တူမောင်ညို ● ဘာသာ၊ သာသနာမှ ထာဝစဉ် ဖယ်ကျဉ်ပစ်ရမယ့် “ဝီရသူ”


တူမောင်ညို ● ဘာသာ၊ သာသနာမှ ထာဝစဉ် ဖယ်ကျဉ်ပစ်ရမယ့် “ဝီရသူ”
(မိုးမခ) ဧပြီ ၆၊ ၂၀၁၇

ဖတ်ဖူးတာကြာပါပြီ၊ ဇာတကဝတ္တုတပုဒ်ထဲကပဲဖြစ်မှာပါ။ အတိအကျတော့မမှတ်မိတော့ပါဘူး။ မှတ်မိသလို အတိုချုပ် ရေးသားလိုက်ပါတယ်။

တခါက လယ်သမားတဦးဟာ သူ့စပါးတွေကို ကြွက်တကောင်က နေ့စဉ် ကိုက်ဖောက်စားသောက်နေတဲ့အတွက် ပူပန် သောက ရောက်နေရပါတယ်။ ဒါနဲ့ အဲဒီကြွက်သောင်းကျန်းကို ထောင်ချောက်ဆင်ပြီးဖမ်းဆီးပါတယ်။ ဖမ်းမိတဲ့အခါ တခါထဲ သတ် မပြစ်ဘဲ ကြွက်ရဲ့အမြှီးမှာ အဝတ်စကို ချီပြီး မီရှို့ကာ လွှတ်လိုက်ပါတယ်။ ပူလွန်းလို့ ကြွက်လည်း ပြေးမိပြေးရာပြေးရင်း လယ်သမားရဲ့ စပါးကျီထဲကို ဝင်ပြေးတဲ့အတွက် စပါးကျီတခုလုံး မီးလောင်ပြာကျရတဲ့အဖြစ်ကို ဆိုက်ရောက်သွားရပါတယ်။

အခုလည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) နဲ့ ဒီချုပ်အစိုးရအနေနဲ့လည်း သင်္ကန်းဝတ် “ဝီရသူ” ကို ကိုင် တွယ် နေပုံက အနှီလယ်သမားကဲ့သို့အခြေကို ဆိုက်ရောက်သွားတော့လေမလားဆိုတဲ့ စိတ်နဲ့ စိုးရိမ်နေမိပါတယ်။
  
(မဟန) အဖွဲ့ကြီးက သင်္ကန်းဝတ်ဝီရသူအား “တရားဟောခွင့် တနှစ်ပိတ်ပင်ကြောင်း” အသိပေးအကြောင်းကြားစာကို သက် ဆိုင်ရာ သံဃအဖွဲ့အစည်းအသီးသီးသို့ (၁၀-၃-၂၀၁၇) ရက်စွဲဖြင့်ပေးပို့ခဲ့ပါတယ်။ ယခုဆိုလျှင် ထိုစာပေးပို့သည်မှာ တလ တင်းတင်း ပြည့်မြောက်တော့ မည်လည်းဖြစ်ပါတယ်။

ထိုအချိန်ကာလအတွင်း သင်္ကန်းဝတ် ဝီရသူသည် (မဟန) အဖွဲ့ကြီး၏ ဆုံးဖြတ်ချက်ကို မနာခံတဲ့ အပြင် (မဟန) အဖွဲ့ကြီးနဲ့ ဆရာတော်ကြီးများအပေါ် မထီလေးစားပြောဆိုမှုများ၊ ဖီဆန်မှုများကို နောက်လိုက်နောက်ပါအချို့ဖြင့် အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ပြီး အကြိမ်ကြိမ် အခါခါ ဖောက်ဖျက်ကျူးလွန်နေပါတယ်။

- (မဟန) အဖွဲ့ကြီးရဲ့ ညွန်ကြားလွှာအမှတ် (၈၃)၊ (၉၁) ၊ (၉၃) နှင့် (၉၄) တို့ကိုလည်း ဖောက်ဖျက်ကျူးလွန်ကြောင်း
- ဘာသာတခုနှင့်တခုအကြားအမုန်းတရားများပွားများပြီးဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သည့်ဟောပြောမှုများ
- အမုန်းတရားကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများ
- တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများ
- နိုင်ငံရေးပါတီများအကြားတွင် ဘက်လိုက်ဝေဖန်ဟောပြောမှုများ  စတဲ့ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ကြောင်း  (မဟ န) အဖွဲ့ကြီး၏ အဆိုပါထုတ်ပြန်ချက်၌  အတိအလင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ထို့အပြင် တရားမဟောရ တနှစ်ပိတ်ပင်ထားသည်ကိုလည်း မနာခံတဲ့အပြင် ညွန်ကြားချက်နဲ့ ဥပဒေများကို လက်တလုံးခြား ပြုလျက် ဖောက်ဖျက်နေပါတယ်။ သို့ပါ၍ (၉-၃-၂၀၁၇) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ စတုတ္တနေ့ အစည်း အဝေးကဆုံးဖြတ်ခဲ့သည့်အတိုင်း  လျှင်မြန်တိကျစွာ အရေးယူဖို့လိုအပ်နေပြီဖြစ်ပါတယ်။ ထိုဆုံးဖြတ်ချက် အပိုဒ်(ခ)၌ ဤသို့တိကျ ရှင်းလင်းစွာ ဆုံးဖြတ်တော်မူခဲ့ကြပါတယ်။

“(ခ) လိုက်နာဆောင်ရွက်ခြင်းမရှိပါ တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်ရန် ”

တပည့်တော်အနေဖြင့် (မဟန) အဖွဲ့ကြီးရဲ့ အဆိုပါ ထုတ်ပြန်ချက်နဲ့ပက်သက်ပြီး  (၁၁ - ၃ -၂၀၁၇ ) ရက်စွဲဖြင့်ရေးသားပြီး “မိုးမခအွန်လိုင်းစာမျက်နှာ” ၌ဖော်ပြခဲ့သော (အဆက်မပြတ်မှိုင်းတိုက်အဆိပ်ခပ် အကြမ်းဖက်လုပ်ကြံနေကြသူများ အ ကြောင်း) ဆောင်းပါး၌ အောက်ပါအတိုင်းရေးသား ဖော်ပြခဲ့ပါတယ်။

(မဟန) ၏ ထိုကြေညာချက်ကို ဖတ်ရတော့ ပဏာမသာဓု တကြိမ် လှိုက်လှဲစွာခေါ်မိပါတယ်။ “သာဓု” ကို ချွေတာပြီး အလီ လီခွဲ၍ ခေါ်ပါရစေလို့ (မဟန) ဆရာတော်ကြီးများထံ ဦးတင်လျက် ရိုသေစွာလျှောက်ထားလိုက်ပါတယ်။  “သာဓု”  ကို ဘာ လို့ ချွေတာပြီး အလီလီခေါ်ချင်ရတာလဲဆိုတာကို ရှင်းလင်းပါရစေ။

အချက် နှစ်ချက်ကြောင့်ပါ။

ပထမအချက်က မြတ်ဗုဒ္ဓ၏ နူးညံ့သိမ်မွေ့သော တရားတော်နှင့်အဆုံးအမတို့ကို အလျင်းမျက်ကွယ်ပြုလျက် ကြမ်းတမ်းရိုင်း ပြပြီး ရုန့်ရင်းသောစကားများကို မြိန်ရေယှက်ရေပြောဆိုနေသာ ထိုသင်္ကန်းဝတ် “ဝီရသူ” သည် ထိုအမိန့်ကို တိတိကျကျ နာခံပါမည်လောဟူသော အချက်။

ဒုတိယအချက်က (မဟန) အဖွဲ့ကြီး၏ တားမြစ်ချက်ကို “ဝီရသူ” က မနာခံ၊ ပယ်လှန်၊ အာခံလာလျှင် ချက်ချင်းလက်ငင်း ထိ ရောက်စွာ အရေးယူပါ့မည်လောဟူသော အချက်တွေကြောင့်ပဲဖြစ်ပါတယ်။

တကယ်တော့ “ဝီရသူ” မှာ သာသနာမှ ထာဝစဉ် ဖယ်ကျဉ်ပစ်ရမယ့်သူမျိုးသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ၊ သာသနာ၏ မျက် နှာတော်ကို သင်္ကန်းခြုံပြီး အိုးမဲသုတ်နေသူ၊ ရွံ့ပုတ်နဲ့ပက်နေသူမျှသာဖြစ်ပါတယ်။ “တရားဟောခွင့် တနှစ်ပိတ်ပင်ခြင်း” မှာ နောက်ကျ၍ ပြစ်ဒဏ်မှာ အင်မတန်မှပျော့လွန်းနေပါတယ်။ အရေးမယူဘဲ သည်းခံ၍ဆိတ်ဆိတ်နေတော်မူနေတာနဲ့စာလျှင် ယခုကဲ့သို့ အရေးယူလာခြင်းမှာ သာဓုခေါ်၍ ကြိုဆိုဖွယ်ရာဖြစ်ပါတယ်။  --- ဟူ၍ဖြစ်ပါတယ်။

ဖော်ပြပါ ဆောင်းပါး၌ ပါရှိခဲ့သော တပည့်တော်၏ ယူဆချက် အခြေခံအားဖြင့် မမှားဟု ဆိုနိုင်ပါလိမ့်မယ်။

ပထမအချက် “ဝီရသူ”ဟာဆရာတော်ကြီးများရဲ့ဆုံးဖြတ်ညွန်ကြားချက်များကိုမလိုက်နာခြင်း၊ ဒုတိယအချက် ထိုသို့ “ဝီရ သူ” က မလိုက်နာ/ အာခံဖီဆန်ခြင်းကို ချက်ချင်းလက်ငင်းထိရောက်စွာအရေးယူရန် နှောင့်နှေးနေခြင်း ဆိုတဲ့အချက်များ က တပည့်တော် ယူဆ ချက်ကို ခိုင်လုံကြောင်းသက်သေပြသနေပါတယ်။

တပည့်တော်အမြင်၌ (မဟန) အဖွဲ့ကြီးက (၁၀-၃-၂၀၁၇) ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ [စာအမှတ် ၀၂၃/ (၄၇- အထူး) - ၉/၃/သာ- မဟန ] “တရားဟောခွင့်ပိတ်ပင်ခြင်း” အကြောင်းကြားစာ၌ အတိအလင်းဖော်ပြပါရှိသော“ဆုံးဖြတ်ချက်(ခ)” အတိုင်း တိကျလျှင်မြန်စွာ အရေးယူဆောင်ဖို့အရေးတကြီးလိုအပ်ပါတယ်။

ဆက်လက် နှောင့်နှေးကြံ့ကြာနေမယ်ဆိုပါက လယ်သမားကဲ့သို့ စပါးကျီတခုလုံးမီးဟုန်းဟုန်းတောက်မယ့် ဘေးအန္တရာယ်ကို မလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ် အရှင်သူမြတ်တို့ဘုရား။

ဗုဒ္ဓဘာသာကို ကြည်ညိုရင်းစွဲရှိကြသော သံဃာတော်များ၊ ပြည်သူပြည်သားများအနေဖြင့် သုံးကြိမ်သောသာဓုကို လှိုက် လှိုက်လှဲလှဲ ခေါ်ဆိုချင်နေကြပြီဖြစ်ပါကြောင်း (မဟန) အဖွဲ့ကြီးထံ ဦးတင်လျှောက်ထားအပ်ပါတယ်ဘုရား။

တကယ်တော့ “ဝီရသူ” ဟာ ဗုဒ္ဒဘာသာ၊ သာသနာတော်မှ ထာဝစဉ် ဖယ်ကျဉ်ပစ်ရမယ့်သူမျိုးသာဖြစ်ပါတယ်။