သားကြီးမောင်ဇေယျ ● ယုံကြည်ငြိမ်းချမ်း

သားကြီးမောင်ဇေယျ ● ယုံကြည်ငြိမ်းချမ်း
(မိုးမခ) ဧပြီ ၃၊ ၂၀၁၇

နေပြည်တော်မှာကျင်းပမယ့် တပ်တော်နေ့အခမ်းနားကို ဒေါက်တာမျိုးသန့်တင်နဲ့ အတူသွားရင်း ကားပေါ်မှာ စဥ့်ထည် လုပ်ငန်းအကြောင်း စကားစပ်မိပါတယ်။ ၁၅ ရာစုကတည်းက မြန်မာ့စဉ်လုပ်ငန်းမှာ အတော်တိုးတက်နေတဲ့အကြောင်းနဲ့ အဲဒီစဥ့်လုပ်ငန်းကို နိုင်ငံတကာအဆင့်မီ ပြန်လည်ထူထောင်ဖို့ ကြိုးစားတဲ့နေရာမှာ ဆင့်လုပ်ငန်းနဲ့ အသက်မွေးတဲ့ လူထုရဲ့ ယုံကြည်မှုဟာ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးဆိုတာ သူသိခဲ့ရတယ်လို့ ပြောပါတယ်။ တလမ်းလုံးလိုလို သူနဲ့ ကျွန်တော်  စဥ့်လုပ်ငန်းအကြောင်း ပြောလာပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆက်ဆံရေးအခြေအနေနဲ့ ယုံကြည်မှုကရော ဘယ်အတိုင်းအတာထိ ရောက်နေပြီလဲဆိုတာ သိလိုစိတ်ပြင်းပြနေပါတယ်။

ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ဆံရေးယိုယွင်းလာတယ်လို့ ဖေ ဖော်ဝါရီ ၁၃ ရက် ဘန်ကောက်ပို့စ်မှာပါတဲ့ လယ်ရီဂျန်ကင်ရေးတဲ့သတင်းဟာ ကျွန်တော်တို့ သတင်းသမားများကို စိုးရိမ်စိတ် ဖြစ်ပေါ်စေလို့ပါ။

တပ်မတော်အခေါ် တပ်မတော်နေ့။ တက်ကြွလှုပ်ရှား နိုင်ငံရေးသမားများအခေါ် ဖက်စစ်တော်လှန်ရေးနေ့။ မတ်လ ၂၇ ရက် နေ့ နားနီးတဲ့အခါ အဲဒီစိုးရိမ်စိတ်ဟာ အခါ ပိုမိုပီပြင်လာပါတယ်။

တပ်မတော်စစ်ရေးပြအခမ်းအနားတက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခြင်း ရှိ/မရှိ။

 ဒေါ်အောင်ဆန်းစုကြည်  တက်ရောက်ခြင်း ရှိ/မရှိ။

တပ်မတော်နေ့ခေါ် ဖက်စစ်တော်လှန်ရေးနေ့ရောက်ခါနီး တပ်မတော် ထိုးစစ်များပြင်းထန်လာခြင်းရှိမရှိ သိလိုစိတ်ပေါ်လာ ပြန်ပါတယ်။

မတ်လ ၂၄ ရက်တုန်းက  တရုတ်မြန်မာနယ်စပ်က  ၂၀၁၀ တောင်ကုန်းကို တပ်မတော်က သိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်း တွေ သတင်းစာမှာ ဖတ်လိုက်ရပါတယ်။

တပ်မတော်ထိုးစစ်တွေ ပြင်းထန်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ပါက တိုင်းရင်းသားလက်နက်ကိုင်တွေက ဘယ်လိုသဘောထားမလဲ။ မတက်ရောက်ပါက တပ်မတော်က ဘယ်လိုသဘောထား မလဲ။ နိုင်ငံရေးအကဲခတ်တွေကရော တပ်မတော်နဲ့ ဒေါ်အောင်ဆန်းကြည်တို့ ဆက်ဆံရေးကို ဘယ်လိုခန့်မှန်းချက်ပေးကြမလဲ။ စတဲ့ စတဲ့ စိုးရိမ်စိတ် မေးခွန်းတွေနဲ့ အဲဒီရက်တွေကို ဖြတ်သန်းခဲ့ရတာပါ။

ဒီလိုနဲ့ မတ်လ ၂၇ ရက်နေ့ကို ရောက်ခဲ့ပါပြီ။ တပ်မတော် စစ်ရေးပြအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုရှာကြည့် ပေမယ့် မတွေ့ပါဘူး။ အချိန်တန်တော့ မြင်းတပ်တွေ၊ တင့်ကားတပ်တွေ၊ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ တဝေါဝေါ ပေါ်လာပါတော့တယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းမှာ ခေတ်သစ်စစ်ပွဲ ဆင်နွှဲနိုင်တဲ့ တပ်မတော်တည်ဆောက်ဖို့ တိုက်တွန်းပြောကြား လိုက်ပါတယ်။

အခမ်းအနားပြီးလို့ တည်းခိုခန်းပြန်ပြီး facebook  ဖွင့်လိုက်တဲ့အခါ  အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖက်ဆစ် တော်လှန်ရေးနေ့ခေါင်းစဉ်နဲ့ ရန်ကုန် NLD ဌာနချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။ ‘အမျိုးသားရေးတိုင်းရင်းသားမျိုးနွယ်စု အရေးများတွင် စစ်ရေးအင်အားဖြင့် သြဇာသက်ရောက်အောင် ဖိအားပေးလေ့ရှိသည့် ရွေးချယ်မှုမျိုးကိုလည်း နိဂုံးချုပ်အောင် ဆောင်ကျဉ်းပေေးကြပါလိမ့်မည်။’ လို့ (၇၂) နှစ်မြောက် ဖက်စစ်တော်လှန်ရေးနေ့ နှစ်ပတ်လည်အခမ်းအနားမှာ  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိက မိန့်ကြားခဲ့တာကို သတိပြုမိပါတယ်။

အဲဒီသဘာပတိမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‘ယခုအခါ ကျွန်မတို့ဟာ ပြီးပြည့်စုံတဲ့ဒီမိုကရေစီ မရသေးပါဘူး။ ဒါပေ မဲ့ အကြမ်းမဖက်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ်အခြေခံပြီး တည်ဆောက်ရေးစိတ်ဓါတ်နဲ့ ရရှိနိုင်မယ်လို့ ကျွန်မ ခိုင်မာစွာ ယုံကြည်ပါတယ်’  ဆိုတဲ့စကားကို ကိုးကားထားတာကိုတွေ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့နာယကကြီး သူရဦးတင်ဦးကတော့ စစ်ရေးပြပွဲကို နိုင်ငံတော်သမ္မတ အလေးပြုတဲ့ တပ်မ တော်စစ်ရေးပြချီတက်ပွဲအဖြစ် လွတ်လပ်ရေးနေ့မျိုးမှာပဲ ကျင်းပသင့်ပြီး၊ အခုလိုနေ့မျိုးမှာတော့ တပ်မတော်တပ်ရင်းတပ်ဖွဲ့အတွင်းမှာပဲ ဖက်ဆစ်တော်လှန်ရေးအမှတ်တရတွေနဲ့ တပ်မတော်ကို ဂုဏ်ပြုမှုတွေကို ကျင်းပသင့်တယ်လို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။

မတ်လ ၂၇ ရက်နေ့ကို မြန်မာပြည်မှာ ဖက်စစ်တော်လှန်ရေးနေ့ နဲ့ တပ်မတော်နေ့ အဖြစ် ခေါင်းစဉ် နှစ်မျိုးနဲ့ ကျင်းပနေတယ်လို့ ပြောနိုင်ပါတယ်။ တဖက်က ရွေးကောက်ခံ NLD အစိုးရ။ တဖက်က အင်အားအကြီးဆုံးလက်နက်ကိုင် မြန်မာတပ်တော်။ စိတ်ဝင်စားဖို့ကောင်းတာလား၊ စိုးရိမ်ဖို့ကောင်းတာလားဆိုတာကို ကျွန်တော်မဝေခွဲနိုင်ပါ။

မတ်လ ၂၈ ရက်နေ့တော့ မြန်မာနိုင်ငံအရှေ့မြောက်ဘက် တရုတ်နယ်စပ်မှာ ယူနန်ပြည်နယ်တပ်ကနေ အားဖြည့်ပါဝင်တဲ့ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တ ရုတ်နိုင်ငံ နယ်စပ်ဒေသက တိုက်ပွဲတွေ အပါအ၀င် တိုင်းရင်းသားဒေသက လက်နက်ကိုင်ပဋိပက္ခတွေဟာ တိုင်းပြည်အချုပ်အခြာအာဏာကို ထိပါးတာဖြစ်တယ်လို့ တပ်မတော်နေ့မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုခဲ့ပြီး နောက်တရက်မှာ တရုတ်နိုင်ငံဘက်က စစ်ရေးလေ့ကျင့်တာပါ။

အဲဒီနေ့မှာပဲ ဒေါ်အောင်ဆန်းကြည်မြစ်ကြီးနားခရီးအကြောင်း သတင်းတွေကို  ရုပ်သံသတင်တွေမှာ တွေ့လိုက်ရပါတယ်။ အဲဒီမှာ ကချင်လူထုခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေး ထိုးကာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံမှာ ပါဝင်ဖို့ အလေးထားဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။

အဲဒီနေ့ညနေမှာ ကချင်လက်နက်ကိုင် ဗိုလ်ချုပ်ဂွမ်မော်ရဲ့သဘောထားကို ဖေ့ဘွတ်ပေါ်မှာ ဖတ်လိုက်ရပါတယ်။ ဒေါ်အောင် ဆန်းစုကြည်မိန့်ခွန်းမှာ ‘ပင်လုံလုံစာချုပ်မှာ တိုင်းရင်းသားတွေ အားလုံးမပါဝင်ခဲ့လို့ ပင်လုံစာချုပ်ကို ပုံသေကိုင်စွဲလို့မရဘူးလို့ပြောတယ်။ ဒီလိုပြောရင် ပင်လုံရဲ့အနှစ်သာရကို မေးခွန်းထုတ်စရာဖြစ်လာတယ်လို့ ရေးထားတာပါ။ ကချင်ခေါင်းဆောင် တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲမှာ ဒေါ်စုပြောတဲ့မိန့်ခွန်းကို မေးခွန်းထုတ်ထားတာပါ။ ခေတ်သစ် အိုင်တီနည်းပညာကို သုံးပြီး ကိုယ်ပိုင်လက်ရေးနဲ့တင်ထားတဲ့ သဘောထားထုတ်ပြန်ချက်ကိုဖတ်ရတော့ ရိုးရှင်းတဲ့စိတ်ကူးကို နှစ်သက်မိပါတယ်။ နောက်ပြီး အခုလို တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တယောက်ရဲ့သဘောထားကိုသိခွင့်ရလိုက်တာဟာ ကျွန်တော် တို့ သတင်းသမားတွေ အတွက် ကျေနပ်စရာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုလွဲနေတာကိုလည်း ကျွန်တော်တို့သိလိုက်ရပါတယ်။ ဘယ်အကြောင်းအရာတွေနဲ့ပတ်သက်လို့ နားလည်မှု လွဲ နေတယ်ဆိုတာကိုလည်း မှန်းဆလို့ရပါတယ်။ အဲဒါဟာ ကျွန်တော်တို့ အခွင့်အရေးပါ။ နားလည်မှုလွဲနေတာကိုသိရင် နားလည်မှု ရအောင်ဘယ်လိုတည်ဆောက်ရမယ်ဆိုတဲ့နည်းလမ်းကို ကျွန်တော်တို့ရှာတွေ့ဖို့ သိပ်မလိုတော့ဘူးထင်ပါတယ်။

ဇော်ဌေးတင်လိုက်ပြီး ကိုပြည့်မင်း (ကဗျာဆရာ) မျှဝေလိုက်တဲ့ လူမှုကွန်ယက် (facebook) ပေါ်က ဗီဒီယိုဖိုင်ကလေးကို ဖွင့်မိပါတယ်။ ကချင်ပြည်နယ်က လန်ဆယ် ရေဘေးကယ်ဆယ်ရေးစခန်းကို ဒေါ်စုရောက်သွားတဲ့အခါ ဒေသခံ ကလေးတွေ က အင်္ကျီအ၀ါကလေးတွေဝတ်ပြီး လက်ကလေးတွေပိုက်ခါ ဒေါ်စုကို သီချင်တွေနဲ့ ဧည့်ခံနေတာကို ဖုန်းကင်မရာနဲ့ရိုက်တင် ထားတဲ့ဗီဒီယိုဖိုင်ကလေးပါ။ သီချင်းကလေးဟာ ဒေါ်စုနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသီဆိုထားတဲ့ စာသာတွေနဲ့ရေးဖွဲ့ထားပေမယ့်တေးသွားနဲ့ ကလေးတွေရဲ့အသံကတော့ ရင်ကွဲဝမ်းနည်းသံပါနေတယ်လို့ ကျွန်တော်ခံစားမိပါတယ်။

မတ်လ ၃၀ ရက်နေ့ည ၈ နာရီမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရ တစ်နှစ်ပြည့်မိန့်ခွန်းပြောပါတယ်။ ပြောင်းလဲချိန် တန်ပြီဆိုတဲ့ ကြွေးကြော်သံကနေ လူထုနဲ့အတူဆိုတဲ့ ကြွေးကြော်သံအသစ်ကို ပြောင်းရွေ့ပြောကြားသွားပါတယ်။ ဒေါ်စုမိန့် ခွန်းပြောပြီးတဲ့နောက်မှာ NCA ခေါ် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို UNFC ရဲ့ အဖွဲ့ဝင် ၅ ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသားကောင်စီ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး၊ ၀အမျိုးသားအဖွဲ့ ချုပ်တို့ လက်မှတ်ထိုးတော့မယ်လို့ နောက်ဆက်တွဲအဖြစ် ကြေညာခဲ့ပါတယ်။ ဒါကို UNFC ဒုဥက္ကဋ္ဌအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တချို့က ကန့်ကွက်ခဲ့ကြပါတယ်။ ဒီလို လက်မှတ်ရေးထိုးဖို့ ယတိပြတ် ဆုံးဖြတ်ထားတာ မဟုတ် သေးကြောင်းလည်း ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း လျှပ်ကနဲ ဝင်းကနဲ တွေ့လိုက်ရတဲ့ အလင်းရောင်တွေဟာ တခါတရံ လက်နက်ကြီးတွေက ထွက်လာ တဲ့အလင်းရောင်လို့ ထင်မိသလို တခါတရံ ငြိမ်းချမ်းရေးအလင်းရောင်တွေလို့ ထင်မိတဲ့အခါလည်း ထင်မိပါတယ်။

ကျွန်တော်စဉ်းစားမိတာက စီးပွားရေးသမားတွေဟာ ဓနဥစ္စာတွေကို သိမ်းယူဖို့ကြိုးပမ်းနေသလို လက်နက်ကိုင်တွေဟာ တောင်ကုန်းတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။ အလားတူပဲ နိုင်ငံရေးသမားတွေဟာ အာဏာရဖို့ လုံးပမ်းနေကြပါတယ်။ တကယ်တော့ စီးပွားရေးသမားဖြစ်ဖြစ် နိုင်ငံရေးသမားဖြစ်ဖြစ်  လက်နက်ကိုင်ဖြစ်ဖြစ်  ပြည်သူတွေရဲ့ ယုံကြည်မှုနှလုံးသား ကို အရယူနိုင်မှသာ သူတို့အောင်ပွဲဆင်နိုင်မှာဖြစ်ပါတယ်။

ကျွန်တော်နဲ့ နေပြည်တော်အလာလမ်းမှာ စကားလက်ဆုံကျခဲ့တဲ့ စဥ့်ထည်လုပ်ငန်းပညာရှင် ဒေါက်တာမျိုသန့်တင်ပြော လိုက်တဲ့ ‘လူထုရဲ့ယုံကြည်မှုဟာ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးပါ’  ဆိုတဲ့စကားကို ပြန်ကြားယောင်မိပါတယ်။

စဥ့်ထည်လုပ်ငန်းမှာတောင် လူထုယုံကြည်မှုက ဒီလောက်အရေးပါနေရင် ....

သားကြီးမောင်ဇေယျ
(၃-၄-၂၀၁၇)
illustration : Alexander Dubovsky