ပြည်သစ်ဟန် ● ခြင်အက်ဆေး (၂)

ပြည်သစ်ဟန် ● ခြင်အက်ဆေး (၂)
(မိုးမခ) ဧပြီ ၁၂၊ ၂၀၁၇

ကြားလော့။ ခြင်ပတ်ဝန်းကျင်များမှာ ဟိုရက်က အတော်လေး ငြိမ်နေခဲ့သည်။ ရေမြောင်းတွေထဲ၊ စပါးခင်းတွေထဲမှာ ရေအ သစ်များဝင်ရောက်လာသဖြင့် ခြင်များအတော်လေး ကျဲပါးသွားသည်။ ကျွန်တော့်၏ ခြင်ဆေးခုံ ဒေါက်ကလေးပင် အထီးကျန် နေရသည်။ ခြင်ဆေးခွေ ပြာတွေလည်း လှဲကျင်းရသက်သာခဲ့သည်။ ခြင်ဆေးအနံ့လည်း မခံရတော့ပေ။ ခြင်နိုင်ငံတော်ကြီး ခဏတာ အေးချမ်းသွားပြီလားဟူ၍ ဝမ်းသာနေမိသည်။ သို့သော်လည်း.... .... .....။

ညမိုးချူပ်လို့ ထမင်းစားပြီး ခဏနားကာ စာဖတ်ရန် ကျွန်တော်ပြင်ဆင်လိုက်ပါသည်။ ခြင်တွေအကြောင်းကိုလည်း မေ့မေ့ လျော့လျော့ပင်။ ကုလားထိုင်ပေါ်တွင်ထိုင်၊ စာအုပ်ကိုင်လိုက်ပြီဆိုတာနှင့် ခြင်နိုင်ငံတော်က လှုပ်ရွလာပါတော့သည်။ တဝီဝီအော်နေသော ခြင်တွေ၊ ထိုးကိုက်သော ခြင်တွေနှင့် ရင်ဆိုင်တွေ့ရပါပြီ။ ခြင်အချင်းချင်း တီးတိုးပြောဆိုသံများအရ မကြာခင်ရက်ပိုင်းအတွင်းက ခြင်နိုင်ငံတော်ထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ ထိုအကြမ်း ဖက်မှုအတွက် အမျိုးမျိုးလည်း ဝေဖန်ပြောဆိုနေကြသည်။ ခြင်တချို့မှာလည်း စိုးရိမ်နေခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် ခြင်နိုင်ငံတော်ထဲမှာ ယုံကြည်ကိုးကွယ်ရာ ဘာသာမျိုးစုံ နေထိုင်ကြတယ်လို့ သိရှိရသည်။

ခြင်နိုင်ငံတော်ထဲမှ အကြမ်းဖက်မှုနဲ့ပတ်သပ်ပြီး ခြင်မျိုးစုံတို့မှာ ခြင်ဘာသာရေး အထိကရုဏ်းများ ဖြစ်လေမလား စိုးရိမ်နေကြ သည်။ တချို့ခြင်တွေကလည်း အခုအကြမ်းဖက်မှုက ခြင်နိုင်ငံတော်၏ အကြီးအကဲပိုင်းတွေ၏ လုံခြုံရေးကို စိုးရိမ်ကြတဲ့ အ ကြောင်း တီးတိုးပြောဆိုနေကြသည်။ တချို့ ရဲတင်းပြီး ပြောရဲဆိုရဲရှိသောခြင်အုပ်စုများဆိုလျှင် ဒီအကြမ်းဖက်မှုက ခြင်ဘာ သာတရားအချင်းချင်း မုန်းတီးမှုကြောင့် မဟုတ်နိုင်ဘူး။ နိုင်ငံရေးအရ ဆက်စပ်မှုတွေ ရှိရမယ်။ ခြင်ဒီမိုကရေစီစနစ်ကို (ခြင်နိုင်ငံတော်မှာ ဒီမိုကရေစီစနစ်ဖြင့် ခရီးဆက်နေခြင်းဖြစ်သည်) ယိုယွင်းယိုင်နဲ့သွားအောင် ရည်ရွယ်ချက်နှင့် လုပ်ဆောင် လိုက်တာပဲဟူ၍ သုံးသပ်ပြောဆိုနေကြသည်။

ခြင်တွေဆွေးနွေးပြောဆိုနေကြသံတွေ ကျွန်တော်ကြားရသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ သို့သော်လည်း ကျွန်တော့် မှာလည်း ခြင်တွေကိုက်သည့်ဒဏ်ကို အတော်လေးခံနေရပြီ ဖြစ်သည်။ ခြင်အသံတွေမှာလည်း တဖြည်းဖြည်း ပိုမိုကျယ် လောင်လာသည်။ ကျွန်တော်ကုလားထိုင်ပေါ်မှထပြီး ခြင်ဆေးခွေနှင့် ခြင်ဆေးခွေတင်ဖို့ ဒေါက်ခုံလေးကို သွားယူလိုက်သည်။ခြင်ဆေးထွန်းလိုက်သည် ဆိုလျှင်ပဲ ခြင်များ အသံအနည်းငယ် တိတ်သွားကြသည်။ သို့သော် နားရွက်နားမှာ အမြဲတဝီဝီ နှင့် ပျံသန်းနေသော ခြင်တစ်ကောင်ကတော့ ရှိသေးသည်။ ကျန်တဲ့ခြင်တွေလည်း အနားတိုးလာလိုက် ပြန်ဆုတ်သွားလိုက်နှင့် ရှိတော့ရှိနေကြသေးသည်။ ကျွန်တော်လည်း စာဖတ်၍ အဆင်မပြေတော့ပါ။ ထို့ကြောင့် ခြင်နိုင်ငံတော်အကြောင်းသာ ဆက်လက် စေ့ငူနေမိသည်။

ခြင်အုပ်စုတွေထဲမှ ထူးထူးခြားခြား အရောင်အသွေးရှိတဲ့ ခြင်အုပ်စုတစ်စုလည်း ရှိသည်။ ထိုခြင်တွေက ခြင်အမေရိက တိုက်ဘက်မှ ခြင်နိုင်ငံတစ်ခုအကြောင်းပြောဆိုနေကြသည်။ ထိုခြင်နိုင်ငံမှာ မကြာသေးခင်ကမှ ခြင်သမ္မတအသစ် ရွေးချယ်ထားခြင်းပင်။ခြင်တွေကစကားပြောရင်း တခါတရံ အသံများ တိုးညှင်းသွားတတ်သည်။ ကျွန်တော်လည်း မရမကလိုက်နား ထောင်တော့ ထိုခြင်နိုင်ငံမှ သမ္မတအသစ်က အမျိုးသားရေးဆန်တယ်ဆိုလား ဘာဆိုလား ကြားလိုက်ရသည်။ ထို့ကြောင့်ပင် မဲပေးရွေးချယ်ကြစဉ်က တချို့မဲတွေမှာ အသာစီးရသွားပြီး နိုင်သွားခြင်းလို့ ပြောနေကြသည်။ ထိုခြင်နိုင်ငံအတွင်းမှာလည်း ခြင်ဒီမိုကရေစီအတွက် ဆန္ဒထုတ်ဖော်ပွဲတွေ ခဏခဏဖြစ်နေတယ်လို့ ကြားရပြန်သည်။

ခြင်နိုင်ငံတော်ထဲမှ ပြောဆိုသံတွေက ကျွန်တော့်နားထဲမှာ ပဲ့တင်ထပ်နေသည်။ ခြင်ဒီမိုကရေစီစနစ် တည်ဆောက်ရေးမှာ ခြင် အမျိုးသားရေး ဦးစားပေးရမှာလား၊ ခြင်နှင့် ခြင်အခွင့်​အ​ရေးဦးစားပေးရမှာလား ပြေဆိုသံတွေ တဖြည်းဖြည်း ကျယ် လောင်လာပြန်သည်။ စောစောက ခြင်အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့လည်း ခြင်ခေါင်းဆောင်တစ်ကောင် ပြောလိုက် သည်ကို အတော်လေး မကျေမနပ်ကြနှင့် ဆူညံပွက်နေကြပြန်သည်။ ခြင်မျိုးချစ်စိတ်နှင့်လုပ်လိုက်ခြင်းဆိုလား ဘာဆိုလား ပြောသံကြားရသည်။ တချို့ခြင်တွေက ယခုလို ခြင်ဒီမိုကရေစီတည်ဆောက်ရေးကာလမှာ အခုလိုအကြမ်းဖက်မှုတွေကဘယ်လိုမှမကောင်းကြောင်း၊ ခြင်ဒီမိုကရေစီနှင့် သွေဖယ်သွားနိုင်ကြောင်း သုံးသပ်နေကြသည်၊ ခြင်နိုင်ငံတော်၏ တရားစီရင် ရေးကို အားနည်းယုတ်လျော့သွားစေမည့် အပြောမျိုးတွေ သတိထားသင့်ကြောင်း ခြင်နိုင်ငံတော်ထဲမှ ပြောဆိုနေကြပြန်သည်။ခြင်နိုင်ငံတော်အတွက် ခြင်ပြည်သူခြင်ထုကို ကိုယ်စားပြုသော အမှန်တရားပေါ်ပေါက်ရေးသာ မြန်မြန်အလိုရှိကြောင်း ခြင်နိုင်ငံတော်ထဲမှာ အသံတွေ ဆူညံလာတော့သည်။

ခြင်တွေ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဆူဆူညံညံဖြစ်လာတော့ ကျွန်တော်လည်း ခြင်ဆေးခွေကို လှမ်းကြည့်လိုက်သည်။ ခြင်ဆေးခွေဒေါက်ခုံမှာ လဲကျနေပြီးခြင်ဆေးခွေမှာတော့ မီးစကျိုး၍ မီးသေနေသည်။ ခြင်ဆေးခွေ ပြန်ထွန်းမှ ဖြစ်ပေမည်။ သို့မဟုတ်ပါက ခြင်တွေညည့်နက်လာလျှင် ပိုမိုအော်ဟစ်ကာ ကိုက်ကြတော့မည်။ ခြင်နိုင်ငံတော်၏ ပဋိပက္ခတွေကို ကြားရ သည်မှာ ရင်လေးဖွယ်ရာပင်။ ခြင်သားပေါက်လေးတွေ၏ အနာဂတ်ကို ပို၍ ရင်လေးနေမိသည်။ ခြင်ခေါင်းဆောင်ကြီးတွေ ကတော့ အမြဲတမ်း တဝီဝီနှင့် လှုပ်ရွနေကြသည်။ ကျွန်တော်လည်း စာဖတ်ရသည်မှာ အဆင်မပြေသောကြောင့်ခြင်တွေ၏ ပြောဆိုသံကိုသာ နားစွင့်နေမိသည်။ ခြင်အမျိုးသားရေးတွေ၊ခြင်ဘာသာရေးတွေ၊ ခြင်ဒီမိုကရေစီရေးတွေ အစုံပင် ရှိနေပေ သည်။ နောက်ထပ် ခြင်နိုင်ငံတော်ထဲမှာ ခြင်ပြည်တွင်းစစ်အတွက် စေ့စပ်ညှိနှိုင်းရေးတွေကလည်း ရှိနေသေးသည်ဆိုပဲ။

ခဏကြာတော့ ကျွန်တော် စာဖတ်ရန် ပြင်ဆင်လိုက်ပြန်ပါသည်။ ထိုအချိန်တွင် ခြင်တကောင်က ကျွန်တော့်နထင်ကို ထိုး ကိုက်လိုက်ပါသည်။ ကျွန်တော် အကိုက်ခံရဖူးသမျှ ခြင်တွေထဲတွင် နာကျင်မှုအဆိုးဝါးဆုံးဖြစ်အောင် ကိုက်သောခြင်ဖြစ်နေ ပါသည်။ ကျွန်တော်လည်း ဒေါသထွက်သွားပြီး လက်ဝါးနှင့် လှမ်းရိုက်လိုက်ပါသည်။ ကျွန်တော့်လက်ဝါးကို ပြန်ကြည့်တော့ ခြင်သေးဆုံးနေပုံမှာစာတကြောင်း ရေးခြစ်ထားသည့်နှယ် အပိုင်းပိုင်းအပြတ်ပြတ်နှင့် ဖြစ်နေပါသည်။ ထိုစာကြောင်းလိုလို ခြင်အပိုင်းတွေကို ဖတ်ကြည့်လိုက်တော့ အမျိုးချစ်သောခြင်ဟူ၍ တွေ့ရလေသည်။

ပြည်သစ်ဟန်