သော်တာသစ် - အစဉ်အလာကိုပုန်ကန်ခဲ့သူ(သို့) လိုက်နာခဲ့သူအမျိုးသမီး စာရေးဆရာ



သော်တာသစ် - အစဉ်အလာကိုပုန်ကန်ခဲ့သူ(သို့) လိုက်နာခဲ့သူအမျိုးသမီး စာရေးဆရာ
(မိုးမခ) ဧပြီ ၁၃၊ ၂၀၁၇
(ဂျာနယ်ကျော် မမလေး နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်)


၂၀၁၇ ခုနှစ်၊ ဧပြီ (၁၃) ရက်နေ့တွင် မြန်မာစာပေလောကတွင် သြဇာကြီးမားခဲ့သော စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး နှစ် (၁၀၀) ပြည့်ပါသည်။ ဂျာနယ်ကျော်မမလေးဟု ဆိုလျှင် ဂျာနယ်ကျော်ဦးချစ်မောင် ကွယ်လွန်ပြီးနောက်ပိုင်း ဒုက္ခသုက္ခမျိုးစုံကြားက ခင်ပွန်းသည်၏ ဆန္ဒအတိုင်း ဂျာနယ်ကျော်ကို ဆက်လက်ထုတ်ဝေခဲ့သူ၊ အာဏာရပါတီ၏ အငြိုအငြင်ကို ခံ၍ ပြည်သူ့ဟစ်တိုင်ကို ထုတ်ဝေခဲ့သူ၊ လောကဓံအနိမ့်အမြင့် အတက်အကျ ၀ဲဂယက်မျိုးစုံကြားတွင် မယိုင်လဲသွားအောင် ကြံ့ကြံ့ခံနိုင်ခဲ့သူ လူမမယ်ကလေးသုံးယောက်၏ သားသည်မိခင်တစ်ဦး၏ ပုံရိပ်ကို မြင်ယောင်မိပါသည်။
အလွှာမျိုးစုံက အမျိုးသမီးတို့၏ ဘ၀အထွေထွေနှင့် ၎င်းတို့၏ ခံစားချက်ကို ကလောင်သွားနှင့် ထောင့်စေ့အောင် ခြယ်မှုန်းနိုင်ခဲ့သဖြင့် ဂျာနယ်ကျော်မမလေး၏ ကလောင်သည်အမျိုးသမီးထုကို ကိုယ်စားပြုနိုင်သော အသံတစ်သံဟုပင် မှတ်ယူနိုင်ပါသည်။ သည်လိုဆိုလျှင်ဂျာနယ်ကျော်မမလေးကိုဣတ္ထိယ၀ါဒီတစ်ဦးဟုမှတ်ယူနိုင်မလား စဉ်းစားစရာရှိသည်။

အမျိုးသမီးအရေးကိစ္စကို စိတ်ဝင်စားသူတိုင်း ဣတ္ထိယ၀ါဒကို လက်ခံသူ ဖြစ်နိုင်ပါသည်။ သို့သော် ပုံစံချင်းတော့ ကွဲပြားပါသည်။ ရှေးရိုးစွဲအစဉ်အလာကို ယုံကြည်လက်ခံသည့် ဣတ္ထိယ၀ါဒ (conservative feminism)၊ အရင်းရှင်ဖိနှိပ်မှုကို တွန်းလှန်သည့် ဣတ္ထိယ၀ါဒ (socialist feminism)၊ အမျိုးသားကို မတရားသောလူ့ဘောင်စနစ်၏ လက်သည်အဖြစ် မှတ်ယူကာ ၎င်းတို့ကြီးစိုးမှုကို အမြစ်ပြတ်ချေမှုန်းလိုသော ဣတ္ထိယ၀ါဒ (radical feminism)၊ လွတ်လပ်၍ တန်းတူညီမျှခွင့်ကို တောင်းဆိုသော ဣတ္ထိယ၀ါဒ (liberal feminism) အစရှိသဖြင့် မျိုးစုံရှိပါသည်။

အမျိုးသမီးတိုင်း ဣတ္ထိယ၀ါဒီ တစ်မျိုးမဟုတ် တစ်မျိုးနှင့် အကျုံးဝင်နိုင်ပါသည်။ ထို့ကြောင့် ဂျာနယ်ကျော်မမလေးသည်လည်း ဣတ္ထိယ၀ါဒီတစ်ဦးပင် ဖြစ်သည်။ သို့သော် သူ၏ ရပ်တည်ချက်သည် လွတ်လပ်မှု၊ တရားမျှတမှုနှင့် အစဉ်အလာက ထမ်းပိုးဆင့်လိုက်သော အမျိုးသမီးတစ်ဦး၏ ၀တ္တရားတို့အကြားတွင်မလူးသာမလွန့်သာ ရှိခဲ့သည်ကိုတွေ့ရပါသည်။

ဂျာနယ်ကျော်မမလေး၏ စာပေခရီးအစသည်ပစ်စာတစ်စောင်မှ စတင်ခဲ့သည်။ အမျိုးသမီးတစ်ဦး ကြက်တောင်ရိုက်ခြင်း၊ အမျိုသားများနှင့် ရင်းရင်းနှီးနှီးသွားလာခြင်းအပေါ် မြင်ပြင်းကပ်ပြီး ပို့ခဲ့သော ပစ်စာကို တုန့်ပြန်စာရေးရာက သူ၏ စာပေခရီးအစဖြစ်လာသည်။ ထို့အပြင် ဘိုကလေးမြို့၏ တို့ဗမာအစည်းအရုံးဝင်၊ တက်ခေတ်အမျိုးသမီး ဥက္ကဌအဖြစ် အမျိုးသမီးနိုင်ငံရေးလှုပ်ရှားမှုတွင် ဦးဆောင်သူတစ်ဦးဖြစ်ခဲ့၍လည်း မတင်လှိုင်သည် အမျိုးသမီးအရေးနှင့်ပတ်သက်လျှင် အစဉ်အလာကို ကျော်လွန်မြင်တတ်သူဟု ယူဆနိုင်ပါသည်။ မြန်မာ့အလင်းသတင်းစာတွင် ၁၉၃၆ တွင် ပုံနှိပ်ဖော်ပြခံရသည့် ဘိုကလေးမတင်လှိုင်၏ ပထမဆုံးသော ဆောင်းပါးအမည်မှာ “အမျိုးသမီးများ ဏကြီးသတ် ဥာဏ်ရှိကြရန်” ဖြစ်ပါသည်။

အမျိုးသမီးတို့၏ ခံစားချက်များကိုရေးဖွဲ့ရာတွင်အိမ်အကူမိန်းကလေးအကြောင်းမှသည်ရုပ်ရှင်မင်းသမီးအကြောင်းအထိ အလွှာစုံပါခဲ့သည်။ သူ့ဝတ္ထုကတဆင့် ဖခင်နှင့် ခင်ပွန်းသည်ကြား ခံစားချက်လွန်ဆွဲခဲ့ရသော မိန်းကလေးအကြောင်း (မုန်း၍မဟူ)၊ နိုင်ငံရေးအရှုပ်အထွေးနှင့် စစ်၏ နောက်ဆက်တွဲသားကောင်မိန်းကလေးများအကြောင်း (သွေး၊ အဖြူနှင့် သူမ)၊ ဘာသာရေးကိုင်းရှိုင်းပြီး အစွဲအလန်းကြီးတတ်သော အမယ်ကြီးအကြောင်း (လောကီရတာနာ)နှင့် ကတ္ထီပါကားလိပ် နောက်ကွယ်က ရုပ်ရှင်မင်းသမီးဘ၀ (မာလာရီ) ကို စာနာစိတ်နှင့်ဖတ်ခဲ့ရပါသည်။

ဂျာနယ်ကျော်မမလေးအနေနှင့်လည်း သူ့ဝတ္ထုများကတဆင့် ပေးချင်သောရသမှာ အမျိုးသမီးတို့၏ ဘ၀အဖုံဖုံကို နားလည်ခံစားပေးရန်က ဦးဆုံးရည်ရွယ်ချက်ဖြစ်လိမ့်မည်ဟု ယူဆပါသည်။ သည်နောက်တွင်မှ အမျိုးသမီးတို့၏ ရှေးရိုးစွဲ အမြင်များ ပြောင်းလဲရန်၊ ခွန်အားသတ္တိရှိရန်၊ ရဲဝံ့ရန်အားပေးလိုသည့်သဘောကိုတွေ့ရပါသည်။

“မိန်းမများသည် အရှက်နှင့် လူလုပ်ကြသူများဖြစ်၍ ဇက်ရဲရင်ရမည်ဟူသော ယောကျာ်းတို့၏ ခွန်အားတွင် မိန်းမတွေ အနတဂ္ဂမ အရှုံးပေးကြရသည်။ သို့သော် မိန်းမတိုင်း မျက်စိမှိတ်ကြမည် မဟုတ်” (“စိတ်”၊ ဂျာနယ်ကျော် မမလေး) လိင်ပိုင်းဆိုင်ရာ နိုင်ထက်စီးနင်းအပြုခံရသော မစောလင်း၏ ရဲဝံ့မှုသည် အမျိုးသားတို့ ပြုသမျှ နုရပါမည်ဟူသော အရိုးစွဲလာသည့်အမြင်ကို ပြောင်းလဲရန် တွန်းအားတစ်ရပ်ဖြစ်ခဲ့သည်။

သို့သော် အမျိုးသမီးအရေးကိစ္စနှင့်ပတ်သက်လျှင် ဂျာနယ်ကျော်မမလေးတွင် အစဉ်အလာကို မလွန်ဆန်နိုင်သော၊ တနည်းအားဖြင့် နာခံသော အယူအစွဲတို့ကိုလည်း တွေ့ရပါသည်။ ဥပမာ - သူ၏ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ဖြစ်သော “ရင်နှင့်အောင်မွှေး” တွင် ဇာတ်ကောင် မော် ၏ စရိုက်ကို ဖော်ကျူးရာတွင် သူ၏ မိန်းမပီသကျိုးနွံ ပိပြားပုံကို လေးစားညွှတ်နူးအောင် ရေးသားခဲ့သည်။ “ရင်နင့်အောင်မွှေး”၏ အမှာစာတွင် “၀တ္ထုဇာတ်လမ်းနှင့် ရည်ရွယ်ချက်ကို ကျွန်မ ပထမစဉ်းစားရသည်။ ကျွန်မ၏အာရုံထဲ၌ အမျိုးသမီးများအတွက် အကျိုးပြုစေမည့် ဇာတ်လမ်း တပုဒ်ရေးရန် အကြမ်းအားဖြင့် အတွေးပေါ်လာသည်။ မြန်မာအမျိုးသမီးလေး တစ်ဦး၏ ကောင်းမြတ်သောအရည်အသွေးဖြစ်သည့် မိန်းမ ပီသမှုကို မြန်မာ့ယဉ်ကျေးမှုမျိုးရိုးစဉ်လာ၊ ဓလေ့ထုံးစံ၊ စည်းကမ်းစသည်များဖြင့်စပ်ဖျော်၍ ပုံစံလောင်းကာ ရုပ်လုံးဖော်ပြရန် စိတ်ကူးရရှိသည်။ မြန်မာအမျိုးသမီးကလေးတဦးဖြစ်လာလျှင် လောကီရေးရာနှင့် ကြည့်လျှင်သောလလည်းကောင်း၊ လောကုတ္တရေးရာနှင့်ကြည့်လျှင် သော်လည်းကောင်း၊ ယဉ်ကျေးမှုနှင့်ကြည့်လျှင်သော်လည်းကောင်း လိုက်နာကျင့်သုံးမှတ်ယူ ပြုမှုရမည့် အချက် အလက်တို့မှာ များမြောင်လှရကား ယင်းအချက်အလက်များထဲမှ အခြေခံဖြစ် သော ရတနာသုံးပါး ကြည်ညိုသူ၊ အနန္တောအနန္တဂိုဏ်းဝင် မိဘ၏ဂုဏ်ကျေးဇူးကိုသိတတ်၍ မိဘကို ရိုသေလေးစားသူ၊ ကုသိုလ်ကောင်းမှုတို့၌ အလွန်မွေ့လျော်တတ်သူ ရောင့်ရဲတတ်သော စိတ်နှလုံးရှိသူ၊ လုံ့လ၀ီရိယဇွဲရှိသူ၊ နူးညံ့ သိမ်မွေ့သူ၊ ပညာရှိသူ၊ ယဉ်ကျေးလိမ္မာသူ၊ မိန်းမပီသသူ စသည့်အချက်များဖြင့် ပုံလောင်း၍ ရုပ်လုံးထုရာ၌ ၀တ္ထုထဲ၌သာရှိသော စိတ်ကူးယဉ်ဇာတ်ကောင်မျိုးမဖြစ်စေဘဲ တကယ့်လူ့လောကထဲ၌ရှိသော သဘာဝကျနသည့် ဇာတ်ကောင်ကလေး ဖြစ်စေရန် အားထုတ်ဖို့ကြိုးစားရမည်ဖြစ်နေသည်” ဟူ၍ သူ၏ ခံယူချက်ကို လှစ်ဟထားသည်။

ထိုနည်းတူ “သူလိုမိန်းမ” တွင်လည်း..

“မိန်းမဆိုတာ ကြောက်သင့်မှ ကြောက်ရမယ်၊ ရှက်သင့်မှ ရှက်ရမယ်၊ တကယ့်မိန်းမ ဖြစ်ချင်ရင် မိန်းမအမူအရာနှင့် ယောက်ျားစိတ် ရှိရမယ်။ ယောက်ျားအမူအရာနဲ့လည်း မိန်းမစိတ်ရှိရမယ်”

ဟူသော ရေးသားချက် ပါဝင်ပါသည်။ သည်စာပိုဒ်မှ စကားလုံးများကို စစ်ထုတ်အနက်ပြန်ကြည့်လျှင် စာရေးသူသည် မိန်းမ၏ သဘောမှာ မည်သို့ရှိရမည်၊ ယောက်ျား၏ သဘောမှာ မည်သို့ရှိရမည်ဆိုသည်တွင် အစဉ်အလာ သတ်မှတ်ချက်အတိုင်း မြင်နေသေးသည်ကို တွေ့ရပါသည်။ မိန်းမဟူသည် ကြင်နာ၊ သနားတတ်သူ၊ ယောက်ျားဟူသည် ရဲဝံ့ပြတ်သားသူ၊ သတ္တိဗျတ္တိရှိသူအဖြစ် ဆိုလိုနေကြောင်း မှတ်ယူရသည်။

အလားတူစွာ “မိန်းမပီပီ” ၀တ္ထုတိုကိုလည်း အမျိုးသမီးများ အိမ်တွင်းမှုစေ့စပ် သေချာပိုင်နိုင်စေရန် ပညာပေးလို၍ ရေးသားခဲ့ခြင်းဖြစ်သည်။ သူ၏ ပျောက်ဆုံးသွားသော စာမူ“မိန်းမ” ၀တ္ထုတွင်အမိဝမ်းမှ ကျွတ်ကတည်းက အမျိုးသမီးများ ကြုံတွေ့ခံစားရသည်များကို ရေးသားသည်ဟုဆိုသော်လည်း “မိန်းမဖြစ်လျှင် မိန်းမ ပီသဖို့ရာ အဓိကအချက် ထားသည်” ဖြစ်ကြောင်း ဖွင့်ဟထားပါသည်။ သည်အခြင်းအရာများကို ကြည့်၍ အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်လျှင် ဂျာနယ်ကျော်မမလေးသည် ပွင့်လင်းလွတ်လပ်သော အမြင်ကို လက်ခံသော်လည်း သူ့အမြင်တပိုင်းတစသည် ရိုးရာအစဉ်အလာကိုပင် ပြန်လည်အခြေခံနေကြောင်း တွေ့ရပါသည်။

ဂျာနယ်ကျော်ဦးချစ်မောင်နှင့် အိမ်ထောင်ကျပြီးသည့်နောက်ပိုင်း သူ၏ စွန့်လွှတ်အနစ်နာခံမှုက ပို၍ ထင်ရှားပါသည်။

ထိုသို့သော အနစ်နာခံမှုမှာ “ပါရမီဖြည့်ဘက်” ဟူသော အစဉ်အလာက ပေးသည့် ဇနီးကောင်းရာထူး သတ်မှတ်ချက်ကို မက်မောနေခြင်းကြောင့် မဟုတ်ဘဲ၊ မေတ္တာသက်သက်ကိုသာ အခြေခံသော ရွေးချယ်မှုဖြစ်ပါသည်။ ဒေါ်မမလေးသည် ဦးချစ်မောင်နှင့် ပတ်သက်လျှင် သူ၏ ဖြစ်တည်မှုကို “ဆန္ဒအလျောက် ရွေးချယ်ခြင်း” အဖြစ် အမည်တပ်နိုင်သော်လည်း ခင်ပွန်းသည် ကွယ်လွန်ပြီးနောက်ပိုင်းတွင် လူမှုရေး၊ စာပေရေးရာနှင့် မိသားစုကိစ္စများတွင် ထိန်းသိမ်းရခြင်း၊ မြိုသိပ်ရခြင်းများမှာ “၀တ္တရားအရ ရွေးချယ်ရခြင်း၊ မလွန်ဆန်နိုင်ခြင်း၊ လုပ်ဆောင်ရခြင်း” များဖြစ်ပါသည်။ သူ ရှင်သန်ခဲ့ရသော ခေတ်၊ စနစ်၊ ကြီးပြင်းရသော ၀န်းကျင်ကို ထည့်တွက်လျှင် ဂျာနယ်ကျော်မမလေးသည် လုံးဝပွင့်လင်းလွတ်လပ်ခြင်း လမ်းကြောင်းသို့ မဦးတည်ဘဲ၊ ထုံးတမ်းစဉ်လာကို အလွန်အကျူး သွေဖယ်ခြင်းမရှိသည့် တိုးတက်ရေး အယူအဆသာ ရှိခဲ့ရခြင်းအပေါ် ပိုမိုနားလည်နိုင်ပါသည်။

ရှေးရိုးစွဲအစဉ်အလာကို လက်ခံသော ဣတ္ထိယ၀ါဒ (conservative feminism) ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် မိန်းမပီသမှုကို အားပေးသည့်ဝါဒ၊ ယောက်ျားကြီးစိုးမှုကို လက်ခံသော ၀ါဒအဖြစ် အနက်ပြန်ဆိုမှုမှာ လွဲမှားသည်ဟု စောဒကတက်သူများလည်း ရှိသည်။ ဣတ္ထိယ၀ါဒ၏ သဘောတရားမှာ အမျိုးသားများနှင့် တန်းတူညီမျှခွင့်ကို ဦးတည်သဖြင့်၊ အစဉ်အလာအရ ဖိနှိပ်မှုကို ချိုးဖျက်သည်ဖြစ်ရာ၊ ရှေးရိုးစွဲနှင့် ဣတ္ထိယ၀ါဒ သည်နှစ်မျိုးကို ပေါင်းစပ်၍ မရနိုင်ဟုလည်း ဆိုကြသည်။ သို့သော် အမျိုးသမီးအရေးတွင် အလွှာစုံ၊ အရောင်စုံ၊ နောက်ခံအခြင်းအရာအစုံ (intersectionality) ကို ထည့်သွင်းစဉ်းစားလာသောအခါ ရှေးရိုးစွဲတို့သည်လည်း လွတ်လပ်ပွင့်လင်းသော အမြင်ကို တစ်ပိုင်းတစ်စလက်ခံကာ ဣတ္ထိယ၀ါဒီလှုပ်ရှားမှုများတွင် ပါဝင်ခွင့်မရှိဘူးလားဟု မေးစရာများရှိခဲ့သည်။

သည်အကြောင်းကို အခြေခံ၍ ရှေးရိုးစွဲအစဉ်အလာ ဣတ္ထိယ၀ါဒပုံစံသစ် (new conservative feminism)
ထွက်ပေါ်လာခဲ့သည်။ သို့ဆိုလျှင် ဂျာနယ်ကျော်မမလေး၏ အမျိုးသမီးရေးရာအမြင်သည် သည်အမျိုးအစားတွင် အကျုံးဝင်ပါလိမ့်မည်။

အချုပ်အားဖြင့် ဆိုရပါလျှင် ဂျာနယ်ကျော်မမလေးသည် သူကိုယ်တိုင် အမျိုးသမီးများ ဘ၀တိုးတက်ရေးကို အားပေးသူ၊ မြှင့်တင်သူ ဖြစ်သော်လည်း၊ ကိုယ်တိုင်ကမူ သူ့ကိုယ်သူ ဣတ္ထိယ၀ါဒီဖြစ်ကြောင်း၊ မည်သို့သော အမျိုးအစားတွင် ပါဝင်ကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါ။ သူ၏ ရေးသားချက်များကတဆင့် ကောက်ချက်ချရခြင်းသာ ဖြစ်ပါသည်။

မည်သို့ဆိုစေ ပုံနှိပ်စက် အချိုးဖျက်ခံရ၊ အမြတ်တော်ခွန် ထုထောင်းခံရ၊ ကလေးသုံးယောက် ကျောင်းစရိတ်ရှာရ၊ အကြိမ်ကြိမ်အလီလီ အိမ်ပြောင်းရွှေ့ရ၊ နိုင်ငံရေးပြစ်မှုကြောင့် အထိန်းသိမ်းခံရ စသော ပြဿနာပေါင်း
သောင်းခြောက်ထောင်ကြားတွင် လောကဓံအပေါ် သူ၏ ခံနိုင်ရည်အားကိုတော့ မလေးစားဘဲ မနေနိုင်ပါ။ သည်လို ရှေ့ဆောင်စံပြဖြစ်ခဲ့ခြင်းသည် အမျိုးသမီးစာဖတ်ပရိသတ်အပေါ်မှာရော၊ အမျိုးသမီး စာရေးသူဆိုလျှင် တစ်မှတ်လျှော့တွက်လေ့ရှိသော အသိုင်းအ၀ိုင်းမှာပါ သက်ရောက်မှု ရှိစေခဲ့ပါသည်။

သည် ကျေးဇူးတရားကား ရှင်သန်ဆဲဖြစ်သည်။ ထို့ကြောင့်လည်း မြန်မာအမျိုးသမီးအရေး ရှုမြင်လေ့လာမှုတွင် ဂျာနယ်ကျော်မမလေးကိုဦးထိပ်ထားစရာ ဖြစ်လာလေသည်။