း ယုံကြည်ကိုးကွယ်မှု မတူညီသူတွေရဲ့ထူးချွန်တဲ့အရည်အချင်းတွေကို ပေါင်းစပ်ထုတ်ယူအသုံးချနိုင်ခဲ့လို့ သူ့နိုင်ငံ တိုးတက်လာရတာဆိုပြီး စင်ကာပူဖခင်ကြီး မစ္စတာလီကွမ်ယုက တရားဝင် ပြောထားပြီးသားပဲ မဟုတ်လား။ အိုး မသိတော့ပါဘူး။ ရုပ်ထုဟာ ရုပ်ထုလိုပဲ ဆိတ် ဆိတ် ငြိမ်ငြိမ် နေလိုက်တာ ကောင်းပါတယ်။
………………

အမှောင်ဆီမသွားခင် အလှမ်းနှစ်ဆယ်လောက်လိုနေသေးတဲ့ ညနေရင့်ရင့် တခုမှာ အရိပ်နှစ်ခုက ဓာတ်နန်းဟောင်းလေး ဆီကို ဝင်လာခဲ့ပါတယ်။ ရုပ်ထုရှေ့မှာ ခပ်ရို့ရို့ထိုင်နေကြတဲ့ အသက်ငါးဆယ်ကျော်အရွယ် ဇနီးမောင်နှံနှစ်ဦးဟာ ရုပ်ထုရှိ တဲ့ ဘုရားဝန်းအတွင်းကို ဘယ်လိုအကြောင်းကိစ္စတွေနဲ့ ရောက်လာသလဲတော့ ရုပ် ထုလည်း ဘယ်သိနိုင်ပါ့မလဲ။

အင်း… သူတို့လည်း အရင်လူတွေလိုပဲ ရုပ်ထုရဲ့နာမ်ပိုင်ရှင် ဘိုးတော်အပေါ် ယုံကြည်ကိုးကွယ်မှုတခုအတွက် ရောက်လာကြ တာ နေမှာပေါ့လေ။ သူ့ရှေ့မှာ အမွှေးတိုင်တွေထွန်း ပန်းတွေလှူရင်း တတွတ်တွတ်နဲ့ ဆုတောင်းနေကြတဲ့ ဇနီး မောင်နှံကို ရုပ်ထုဟာ စိတ်ဝင်တစား အကဲခတ်နေလိုက်တယ်။ အဲ့ဒီနောက် အမျိုးသမီးကြီးက ဆွဲခြင်းထဲပါလာတဲ့ စာစောင်တစောင် ကိုထုတ်ပြီး သူတို့ထိုင်မယ့် သံမံတလင်းကြမ်းခင်းပေါ်မှာခင်းထိုင်ဖို့ဖြန့်လိုက်တယ်။ စာစောင်ရဲ့စာမျက်နှာထက်မှာတော့ “ဘိုးတော်ကို ခုတုံးလုပ်ရင်း ငွေလိမ်လည်မှုကျူးလွန်သူ နတ်ကတော်” ဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ ရုပ်ထုရဲ့မိတ်ဆွေကြီး နတ်က တော် ပုံဟာ ထင်ထင်ရှားရှားကြီးပေါ့။

အဲ့ဒီညမှာ ကျယ်လောင်တဲ့တောက်ခေါက်သံကြီးတစ်သံ ဓာတ်နန်းဟောင်း လေးဆီကထွက်လာတာကို ကြက်သီးထ စဖွယ် ပီပီသသကြီး ကြားလိုက်ကြရတယ်။

မနက်လင်းတော့ နတ်ကတော်ပုံနဲ့စာစောင်ဟာ ဘိုးတော်ရုပ်ထုရှေ့က ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေကြားမှာ တစစီ မွှစာကြဲလို့ပေါ့။

ရွှေပိုးအိမ် (ပဲခူး)
မတ် ၂၀၊ ၂၀၁၇