ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၂၀)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၂၀)
(မိုးမခ) ဧပြီ ၂၈၊ ၂၀၁၇

● ကြွက်တွင်း
မုန်းကိုးအား မောင်းကိုဟလည်းကောင်း၊ မုန်ဂူဟလည်းကောင်း ရေးသားလေ့လည်းရှိပါသည်။ ဒေသခံတိုင်းရင်းသား ဘာ သာစကားကို ဗမာနားနှင့်နားထောင်၍ ဗမာအသံထွက်နှင့်ရေးကြလျှင် ကွဲလွဲချက်အနည်းငယ်တော့ ရှိတတ်ပါသည်။မိမိတို့ မုန်းကိုးတွင် ပထမဆုံးရောက်သည်ကတော့ နိုင်ငံရေးဌာနသို့ဖြစ်သည်။ ထိုဌာနတွင် တခဏမျှသာ ထိုင်နားရပြီး မိမိတို့အား လိုက်ပို့သည့် နမ့်ခမ်းခရိုင်မှ ကချင်ရဲဘော်အားလည်းကောင်း၊ ကိုရန်နိုင်အားလည်းကောင်း၊ နှုတ်ဆက်ပြီး မိမိအားလာခေါ်သူနောက်လိုက်ခဲ့ရသည်။

မိမိအားခေါ်သွားသည့် စခန်းမှာ နိုင်ငံရေးဌာနနှင့် သိပ်မဝေးလှပါ။ မန်ပန်ရွာနှင့်နောင်ခမ်းရွာကြား လမ်းဘေးတွင်ဖြစ်သည်။ သို့သော် စခန်းကိုလမ်းနှင့် ခပ်လှမ်းလှမ်းတွင်ဆောက်လုပ်ထားပြီး သစ်ပင်အုပ်အုပ်များက လမ်းနှင့်စခန်းအကြားကာ ထား သဖြင့် လမ်းမကလှမ်း၍ မမြင်ရပါ။ လမ်းပေါ်မှ သစ်ပင်အုပ်အုပ်အား ဖြတ်သွားပြီး အထဲရောက်မှ အဆောက်အဦးကို တွေ့ရ သည်။

ဝင် ဝင်ချင်းတွေ့ရသည့် အဆောက်အဦးက ၈ ပေခန့်ကျယ်ပြီး ၁၀ ပေ ခန့် အလျားရှိသည့် အခန်း ၄ ခန်းခန့်ပါသည် တဲတန်း လျားတခုဖြစ်သည်။ နောက်တဲတလုံးက စခန်းတာဝန်ခံ ဦးဇော်ဝင်းနေသည့် တဲတလုံးပေါင်း ၂ လုံးမျှသာဖြစ်သည်။ ဦးဇော် ဝင်း၏တဲ အစွန်တခန်းအား တဖက်ဖွင့်ထားပြီး ဧည့်ခန်းလုပ်ထားကာ ဝါးစားပွဲ ဝါးထိုင်ခုံများဖြင့် တံဆာဆင်ထားသည်။ မိမိ ရောက်ရောက်ချက်ချင်း သူတဲ၏ ဧည့်ခန်းဝါးစားပွဲတွင် ရေနွေးကြမ်းဖြင့် တည်ခင်းဧည့်ခံပြီး မိတ်ဆက်စကားပြောသည်။ ဦး ဇော်ဝင်းကားအသက် ၅၀ ဝန်းကျင်ခန့်ရှိပြီး နဖူးပြောင်ပြောင် ထိပ်ပြောင်ပြောင် ဆံပင်ဖြူဖြူ အရပ်ပုပု မျက်နှာခပ်ချိုချို ဖြစ် သည်။ သူ့ဇနီးသည်လည်း ဗမာစကားကျွမ်းကျင်စွာပြောတတ်သည့် ဟွာချောင် သို့မဟုတ် ပင်လယ်ရပ်ခြားတရုတ်အမျိုး သားဟုခေါ်ကြသည့် ဗမာပြည်ပေါက် တရုတ်အမျိုးသမီးတယောက်ဖြစ်သည်။ တပ်ထဲက ရဲဘော်တယောက်ပင်ဖြစ်ပါသည်။ ထိုစဉ်က ရဲဘော်ဇော်ဝင်းမှာ ရဲဘော်ထွန်း၏လက်အောက်၌ မြေအောက်လုပ်ငန်းနှင့်ပတ်သက်၍ တာဝန်ယူနေသူဖြစ်သည်။

မိမိနေသည့်အဆောင်ကတော့ လေးခန်းတွဲအဆောင်က အခန်းတခန်းတွင်ဖြစ်သည်။ အခန်းထဲတွင် ဝါးကုတင်နှစ်လုံးရှိရာ တလုံးတွင် မိမိအားနေရာချပေးသည်။ မိမိတို့နေရသည့် တဲများအားလုံး သက်ငယ်မိုးထားပြီး ရွှံ့နှင့်ကောက်ရိုးရောမံ၍ ကာ ထားသည်။ လေဝင်ပေါက်ကို တပေပတ်လည်လောက် အသေဖောက်ထားပြီး ဝါးကပ်လေးနှင့် အပိတ်အဖွင့်လုပ်သည်။အခန်းဝင်တံခါးပေါက်ကလည်း ဝါးခြမ်းလေးများရှက်၍လုပ်ထားသော ဝါးတံခါးဖြစ်ရာ အလုံပိတ်မဟုတ်ပေ။ သက်ငယ်မိုး ရွံ့နှင့် ကောက်ရိုးအကာ မြေကြီးပေါ်တွင် ဝါးတိုင်စိုက်ထားသည့်ဝါးကုတင်ငယ်နှင့် ကွန်မြူနစ်တောတွင်းစခန်း၏အရသာကို စတင် မြည်းစမ်းရပေတော့သည်။ မြေကြီးဆန်လေစွဟု ဆိုရပါမည်။

ထိုစခန်းတွင် မိမိအရင်ရောက်နှင့်နေသော ရဲဘော်နှစ်ယောက်နှင့်တွေ့ရသည်။ တယောက်က မိမိအားလာကူညီပြီး သူကိုယ် သူ မိတ်ဆက်ပါသည်။ အရပ်ခပ်ပုပု ကလေးငယ်တယောက်မျက်နှင့် မျက်နှာနှင့်ဆိုတော့ ပထမတော့ မိမိထက်ငယ်ပုံရသည်ဟု ထင်ခဲ့မိသော်လည်း နောင်သိရတော့မိမိထက်ပင် တနှစ် နှစ်နှစ်ခန့်ကြီးချင်သေးသည်။ သက်ကြီးပုဟု ဆိုရမည်။ သူ့အမည်က မောင်ဇော်ဟုခေါ်သည်။ နောင်ရင်းနှီးသွားတော့ ဇော်ပုဟုသာ ခေါ်ကြတော့သည်။

နောက်ရဲဘော်တယောက်က မိမိအခန်းဘက်မလာ။ သူအခန်းရှိ ကုတင်ပေါ်တွင် ထိုင်နေပြီး မိမိအားကြည့်၍ သွားအဖြီးသား နှင့်ပြုံးနေသည်။စစ်ယူနီဖေါင်း ကြယ်နီတပ်ဦးထုပ်နှင့် မျက်မှန်တဝင်းဝင်းသူ့အား မိမိမြင်ဖူးသလိုလိုရှိသည်ဟု စိတ်မှထင်မိ၏။ သို့နှင့် ဒီလူငါမြင်ဘူးပါတယ်ဟုတွေးရင်း သေသေချာချာထပ်ကြည့်တော့မှ စီးပွားရေးတက္ကသိုလ်မှ နည်းပြဆရာကိုကြီးမြင့် ဖြစ်နေသည်။ ၁၉၇၅ ခုနှစ် ဇွန် ၆ ရက်နေ့ညက လှည်းတန်းထိပ်ဓါတ်တိုင်အမှောင်ထိပ်မှ မိမိအားလှမ်းခေါ်၍ အခြေအနေ မေးမြန်းပြီးကထဲက သူနှင့်မတွေ့ခဲ့တော့ပေ။ ထို့ပြင် တောထဲသို့ရောက်လာလိမ့်မည်ဟုလည်း ထင်မထားမိခဲ့။ မြို့ပေါ်တုန်းက ပိုးတိုက်ပုံဝါဖန့်ဖန့်လေး အမြဲဝတ်ဆင်ထားသူက CPB စစ်ဝတ်စုံနှင့်ဆိုတော့ ရုတ်တရက် မမှတ်ခဲ့ပေ။ သူဖြစ်နေ၍မိမိအံ့အား သင့်မိသည်။ မိမိမှတ်မိသွားမှန်းသိတော့ "ကျနော့နာမည် ဒီမှာ ရဲဘော်မြင့်ထွန်းလို့ ခေါ်တယ်ဗျ။ ခင်ဗျာနာမည်ရော ဘာတဲ့ လဲ" မေးသည်။ သို့နှင့် ရန်ကုန်တက္ကသိုလ် ဦးချစ်လက်ဘက်ရည်ဆိုင်ထိုင်ဖက် သရုပ်ပြဆရာကိုကြီးမြင့်နှင့် တက္ကသိုလ် ကျောင်းသား မောင်မောင်စိုးတို့သည် အရှေ့မြောက်စစ်ဒေသ မုန်းကိုးတပ်စခန်းတနေရာတွင် ရဲဘော်မြင့်ထွန်းနှင့် ရဲဘော် အောင်ကြီးအဖြစ် ပြန်လည်ဆုံစည်းကြပါတော့သည်။

သို့နှင့် ထိုစခန်းတွင် ရဲဘော်မြင့်ထွန်း ရဲဘော်ဇော်နှင့် ရဲဘော်အောင်ကြီးတို့သည် အတူတကွ ၁၅ ရက်ခန့် ဖြတ်သန်းကြရသည်။ အချိန်တန်လျှင် ဦးဇော်ဝင်း၏ဇနီးချက်ကျွေးသည်ကို တနေ့ နှစ်နပ်စားကြသည်။ ဦးဇော်ဝင်းခေါ်ယူဆွေးနွေးသည်ကို တေ ယာက်ချင်းသော်လည်းကောင်း၊ သုံးယောက်တတွဲသော်လည်းကောင်း နားထောင်ကြသည်။ စာဖတ်ကြသည်။ မော်စီတုန်း၏ လက်ရွေးစင် ကျမ်း ၄ တွဲဗမာဘာသာဖြင့် ၈ အုပ်ကို အပြန်ပြန်အလှန်လှန် ဖတ်ကြသည်။ သုံးယောက်သား ဆွေးနွေးကြ ငြင်းခုံကြသည်။

မိမိတို့ ၃ ဦးစလုံး နေ့လည်အပြင်ထွက်ခွင့်မပေးပါ။ စခန်း၏စည်းကမ်းဖြစ်သည်။ မိမိတို့ရောက်ခါစရဲဘော်များ ကိုယ်ရေးရာ ဇဝင်ကို စိစစ်နေဆဲကာလမို့လည်း ဖြစ်နိုင်သည်။ တချို့ရဲဘော်များကို မြေပေါ်ပြန်လွှတ်မည် (သို့မဟုတ်) အခြေခံဒေသတွင် ပင် တာဝန်ပေးမည်ကို အပြီးသတ်ဆုံးဖြတ်ချက် မချသေး၍လည်းဖြစ်သည်။ ထို့ပြင် မိမိတို့နှင့်ပတ်သက်သည့် မြို့ပေါ်က   လှု ပ်ရှားမှုများ အဆက်အသွယ်များကို နားလည်ယူရန် အချိန်ယူနေ၍လည်းဖြစ်သည်။ မိမိတဦးချင်းအနေနှင့် မိမိဖြတ်သန်းမှု နှင့် ဆက်သွယ်လှုပ်ရှားခဲ့သူများစာရင်းကို အစီရင်ခံစာရေးသားတင်ပြနေရပြီး မရှင်း၍ မေးသည်များကိုပြန်လည် ဖြေကြား ပေးနေရသည်။

နေ့လည်ပိုင်း အပြင်ထွက်ခွင့်မပေးသော်လည်း ညနေပိုင်းတွင် လမ်းထွက်လျှောက်ခွင့်ပေးသည်။ လူသွားများသည် လမ်းမ များပေါ်တွင် မရ။ မိမိတို့စခန်းနှင့် မုန်းကိုးချောင်းကြားရှိ လယ်ကန်သင်းများပေါ် ညနေဘက်ထွက်လျှောက်ကြသည်။ တခါ တရံ ညဘက် မုန်းကိုးဘောလုံးကွင်းထဲ၌ ရုပ်ရှင်ပြလျှင် သွားကြည့်ခွင့်ပြုသည်။ ဘောလုံးကွင်းထဲ၌ ပိတ်ကားထောင်၍ ဟင်းလင်းပြင်၌ ပြသခြင်းဖြစ်သည်။ တပ်ထဲကလူများရော ရွာသားများရော လာရောက်ကြည့်ရှုကြသည်။ တရုတ်ရုပ်ရှင် များဖြစ်သည်။ တရုတ်တော်လှန်ရေးကာလက စစ်ကားများဖြစ်သည်။ ပထမဆုံးကြည့်ခဲ့ရသည့် တရုတ်ရုပ်ရှင်ကားမှာ တ လက်လက်ကြယ်နီဆိုသည့်ကားဖြစ်သည်။

ဤသို့ မိမိတို့ကဲ့သို့ပင် ထိုစခန်းထဲရောက်လာသည့်ရဲဘော်တိုင်းသည်ညဘက်မှ အပြင်ထွက်ခွင့်ရပေရာ အပြင်တပ်ဌာနအသီး သီးတွင် တာဝန်ယူနေသော ရဲဘော်များက ဒီစခန်းက လူတွေကတော့ ကြွက်တွင်းထဲက ကြွက်တွေကျနေတာဘဲ ညကျမှ ပြူတစ် ပြူတစ်နဲ့ ထွက်ကြရတာဟုဆိုကြရမှ မိမိတို့နေသည့်စခန်းအမည်လည်း ကြွက်တွင်းဟု အမည်ပြောင်ပေးထားကြောင်း နောင်မှသိရပါသည်။ မိမိထိုစခန်းမှထွက်၍ တပ်သို့သွားရသောအခါ ကြွက်တွင်းက ထွက်လာကြပြီဘဲဟု ဆိုကြပါသည်။

● ရှေ့တန်းသို့
စိစစ်မှုများပြီးဆုံးသွားသည့်အခါ မိမိတို့ ၃ ယောက်စလုံးအား မိမိတို့တောင်းဆိုထားသည့်အတိုင်း ရှေ့တန်းသို့ စေလွှတ်ပါ တော့သည်။ ရှေ့တန်းထွက်ရမည်ဆိုတော့ လိုအပ်သည်များ ပြင်ဆင်ရပါသည်။ သေနတ် ကျည်ဆံ လက်ပစ်ဗုံး ကျည်ခါး ပတ်စသည်တို့  ထုတ်ပေးပါသည်။  သေနတ်ဘယ်လိုပစ်ရ၍ ကျ ည်ဘယ်လိုထည့်ရသည်ကို ရဲဘော်ဟောင်းများက ပြပေး သည်။ မိမိနှင့် ကိုမြင့်ထွန်းက အမ် ၂၁ တလက်စီနှင့် ကိုဇော်အတွက် အမ် ၂၂ တလက် ထုတ်ပေးသည်။

မိမိစိတ်ထဲတွင် သိပ်တော့မကျေနပ်လှပေ။ မိမိကိုင်လိုသည်မှာ အမ်၂၂ ဖြစ်သည်။ အမ် ၂၂ က အေကေ ၄၇ ပုံတူ ကျည်ဆံ ၃၀ ထည့် ဘောက်ကောက်နှင့် အော်တိုမက်တစ်ပစ်၍လည်းရ တတောင့်ချင်းလည်း ပစ်၍ရပါသည်။ အမ် ၂၁ ကတော့ ကျည်ဆံ ၁၀ တောင့်ထည့် တတောင့်ချင်းသာပစ်ရသည့် ဆီးမီးအော်တိုစနစ်ဖြစ်သည်။ ထိုပြင် ကျည်ထည့်လျှင်လည်း ဆယ်တောင့်တခါထည့်ရသည်။ ကျည်ကပ်အိမ်က သေနတ်နှင့်တွဲရက်ဖြစ်၍ ကျည်ကပ်လဲ၍ ပစ်၍ရသည့် အမ် ၂၂ လောက် အဆင်မပြေ။ ထိုပြင် အမ်၂၁က ရှည်လျားပြီး သေနတ်လွယ်ရ အဆင်မပြေ။ အမ် ၂၂ ကတော့ သေနတ်အရှည်က အမ် ၂၁ ထက်တိုပြီး ဘေးတိုက်လွယ်ရ အဆင်ပြေသည်။ သို့သော်မိမိမှာ ရဲဘော်သစ်ဆိုတော့ စောဒကတက်ခွင့်မရှိ၊ ပေးသည်ကို မအီမလယ်နှင့် ကိုင်ရပေတော့သည်။ ရှေ့တန်းထွက်ရန် မိမိတို့လိုအပ်သည်များကို ရဲဘော်ဇော်ဝင်းက ပြောပြပေးသကဲ့သို့ လိုအပ်သည့်စစ်ပစ္စည်းများကို ထောက်ပံ့ရေးဌာနမှ သွားရောက်ထုတ်ယူပေးပါသည်။

မိမိတို့ရှေ့တန်းထွက်ရသည်က ၁၉၇၆ ခုနှစ် ဇူလိုင်လတွင်းဖြစ်သည်။မနက်စောစောထ၍ သုံးယောက်သားပြင်ဆင်ကြသည်။ တယောက်လိုအပ်သည်ကို တယောက်ပြောပြကူညီပေးခဲ့ကြသည်။ မိမိတို့စိတ်ကား ရွှင်လန်းတက်ကြွနေသည်။ မြို့ ပေါ်မှ လည်စင်းခံခဲ့ရသမျှ စစ်မြေပြင်တွင် သူသေ ကိုယ်ရှင် ယှဉ်၍ရပြီဟူ၍ စိတ်ဝယ် ဝမ်းမြောက်မိသည်။ မိမိတို့စခန်းက မထွက်မီ ကထဲက မိုးကရွာနေပြီဖြစ်ရာ သုံးယောက်သား မိုးကာခြုံ၍ မိုးအေးအေးထဲတွင် နိုင်ငံရေးဌာနသို့ သတင်းပို့ရပါသည်။

● တပ်မဟာ ၂
မိမိတို့သွားရမည်မှာ တပ်မဟာ ၂ သို့ဖြစ်သည်။ ထိုစဉ်က တပ်မဟာ ၂ မှာ မုန်ကျီး (မုန်းစီး) နားလယ် မုန်းပေါ်လေးတဝိုက်တွင် လှုပ်ရှားနေရာ မုန်းကိုးမှသည် တပ်မဟာ ၂ လှုပ်ရှားသည့်နေရာအထိ ၅ ရက်ခန့် လမ်းလျှောက်ရမည်ဟု သိရသည်။ ထို ကာလက ထိုဒေသတွင်း ကားလမ်းမရှိပါ။ လမ်းလျှောက်ပြီးလျှင် လမ်းဆက်လျှောက်ဖို့သာပြင်ရသည့် အချိန်ကာလဖြစ် သည်။

မိမိတို့အား တပ်မဟာ ၂ သို့သွားကြမည့် ခေါင်းဆောင်များနှင့်အတူစေလွှတ်ခြင်းဖြစ်သည်။ တဦးက အထူးတပ်ရင်းခေါ် ရင်း ၃၀၃၁ ၏ရင်းမှူး (ဒုတပ်မဟာအဖြစ် လျာထား ထားသူ) ကျန်းစစ်မင်ခေါ် တရုတ်ရဲဘော်တဦးနှင့် ရဲဘော်မြအောင် ခေါ် CPB ရဲဘော်ဟောင်းတဦးတို့အဖွဲ့နှင့် အတူလိုက်ပါသွားရမည်ဖြစ်သည်။ ကျန်းစစ်မင်မှာ တရုတ်ပြည် ဝမ်တိန်ဇာတိ တရုတ်တဦး ဖြစ်သော်လည်း ဗမာစကားသင်ယူပြောဆိုတတ်ပြီး ဗမာနာမည် ကိုကြည်မြင့်ဟုလည်း ခေါ်ပါသည်။ ကိုမြအောင်ကတော့ ယခင်၂၀၂ စစ်ဒေသဖြစ်ပြီး ယခုမှ တပ်မဟာ ၂ သို့ စမ်းသပ်တွဲဖက်တာဝန်ပေးခြင်းဖြစ်သည်။

တပ်မဟာ ၂ ၏ နိုင်ငံရေးမှူးမှ ရဲဘော်အင်ဖမ်းဂမ်ဖြစ်ပြီး တပ်မဟာမှူးမှာ ရဲဘော်စောထွန်းတင်ဖြစ်သည်။ နှစ်ဦးစလုံးသည် ယခင်ဗိုလ်နော်ဆိုင်းတပ်မှဖြစ်ကြသည်။ တပ်မဟာဒုနိုင်ငံရေးမှူးမှ ဆရာဟုန်ဖြစ်သည်။ ဆရာဟုန်က ပင်လယ်ရပ်ခြားတရုတ် အမျိုးသားဖြစ်ပြီး တရုတ်ဗမာအရေးအခင်းကာလက ရန်ကုန်ရှိ နာမည်ကြီးတရုတ်ကျောင်းတခု၏ (နန့်ယန်းနှင့် ဟွာကျုံး တ ကျောင်းကျောင်းမှဖြစ်သည်) တရုတ်ကျောင်းဆရာတဦးဖြစ်သည်။ တရုတ်ဗမာအရေးအခင်းနောက်ပိုင်းတွင် အရှေ့မြောက် အခြေခံဒေသသို့ ရောက်ရှိလာသူဖြစ်သည်။

မုန်းကိုးမှ မထွက်မှီကထဲက ရွာသောမိုးသည် သဲလိုက်စဲလိုက်နှင့်တလမ်းလုံးရွာမဆုံးဖြစ်သည်။ မုန်းကိုးမှ မန်ဂျပ်ရွာ ဘန် ဆတ်ရွာကိုကျော်၍ ဘန်ဟုတ်ရွာအထိ တောက်လျောက်အတက်ခရီးကား ၃ နာရီကျော်ခန့် ကြာသည်။ တောင်ကြော တကြောတက်ပြီးသည်နှင့် သူထက်ပိုမြင့်သော တောင်ကြောက အသင့်စောင့်ကြိုနေသည်။ တက်၍ မဆုံးနိုင်သော တောင် ကြောများ ဖြစ်၍နေပေတော့သည်။ ထိုပြင် တလမ်းလုံးမိုးရေကြောင့် ရွှံ့ဗွက်က ထနေသည်။ စစ်ဖိနပ်အောက်က ဘားအတွင်း ရွှံ့များအပြည့်ဝင်လာပြီးနောက် စစိနပ်ကလည်းလည်း ကုပ်အားမကောင်းတော့သဖြင့် တဘိုင်းဘိုင်းချော်လဲတော့သည်။ သစ်ကိုင်းတခုချိုး၍ ဖိနပ်အောက်ခံဘားများအတွင်းမှ ရွံများကိုထိုးခွာလိုက် ပြန်လျှောက်လိုက်ဖြင့် အခြားဒေသခံရဲဘော်များ နောက် မိမိတို့ ၃ ယောက် ပြတ်ကျန်ခဲ့သည်။ သူတို့ထဲက တယောက်က မိမိတို့ပြတ်ကျန်ခဲ့လျှင် နား၍ စောင့်ခေါ်ပေးသည်။ သို့မဟုတ်ပါက မလွယ်ကူလှ။ တောင်ပေါ်လမ်းများတွင် လမ်းခွဲတွေက များသည်။ ဒေသခံများကတော့ ဘယ်လမ်းက ဘယ် ပေါက်သည်မသိ။ တောကြီးမျက်မဲထဲတွင် ဘယ်ရောက်၍ ဘယ်ပေါက်နေမှန်းမသိကြ။ တဝေါဝေါ ရွာသွန်းနေသောမိုးထဲတွင် တတောင်ပြီး တတောင်တက်ရင်း တဘိုင်းဘိုင်းလဲရင်း တကိုယ်လုံး ရွှံ့အလူးလူး ဖြစ်နေပေပြီ။ မိုးအေးသော်လည်း ချွေးက တော့ ရွှဲ၍နေပေပြီ။

တပ်ထုံးစံက တနာရီလျှင် ၅ မိနစ် ၁၀ မိနစ်ခန့် တကြိမ်နားရသည်။ နားရသည့်အချိန်လေးသည် မိမိတို့အတွက် ပျော်စရာ အချိန်ဖြစ်နေသည်။ လမ်းဘေး မြက်တောထဲထိုချရင်း အမောဖြေရသည်။ မြန်ဆန်သော အသက်ရှူသံများ၊ နှလုံးခုံသံများကို လျှော့ချရသည်။ တဖြည်းဖြည်းမောလာသည်က အမှန်ပင်။ နားသည့်အချိန်ရော လမ်းလျှောက်နေသည့်အချိန်ပါ ရေသောက် နေရသည်။ မိုးရွာထဲတွင် ရေငတ်နေခဲ့သည်။ လွယ်ထားသော ရေဗူးထဲကရေက ခဏလေးကုန်သွားသည်။ တောင်ပေါ်တွင် စီးနေသော စမ်းရေကျလေလးများက လမ်းတလျောက်ရှိနေ၍ တော်သေးသည်။ ရေကျတွေ့တိုင်း ရေဗူးထဲလည်း ဖြည့် ခပ် လည်း သောက်ကြရသည်။ ကြည်လင်အေးမြသော စမ်းရေများသည်အေး၍ ချိုမြနေသည်။ မိမိတို့လည်း သောက်လေ သောက်လေ ငတ်မပြေ ဖြစ်နေပေတော့သည်။ တော်လှန်ရေးဆိုသည်မှာ ထင်ထားသလောက်တော့ လွယ်ကူလှသည် မဟုတ်ပေ။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)

photo ရဲဘော်စောထွန်းတင် (ကွယ်လွန်) (ဗိုလ်နော်ဆိုင်းတပ်ဖွဲ့ဝင်ဟောင်း)
CPB တပ်မဟာ ၂ တပ်မဟာမှူး (၁၉၇၆)
CPB အရံဗဟိုကော်မတီဝင် (၁၉၈၅ ကွန်ဂရက်)