သက်ဝေ ● မိညောင်တို့နဲ့ တညနေ

 သက်ဝေ ● မိညောင်တို့နဲ့ တညနေ
(မိုးမခ) ဧပြီ ၆၊ ၂၀၁၇

မနေ့ညနေက လမ်းလျှောက်ဖို့ တိုက်အောက်ကို ဆင်းတော့ မြောင်းဖုံး တခုနဲ့ တခုအကြား ဟနေတဲ့ နေရာမှာ ခေါင်းလေးတွေ ပြူတစ် ပြူတစ်လုပ်ရင်း ထိုင်နေကြတဲ့ ကြောင်ကလေး နှစ်ကောင်ကို တွေ့တယ်။ သူတို့ဟာ လူသွားစကြံန်လေးပေါ်က လူသွားလူလာကို အကဲခတ်သလို မျက်နှာလေးတွေ မော့ပြီး စူးစူးစမ်းစမ်း လှမ်းကြည့်နေကြတယ်။ ကိုယ်နဲ့ သူတို့နဲ့ အကြည့်ချင်းဆုံတော့ အော်သံ တိုးတိုးလေးတွေ ထွက်လာတယ်။ လှမ်းလက်စ ခြေလှမ်းကို အသာ တုန့်ပြီး သူတို့ကို ရပ်ကြည့်လိုက်တော့ သူတို့အသံတွေက ပိုကျယ်လာတယ်။ ကြည့်ရတာ သူတို့တွေမှာ ပြောစရာ အတော်များများ ရှိနေပုံပဲ။ သေသေချာချာ လေးလေးနက်နက် မျက်နှာပေးလေးတွေနဲ့ တခွန်းပြီး တခွန်း လှမ်းပြောနေကြတာ။ ခက်တာက သူတို့ ဘာပြောနေတာလဲဆိုတာ ကိုယ်က ရုတ်တရက် နားမလည်ဘူး။ ဒါနဲ့ နေရာမှာ ခြေစုံရပ်ပြီး သူတို့ကို ခပ်ကြောင်ကြောင် ကြည့်နေလိုက်မိတယ်။ ကြောင်တွေကို ခပ်ကြောင်ကြောင် ပြန်ကြည့်တတ်ဖို့ဆိုတာ သိပ်လွယ်တဲ့ ကိစ္စတခုတော့ မဟုတ်ပေဘူး။ ထားပါလေ… အဲဒီ ခပ်ကြောင်ကြောင်အကြည့်ဆိုတာကို နောက်တော့မှ ဆက်ရှင်းမယ်။ အခုတော့ ကြောင်နှစ်ကောင်အကြောင်းပဲ ဆက်ပါဦးမယ်။

ပြောရရင်တော့ ကိုယ်က အဲဒီလို အကြောင်သား ရပ်ကြည့်နေလိုက်တာမှာ သူတို့အတွက် အကွက်ကောင်း ရသွားတော့တာပဲ။ နားထောင်မယ့်သူ ရှိနေပြီဆိုပြီးတော့ သူ့ထက်ငါ အပြိုင်အဆိုင် စကားတွေ လှမ်းပြောတော့တာ ကျွက်ကျွက်ကို (သို့မဟုတ်) ညောင်ညောင်ကို ညံလို့။ တကောင်ရဲ့ စကား မဆုံးသေးဘူး၊ နောက်တကောင်က အတင်း ဝင်လုပြီး ပြောတယ်။ သူ့ကိစ္စကသာ ပိုအရေးကြီးနေတယ် ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ စကားတွေ အဆက်မပြတ် အလုအယက် လှမ်းပြောနေကြတာ။ တကောင်က ပြောလို့ မဆုံးခင်မှာ နောက်တကောင်ကလည်း တမင်ကြိုးစားပြီး မြှင့်ထားရတဲ့လေသံမျိုးနဲ့ အတင်းဝင်ပြောပြန်တယ်။ တကောင်နဲ့ တကောင် အပြိုင်အဆိုင် ပြောရင်း ပြောရင်း ဘယ်လောက်များ အရှိန်တက်လာကြသလဲဆို သူတို့ ခေါင်းလေးတွေဟာ မြောင်းထဲကနေ မော့ပြီး တိုးတိုးထွက်လာကြတာ လည်ပင်းလေးတွေကို ရှည်လို့။

ဒါနဲ့ ဟေ့ကောင်တွေ နေကြပါဦးဟ ဆိုပြီး သူတို့တွေရဲ့ သွင်ပြင်လက္ခဏာကို အရင်လေ့လာရတယ်။ နှစ်ကောင်ထဲမှာ တကောင်က အဖြူနဲ့ အနက်ကျားလေး ဒါပေမဲ့ အဖြူရောင်ပါဝင်မှုနှုန်း များတယ်။ အဖြူရောင်ရဲ့ အရှိန်အဝါကြောင့်လားတော့ မသိဘူး၊ သူ့ကိုကြည့်ရတာ နူးနူးညံ့ညံ့ရှိပုံပဲ။ နားရွက်ဖျားနှစ်ဖက်မှာ အနက်အစက်ကလေး နည်းနည်းပါတာက တမျိုး ထူးခြားနေတယ်။ ခြုံကြည့်လိုက်ရင် ချစ်စရာ ကြောင်ဖြူလေးပေါ့။ နောက်တကောင်ကတော့ အကျားလေး၊ တကိုယ်လုံး ညိုရင့်ရင့်နဲ့ အနက်ရောင် အစင်းကျား၊ အရောရော အနှောနှောတွေ ခပ်များများနဲ့ ဆိုပါတော့။ သူ့အမွှေးလေးတွေကြည့်ရတာ ကြမ်းကြမ်းထူထူ ပြီးတော့ ထောင်ပွပွလေးတွေ။ ထူးခြားတာတခုကတော့ သူတို့ နှစ်ကောင်ဟာ မကြီးလွန်း မငယ်လွန်းနဲ့ ချစ်စရာ အရွယ်တူလေးတွေ ဖြစ်နေတာပဲ။ ဝိုင်းစက်တောက်ပနေတဲ့ မျက်လုံးလေးတွေ၊ မျက်ဆံအရောင်ညိုညိုလေးတွေ ပြီးတော့ နှာတံ အကျတွေကလည်း ဆင်တူ၊ နှုတ်ခမ်းလေးတွေ နောက်ဆုံး နားရွက်လေးတွေ ထောင်နေပုံကအစ တထပ်တည်း ချွတ်စွပ်တူနေတာ။ အကဲခတ်နေတုန်းမှာ သူတို့ကတော့ စကားတွေ အဆက်မပြတ် သူ့ထက်ငါ လုပြောနေမြဲ။ ခက်လည်း ခက်တဲ့ ကောင်တွေကွာ လို့ စိတ်ထဲက ရေရွတ်မိတယ်။

သူတို့ပြောနေတာတွေ ကိုယ်က နားမလည်တော့ သူတို့ မျက်နှာကို တည့်တည့်၊ ခပ်ကြောင်ကြောင် ကြည့်ပြီးတော့ ဟေ့ကောင်လေးတွေ ခဏနေကြဦးကွ လို့ ပြောလိုက်တယ်။ အကြည့်က ကြောင်တောင်တောင်နိုင်နေလို့လား လေသံက နည်းနည်း မာသွားလို့လားမသိဘူး၊ နှစ်ကောင်စလုံး သူ့ထက်ငါ အပြိုင်အဆိုင် အော်နေရာကနေ တိခနဲ ရပ်သွားတယ်။ ကိုင်း… ဒီတခါတော့ ကိုယ့်အလှည့် ကျပဟ ဆိုပြီး သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ချလိုက်တယ်။ သူတို့ ဇက်ကလေးတွေ ပုဝင်သွားတာမြင်လိုက်ရတော့ နည်းနည်းတောင် ပြုံးချင်ချင်ဖြစ်သွားသေးတယ်။ ဒါပေမဲ့ မပြုံးမိအောင် ထိန်းရင်း… “ဒီမှာ ကိုယ့်လူတို့… လောလောဆယ် မင်းတို့ပြောတာကို ငါ နားမလည်ဘူး၊ ဒီတော့ အိမ်ပေါ်တက်ပြီး နားကြပ်တခု သွားယူလိုက်ဦးမယ်၊ အဲဒါ တပ်ပြီး နားထောင်မှ မင်းတို့ ပြောတာ နားလည်လိမ့်မယ်၊ အဲဒီလို နားလည်မှသာ မင်းတို့ ဘာကို ပြောချင် ဆိုချင်သလဲ၊ ဘာကို လိုချင်သလဲ ဆိုတာ သေသေချာချာ သိလိမ့်မယ်၊ ဒီတော့ စကားဆက်ပြောချင်ရင် မင်းတို့ ဒီနေရာက ဘယ်မှ မသွားပဲ စောင့်နေကြ… ဟုတ်ပြီလား” လို့ လေသံမှန်မှန်နဲ့ ခပ်အေးအေးပဲ ပြောချလိုက်တယ်။

အဲဒီမှာ ဘာသွားတွေ့လဲ ဆိုတော့ ကိုယ်ကသာ သူတို့ရဲ့ ညောင်ညောင်ဘာသာဗေဒကို နကန်းတလုံးမှ နားမလည်တာ၊ သူတို့ကတော့ ကိုယ်ပြောသမျှကို ဂဃနဏ နားလည်နေတယ် ဆိုတာပဲ။ ဒီလိုလေ… ခုနက ပြောလိုက်တဲ့ ကိုယ့်စကားအဆုံးမှာ ညောင်ညောင်သံတွေ တိခနဲ ရပ်သွားပြီး ခေါင်းတွေကို တဆတ်ဆတ် ညိတ်ပြနေကြတယ်။ အဲဒါကို မျက်စိနဲ့ တပ်အပ် မြင်လိုက်ရတော့ အံ့သြတကြီးနဲ့ ထိုင်နေတဲ့ ခန္ဓာကိုယ်ဟာ ရုတ်တရက် အနောက်ဖက်ကို နည်းနည်းတောင် လန်သွားတယ်။ ခံစားလိုက်ရတဲ့ ခံစားချက်ကလည်း ထူထူထဲထဲနဲ့ နင်တင်တင်ကြီး၊ လည်ချောင်းထဲ တခုခု မျိုချလို့ မရပဲ တစ်ဆို့ဆို့ ဖြစ်နေသလိုမျိုးနဲ့ ဆင်တူတယ်။ သူတို့ ဘာကောင်တွေပါလိမ့်။ မျက်လုံးကို လက်နဲ့ပွတ်ရင်း သူတို့ကို နောက်ထပ်တခါ သေသေချာချာ ပြန်ကြည့်မိတယ်။ အမှန်အတိုင်း ဝန်ခံရရင် အဲဒီအချိန်မှာ ကိုယ့်မျက်နှာဟာ ရှက်တက်တက်မျက်နှာမျိုး ဖြစ်နေမှာ မလွဲဘူး။ ပြုံးတုံ့တုံ့ မျက်နှာပေးနဲ့ ကြောင်နှစ်ကောင်ဟာ သူတို့ရှေ့မှာ ထိုင်နေတဲ့ လူတယောက်ကို အေးအေးသက်သာပဲ။

သူတို့ နှစ်ကောင်ထဲက ခုနက ပြောခဲ့တဲ့ အဖြူကောင်… နူးညံ့ပြီး ချစ်စရာကောင်းတယ်လို့ ထင်ရတဲ့ အဲဒီအဖြူကောင်ရဲ့ အကြည့်ဟာ ကိုယ့်စိတ်က ထင်လို့ပဲလားတော့ မသိ၊ သရော်လှောင်ပြောင်လိုတဲ့ အရိပ်အယောင် အနည်းငယ် စွက်နေသလိုပဲ။ သူ့ထက်စာရင် အညိုကြားလေးကတော့ အေးအေးဆေးဆေးပိုရှိပုံရတယ်။

သူတို့ရှေ့မှာ ငူငူငေါင်ငေါင်နဲ့ ထိုင်ပြီး မျက်လုံးအကြောင်သားနဲ့ ကြည့်နေမိတဲ့ ကိုယ့်ကို သူတို့လည်း ဘာလုပ်ရမှန်း မသိသလို ပြန်ကြည့်နေကြတယ်။ သူတို့ မျက်လုံးလေးတွေက ကြည်လင် ဝိုင်းစက်ပြီး တောက်ပလို့။ သူတို့ရဲ့ မျက်လုံးအကြည့်တွေမှာ အဓိပ္ပါယ် အမြောက်အများ ရှိနေတာ သိသာတယ်။ ကိုယ့်မျက်လုံးလို ကြောင်ငေးငေး ဖြစ်မနေဘူးဆိုတာလည်း သေချာတယ်။ ခက်ရချည်ရဲ့။

စကားကြုံလို့ ကြောင်တွေရဲ့ နေရေး စားရေးအကြောင်း ပြောပြဦးမယ်။ သူ့အရပ်နဲ့ သူ့ဇာတ် ဆိုသလိုပေါ့။ ဒီအရပ်မှာက ကြောင်တွေကို အိမ်ပေါ်မှာတင်ပြီး မွေးထားလို့ မရဘူး။ ဒီတော့ ကြောင်တွေဟာ တိုက်အောက်တွေမှာ၊ မြက်ခင်းစပ်တွေမှာ၊ ရေမြောင်းလေးတွေထဲမှာ အဆင်ပြေသလို နေရာယူ နေထိုင်လေ့ရှိကြတယ်။ အိမ်ပေါ်တွေမှာ မနေရပေမယ့် အစာရေစာအတွက်ကတော့ ဘာမှပူစရာ မရှိဘူး။ မနက်ဖြစ်စေ ညနေဖြစ်စေ အချိန်တန်ရင် ကြောင်စာ ကျွေးတဲ့သူတွေဟာ စက်ဘီးလေးနဲ့ ရောက်လာပြီး အစာလုံးတွေ၊ ရေ နဲ့ နို့တွေကို နေရာ သတ်သတ်မှတ်မှတ် ချထားတဲ့ ခွက်ကလေးတွေထဲမှာ ဖြည့်ပေးသွားတတ်တယ်။ အဲဒီတော့ ကြောင်လေးတွေဟာ စားချိန်တန်စား၊ ပြီးလို့ ဗိုက်ပြည့်ရင် နားနားနေနေ အိပ်လိုအိပ်၊ ဟိုနားဒီနား အညောင်းပြေ အညာပြေ လျှောက်လို လျှောက်၊ ပြေးလွှားဆော့ကစား သက်တောင့် သက်သာ ရှိကြတယ်။ အခုလည်း အဲဒီလိုပဲ... သူတို့ ထိုင်နေတဲ့ မြောင်းလေးနဲ့ နှစ်ပေလောက် အကွာမှာ သူတို့ရဲ့ အစာခွက်နဲ့ ရေခွက်လေး ရှိတယ်။

ခုနက ကိစ္စကို ပြန်ကောက်ရရင် ခြေလှမ်းတွေဟာ ရှေ့ဆက်ရအခက် နောက်ပြန်လှည့်ရအခက်နဲ့။ စိတ်ထဲမှာတော့ မကြာခင်က လက်ဆောင်ရထားတဲ့၊ အိမ်ပေါ်က နီညိုရောင် နားကြပ်ကို အမြန်ဆုံး ပြေးယူလိုက်ချင်လှပြီ်။ နားကြပ်ဆိုလို့ အဲဒီနားကြပ်အကြောင်းလည်း နည်းနည်း ပြောပြချင်သေးတယ်။ အဲဒီနားကြပ်ဟာ နိုင်ငံခြားကပြန်လာတဲ့ မိတ်ဆွေတယောက်ဆီက လက်ဆောင်ရထားတာ။ သူ့အပြောအရ အဲဒီနားကြပ်နဲ့နားထောင်ရင် သတ္တဝါတွေရဲ့ ဘာသာစကားကို အဓိပ္ပါယ် ဖေါ်နိုင်သတဲ့။ ယုံနိုင်စရာ မရှိတာကြောင့် တခါမှလည်း စမ်းသပ်ဖို့ မကြိုးစားမိဘူး။ အဲဒီမိတ်ဆွေက နိုင်ငံခြားပြန်ဆိုတဲ့ ဂုဏ်ပုဒ်တခုကလွဲရင် အချိန်တော်တော်များများမှာ အူကြောင်ကြောင်တွေချည်း ပြောတတ်သူဆိုတော့ သူငယ်ချင်းတစုကလည်း သူ့စကားကို ဘယ်တော့မှ လေးလေးနက်နက် နားမထောင်ကြဘူး၊ သူ ဘာပြောပြော မယုံကြတာက များတယ်။ သူက နိုင်ငံခြားက ပြန်လာလို့ လက်ဆောင်တွေ ဘာတွေ ပေးရင်လည်း အဲဒီလက်ဆောင်အကြောင်းကို တရှည်တလျား တဖွဲ့တနွဲ့ကို ရှင်းပြတတ်တာ၊ သူဟာသူ ပြောချင်ရာပြော ကိုယ်တွေက သေသေချာချာလည်း နားမထောင်မိပါဘူး၊ ပြီး ပြီးရောသဘောနဲ့ ဒီလိုပဲ ယူထားလိုက်ကြတာပဲ။ နောက် ကွယ်ရာကျမှသာ ဟိုပြော ဒီပြော ပြောဖြစ်ကြတာ၊ ဒီလိုပြောတာ မကောင်းမှန်း သိပါလျက်နဲ့ လူစုံရင် သူ့အကြောင်း ပြောမိကြတာပဲ။ ခုနက စကားကို ပြန်ကောက်ရရင် အဲဒီ နားကြပ် - သတ္တဝါတွေရဲ့ ဘာသာစကားကို အဓိပ္ပာယ် ဖေါ်နိုင်တယ် ဆိုတဲ့ အဲဒီနားကြပ်ဟာ အိမ်မှာ ရှိနေတယ်။ အဲဒါကို ယူပြီး နားထောင်လိုက်ရင် ဒီညောင်ညောင်နှစ်ကောင်ရဲ့ စကားကိုလည်း နားလည်မယ်၊ နားကြပ်ရဲ့ အလုပ်လုပ်ပုံကိုလည်း စမ်းသပ်ပြီးသားဖြစ်မယ်။ တချက်ခုတ် နှစ်ချက်ပြတ်ပဲ။

တဖက်ကလည်း နားကြပ်သွားယူနေတုန်း ဒီကြောင်နှစ်ကောင် ပျောက်သွားမှာကိုလည်း စိုးရိမ်နေတယ်။ ခုနက စကားဆက်ပြောချင်ရင် မင်းတို့ ဒီနေရာက ဘယ်မှ မသွားပဲ စောင့်နေကြ လို့ ပြောလိုက်တုန်းက နှစ်ကောင်သား ခေါင်းလေးတွေ ညိတ်ပြတာကို ပြန်တွေးမိတော့ ဟုတ်သလိုလို မယုံရနိုးနိုး၊ ယုံရနိုးနိုးပဲ။ ဒီစကားကို နောက်တခါ ထပ်ပြောလို့ ခေါင်းညိတ်ပြရင် သေချာပြီလို့ ယူဆပြီး မရဲတရဲ ထပ်ပြောလိုက်တယ်။ ပထမတခေါက်ကလိုပဲ နှစ်ကောင်သား ခေါင်းတွေ တွင်တွင်ညိတ်ပြကြတယ်။ သူတို့ရဲ့ ခေါင်းအညိတ်မှာ ပြောမပြတတ်အောင် ကြက်သေသေသွားတယ်ဆိုတာ ဝန်ခံရမှာပဲ။ သေချာနေပါပြီ။ သူတို့ လူစကားကို ကောင်းကောင်း နားလည်နေတယ်ဆိုတာ သိပ်ကိုသေချာနေပါပြီ။ မျက်လှည့်ပြလိုက်သလို ရုတ်ချည်း ပြောင်းလဲသွားတဲ့ အပြောင်းအလဲကြားမှာ ကိုယ်ဟာ ကြောင်တကောင် ဖြစ်သွားပြီး သူတို့က လူနှစ်ယောက်ဖြစ်သွားသလိုပဲ။

ညနေဟာ အလင်းရောင် နည်းတဲ့ဖက်ကို ရောက်လာတယ်။ ကြောင်နှစ်ကောင်ရဲ့ မျက်လုံးလေးတွေဟာ တစုံတရာကို ဆက်လက်မျှော်လင့်နေတယ်လို့ ခံစားနေရတုန်းပဲ။ ကဲ… ဘာပဲဖြစ်ဖြစ် နားကြပ် သွားယူမယ် ဆိုပြီး ထိုင်ရာက ထတယ်။ ခြေလှမ်း လေး ငါးလှမ်းလောက်အရောက်မှာ ကြောင်နှစ်ကောင်ဆီက စူးစူးရှရှ ပြီးတော့ သံပြိုင် အော်လိုက်တဲ့ အသံကို ကြားရတယ်။ အသံက သာမန်နဲ့ မတူပဲ ကြောက်ရွံ့ထိတ်လန့်သံ ပေါက်နေတာမို့ စိတ်ထဲ ထိတ်ကနဲဖြစ်သွားတယ်။ ဘာများဖြစ်ပါလိမ့် လို့ လှည့်ကြည့်လိုက်တော့ မြောင်းဖုံးသံပြားကြားထဲကနေ အလုအယက် တိုးထွက်နေတဲ့ ခေါင်းလေး နှစ်ခေါင်းကို မတွေ့ရတော့ဘူး။ ဟာ… ဘယ်ရောက်သွားကြတာပါလိမ့်။ ချက်ချင်းပဲ ခြေလှမ်းကို အနောက်ကို ပြန်လှည့်လိုက်တယ်။ ခုနက သူတို့ ထိုင်နေတဲ့နေရာနားကို ရောက်တော့ သူတို့ နှစ်ကောင် ပျောက်နေတာကလွဲပြီး ဘာမှ ထူးထူးခြားခြား မတွေ့ရဘူး။ ခဏနေတော့ အသံတိုးတိုးလေး ထွက်လာတယ်။  သြော်… သူတို့က မြောင်းဖုံးအောက်ထဲ ဝင်ပုန်းနေကြတာကိုး။ အကောင်တွေ မတွေ့ရပေမယ့် အသံတော့ ကြားနေရတယ်။ အသံက တခုခုကို ထိတ်လန့်နေတဲ့အသံမျိုး ခပ်တိုးတိုး ခပ်အုပ်အုပ်နဲ့ မရဲတရဲရယ်။ ဘာကောင်တွေလဲကွ လို့ တွေးရင်း သူတို့ ဘာဖြစ်နေတာလဲ ဘာပြောနေတာလဲ ဆိုတာ သိချင်တဲ့ စိတ်က တားမရဘူး။ အိမ်ဖက်ကို ပြန်ပြီး နားကြပ်ယူဖို့လည်း ခက်နေတယ်။ ဒီအချိန်မှာ အတောင့်တဆုံးအရာကို ပြပါဆိုရင် အလာဒင် မီးခွက်များ ဖြစ်မလားပဲ။ အလာဒင်ရဲ့ လိုတရ မီးခွက်သာ ရှိနေမယ်ဆိုရင် ဟတ်ချလောင်းလို့အော်ပြီး မီးခွက်ကိုပွတ်လိုက်ရုံနဲ့ နားကြပ်ဟာ လက်ထဲကို ချက်ချင်း ရောက်လာနိုင်မယ် မဟုတ်လား။ ကိုယ့်အတွေးကို ကိုယ် အတော် ရယ်ချင်သွားတယ်။ တယ်ကြောင်ပါ့လား။

ဘာဆက်လုပ်ရမယ်မှန်း ဝေခွဲမရ ဖြစ်နေချိန်မှာ ဘယ်ဖက် မျက်စိထောင့်ထဲကနေ တစုံတခုကို ရိပ်ကနဲ တွေ့လိုက်တယ်။ ခေါင်းကို ငဲ့စောင်းပြီး လှည့်ကြည့်လိုက်တော့ ဘာမှ မတွေ့ရတော့ပြန်ဘူး။  ဘာပါလိမ့်လို့ ငြိမ်ပြီး တွေးနေမိတဲ့အချိန် လေး ငါး စက္ကန့်လောက်အကြာမှာ တခုခုဟာ ရိပ်ခနဲ လှုပ်သွားတယ်လို့ ခံစားသိနဲ့ သိလိုက်ပြန်တယ်။ အလင်းရောင်က နည်းသည်ထက် နည်းလာတော့ မလှမ်းမကမ်းပေမယ့် မသဲကွဲဘူး။ စိတ်ထဲ ညိုတိုတိုပစ္စည်းတခု လို့ ထင်တယ်။ ကြွေကျနေတဲ့ သစ်ရွက်ခြောက် အပိုင်းအစလား၊ လမ်းဘေးမှာ လွှင့်ပစ်ထားတဲ့ စက္ကူအိတ်အဟောင်းတလုံးလား၊ သတင်းစာစက္ကူ အပိုင်းအစတခုလား၊ အဲဒီလိုအရာတွေ လှုပ်ရှားရအောင်ကလည်း တညနေလုံး လေက ငြိမ်လိုက်တာမှ။ ဒါမှမဟုတ် သက်ရှိအကောင် တကောင်ကောင်ရော မဖြစ်နိုင်ဘူးလား။ တွေးနေရင်း ချွေးနည်းနည်း ပျံလာချိန်မှာ ကြောင်ကလေးတွေဆီက အသံ ခပ်တိုးတိုးလေးတွေ ထပ်ကြားလိုက်ရတယ်။ ကြောက်နေကြသလိုပဲ။ အသံထဲမှာ တုန်လှုပ်မှုကို မှန်းဆလို့ရနေတယ်။ ကြောင်ကလေးတွေဖက်ကို အာရုံစိုက်မိချိန်မှာ တဖက်ကလည်း ရိပ်ကနဲ ရိပ်ကနဲ လှုပ်နေတာ သိနေတယ်။ ကိုယ့်ကိုကိုယ် မူးများနေသလားလို့ တွေးရအောင်လည်း အိမ်က ထွက်ခါနီး သောက်လာတာ ရေနွေးကြမ်းတွေပဲ။ မဟုတ်သေးပါဘူး။

တမိနစ်လောက် ငြိမ်ပြီး ဘာဆက်လုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေမိတယ်။ မျက်စိထောင့်ထဲ လှုပ်နေတဲ့ အရာကို အနားကပ်ပြီး သွားကြည့်ရအောင်ကလည်း ဘာမှန်းမသိ ညာမှန်းမသိဆိုတော့ သိပ်အဆင်မပြေလှဘူး။ ခပ်လှမ်းလှမ်းကနေ ကြည့်နေပြန်တော့လည်း ဘာမှ သဲသဲကွဲကွဲ မမြင်ရဘူး။ အဲဒီအချိန်မှာ ဖျတ်ခနဲ သတိရသွားတာကတော့ အိမ်သော့နဲ့တွဲထားတဲ့ လက်ညှိုးအရွယ် လက်နှိပ်ဓါတ်မီး ကီးချိန်းလေးပဲ။ ဓါတ်ခဲ ရှိမရှိ မသေချာ... ဒါပေမဲ့ စမ်းကြည့်ရမယ်။ ဘောင်းဘီအိတ်ထဲကနေ သော့ကို ဆွဲအထုတ်မှာ သော့အချင်းချင်း ပွတ်တိုက် ထိရိုက်သံကြောင့်လား မသိ၊ ခုနက လှုပ်နေတယ်လို့ ထင်ရတဲ့အရာက ငြိမ်သွားသလို ကြောင်ကလေးတွေ ဆီက အော်သံကလည်း တိတ်ဆိတ်သွားတယ်။ ညနေခင်းရဲ့ အလင်းရောင်ကတော့ ကုန်သလောက်နီးနီး ရှိနေပြီ။ အဲဒီနောက်မှာ လက်နှိပ်ဓါတ်မီးကို အသာ လှည့်ရင်း လှုပ်နေတဲ့ အရာနားကို ဖြည်းဖြည်းချင်း ရွှေ့ပြီးချိန်လိုက်တယ်။ ကြောက်ရွံ့စိတ်လား စိုးရိမ်စိတ်လား ဘာမှန်း မသဲကွဲပေမယ့် တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားနေမိတယ်။

လှုပ်နေတဲ့အရာနားကို လက်နှိပ်ဓာတ်မီးရဲ့အလင်းရောင် ဖျတ်ခနဲ ကျသွားတဲ့အချိန်မှာ အရိပ်လိုလို၊ မီးခိုးငွေ့လိုလို ဘာမှန်းမသဲကွဲတဲ့ တခုခုဟာ ကိုယ့်ဖက်ကို ရွေ့လျားလာသလို ထင်လိုက်ရတယ်။ ရွေ့လာတာ မြန်လွန်းတော့ ကိုယ့်ခြေထောက်နားကို စွေ့ခနဲ ရောက်လာပြီး ကိုယ့်ကို တွန်းတိုက်သွားသလို၊ ကျော်ဖြတ်သွားသလိုနဲ့ အလျင်စလို ရွေ့လျားသွားတာမျိုး။ ဘာကြောင့်မှန်း မသိပေမယ့် ခန္ဓာကိုယ်ဟာ အနောက်ကို နည်းနည်း ယိုင်သွားတယ်။ အဲဒီလှုပ်နေတဲ့အရာ သက်ရှိလား သက်မဲ့လား၊ သက်ရှိဆိုရင်လည်း ဘာကောင်၊ သက်မဲ့ဆိုရင်လည်း ဘာပစ္စည်းရယ်လို့ သဲသဲကွဲကွဲ မသိလိုက်ရဘူး။ အဲဒီအချိန်မှာပဲ ပါးလှပ်လှပ် လေအေးအေးလေးက ကိုယ့်အနားမှာ စိမ့်ကနဲ ဝေ့ဝဲတိုက်ခတ်သွားတယ်။ လေထဲမှာ ပန်းအနံ့လို သင်းမွှေးတဲ့ အနံ့တခုခု ရောပါနေသလိုလို။ ညနေခင်း မှောင်ရီပျိုးစအချိန်ဆိုတော့ ကျောထဲ နည်းနည်းတော့ စိမ့်သွားတယ်။ တခဏအတွင်းမှာ သတိ ပြန်ဝင်လာတယ်။ စက္ကန့် မိနစ် ဘယ်လောက်များများ အသက်အောင့်ထားမိသလဲ မသိဘူး။ လေတွေကို ဝှူးကနဲ မှုတ်ထုတ်လိုက်မိတယ်။ ပြီးတော့ တယောက်တည်း ဘေးဘီကိုလည်း မကြည့်နိုင်၊ ဘာကိုမှလည်း သတိမရနိုင်တော့ပဲ မြောင်းကလေးနံဘေးမှာ စိတ်လွတ်ကိုယ်လွတ် ထိုင်ချလိုက်တော့တယ်။

လူက ကတုန်ကယင်နဲ့၊ မောသလို မူးသလို ဖြစ်ကျန်နေခဲ့တယ်။ နားကြပ်သွားယူပြီး ကြောင်နှစ်ကောင်ရဲ့ စကားကို နားထောင်ဖို့ဆိုတဲ့ စိတ်ကူးလည်း ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ အဲဒီအချိန်မှာ ကြောင်နှစ်ကောင်ဟာ ရေမြောင်းလေးထဲက ထွက်ပြီး သူတို့အတွက် ချကျွေးထားတဲ့ အစာလုံးတွေ၊ ရေ နဲ့ နို့တွေကို မြိန်ရည်ရှက်ရည် စားသောက်နေကြတယ်။ စားလို့သောက်လို့ ပြီးသွားတော့ နှုတ်ခမ်းပါးနားသပ်ပြီး နှစ်ကောင်သား ခုနက ပြန်ပိတ်ဖို့မေ့နေတဲ့ သော့ချိတ်ဓါတ်မီးက အလင်းရောင်ကို လိုက်ဖမ်းပြီး ပျော်ပျော်ပါးပါး ဆော့ကစားနေကြတော့တယ်။ အခုနက ကြောက်အားလန့်အားနဲ့ တယောက် တခွန်း တိုင်တန်းသလို အော်ကြ ဟစ်ကြတာ သူတို့ မဟုတ်သလိုပဲ။ ခဏနေတော့ မြောင်းထဲ ပြန်ဆင်းဖို့ ပြင်ကြရင်း နှုတ်ဆက်သလို ညောင် လို့ တချက် ပြိုင်တူ အော်လိုက်ကြတယ်။ မေ့လွယ် ပျောက်လွယ် ဖြစ်လွယ် ပျက်လွယ်နဲ့... ဘဝဆိုတာ ဒါပါပဲ။

သက်ဝေ
(၂၀ ဧပြီ ၂၀၁၆)