ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်ရင်ငတေ ● ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ - အပိုင်း (၅)

 

မောင်ရင်ငတေ ● ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ - အပိုင်း (၅)
(မိုးမခ) ဧပြီ ၂၈၊ ၂၀၁၇

● မယ့်ဟောင်ဆောင်မှ ပိုင်
မယ့်ဟောင်ဆောင်ကနေ ပိုင်မြို့လေးကိုဖြတ် အကွေ့ကောက်ပေါင်း ၇၆၂ ကွေ့ရှိတဲ့ ချင်းမိုင်သွားတဲ့ လမ်းအမှတ် (၁၀၉၅) ပေါ်က စိတ်ဝင်စားဖွယ်ရာ သောင်းပြောင်းထွေလာ တွေ့ကြုံရ မြင်ခဲ့ရသမျှကို ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင် ဆီသို့  စာစုအပိုင်း (၅) မယ့်ဟောင်ဆောင်မှ ပိုင်အဖြစ် ဆက်လက်ရေးသားပါမယ်။

မယ့်ဟောင်ဆောင်ဈေးမှာ တို့ဟူးနွေးစား၊ တောင်ပေါ်ကောင်းမှု့ဘုရားကုန်းပေါ်ကနေ လှပလွန်းတဲ့ မယ့်ဟောင်ဆောင် လွင်ပြင် ရှုခင်းကို ငေးမောကြည့်ရှုအပြီး ခရီးဆက်ထွက်လာချိန်က မနက် ဆယ်နာရီခွဲပါပြီ။ ဆယ့်ငါးမိနစ်မျှကြာတော့ မယ့် ဟောင်ဆောင်လွင်ပြင်ကို ဖြတ်ကျော်လာပြီး တောင်ကုန်းတောင်ပတ်လမ်းက စတင်လာပါပြီ။ ဘယ်နဲ့ညာ ဘေးနှစ်ဘက် လူသူအိမ်ခြေမရှိ တောတောင်သာရှိပါတော့တယ်။

ကားလမ်းရှေ့ ကားလမ်းဘေးနှစ်ဘက်မှာ ဘာမှ မရှိဘူးဆိုပြီး အိပ်တော့ မငိုက်လိုက်ကြပါနဲ့။ နှမျောစရာကောင်းတဲ့ မြင်ကွင်း တွေကို လက်လွတ်မခံလိုက်ကြပါနဲ့။ သဘာဝ အလှတရားတွေ ရှိပါတယ်။ လူတွေ ပြုပြင်ဖန်တီးထားတာ မဟုတ်တဲ့ သဘာ ဝရဲ့ အလှတရားတွေပါ၊ ဖွိုက်စတားစ် ဟော်တယ်ဝန်းကြီးထဲက လူလုပ် မြက်ခင်းတု ပန်းခင်းတုတွေထက် ပိုမို ရင်သပ်ရှုမော ဘွယ်ရာ ကောင်းလှပါတဲ့ သဘာဝကျကျ မြင်ကွင်းတွေကို တွေ့မြင်ရမှာပါ။


မယ့်ဟောင်ဆောင်မှ ပိုင် (ဓါတ်ပုံ မရငတ)

ဒေသခံတွေ အတွက်ကတော့ မြင်နေကျ ဒီမြင်ကွင်းတွေက ဘာမှမဟုတ်သလိုပါ။ နီးလွန်းအားကြီးတော့လည်း မမြင်နိုင်ကြ တဲ့သဘောပါ။ သဘာဝကြီးဆီက အလကားပဲတင်းရထားတာတွေဆိုတော့ တန်ဖိုးမဖြတ်တတ် တန်ဖိုးမဖြတ်နိုင် တန်ဖိုးမသိ နိုင်တော့တာတွေ ရှိတတ်ပါတယ်။
မယ့်ဟောင်ဆောင်မှ ပိုင် (ဓါတ်ပုံ မရငတ)

သူတို့တတွေ ဖြတ်သန်းနေရတဲ့ နေ့စဉ်လူမှုဘဝကလည်း ဒီတောင်ခြေ ဒီလွင်ပြင်မှာနေ ဒီတောင်စောင်း တောင်ခါးပန်းမှာ အလုပ်လုပ်၊ ဒီလမ်းဒီခရီးတွေကို နေ့စဉ်ဖြတ်သန်းနေကြရတော့လည်း မောင်ရင်ငတေတို့လို အားအားလျားလျားဒီလို သ ဘာဝရှုခင်းတွေကို အထူးအထွေလုပ် ခံစားမနေကြတော့တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

မောင်ရင်ငတေတို့လို ရောက်လာပြီး အငမ်းမရ ဓါတ်ပုံတွေရိုက် ဗီဒီယိုတွေရိုက် မှတ်တမ်းတင်နေတဲ့သူတွေကို ကြည့်ပြီး ဘယ်လို အူကြောင်ကြောင် ငနဲတွေ ရောက်ရောက်လာပါလိမ့်လို့ ထင်ကောင်း ထင်နေကြပါလိမ့်မယ်။ အဲလိုလူစားမျိုး တွေ ကလည်း အတော်ကြီးကို များလှလာတာမို့လို့ သူတို့တွေစိတ်မဝင်စား ဥပက္ခာပြုလို့ နေနိုင်နေကြသူတွေလည်းရှိမှာပါ၊ ဒီလို လူတွေအကြိုက် ဈေးကွက်စီးပွားဝင်အောင် လုပ်ကွက်တွေ ကြံဖန်ရှာဖွေနေကြသူတွေလည်း ရှိကြမှာပါ၊ မောင်ရင်ငတေတို့ လိုကောင်မျိုးတွေ အရောက်များလာလို့ မျက်စေ့စပါးမွှေးစူးကြသူ ဒေသခံတွေလည်း ရှိမှာပါ။ ထောက်ခံခြင်းနဲ့ ကန့်ကွက်ခြင်း ကတော့ အမြဲဒွန်တွဲ အားပြိုင်နေကြမှာကလည်း သေချာပါတယ်။ မောင်ရင်ငတေတို့ကတော့ ခရီးသွားရုံလေး သွားတာပါ၊ ကွမ်းလည်း မစားပါဘူး၊ အမှိုက်မပစ်နဲ့ဆိုလည်း မပစ်ပါဘူး၊ သစ်တပင်လည်း မခုတ်ပါဘူး၊။ စိတ်အမောပြေ ထွက်ပေါက် ရရုံလေး စိတ်လန်းတဲ့ ရှုမျှော်ခင်းလေး ခံစား ကြည့်ရရုံလေးသာပါ။


မယ့်ဟောင်ဆောင်မှ ပိုင် (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေတို့လို ဘဝအမောထဲက မြို့ပြသားကောင် အများစုကတော့ အဲဒီလို ထွက်ပေါက်မျိုး များများရှာ ထွက်ပေးမှ ဘဝအမောတွေထဲက အနည်းငယ် လွတ်မြောက်နိုင်မှာပါ၊ အဲဒါတွေကြောင့် မောင်ရင်ငတေကတော့ အဲဒီလို နေရာမျိုးတွေ များများရောက်အောင် ရှာဖွေသွားပြီး များများမြင်နိုင် အောင် ကြည့်ပါတယ်၊ ခံစားကြည့်တတ်လေ မြင်လေ ထင်ပါတယ်။

ဒါပေမယ့် တချို့သော မျက်လုံးမည်းနဲ့ ကြည့်သူတွေကတော့ ဒါတွေကို မမြင်တွေ့နိုင်ပါဘူး၊ ဒို့လည်း ရောက်ဖူးပါတယ်၊ ဘာမှလည်း မရှိပါဘူး၊ ပြောကြပါတယ်၊ ဟုတ်နိုင်ပါတယ်၊ အဲဒီနေရာလေးတွေက လူနေအိမ်ခြေအနည်းငယ်နဲ့ ဖွဲ့စည်း နေထိုင်ကြတဲ့ သာမန်တောမြို့တောရွာလေးတွေပါ။ နဂိုတုန်းက တောဓလေ့ တောစရိုက်အတိုင်း နေထိုင်လာခဲ့ကြပြီး ထူး ခြား နာမည်ကျော် လူသိများတဲ့ သမိုင်းဝင်အဖြစ်အပျက်တွေ သိပ်မရှိခဲ့တဲ့ နယ်ပါ။ ထူးခြားတဲ့ သမိုင်းနောက်ခံတွေ မရှိခဲ့တာ ကဘဲ သဘာဝကအလကား ပေးခဲ့တဲ့ လှပခြင်းတွေက အများအပြား နဂိုအတိုင်း ကျန်ရှိနေတာလည်း ဖြစ်နိုင်ပါတယ်၊အဲဒီလို သမိုင်း သိပ်မရှိခဲ့ပေမယ့် ဒီကနေ့လို ခရီးသွား ခေတ်မှာ ဒီလို နေရာမျိုးတွေကိုမှ ရူးသွပ်စွာနဲ့ ရောက်လာကြသူ များလာပါတယ်၊ အနောက်တိုင်းသား လူဖြူတွေထဲမှာ ဘာမှမထူးခြားတာတွေက ထူးခြားနေပါတယ်ဆိုတဲ့ ပြောင်းပြန်သမားတွေ များလာလို့ လား ဒါမှမဟုတ် သူတို့ဆီမှာ ပျောက်ဆုံးသွားလေပြီဖြစ်တဲ့အရာတွေကို ပြန်တမ်းတသူတွေ များလာတာကြောင့်လား၊ မသေ ချာပါဘူး။

သေချာတာကတော့ လူဖြူတွေကြားထဲ မောင်ရင်ငတေတို့လိုကောင်တွေလည်း ကန့်လန့်ကန့်လန့်နဲ့ ပါဝင်လာနေတာပါ၊ ကိုယ်ပိုင်ဘတ်ဂျက် နည်းပါးလှတဲ့ မောင်ရင်ငတေ့အတွက် အဲဒီလို သဘာဝရဲ့အလှတရားတွေကိုကြည့်ဖို့ တန်ဖိုးနည်း ခရီး သွားခြင်းတွေ ပိုမိုထွန်းကားပါစေလို့ ဆန္ဒများစွာနဲ့သာ။

 
မယ့်ဟောင်ဆောင်မှ ပိုင် (ဓါတ်ပုံ မရငတ)


အကွေ့ပေါင်း ၇၆၂ ကွေ့က ပိုင် ချင်းမိုင်လမ်းပိုင်းမှာ ရှိတယ်လို့ ဆိုကြပေမယ့် မယ့်ဟောင်ဆောင်က စထွက်ထဲက ကွေ့ရတဲ့ အကွေ့တွေက မနည်းပါဘူး၊ ခရီးချိန် တနာရီခန့် ကြာလာပြီးနောက် တောင် အတက်လမ်းတွေက ပိုမိုပြီးမတ်ဆောက်လာသလို ဘေးဘီကြည့်လိုက်တော့ သိသိသာသာ မြင့်မား လာနေပါပြီဆိုတာ သိသာပါတယ်။ ဗမာတွေအခေါ် TanenTaunggyi သနင်တောင်ကြီး သို့မဟုတ် Thanon Thong Chai Range အနောက်ခြမ်းက မီတာ နှစ်ထောင် ပေခြောက်ထောင်ကျော် အမြင့် ပိုင်းကို ရောက်လာခြင်းပါ၊ ရာသီဥတုကပူနေပေမယ့် ခြောက်သွေ့အေးမြတဲ့ တောင်ပေါ်လေကြောင့် နေလို့ ထိုင်လို့ ကောင်းလှတဲ့ နေရာဒေသပါ၊ မြူခိုးမြူမှုန်တွေဆိုင်းနေချိန်မှာ တောတောင်တွေဟာ မှိုင်းညို့ညို့နဲ့ လှပနေတတ်သလို ရာသီ ဥတု ကြည်လင်ချိန်မှာတော့ လေထုညစ်ညမ်းမှုနည်းပါးတဲ့ အပြာရောင်ကောင်းကင်ပြင်နဲ့ အဖြူရောင်တိမ်ထုတို့ဟာ ရော နှောလို့ လှပ နေပြန်ပါတယ်။


မယ့်ဟောင်ဆောင်မှ ပိုင် (ဓါတ်ပုံ မရငတ)

ပိုင်မြို့လေးသို့ မရောက်ခင်လမ်းမှာ ရွာလေးတရွာနှစ်ရွာကို တွေ့ရှိခဲ့သလို တောတောင်ရှုခင်း ကြည့် ကောင်းတဲ့ နေရာတွေမှာ ကဖေးဆိုင်လေးများ ကားရပ်ရှုခင်းကြည့်ရန် နေရာလေးများကို ဖန်တီးလို့ပေးထားတာကြောင့် အဆင်ပြေလှပါတယ်၊ ခရီး သွားတွေ များလာလို့ ဒီလိုအဆင်ပြေလာတာလား ဒီလိုအဆင်ပြေလာလို့ ခရီးသွားတွေ များလာတာလား ဒါကြောင့် မဟုတ် နှစ်ခုစလုံးများကြောင့်လေ လား၊ အကျိုးနဲ့ အကြောင်း ဆက်စပ်မှုတော့ ရှိမှာ သေချာပါတယ်။


ပိုင် (ဓါတ်ပုံ မရငတ)

ဟိုတုန်းကရောက်ဖူးတဲ့ ကလောတောင်ကြီးလမ်းတို့ မေမြို့လမ်းတို့က သုံးထပ်ကွေ့တို့ ခြောက်ထပ် ကွေ့တို့ကို များစွာသတိရ စေတဲ့ လမ်းမျိုးတွေကို ဘယ်နှစ်ထပ် ဘယ်နှစ်ကွေ့မှန်းမသိ တက်လာခဲ့ပြီး ပိုင်မြို့လွင်ပြင်ဆီသို့ ပြန်နိမ့်ဆင်းလာပါတယ်၊ ပိုင်ကနေ ချင်းမိုင်ဘက် ပြန်အထွက် လမ်းပိုင်းတွေက ဒီထက် ပိုကွေ့၍ပိုကောက်ပါတယ် ဆိုလေတော့ တမင်သက်သက်များ လမ်းတွေကို မဖြောင့်အောင် ဖောက်များထားလေသလား တွေးနေမိပါသေးတယ်၊ မဖြောင့်တဲ့လမ်း ကောက်တဲ့လမ်းတွေ ဆိုကာ မှ လာချင်ကြသူတွေက ပိုလို့များလာတတ်လေရော့လား မသိ။

လှပတယ်ငြိမ်းအေးတယ်လို့ နာမည်ကြီးတဲ့ ပိုင်မြို့လေးရဲ့ မြို့လယ်လမ်းမများကတော့ ပုံမှန်တွေ့ဖူး နေကျ ထိုင်းကျေးလက် မြို့ရွာလေးတွေ အတိုင်းသာပါ၊ ထူးခြားပါတယ်လို့ ဆိုနိုင်တာက လမ်းဘေး တလျှောက် အေဘီစီဒီနဲ့ ဘူးသီးငါးပေါင်းကြော် ဆိုင်းဘုတ်တွေကို အတွေ့ရများခြင်းပါ၊ မြို့လယ်က လမ်းကျဉ်းကျဉ်း တိုတိုလေးနဲ့ မလိုက်အောင် ရှုတ်ယှက်ခတ်နေတာ မြင်တွေ့ရပါတယ်၊ ပိုင်ခရီးသွား လုပ်ငန်းက ပိုင်ရဲ့ အနာဂတ်ကို ကောင်းကျိုးပြုပါစေလို့သာ တွေးမိရပါတယ်။

ပိုင်မြို့လေး အဝင်မှာ လေယာဉ်ကွင်းတော့ ရှိပေမယ့် အဆင်း အတက်တော့ သိပ်ရှိဟန် မတူပါဘူး။ ပိုင်မြစ်လေးရှိနေပေမယ့် ရေကြောင်းဆက်သွယ်ရေးက သိပ်အားကိုးလို့ မရပါဘူး၊ အဓိက ပို့ဆောင် ဆက်သွယ်ရေးဖြစ်တဲ့ ကုန်းကြောင်းခရီးကလည်း တောင်ကုန်းတောင်တန်းတွေ များပြားလွန်းတာမို့ ထိုင်းနိုင်ငံမှာ ဖွင့်ဖြိုးမှု နောက်ဆုံး အောက်ဆုံးအဆင့် ရောက်ခဲ့ရတာက အဆန်း မဟုတ်ပါဘူး၊ ခရီး သွားသူတွေ ပိုင်ဒေသကို အရောက်အပေါက်များလာတယ် ဆိုပေမယ့်လည်း ထိုင်းခရီးသွားလုပ်ငန်း ရဲ့ ရာခိုင်နှုန်း ညွှန်ကိန်းမှာ ခပ်နည်းနည်းသာ ရှိနေပါသေးတယ်၊ မောင်ရင်ငတေရဲ့ အမြင်အရတော့ ပုံမှန် လက်ရှိ အခြေ အနေလေးကိုသာ ထိမ်းထား သဘာဝကို သဘာဝအတိုင်း ရှိနေစေချင်မိတာပါ။

ဒီမြို့လေးသေးသေးမှာ အခြေချ နေထိုင်ကြသူ မူလလက်ဟောင်း ဒေသခံများအပြင် နှစ်ဆယ်ရာစု အလယ်ပိုင်း ကာလတွေ မှာတော့ အနီးအနား နယ်မြေတွေက မုံ ရှမ်း ကရင်နီ လီဆူး လားဟူတွေနဲ့ တရုတ်ကူမင်တန်စစ်ပြေးသူများ ဝင်ရောက်အခြေချ နေထိုင်ရာဒေသ ဖြစ်လာခဲ့ပါတယ်၊ ၂၀၀၀ ခုနှစ် အလွန်မှာတော့ ထိုင်းယိုင် သို့မဟုတ် ရှမ်းနယ်ဖွားတွေ အများအပြား ရောက်ရှိလာပြန်ပါတယ်တဲ့၊ ဒီကနေ့မှာတော့ ဒီလိုလူတွေအပြင် လူဖြူတွေလည်း ရင်းနှီးမြှုပ်နှံ အခြေချနေလာကြပြီ ဖြစ်ပါ တယ်။


WORLD WAR II MEMORIAL TA-PAI RIVER BRIDGE (ဓါတ်ပုံ မရငတ)

တာ-ပိုင် တံတားဟောင်းနဲ့ တံတားသစ် (ဓါတ်ပုံ မရငတ)

ပိုင်မြို့လေးကို ဖြတ်သန်းရစ်ခွေ စီးဆင်းသွားတဲ့ ပိုင်မြစ်လေးကတော့ သံလွင်မြစ်ထဲကို အဆုံးသတ် ဝင်ရောက်သွားပါတဲ့ မြစ်လက်တက်လေး တခုပါ၊ ပိုင်မြစ်ကိုဖြတ်ကျော်ဖို့ တည်ဆောက်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်က တံတားဟောင်းတစင်း ချင်း မိုင်သို့ အထွက်လမ်းမှာ ရှိပါတယ်၊ ဂျပန်ငပုတွေရဲ့ စစ်ကျန်လက်ရာ လုံးပတ်လက်မသုံးဆယ် သစ်လုံးကြီးများနဲ့ တည် ဆောက်ခဲ့ပါတယ်ဆိုတဲ့ တံတားဟောင်း ကြီးကတော့ ၁၉၄၆ ခုနှစ် စစ်ရှုံးအပြေးမှာ မီးလောင်တိုက်သွင်းခဲ့လို့ မရှိတော့ပါဘူး၊ ဒီကနေ့လက်ရှိ အဲဒီ အစိမ်းရောင် သံဘောင်တံတားကတော့ ၁၉၇၅ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ၊ သေမင်းတမန် ရေးဗားကွေး တံတားလောက် နာမည်မကျော်လှပေမယ့် မောင်ရင်ငတေတို့လို ဒီနယ်မြေကို ရောက်လာသူ ဂျပန်တွေတရုတ် တွေ လူဖြူလူမည်း ခရီးသွားတွေရဲ့ မှတ်တမ်းတင် ရိုက်ကွင်းတခုအဖြစ်သို့ အသွင်ပြောင်းလို့ လာခဲ့ပါပြီ၊ ဒီကနေ့ လက်ရှိ သုံးနေတဲ့ ကွန်ကရစ် တံတားသစ်ကိုလည်း မကြာခင်ကမှ လမ်းတွေချဲ့ရင်း ထပ်မံတည်ဆောက် ပြီးပါပြီ၊ Nawarat Steel Bridge (သို့မဟုတ်) Saphan Prawatsart Pai အစိမ်းရောင် သံမဏိဘောင်တံတားဟောင်းကိုတော့ ဖျက်စီးရောင်းစား မပစ်ပါဘဲ အဟောင်းအတိုင်း ချန်ထားရစ်ခဲ့လို့ မောင်ရင်ငတေတို့လို ခရီးသွားကြသူတွေအတွက် ကင်မရာခွန်လည်းမပေးရ တံတားဟောင်းဝင်ကြေးလည်း မပေးရတဲ့ ရိုက်ကွင်းတည်ရာ ဖြစ်လာခဲ့ပါပြီ၊ အကယ်၍များသာ ငပုတွေ စစ်မရှုံးလို့ လုံးပတ် လက်မသုံးဆယ် တိုင်လုံးကြီးတွေနဲ့ တံတားဟောင်းကြီးသာအကောင်းအတိုင်း မကျန်တောင် တဝက်တပျက်လောက် ကျန်ရှိနေသေးမယ်ဆိုခဲ့ရင် အခုထက်ပိုမိုလူသိများ လူစည်ကားစေမှာက အသေအချာပါ။

အဲဒီ အစိမ်းရောင် တံတားဟောင်းပေါ်က အချစ်ဇာတ်လမ်းဟောင်းများကို လွမ်းနေကြသူများလည်း သတိတရ ရှိနေကြဦး မှာပါ၊ မောင်ရင်ငတေလည်း ဟိုတချိန်တခါက ဖြတ်သန်းခဲ့ဖူးတဲ့ အခုမရှိတာ့ပြီ ဖြစ်တဲ့ ရေနံချောင်းက ပင်းချောင်းတံတားတို့ မိတ္ထီလာကန်ဖြတ်တံတားတို့နဲ့ မေမြို့အထွက် ရေငယ် ရွာနားက တံတားဟောင်းလေးတွေကို သတိရနေဆဲပါခင်ဗျာ၊ ရှိနေ သေးရင် တခါတခေါက်လောက် အရောက်သွား ကြည့်ချင်မိတဲ့ အမှတ်တရ မမ်မိုရီယယ် တံတားတွေပေါ့ လေ။

 
TA-PAI RIVER (ဓါတ်ပုံ မရငတ)

ထိုင်း အနောက်မြောက်စွန်း Daen Lao Range တောင်တန်းမှာ မြစ်ဖျားစတင်ခဲ့တဲ့ အဲဒီ ပိုင်မြစ်ဟာ မိုင်တရာခန့်ရှည်လျှားတဲ့ သာမန်မြစ်လေးတစင်းပါ၊ ဒါပေမယ့် မြစ်ရေစီးက ရာသီဥတုပေါ်မူတည်ပြီး အကြမ်းအရမ်း များစွာရှိလို့ အင်တာနေရှင်နယ် ဖောင်စီးကစားသူများအတွက် စိတ်ကြိုက် ဖြစ်စရာ နေရာတွေ များစွာရှိတဲ့ မြစ်တစင်းပါတဲ့၊ မြစ်ကမ်းရိုတန်းတလျှောက် စိတ်ဝင်စားဖွယ်ရာ တောင်တွေ တောတွေက ကျောပိုးအိတ် တလုံးနဲ့ ရွာရိုးကိုးပေါက် လည်ချင်သူများအတွက် စိတ်ကြိုက် ဖြစ်စေပါ တယ်၊ အဲဒီ ပိုင်မြစ်လေးဟာ ကယားနယ်အတွင်း ဝင်ရောက် စီးဆင်းသွားပြီး သံလွင်မြစ်နဲ့ ပေါင်းဆုံ သွားပါတယ်၊ ဒါကြောင့် မော်တော်ကားလမ်းတွေ အားကိုးမရသေးခဲ့တဲ့ ခေတ်ကာလတလျှောက်မှာ ပိုင်မြစ်ရိုးကိုသာအားကိုး စုန်ဆန်ကူ လူး ရောယှက်ခဲ့တဲ့ ဒေသတွင်း သမိုင်းဟောင်းတွေ ရှိခဲ့မှာတော့ သေချာလှပါတယ်၊ ပိုင်မြစ်ရိုးကို ဝါးဖောင်လေး တစင်းနဲ့ (စကားပြောကောင်း အသောက်ကောင်းတဲ့ သူငယ်ချင်း တချို့နဲ့ အတူတူပေါ့) အေးအေးလူလူ စုန်လို့ဆင်းရင်း ကယားပြည် ထဲက မြစ်သံလွင်ရဲ့ အဝင်ဝ မြစ်ဆုံရဲ့ မြင်ကွင်းအလှတွေကို မြင်ခွင့် ကြည့်ခွင့်ရမယ်ဆိုရင် ... မောင်ရင်ငတေရဲ့ အကောင်မထည် မပေါ်သေးတဲ့ မျှော်လင့်နေမိတဲ့ အိပ်မက်တခုသာပါ။

မယ့်ဟောင်ဆောင်မှ ပိုင် (ဓါတ်ပုံ မရငတ)

ဒီနေရာမှာ ကြုံကြိုက်လို့ ဖတ်ခဲ့ဖူးပါတဲ့ ခရီးသွားတွေရဲ့ကိုယ်ပိုင်အမြင် စာပိုဒ်တချို့ကို ဖော်ပြချင်မိရ ပါတယ်၊ သိပ်မထူးဆန်း ပေမယ့် အရေးကြီးတဲ့အချက်များလို့ ထင်မြင်မိပါတယ်၊ ဒါမျိုးအမြင်တွေက ဒီကနေ့ လွတ်လပ်စွာ ရေးသားခွင့်ရနေတဲ့ အင် တာနက်စာမျက်နှာများမှာ အများကြီးတွေ့ရပါတယ်။

အဲဒီ အင်တာနက်ထဲက လွတ်လပ်စွာ ရေးသားခွင့် ဆိုတာကတော့ အမေရိကန်သမ္မတဟောင်းကြီး ရူဇဗဲ့ ၁၉၄၁ ခုနှစ်က မိန့်ခွန်းထဲမှာထည့် ပြောကြားသွားတယ်ဆိုတဲ့ လွတ်လပ်ခြင်းလေးမျိုးမှာ ပါမပါ မောင်ရင်ငတေ သေချာမသိပါဘူး၊ လွတ်လပ် စွာနဲ့ ပြောကြားခွင့်က နေရာတကာမှာ ပြောလို့ရချင်မှရနိုင်ပေမယ့် လွတ်လပ်စွာရေးသားခွင့်ရနေတဲ့ ဒီကနေ့ အင်တာနက် စာမျက်နှာတွေကနေ လွတ်လပ်စွာ မွှေနှောက်ရှာဖွေ ဖတ်ရှုရခြင်းကိုတော့ ပိုမိုစိတ်ဝင်စားမိပါတယ်။

အတည်အတံ့ဆိုတာတွေက မောင်ရင်ငတေ့အတွက် ကီးကမကိုက် ဖတ်ရတာ ပျင်းစရာကောင်းနေတာမို့ပါ၊ အဲဒီလို ဖတ်မိရ တာတွေထဲကမှ ထိုင်းခရီးသွားအကြောင်း မကောင်းပြောတာတွေကိုတော့ ဒီမှာ ထည့်မရေးတော့ပါဘူး။ တချို့တွေကလည်း ထိုင်းခရီးသွားဆိုရင် အပုတ်ချချင်နေတာမှလား။ ပိုင်နယ်မြေကို ရောက်လာခဲ့ကြ သူတွေက 5 Bonnes Raisons de Visiter PAI, Top Ten in PAI ဆိုပြီး သူတို့ အမြင်တွေကို ရေးထားကြပါတယ်၊ ရေးတဲ့သူတွေကတော့ အများကြီးပါ။                          

ဒီဒေသ ဒီနယ်မြေကို သူတို့ ဘာကြောင့် လာချင်ရတယ် ဆိုတာ ပြင်သစ် ခရီးသွားသူတဦးရဲ့ အမြင်တွေက ဒီလိုပါ၊ သက် တမ်း ခြောက်ဆယ်ကျော်အတွင်း သူမသွားခဲ့တဲ့ခရီးစဉ်တွေ အမြောက်အများ ထဲက ဒီ PAI ခရီးစဉ်ကို မှတ်တမ်းတင်ရေးထားတဲ့ သူမရဲ့ အမြင်ပါ၊ သူမက ရိုးရိုးလေး မြင်ပါတယ်။

La Route la plus Folle de Thaïlande, Un Décor de Cinéma, Un Climat Parfait, Retour à la Nature et Des Petits Prix. တောင်ပေါ်လမ်းကြောင့်၊ ရုပ်ရှင်ထဲပါဖူး၊ ရာသီဥတု၊ သဘာဝအလှ၊ဈေးသက်မှုတွေ ကြောင့်ပါတဲ့၊ မောင်ရင်ငတေ နားလည်တဲ့ အတိုချုပ် ဘာသာပြန်ပါ၊ အကျယ်ရေးထားတာတွေကို ဖတ်ချင်ကြရင်တော့ အင်တာနက် စာမျက်နှာတွေမှာ အများကြီး ရှိပါတယ်၊ အမြင် အမျိုးမျိုးနဲ့ အများကြီး ရှိပါတယ်၊ အဲဒီမှာ ရုပ်ရှင်ထဲပါဖူး ဆိုတာကလွဲလို့ တခြားသောအချက်တွေကို မောင်ရင်ငတေလည်း ထောက်ခံရေးသားနေတာပါ။


မယ့်ဟောင်ဆောင်မှ ပိုင် (ဓါတ်ပုံ မရငတ)

ရုပ်ရှင်ထဲပါဖူး၊ အဲဒီအချက်ကို ဘာလို့ မထောက်ချင်လဲတော့ ကိုယ့်ကိုယ်ကို မသိပါ၊ ပိုင်အကြောင်း ရုပ်ရှင်တွေ မကြာ သေးခင်နှစ်များက ရိုက်ကူးခဲ့ပါတယ်တဲ့၊ နာမည်ကြီးတဲ့ နှစ်ကားကPai in Love နဲ့ Lost in Thailand ပါ၊ ရုပ်ရှင်ဆိုတာကို ဇိမ်ခံကြည့်လေ့ မရှိတော့တဲ့ မောင်ရင်ငတေ လည်း ဇာတ်လမ်းတည်ရာတွေသိအောင် နည်းနည်းပါးပါးတော့ ရှာဖွေ ကြည့် မိပါတယ်၊ သိပ်မထူး ခြားနားတဲ့ ဇာတ်လမ်းတွေသာပါ၊ လူမသိတသိ ဇာတ်ကားတွေလို့ပြောရင် မမှားပါဘူး၊ တကယ်က အပြင် သဘာဝအလှက နာမည်ကြီးလာပြီးမှ ရုပ်ရှင်သမားတွေရဲ့ ရိုက်ကွင်းထဲ ရောက်သွားခြင်းပါ။

ထိုင်းလူမျိုးတွေကြားမှာ ဒီပိုင်နယ်မြေရဲ့ လှပမှုတွေ လူသိများလာခဲ့သလို ဒီနေရာတွေက ရိုက်ကွင်း တည်ရာဖြစ်လာခဲ့ပါတယ်၊ Pai in Love ရိုက်ကွင်းတည်ရာ ကဖေးဆိုင်လေးကတော့ ခရီးသွားများနဲ့ စည်ကားလာခဲ့ပါတယ်၊ အဲဒီဇာတ်ကားဟာ ထိုင်းလူငယ်တွေကြားမှာ တစုံတရာထိ ပေါက်ခဲ့ပါတယ် ပြောမယ် ဆိုရင်တော့ ရကောင်း ရနိုင်ပါတယ်၊ တခြားအလားတူ ဇာတ်လမ်းတွေလည်း ရှိကောင်းရှိ နိုင်ပါတယ်၊ မောင်ရင်ငတေ အကုန်မသိလို့ မထောက်ခံချင်တာလည်း ဖြစ်နိုင်ပါတယ်။


မယ့်ဟောင်ဆောင်မှ ပိုင် (ဓါတ်ပုံ မရငတ)

တကယ့်တကယ် ဒီ ဒေသမျိုးတွေ လူသိများလာတာက အနောက်တိုင်းသား ကမ္ဘာလှည့် လူဖြူတွေ Back Packer ဘက်ပက် ကာတွေကြောင့်ပါ၊ ဒီလို တိုးရစ်ဆိုသူတွေက တောထဲ တောင်ထဲ တိုးမယ်၊ မြစ်ဘေးချောင်းဘေး နားနားနေနေ နေမယ်၊ ဥရောပက နိစ္စဒူတ သူတို့ရဲ့ဘဝတွေကို မေ့ထားမယ်၊ စိတ်ချမ်းသာလက်ချမ်းသာ လမ်းဘေးအိပ်ချင်အိပ်မယ်၊ တောတောင် တွေရဲ့ အလှသစ္စာတရားတွေ တိုင်တည်ပြီး သူတို့နေချင်ကြတယ်၊ တချို့တွေရဲ့တချို့ထဲကတော့ တောတောင် တွေထဲက ရတနာသိုက်ကို အချောင်နှိုက်ချင်ကြသူတွေလည်း ပါကောင်းပါလာနိုင်တာပေါ့၊ အဲဒီလိုလူတွေဟာ ဒီဒေသရဲ့ စွန့်ဦးတီ ထွင်သူတွေအဖြစ် ပါဝင်လာကြပါတယ်၊ စေတနာကောင်းသူတွေလည်း ဒီဒေသ အကျိုးတဝက် ကိုယ့်အကျိုးတဝက် မျှဝေခံ စားကြသူတွေလည်း ရှိမှာပါ၊

တခုရှိတာကတော့ ဘက်ပက်ကာတွေရဲ့ ဘတ်ဂျက်နည်းပါး တိုးရစ်ဇမ်တွေနဲ့ ဇိမ်ခံခရိုဏီ တိုးရစ်ဇမ် တွေကြား ဘယ်လို သမမျှတစွာနဲ့ ယှဉ် ပြိုင်ကြလေမလဲ။ ငွေနဲ့ပေါက် ခြေလှမ်းကျဲကျဲနဲ့ ဝင်ရောက်လာနေတဲ့ ဆိုဗီယက်ပျက် ခရိုဏီ တိုးရစ်ဇမ် ဆိုတာမျိုးတွေကိုတော့ အချိန်ကာလ တခုထား စောင့်ကြည့်ကြရမယ် ထင်မိကြောင်းပါ။


I AM PAI (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေတို့ မယ့်ဟောင်ဆောင် ဈေးထဲမှာ မနက်စာ တို့ဟူးနွေး စားပြီး ပိုင်မြို့သို့ စတင်ထွက်လာတာက မနက် ဆယ် နာရီခွဲပါ၊ ပိုင်ကို ရောက်လာတော့ နေမွန်းတည့်ချိန် ကျော်နေပါပြီ၊ ပိုင်လမ်း တလျှောက် နားနားနေနေ ဟိုကြည့်ဒီငေးရင်းနဲ့ ရောက်လာတာပါ၊ လမ်းအမှတ် (၁၀၉၅) ရဲ့ တဝက် နီးပါးခန့် ခရီးပေါက်လာခြင်းပါ၊ ပိုင်မြို့ထဲမှာ ဖြတ်ရုံဖြတ်လာပြီး ပိုင်မြို့ပြင်မှာ ခဏနား ပိုင်တံတားကို ဝင်ကြည့်လမ်းလျှောက်ပြီး ဆက်ထွက်လာတော့ နာရီပြန် နှစ်ချက်တီးပါ၊ ညအိပ် ရပ်နားရမယ့် Fang မြို့ ရောက်ဖို့က အတော်လိုသေးတာမို့ လမ်းမှာဝင်ကြည့်စရာတွေလည်း လက်မလွတ်ရလေအောင် ခပ်သုတ်သုတ် သွားကြမယ်၊ Fang မြို့အဝင်တောင်ခြေအနီး ရှုခင်းကြည့်လို့ကောင်းတဲ့ တနေရာရာရွေးပြီး ညနေစာ စား ကြမယ် ပြောကြပြီး ပိုင်ဒေသကို နှုတ်ဆက်လက်ပြ ထွက်ခွာလာခဲ့ ကြပါတယ်။

မယ့်ဟောင်ဆောင်မှ အန္တရာယ်ကွေ့များ (ဓါတ်ပုံ မရငတ)

Mae Hong Son Loop ဆိုပြီးခေါ်ကြတဲ့ မယ့်ဆရီယန် မယ့်ဟောင်ဆောင် ပိုင် ချင်းမိုင် လမ်းအမှတ် (၁၀၉၅) နဲ့ (၁၀၈) အကြောင်းတွေကို ရေးရာမှာ မပါမဖြစ်ပါရှိရမယ့် အကြောင်းလေးရေးပြီး ဒီ စာစုမယ့်ဟောင်ဆောင်မှ ပိုင်ကို နိဂုံးချုပ်ပါမယ်။

ထိုင်းနိုင်ငံရဲ့ အဝေးပြေး လမ်းမများပေါ်မှာ ထူးခြားတယ်ဆိုနိုင်တဲ့ ရဲရဲနီနေတဲ့ အရောင်ကို သဘာဝ ဆေးရောင်စုံ ရှုမျှော်ခင်း တွေကြားမှာ တွေ့မြင်ရပါတယ်၊ ဘယ်အချိန် ဘယ်ကာလကစလို့ ဒီစနစ်ကို ထိုင်းလမ်းတွေမှာ စတင်ခဲ့တယ် မသိပေမယ့် မောင်ရင်ငတေ ဒီတခေါက် ထိုင်းရောက်မှ သတိထား မိခဲ့တာပါ၊ အရင်ကတော့ မတွေ့ခဲ့ဖူးပါဘူး၊ မတွေ့ခဲ့ဖူးတာ ထိုင်းမှာတင် မဟုတ်ပါဘူး၊ ဥရောပလမ်းတွေမှာလည်း မတွေ့ဖူးပါဘူး၊ နာမည်ကျော် ဆွစ်ဇာလန် တောင်တက်လမ်းတွေမှာလည်း မ တွေ့ခဲ့ဖူး ပါဘူး၊ အန္တရာယ်ကုန်းဆင်းကုန်းတက်တွေကို သတိပေးတဲ့အနေနဲ့ အနီရင့်ရင့် ဆေးချယ်ထားတာမို့ လှပနေသလို လုပ်ဆောင်သင့်တဲ့ အစီအစဉ်ကောင်းတရပ်ဖြစ်လို့ ကြိုဆိုထောက်ခံ ရေးသားလိုက်ရ ခြင်းပါ၊ တခြားလမ်းမများမှာလည်း တွေ့မြင်ခဲ့ရပေမယ့် ဒီ Mae Hong Son Loop လို လမ်းကွေ့များ မှာတော့ အတော်တော်များများ တွေ့ခဲ့ရတာကို မျှဝေခံစားရင်း ....။


TA-PAI RIVER (ဓါတ်ပုံ မရငတ)

ကျေးဇူး အထူး တင်စွာဖြင့် ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ စာစု (၅)  (မယ့်ဟောင်ဆောင်မှပိုင်)  စာစုကို ဒီနေရာမှာ ရပ်ပါမယ်။

မောင်ရင်တေ
၁၆၁၁၂၀၁၆-၀၅၀၁၂၀၁၇