ဇော်အောင် (မုံရွာ) ● ယာဉ်အရှိန်မြှင့်မောင်းနှင်မှုများ

 ဇော်အောင် (မုံရွာ) ● ယာဉ်အရှိန်မြှင့်မောင်းနှင်မှုများ
(မိုးမခ) ဧပြီ ၁၂၊ ၂၀၁၇

မနေ့က အိမ်နီးချင်းမိတ်ဆွေ၊ ငယ်သူငယ်ချင်းရဲ့ ခင်ပွန်း ဦးဘိုစိန် (အသက် ၆၇) ဆိုင်ကယ်တိုက်မှုနဲ့ ရုတ်တရက်ကွယ် လွန်သွားတယ်။ နေ့ခင်း အလုပ်ကနေ အိမ်ပြန်ထမင်းစားပြီး စက်ဘီးစီးနေတုန်း အရှိန်ပြင်းစွာ ဟွန်းတီးမောင်းလာတဲ့ ဆိုင် ကယ်ရဲ့ ပြင်းထန်စွာဝင်တိုက်ခြင်းကိုခံရပြီး ဆိုင်ကယ်မောင်းသူလည်း ပြင်းထန်စွာဒဏ်ရာရသွားတယ်။ ဦးဘိုစိန် ကွယ် လွန်သွားပါတယ်။ ဇနီးသည် ဒေါ်ဆိုင်းခလိန် ခရီးလွန်နေချိန် နေ့တနာရီအချိန် အိမ်က ဖုန်းဆက်ပြောပြတယ်။ ည ၆ နာရီ အိမ်ပြန်ရောက်ပြီး ဒေါ်ဆိုင်းခလိန်အိမ်ကို သတင်းမေးပါတယ်။ အလွန်ဝမ်းနည်းမိပါတယ်။

အိမ်နီးချင်းမိတ်ဆွေလည်းဖြစ်တဲ့ ဦးဘိုစိန်သားကြီး အသက်၄၀၊ သမီး ၂ ယောက်နဲ့ မြေး ၃ ယောက်ကို စွန့်ခွာပြီး ဦးဘိုစိန် လောကကြီးက အပြီးပိုင်နှုတ်ဆက်သွားပါပြီ။

စည်းကမ်းမဲ့ကားများ (မြန်မာပြည်၊ ရန်ကုန်) Car Drivers in Yangon ဆိုတဲ့ ဖေ့ဘုတ်မှာ ရန်ကုန်မြို့တွင်း မော်တော်ယာဉ်တွေ စည်းကမ်းမဲ့မောင်းနှင်ခြင်းကို ဓါတ်ပုံများနဲ့ ဖော်ပြပါတယ်။ ရန်ကုန်မှာ ကားမောင်းအသက်မွေးသူ၊ ယာဉ်မောင်းသူများစွာရဲ့ အဓိကပြသနာကြီးကတော့ စည်းကမ်းမဲ့သူတယောက်ကြောင့် ကားကြပ်လွန်းတဲ့ ရန်ကုန်မြို့နယ်နမိတ်တွေမှာ အချိန်ကုန်၊ လူပန်း ဖြစ်နေရခြင်းပါ။ ယာဉ်တိုက်မှုတွေကိုလည်း ကားမောင်းသူ ၂ ယောက် စကားနဲ့ဖြေရှင်းရာကနေ ယာဉ်ထိန်းရဲပါရတဲ့ အထိ၊ တရားရုံးတွေအထိ ဖြစ်လာတော့ ငွေအမြောက်အများ ဆုံးရှုံးရပြန်တယ်။

တူတော်မောင်တယောက် ကားမောင်းရင်း လူကိုတိုက်မိပြီးသေသွားလို့ အချုပ်ထဲ တလ ဆွဲထည့်ခံရပြီး သိန်း ၁၀၀ ကျော် အကုန်ခံ ကြေအေးလိုက်ရတယ်။ မိတ်ဆွေရင်းခြာတယောက်လည်း အခြေနေမဲ့တယောက် ကားရှေ့ပြေးဝင်လာတာ တိုက် မိပြီး သိန်း ၁၀၀ ကျော်ကုန်သွားတယ်။ အခြေနေမဲ့ အရက်သမားသေသွားတော့ ဇနီးသည်မိသားစုက လျော်ကြေးသိန်း ၂၀ ကို ၀မ်းသာအားရ ကျေနပ်ပေမယ့် ယာဉ်ထိန်းရဲအမှုဖြစ်တော့ အချိန်ကုန်၊ လူပမ်း၊ ငွေကုန်၊ တောင်းပန်၊ နောင်တရခြင်းကြီးစွာ ဖြစ်ရတယ်။

စင်ကာပူမှာ ၂၀၁၀ လောက်က ငယ်ရွယ်သူ အမျိုးသမီးဒရိုင်ဘာတယောက် သူတိုက်လို့သေသွားသူဘေး ကားရပ်ပြီး ငို ကြွေးဝမ်းနည်းနေတဲ့ သတင်းဓါတ်ပုံကို သတိရမိပါတယ်။

● အရှိန်မြှင့်မောင်းနှင်မှုများ
ယာဉ်တိုက်သေဆုံးမှုများရဲ့ အဓိကအချက်ဖြစ်ပါတယ်။ ဒါကို ယာဉ်စည်းကမ်းထိန်းသိမ်းရေး ယာဉ်ထိန်းရဲနဲ့ က.ည.န (ယာဉ် လိုင်စင်ဌာန) တို့က သိရှိပါတယ်။ တရားဝင် အစိုးရထုတ်ပြန်တာကတော့ တနေ့ကို ၁၀ ယောက်လောက် သေတယ်ဆိုပေမဲ့ စားရင်းမရှိပဲ သေဆုံးသူများက ဆယ်ဆလောက် များနိုင်ပါတယ်။ အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံပြီးရင် မြန်မာက ယာဉ် တိုက်သေဆုံးမှု အများဆုံးလို့ သတင်းစာမှာ ဖတ်မိပါတယ်။

ဆိုင်ကယ်/ကားလေး၊ ကားကြီး အရှိန်မြှင့်မောင်းနှင်ခြင်းကြောင့်
၁။ မိမိကိုယ်တိုင် သေဆုံး၊ ဒဏ်ရာရပါတယ်။
၂။ အခြားသူများ သေဆုံး၊ဒဏ်ရာရပြီး၊ အမှုဖြစ် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပမ်းဖြစ်ရပါတယ်။

● အရှိန်မြှင့်မောင်းနှင်ခြင်းကို ကြိုတင်ကာကွယ်ခြင်း
မြို့နယ်တိုင်းမှာ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဆိုတာ ရှိပါတယ်။ က.ည.န၊ ယာဉ်ထိန်းရဲ၊ အုပ်ချုပ်ရေးမှုး၊ စည်ပင် စတဲ့ အစိုးရဌာနများနဲ့ လွှတ်တော်အမတ်၊ လုပ်သားပြည်သူများ ပါဝင်ဖွဲ့စည်းပြီး ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်ကနေ ပြည် ထောင်စုအဆင့်အထိ ဥပဒေရေးဆွဲ၊ အရေးယူထိန်းသိမ်းနေပါတယ်။

ထိုင်း၊ မလေးရှား ဗီယက်နမ်၊ တရုတ်နိုင်ငံတို့မှာ ဘယ်လိုထိန်းသိမ်းသလဲ၊ စည်းကမ်းကြီးလှတဲ့ စင်ကာပူ၊ အမေရိကန် မှာ တော့ လူတွေကိုပညာပေးခြင်းမှာ ကားမောင်းလိုင်စင်၊ ယာဉ်လိုင်စင်တွေကို အလွန်တင်းကြပ်စွာ ထိန်းချုပ်ထားပါတယ်။ လိုင်စင်မဲ့မောင်းနှင်ခြင်းကို မလုပ်နိုင်အောင် ကားမှန်မှာ လိုင်စင်သက်တမ်းကပ်ထားရပါတယ်။ မြန်မာနိုင်ငံကတော့ အိမ်နီး ခြင်း ထိုင်း၊ ဗီယက်နမ်၊ တရုတ်နိုင်ငံများကို စံနမူနာထားပြီး ပညာပေးခြင်းလုပ်နေပါတယ်။

ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ ၂၀၁၇ ခုနှစ်မှာ ရန်ကုန်-ပုသိမ်ကားလမ်း၊ ဆားမလောက်ရွာနားမှာ ကား ၂ စင်း ခေါင်း ခြင်းတိုက်ပြီး၊ အရိုးကျိုး ရန်ကုန်ဆေးရုံကြီးမှာ တပတ်ဆေးရုံတက်လိုက်ရခြင်းက သတင်းဆိုးကြီးဖြစ်ပါတယ်။ ဒါအကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဆိုင်ကယ်မောင်းတွေကို ပညာပေးခြင်းမလုပ်နိုင်ပဲ ဦးထုပ်မပါ၊ လိုင်စင်မပါ ဒဏ်ငွေ ၃ သောင်း (တနေ့လုပ်အား ခရဲ့ ဆယ်ဆခန့်) ကြီးလေးစွာ ဒဏ်ရိုက်နေတဲ့စနစ်ကို ဧရာဝတီတိုင်း ဝန်ကြီးချုပ်သို့ အကြံပြုတိုင်ကြားချက် (မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၇ အိတ်ဖွင့်တိုင်စာ ပို့ခဲ့ပါတယ်။ တရားဝင် တိုင်ကြား၊ အကြံပြုစာ လေ့လာလိုသူများ ဖတ်ပေးကြပါဦး
http://driversmyanmar.blogspot.com/2017/04/blog-post_10.html

● ပညာပေးခြင်းသာလျှင် ကြိုတင်ကာကွယ်နိုင်သည်
တိုင်ကြား၊ အကြံပြုစာမှာတော့ ပြည်သူတဦးရဲ့အမြင်ဖြစ်လို့ ပြည့်စုံမှာမဟုတ်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ ဥပဒေမစိုးမိုးမှု၊ အဂတိလိုက်စားမှု အားနည်းချက်ကြီးကြောင့် ဆင်းရဲမွဲတေသူများကို ပညာပေးရမဲ့အစား ဒဏ်ငွေကြီးစွာရိုက်ပြီး ဆုံးမနေတဲ့ ပုံစံဖြစ်နေကြောင်း တင်ပြထားပါတယ်။ စစ်အာဏာရှင်စနစ်မှာ ရိုက်နှက်ပစ်ခတ်ပြီး အုပ်ချုပ်တယ်။ အခု ဒီမိုကရေစီစနစ်မှာ ဒဏ်ငွေ၊ အဂတိငွေတွေနဲ့ အုပ်ချုပ်နေတာလည်း စာဖတ်သူများ သိပြီးသားဖြစ်ပါတယ်။ ထားပါတော့။

အခု ဆိုင်ကယ်၊ ကား အရှိန်မြှင့်မောင်းနှင်မှုကို ကြိုတင်ကာကွယ်ဖို့ ဒရိုင်ဘာပညာပေးခြင်း တနည်းသာရှိပါတယ်။ ယာဉ် ဟောင်းအိုတွေ ကားလမ်းမပေါ် တက်မောင်းခြင်းက ကာကွယ်ဖို့သိပ်မခက်ပေမဲ့ .. အရှိန်မြှင့်မောင်းခြင်းကို ကာကွယ်ဖို့ လူ တွေကို ထိရောက်စွာ ပညာပေးရပါမယ်။

၁။ ယာဉ်မောင်းသူကို လိုင်စင်ပထမ ၁ နှစ်အတွင်းမှာ ၆ လတကြိမ် မွမ်းမံသင်တန်းတက်ခိုင်းရပါမယ်။ အစိုးရက မလုပ်ပဲ ရပ် ရွာလေးစားသူတွေ ပါဝင်တဲ့အဖွဲ့အစည်း အနည်းဆုံး ၃ ခု၊ အများဆုံး ၁၀ခု ကိုဖွဲ့စည်းပြီး သင့်တင့်တဲ့ အခကြေးနဲ့ မွမ်းမံ သင်တန်းအောင် လက်မှတ်ထုတ်ပေးခြင်းလုပ်ရပါမယ်။

၂။ အရှိန်မြှင့်မောင်းနှင်ခြင်းကို လမ်းကော်မတီတွေ အစိုးရက ဖွဲ့ခွင့်ပေးပြီး မိမိလမ်းကို မိမိသာထိန်းဖို့၊ အာဏာရပြီး လူချဉ် ဖတ်မဖြစ်အောင် စည်းကမ်းထိန်းအဖွဲ့ကို လူလေးစားတဲ့ ကျောင်းဆရာများ၊ ကျောင်းသားအင်အားကို အသုံးချဖို့ ဖြစ်ပါ တယ်။

● နိဂုံး ...
၂၀၁၆ ခုနှစ်က ရှမ်းပြည်နယ်၊ ကွက်ခိုင်မြို့မှာ အသက်၇၀ရှိတဲ့ အဖွားတယောက် လမ်းမဘေးမှာ လမ်းရှောက်နေတုန်း၊ အ ရှိန်မထိန်းနိုင်တဲ့ ဆိုင်ကယ်တစီးက နောက်ကနေအရှိန်နဲ့ ဝင်တိုက်တော့ အဖွားခမြာ လွင့်သွားပြီး ဆေးရုံ ၆ လ တက် လိုက်ရပါတယ်။ အလွန်ကျန်းမာတဲ့ အဖွား၊ အသက်သေသင့်ပေမဲ့ မသေခဲ့ပါ။ ခြေတချောင်း စတီးချောင်းထည့်ထားရ ဒုက္ခိ တ ဖြစ်သွားပါပြီ။

ဆိုင်ကယ်အသစ်တစီးရရင်၊ ကားတစီးပေါ်တက်မောင်းရရင် အရှိန်မြှင့်မောင်းခြင်းက အလွန်သာယာတဲ့ အရသာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတယောက်ရဲ့ ချစ်လှစွာသော သားငယ်လေး ရန်ကုန်မှာ အလှစီးကားတစီး ဝယ်ပေးမိတာ အရှိန်မြှင့် မောင်းလို့ သေဆုံးသွားတဲ့ ရင်ကွဲစရာတွေ့ဖူးပါတယ်။ ခရစ်ယာန်တရားဟောဆရာကြီး ဦးတင်မောင်ထွန်းက မိဘတွေ သား သမီးကို အလိုမလိုက်ဖို့၊ သူငယ်စဉ်က ဖခင်ကြီးက ဆိုင်ကယ်ဝယ်ပေးမယ်လုပ်တာ မိခင်ကြီးက ကန့်ကွက်လို့ အမေကို တော်တော်စိတ်ဆိုးခဲ့ဖူးကြောင်း နားထောင်ခဲ့ဖူးပါတယ်။ ငယ်ရွယ်သူတင်မက အသက်ကြီးသူများလည်း ယာဉ်မောင်းရင် အရှိန်မြှင့်မောင်းလေ့ရှိပါတယ်။ စာရေးသူလဲ ၇၀ ကီလိုမီတာပဲ မောင်းရမဲ့နေရာ ၈၄ ကီလိုမောင်းလို့ နောက်က ရဲကားနဲ့ ဖမ်းခံရပြီး ဒဏ်ငွေဒေါ်လာ ၁၅၀၊ အမှတ် ၁၂ မှတ် ဒဏ်ထိဖူးပါတယ်။ နောက်တကြိမ်ဖြစ်ရင် ကားမောင်းလိုင်စင်ပိတ်ခံရမှာဆိုတော့ အလွန်သတိထားရပါတယ်။ စင်ကာပူ၊ အမေရိကားမှာ အဂတိမလိုက်စားတဲ့ ယာဉ်ထိန်းရဲများစွာ ရှိပါတယ်။ ထိုင်း၊ မလေးရှားမှာတော့ အဂတိယာဉ်ထိန်းရဲတွေများပါတယ်။ မြန်မာပြည်ကတော့ အဆိုးဆုံးပေါ့နော်။ ကားလမ်းပေါ်ထက်တာနဲ့ သတိ၊ မျက်စိနားဖွင့်ထား၊ မျက်စိဖွင့် တစက္ကန့် ဆုတောင်းနည်းကို လေ့ကျင့်ထားရပါတယ်။

အလာတူပဲ ဘုမသိ၊ ဘမသိနဲ့ လမ်းမပေါ်လျှောက်နေတဲ့ လူငယ်ကတော့ အရှိန်ပြင်းမောင်းလာတဲ့ယာဉ်ကို ရှောင်နိုင်ပေမဲ့ အသက်ရွယ်ကြီးတဲ့လူတွေ၊ ကလေးငယ်တွေကတော့ မလွယ်ပါ။ တနိုင်ငံလုံး ကွန်ကရစ်လမ်းတွေခင်းပေးတော့ ဆိုင်ကယ် တွေ တ၀ုန်းဝုန်းမောင်းလို့ကောင်း၊ ရမ်းလို့ကောင်းသလိုဖြစ်လို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ကားမှောက်မှု၊ လူများစွာ သေကြေ ဒဏ်ရာရမှု၊ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပမ်းခြင်းမှားက နိုင်ငံတော်ရဲ့ အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီး မဟုတ်ပါလား ခင်ဗျား။

ဇော်အောင် (မုံရွာ)
ဧပြီ ၁၂၊ ၂၀၁၇