ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်ကျော် (မြရည်စမ်း) ● ကျနော် ၅၁၂

ကျော်ကျော် (မြရည်စမ်း) ● ကျနော် ၅၁၂
(မိုးမခ) ဧပြီ ၂၀၊ ၂၀၁၇

ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်များ မကြာခဏထုတ်လေ့ရှိသောခေတ်ကြီးထဲတွင် ကျနော်ဆယ်တန်းအောင်ခဲ့ပါ သည်။ တက္ကသိုလ်တက်သောအခါတွင် ဥပဒေဘာသာရပ်ကိုသာ ရွေးချယ်ခဲ့ပါသည်။ သို့သော် တက္ကသိုလ်တတိယနှစ် အရောက်တွင် ဥပဒေကျောင်းသားဘဝကို စွန့်ခွာခဲ့ရသည်။ ရင်နာနာနှင့် စွန့်ခွာခဲ့ရခြင်းဖြစ်သော်လည်း အကြောင်းတရားက ဇဝေဇဝါ။

'မင်းကွာ ဥပဒေမဲ့နေတဲ့ခေတ်ကြီးမှာများ ဥပဒေသင်နေသေးတယ်' ဟူသောစကားဖြင့် သရော်လေ့ရှိသည့် သူငယ်ချင်းစကား ကိုများ နားယောင်မိလေသလားဟု စိတ်မှာဝိုးတဝါး။ ထိုသို့လည်း  မဟုတ်တန်ရာ၊ ပိုက်ဆံအကုန်မခံနိုင်တော့၍သာ ဖြစ်တန်ရာ၏။ အပြင်ဆောင်ငှား၊ လမ်းဘေးထမင်းစားဘဝကို ကျောင်းသူကျောင်းသားအများစုသည် လက်ဆင့်ကမ်း အမွေအနှစ်အဖြစ် ယနေ့ထိ လက်ခံယူနေရဆဲ။ 'မင်းကရော ဒေါက်တာမြင့်မောင်လို သစ္စာတည်နိုင်လို့လား' ဟု ကျနော် ပြန်ပက်လိုက်တိုင်း  စိတ်ကောက်ကာ  ၇၃ လမ်းမကြီးအတိုင်း  စက်ဘီးစုတ်လေးနှင့် ပြန်သွားတတ်သူ၊ ထိုစဉ်က ဆေး ကျောင်းသား သူငယ်ချင်းကိုလည်း  ယခုစာရေးနေချိန်၌ပင် သတိရလိုက်သေးသည်။ ယခုအချိန်တွင်တော့ သူသည် မူး ယစ်ဆေးဝါးစွဲနေသောလူနာများကို ဆေးဖြတ်၊ ဆေးကုပေးနေသော ဆရာဝန်တယောက်အဖြစ် တာဝန်ထမ်းနေပါသည်။

ကျနော်ပထမနှစ် ကျောင်းသားဘဝကအဖြစ်ချင်ဆုံးအရာမှာ ဥပဒေအရာရှိလည်းမဟုတ်သလို တရားသူကြီးလည်းမဟုတ်ခဲ့ ပါ။ ကျနော့်စိတ်ကူးအိပ်မက်ထဲမှ 'စံ' ပုဂ္ဂိုလ်မှာ စာရေးဆရာ ရှေ့နေကြီးတယောက်မျှသာ ဖြစ်ပါ၏။ ထိုဆရာကြီး၏ ဘာ သာပြန်ဝတ္ထုများ၊သရော်စာများက ကျနော့်ကလေးဘဝ  စာဖတ်ချိန်များကို တိုးစေခဲ့ဖူးသည်။ ရှင်းရှင်းပြောပါရစေ။ ဆရာကြီး လိုပင် စာရေးဆရာရှေ့ နေတယောက်ဘဝမျိုးကို ကျနော်တပ်မက်မောခဲ့မိပါသည်။

ဥပဒေဘောင်အတွင်း နေထိုင်ခြင်းဖြင့် ဘေးရန်ကင်းကွာ၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာရာရ၏ဟူသော စကားရပ်သည် အ လွန်လေးနက်လှပါသည်ဟု ထင်ပါသည်။ ထိုစကားရပ်ကို လူတိုင်းလိုလို လိုက်နာချင်ကြပေလိမ့်မည်ဟူ၍လည်း တွေးမိပါ၏။ သို့သော် အလွယ်ကူဆုံးကိစ္စတခုဟု  လူတိုင်းလိုလို ထင်မြင်ယူဆထားကြလေသော အရာသည်ပင် သူတပါးအတွက်တော့ မပြောတတ်၊ ကျနော့်အတွက်တော့ ခက်လှချေသည်။

ယခုအသက်လေးဆယ်ကျော်လာသည့်တိုင်  ပလက်ဖောင်းမရှိသည့်လမ်းမပေါ်လမ်းလျှောက်တိုင်း လက်ဝဲ၊ လက်ယာတွင် ဘယ်ဘက်သို့ ကပ်လျှောက်ရမည်မှန်းမသိသေး။ လမ်းမ၏ ဝဲဘက်ယာဘက်များတွင် သတိနှင့်အသိကို ပေးထားရမည့် သိ သာထင်ရှားသည့် လမ်းညွှန်ဆိုင်းဘုတ် ရှိလို ရှိငြား ရှာမိသော်လည်း ဘယ်သောအခါမှမတွေ့ရ။ သို့ဖြင့်  ယနေ့တိုင် စမ်းတ ဝါး လျှောက်နေရဆဲ။

ဥပဒေကို လေးစားလိုက်နာချင်လွန်း၍ ဥပဒေကို သိအောင်ကြိုးစားလေလေ ဝေးလေလေဖြစ်ခဲ့ရသည့်အခါများမှာလည်း ရေ တွက်ပင် မရတော့။ သာမန်လူများထဲမှ တယောက်သာဖြစ်သော်လည်း  ဥပဒေကို သာမန်လူတို့ထက် ပိုသိအောင်တော့ ကြိုးစားခဲ့ဖူးသည်။ (၁) နှစ်စ (၂) နှစ်စ ဆည်းပူးလေ့လာခဲ့သော အခြေခံလေးဖြင့် ပြင်ပဥပဒေဗဟုသုတများကို မွှေနှောက် ရှာဖွေခဲ့ဖူးသည်။

လူတိုင်းလိုလို သိကြသည့် လူသတ်မှု၊ မုဒိမ်းမှု အပြင်းအထန်နာကျင်စေမှု၊ ဆဲဆိုမှု၊ ရာဇဝတ်မှုမကင်းသောခြိမ်းခြောက်မှုများမှသည်  လူကုန်ကူးမှုများ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုများအထိ ဗဟုသုတ ရှာဖွေခဲ့ဖူးပါသည်။ မှုခင်းစာစောင် မှုခင်းစာ အုပ်များကိုလည်း လက်လှမ်းမီသလောက် ဖတ်ရှုခဲ့ဖူးပါသည်။ ဖြစ်စဉ် ဖြစ်ရပ်တူညီကြသော အမှုအခင်းများအတွက် ကွဲပြား သော စီရင်ချက်များတွေ့လေတိုင်း  ကျနော့်စိတ်ဝယ် မချင့်မရဲ လိပ်ခဲတည်းလည်း။ တက္ကသိုလ်ရောက်ကာစ လှောင်ခဲ့ ထေ့ခဲ့ သူ ဆေးကျောင်းသား သူငယ်ချင်း၏မျက်နှာကြီးကိုသာ ထပ်ခါတလဲလဲ မြင်ယောင်နေမိသည်။ သူ့စကားသံကြီးကိုသာ ကြားယောင်နေမိပြန်သည်။  သူသည်လည်း ယခုအခါမှာတော့ ဥပဒေနှင့်ဆေးပညာ ကတိသစ္စာကြား မလူးသာမလွန့်သာ နေရရှာသော  လူသားတဦး။  မနုကျယ်နှင့် ဟစ်ပိုကရေးတီးကြား ဗျာများနေရပြီလား မပြောတတ်။

ကျောင်းဆက်မတက်ဖြစ်တော့ဘဲ အလုပ်မျိုးစုံ ဘဝမျိုးစုံ၌ကူးခတ်ရင်း  အဖြစ်သနစ်ပေါင်းစုံကို အခြေအနေအမျိုးမျိုးနှင့် ရင် ဆိုင်ခဲ့ရသည်။ အလယ်အလတ်တန်းစား ဘဝအနေအထားနှင့် ရင်ဆိုင်ဖြေရှင်းခဲ့ရဖူးသလို၊ စီးပွားနိမ့်ကျသော ဘဝအနေ အထားနှင့်လည်း ရင်ဆိုင်ဖြေရှင်း ခဲ့ရဖူးပါသည်။ ထိုအခါမျိုးတွင် ကျောသားရင်သား မခွဲခြားပါဟုဆိုထားသည့်  ဥပဒေအပေါ်  ဒေါသထွက်ခဲ့ရဖူးသလို၊ လှောင်ရယ်ကျေနပ်ခဲ့ရဖူးသည်လည်း ရှိခဲ့ပါသည်။ ဆိုရလျှင် ကျနော်က တရားလိုလုပ်ကာ အမှု တိုင်ခဲ့ဖူးသည်လည်းရှိ၊ ကျနော့်ကို သူတပါးက အမှုဖွင့်ခဲ့သည်များလည်း ရှိခဲ့၏။

ကျနော့်ပင်ကိုယ်ဗီဇသည် အေးအေးမနေတတ်ပဲ နေရာတကာ ဝင်ပါချင်သည်။  လော့ဒ်ချက်စတာဖီးလ်ဒ် ရေးသားသည့် သူ ၏ သားအပေါ်ပေးစာများထဲမှ တချို့ကို  ငယ်ဘဝထဲက သဘောမကျခဲ့။ သူသည် သားဖြစ်သူကို အထက်တန်းစားများနှင့်သာ ပေါင်းသင်းစေ လိုသည်။ ထိုကိစ္စကို ကျနော်နည်းနည်းမျှသဘောမကျ။  ကျနော့်မှာမူ ထိုသို့မဟုတ်။ လူလူချင်း ပေါင်းခြင်းဖြစ်၍  အယုတ်အလတ် အမြတ်မရွေး  အကုန်လုံးနှင့် ပေါင်းသင်းခဲ့သည်။ ငယ်ဘဝသူငယ်ချင်းများတွင်  ဖိုးသမားပါသည်။ အရက် သမားပါသည်။ ပန်းချီဆရာပါသည်။ ပြီးတော့ နွားသတ်သမားပင် ပါသေးသည်။ သူ့အကြိုက် သူ့ဝါသနာနှင့်သူ။ လူတွင်ပါမှ နွားကျားကိုက်သည့်ကိစ္စ။ ကိုယ်မပါ ဘာမှမဖြစ်ဟု ကျနော်သဘောပိုက်ခဲ့ဖူးသည်။

ထိုသို့သော အတွေးအခေါ်များနှင့် ဘဝအကွေ့များစွာကို ဖြတ်သန်းရင်း နေ့စားလရှင်း အလုပ်သမားဘဝ၊ စာရေးစာချီဘဝ၊ ဝန်ထမ်းငယ်ဘဝ၊ အရာရှိပေါက်စနဟု အများကသတ်မှတ်သည့်ဘဝများတွင်လည်း လူတန်းစားပေါင်းစုံနှင့် လက်ပွန်းတတီး နေထိုင်ပျော်မွှေ့ခဲ့ဖူးပါသည်။  လက်တွေ့ဘဝများတွင် အထက်တန်းကျကျဟူ၍ နေသူများထက် ဒေါင်ကျကျ၊ ပြားကျကျ နေ တတ်သူများက ပိုပြီးပေါင်းသင်းလို့ကောင်းသည်။

ထို့ကြောင့်လည်း  မမျှော်လင့်သောအဖြစ်အပျက်များနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ 

မီးရထားဌာနတွင် ဆယ်စုနှစ်တခုနီးပါး အလုပ်လုပ်ခဲ့ဖူးသော ကျနော်သည် ဇာတိမြို့လေးမှ  ဆယ့်လေးငါးမိုင်အကွာတွင်ရှိ သော မီးရထားလမ်းခွဲဘူတာရုံလေးတွင် အနေကြာခဲ့ဖူးသည်။

ထိုဘူတာလေးတွင် ကျနော့်အသိအကျွမ်းများစွာရှိသဖြင့် ရထားလက်မှတ်ရလိုသူများက  ကျနော့်ကို အားကိုးကြသည်။ ကျ နော်နေထိုင်ရာမြို့လေးသည်ကား ခရိုင်မြို့ဖြစ်သော်လည်း မီးရထားခုံနေရာခွဲတမ်း များများစားစားမရှိလှ။ ရှားရှားပါးပါး ခုံ နေရာ ခွဲတမ်းလေးများမှာလည်း မရောင်းခင်က ကုန်နေနှင့်ပြီးပေပြီ။ မြို့လေးတွင် ခရိုင်ရုံးများရှိသည်။ စစ်တပ်ရှိသည်။ သူ တို့နှင့်ပတ်သက်ရာ ပတ်သက်ကြောင်းများနှင့်ပင် လက်မှတ်က မလောက်ငှ။

တနေ့ အဝေးမှလာကြသော မိတ်ဆွေတစုနေရပ်ပြန်ကြဖို့ ကိစ္စဖန်လာသည်။ ယခုကဲ့သို့ မော်တော်ကားများ ဖောဖောသီသီ မရှိသေး။ မြို့လေးမှာ ထိုလူစုအတွက် ရထားလက်မှတ်ရဖို့မလွယ်။  သူတို့လက်မှတ်ရရေးအတွက် ကျနော်နေထိုင်ခဲ့ဖူးသော ဘူတာရုံလေးတွင် လိုက်ဝယ်ပေးရသည်။ ကျနော်နှင့်အတူ  လူငယ်လေးတွေပါ ဧည့်သည်များကို လိုက်ပို့ကြသည်။ ထိုစဉ်က  ကျနော့်အသက် သုံးဆယ်ကျော်။ လူငယ်လေးတွေက နှစ်ဆယ်ပင် မပြည့်တတ်သေး။ ကျနော်နှင့် ရွယ်တူ သူငယ်ချင်း တယောက်တော့ပါသည်။ သူက တကယ့်ပရဟိတသမား စစ်စစ်။ ယခုလို ကြော်ငြာမများသေးသည့်ခေတ်ကြီးထဲတွင်ပင်  အများအကျိုးအတွက်အလုပ်လုပ်နေသော လူလွတ်တဦး။ သာမှုဆိုလျှင်သာ သူလွတ်ချင်လွတ်သွားဦးမည်။ နာမှုမှန်သမျှ တော့ သူ့စားရိတ်သူစား၍ သွားလာကူညီတတ်သူ။

ဧည့်သည်များရထားတင်ပေးပြီး  ကျနော်တို့ပြန်လာကြတော့ ညဥ့်အနည်းငယ်နက်နေပြီ။ လူငယ်လေးတယောက်က မြို့အ ဝင်ည သီချင်းကို ဆိုင်ကယ်စီးရင်းဆိုလာတာ မှတ်မိနေသေးသည်။ သို့သော် ကျနော့်ဇာတိ မြို့အဝင်ညကလေးကို မလှမပ ဖြစ်စေသောအကြောင်းအရာက စောင့်ကြိုနေပါသည်။

ကျနော်တို့ရှေ့မှ သွားနှင့်ကြသော ဆိုင်ကယ်များလည်း ရပ်တန့်နေကြသည်။ မြို့ကလေးသို့ဝင်ထွက်သွားလာရာ တခုတည်း သော လမ်းမကြီးပေါ်တွင် သစ်လုံးရွေသည့် ဓားမကြီးကိုယ်စီကိုင်ကာ လူနှစ်ယောက် မူးယစ်သောင်းကျန်းနေကြသည်။ ဘယ်သူမှ ဖြတ်သွားဖြတ်လာ မလုပ်ရဲကြ။ အတူပါလာသည့်လူငယ်လေးတွေက စိတ်တိုနေကြပြီ။ လူငယ်လေးတွေကို ဘာ မှ သွားမလုပ်ဖို့နားချရင်း  မည်သို့လုပ်ရပါ့မလဲဟု စဉ်းစားမိသည်။  အနီးအနားအိမ်များက တယ်လီဖုန်းရှိဟန်မတူကြ။

ကျနော်တွေးနေခိုက် ပရဟိတသမားသူငယ်ချင်းက ထိုလူနှစ်ယောက်ထံ လျှောက်သွားပြီ။ တားချိန်ပင်မရလိုက်။  အတော် ကြီး မူးယစ်နေကြသော လူနှစ်ယောက်ကို  ပြေပြေလည်လည်ပြောဆိုနားချလို့ ရနိုင်အံ့မထင်။ ကျနော် အော်ဟစ်ပြီးမသွားဖို့ တားသေးသည်။ တယောက်က ဓားမဖြင့်လှမ်းခုတ်လိုက်သည်။ မူးနေသဖြင့် သူ့ဓားက လိုရာရောက်ဟန်မတူ။ ထိုစဉ် ကျ နော်နှင့်အတူပါလာသူ လူငယ်လေးတွေက အပြေးအလွှားရောက်သွားကာ လုံးထွေးသတ်ပုတ်ကြတော့သည်။ ရုန်းရင်းဆန် ခတ် ရန်ပွဲကြီးတခုအဖြစ်ရောက်ရှိသွားလျှင် ရင်ဆိုင်ရမည့်အကျိုးဆက်ကို ကျနော်သိပါ၏။ ဖြန်ဖြေသော်လည်း  အခြေအ နေက ထိန်းမရတော့။  ထိုအခိုက်  ဆယ်အိမ်ခေါင်းဆိုသူတဦးရောက်လာပြီး လမ်းနံဘေးမှကြက်ဆူပင်ဆွဲနုတ်ကာ လူအုပ် ကို ရမ်းသည်။

ငါးပေကျော်၊ ခြောက်ပေခန့်ရှိသည့်ကြက်ဆူပင်၏အမြစ်ကြီးနှင့် ကျနော့်ကျောကိုထိမိသည်မှာ မသက်သာလှ။ အမြစ်ကြားမှာ ပါလာသော မြေကြီးများကြောင့် အလေးချိန်စီးလှသည်။ နောက်တချက် ထပ်ရမ်းသည်နှင့်တပြိုင်နက် လက်သီးဖြင့် တချက်တည်းဝင်ထိုးချပစ်လိုက်တော့သည်။ ယခုနေပြန်စဉ်းစားတော့ နှစ်တလက်မတုတ်ဖြင့် ရိုက်ခံရ၍ ခေါင်းကွဲမည်ဆိုလျှင်တောင် ထိုကိစ္စလောက် ဒေါသထွက်မည်မဟုတ်။ ကြက်ဆူမြစ်ကြီးဖြင့် အတွယ်ခံရသောကြောင့်  ဒေါသမထိန်းနိုင်ပဲ ဖြစ်သွားခြင်းပင်။

လူငယ်လေးများဘက်ကြည့်မိတော့အထိနာ၍ အိမ်ခြံဝိုင်းထဲ ဝင်ပြေးကြလေသော အမူးသမားနှစ်ယောက်နောက်သို့ပြေးလိုက်သွားကြတာ မြင်လိုက်ရသည်။ ထိုအကျိုးဆက်ကိုလည်း တွေးမိပြီးကြောက်မိပြန်ပါသည်။ ညဉ့်အချိန်ကြီး သူများခြံဝိုင်းထဲ သို့ ကျူးလွန်ရောက်ရှိသွားလျှင် အာမခံပင်မရနိုင်တော့။ မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ ထုချေရန်မလွယ်ကူတော့။ ထိုအ ချိန်က မြန်မာပြည်ကြီးတွင် ထိုပုဒ်မကြီးက ရေပန်းစားလွန်းသဖြင့်  သာမန်ညောင်ညဖြစ်သည့် ကျနော်တို့အဖို့ မလွယ်ရေးချ မလွယ်။  နိုင်ငံခြားသားပင် အာမခံမရသည့်အချိန်။

သို့သော်  သိသိကြီးဖြင့် ကျနော်ပါအထဲသို့လိုက်ပြီး သူတို့ကို ဆွဲခေါ်ရသည်။ ခြံဝင်းထဲ သွေးတွေရဲနေသည်။ ကျနော်တို့ခရီးပြန် လာကြစဉ် မူးယစ်အော်ဟစ်နေကြသူ နှစ်ဦးစလုံးမှာ ဒဏ်ရာကိုယ်စီနှင့်။

ထိုနေ့ညက ချက်ချင်းမပြန်သေးပဲ ဘောလုံးပွဲဝင်ကြည့်နေလိုက်ပြီး မနက်လင်းကာနီးမှ  နေထိုင်ရာတိုက်ခန်းလေးသို့ နွမ်း နယ်စွာ ပြန်ခဲ့သည်။  တံခါးလာဖွင့်ပေးသူ ဇနီးသည်အား  ဖြစ်ခဲ့သမျှအကြောင်းကို အတိုချုပ်ပြောပြနေစဉ်မှာပင် ကျနော့် နာမည်အော်ခေါ်သံနှင့်အတူ တံခါးခေါက်သံကြားလိုက်ရသည်။ သေချာပါသည် ရဲတွေပဲဖြစ်ရမည်။ ကျနော့်မိတ်ဆွေများ ဆိုလျှင် ယခုလို အချိန်အခါမျိုး လာနှိုးကြမည်မဟုတ်။ ကျနော်တို့မြို့လေးသို့ဝင်လာစဉ် အရက်မူးနေသူနှစ်ဦး ဓားကိုင်ရမ်း ကားနေစဉ် သူတို့သာရောက်လာခဲ့ပါက မည်မျှကောင်းလေမည်နည်းဟု  တွေးမိလိုက်သေးသည်။  ဇနီးဖြစ်သူက ကျနော်ကို ကြည့်ပြီး အသံတိတ် မေးဆတ်ပြသည်။ အဓိပ္ပါယ်မှာ ဘယ်သူတွေလဲဆိုသည့်သဘော။ သူ့ကို လေသံဖွဖွဖြင့် ရဲတွေနေမှာ ဟု ပြန်ပြောလိုက်သည်။ ကျနော့်လွတ်ရာလွတ်ကြောင်းကို ဘယ်လိုမှကိုယ်တိုင် မတွေးတတ်တော့။  တိုက်ခန်းအတွင်းသို့သာ သူတို့ဝင်လာလျှင် ကျနော့်မှာ ပြေးပေါက်မရှိ၊ အမိခံရတော့မည်။ ဇနီးဖြစ်သူကိုသာ အားကိုးတကြီး လှမ်းကြည့်မိတော့သည်။ သူမသည် ခြေဖော့ကာလျှောက်ရင်း အုတ်ချပ်ကလေးများကြားမှ အောက်သို့ငုံ့ကြည့်နေလေသည်။

ထို့နောက် ကျနော့်ဘက်သို့လှည့်ပြီး တိတ်တိတ်နေရန် အမူအယာကို ပါးစပ်လက်ညှိုးပိတ်၍ပြပြီး လက်ငါးချောင်းထောင်ပြ ရှာသည်။ ကျနော် ရန်ပွဲဖြစ်လာ၍ ပါးရိုက်မည်ဟုပြောသည် မဟုတ်မှန်းလောက်တော့ ကျနော်သိပါ၏။ အောက်တွင် ရဲငါး ယောက် ရောက်နေပြီဆို၍ ပို၍ပင်စိတ်ညစ်သွားသည်။

သမီးလေးကလည်း မျက်နှာငယ်လေးဖြင့် ငြိမ်နေရှာသည်။ သူ့ခမျာလည်း  ကောင်းကောင်းမအိပ်ရတော့။

သို့သော် မိသားစုအပူသည် သူ့အပူဟုပင် ခံယူတတ်သည့်သမီးလေးကလည်း သူ့အမေ၊ ကျနော်ဇနီးဖြစ်သူ တခုခုခိုင်းလျှင် ကူညီရန်အသင့်ဖြစ်နေမှန်း သိသာပါသည်။

''လာပြီ၊ လာပြီ '' ဟု အော်ပြီး သမီးလေးလက်ကိုဆွဲကာ  တိုက်ခန်းအောက်သို့ ခြေသံပြင်းပြင်းနှင့် ဆင်းသွားသံ ကျနော်ကြား လိုက်ရသည်။ ထို့နောက် တံခါးမကြီးကို ချက်ဖြုတ်သံ။ ကျနော့်သွေးများ ဆူပွက်နေသည်။ ဆယ်နှစ်ကျော်၊ ဆယ့်ငါးနှစ် ပေါင်းသင်းလာသော ဇနီးသည်သည် ရဲလက်သို့ ကျနော်ကို သူကိုယ်တိုင်အပ်တော့ မည်လား။ မဖြစ်နိုင်ပါ။ ကျနော်အတိုချုပ် ပြောပြခဲ့သောစကားများကို သူကြားခဲ့ပြီးဖြစ်သည်။ သူသည် ကျနော့်လိုမဟုတ်။ အဝေးကြီးအထိ ခြင့်ချိန်တတ်သူ။

ရဲများအား တံခါးတချပ်သာဖွင့်ပေးပြီး သမီးလေးလက်ဆွဲရပ်နေသူ ဇနီးသည်ကို ကြမ်းပျဉ်ကြားအပေါက်ငယ်လေးမှ ကျနော် မြင်နေရသည်။ သူတို့ အပြန်အလှန်ပြောဆိုနေသည်များကို ကြားရသည်။ စောစောပိုင်းက မကြားရသော်လည်း ယခုမူ ဆိုင် ကယ်များစက်နှိုးသံကြားရသည်။ ဆူညံသောအိတ်ဇောသံများပေးပြီး သူတို့ပြန်ထွက်သွားကြသည်။  ကျနော့်အတွက်သုံး လိုက်သော သူ၏မုသားကို မုသားဖြူဟုသာ ယနေ့အထိ  ယုံကြည်ထားသည်။ ကျနော် အသွားမတော်၊ တလှမ်း ဖြစ်ခဲ့ရခြင်းဟု သူယုံကြည်ပါသည်။

ဇနီးသည်ထုတ်ပေးသော မှတ်ပုံတင်ကဒ်လေးနှင့် ငွေကျပ်တစ်သောင်းကို ဘောင်းဘီဘေးအိတ်ထဲသို့  သေချာစွာထည့်လိုက် သည်။ ဇနီးသည်မျက်ဝန်းများကို မကြည့်ရက်တော့။ သမီးလေးက အသံမထွက်ပဲ မျက်ရည်များ ကျနေရှာသည်။ ကျနော် အိမ်မှခွာရတော့မည်ကို သူလည်းသိနေသည်။ တိုက်ခန်းလေး၏ အနောက်ဘက်အုတ်တံတိုင်းကြီးကို ကျော်တက်ပြီး  အား ကစားကွင်းကြီး၏ အမှောင်ထုထဲ ခုန်ချလိုက်သည်။

မှောင်မည်းနေသော အားကစားကွင်းသည် လမ်းမပေါ်ထွန်းညှိထားသော မီးတိုင်များထက် ပို၍လုံခြုံမှုပေးသလို ခံစားရ သည်။ ငယ်စဉ်ကလေးဘဝကတည်းက ရင်းနှီးခဲ့ရသော အားကစားကွင်းကြီးထဲတွင် အမှောင်ထုများ ကြီးစိုးနေသော်လည်း ကျနော်မကြောက်။ ကွင်းအလယ်သို့ လျှောက်လာခဲ့ပြီး ဘောလုံးပွဲများစတင်ရာ ဗဟိုအမှတ်လေးပေါ်တည့်တည့် ထိုင်ချ လိုက်တာ မှတ်မိနေသေးသည်။ ပွင့်လင်းစွာဆိုရလျှင် မြင်မြင်ထင်ထင် မီးရောင်ထဲမှာ ဘာမျှပြောဆိုဖြေရှင်းခွင့်မပြုဘဲ ဖမ်း ချုပ်ခံထိမည်ကို ပို၍ကြောက်လှသည်။ ကာလသည်ကား အမှောင်ခြုံထားသည်ကမှ ပိုမိုလုံခြုံသည်ဟု ထင်ရမည့်အနေ။

ကျနော့်အဖြစ်အပျက်များကို ပြီးလျှင်ပြီးရော သဘောမျိုးဖြင့်  ပြောရမည်ဆိုလျှင်လည်း ရတော့ ရပါသည်။ ထိုသို့ပြောခဲ့ရပြန် လျှင် ကျနော့်အဖြစ်လေးကို  သေချာစွာရှင်းပြနိုင်မည်မထင်။ ဆွမ်းခံရင်း ငှက်သင့်ရသည့် သာမန်ကိစ္စတစ်ရပ်အဖြစ်သာ နားလည်ကြ၊ ယူဆမိကြမည်ကို စိုးမိပါသည်။ တကယ်တော့လည်း ယခုကျနော်ကြုံသလို အခြေအနေမျိုးကို လူအတော်များများကြုံခဲ့ဖူးလောက်သည်။

ကြုံခဲ့ရဖူးသူခြင်း အတူတူ၊ ထိုသူများနှင့် ကျနော် မတူတာတခုတော့ကျနော့်မှာ ရှိနေနိုင်မည် ထင်ပါ၏။

လူအများစုသည် ဆိုးဝါးသော အခြေအနေတခုခုနှင့် ရင်ဆိုင်ခဲ့၊ ဖြေရှင်းခဲ့ကြရဖူးမည် ထင်ပါသည်။ ထိုအခြေအနေဆိုးများနှင့် ရင်ဆိုင်ဖြေရှင်းနေရချိန်တွင်သာ ထိုပြဿနာရပ်ကို စဉ်းစားမိသော်လည်း၊ ပြီးစီးပါက မေ့ပစ်ကြသူ များလှသည်။ သူတို့ အယူအဆသည်လည်း မှားသည်ဟု ကျနော်မဆိုပါ။ ဖြတ်သန်းနေရသော ခေတ်ကာလသည်ပင် ပြဿနာတခုမပြီးမီ နောက် တခု ရောက်လာတတ်သောခေတ်ကာလ။ စစ်ဟူသော အသံမတိတ်မီ မုန်တိုင်းလာတော့မည်၊ ငလျင်လှုပ်တော့မည် တမျိုးမရိုးမီတမျိုးလာတတ်သည့်အနေအထား။ ကျနော့်မှာ ထိုသူများနှင့် ကွဲပြားသည်လား မဆိုနိုင်။ နဂိုကတည်းက ဥပဒေပညာကို စိတ်ဝင်စားသည့်အပြင်၊ အပြေးပြေးအလွှားလွှားဘဝ၌ပင် နေ့စဉ်မှတ်တမ်းလေးကို ကြုံသလို ရေးမှတ်ခဲ့လေသောကြောင့် သည်နှင့်၏ မလွှဲနိုင်အောင်ပင် ခြွင်းချက်မရှိ မှတ်မိနေလေသည်။ ထိုခေတ်ကာလအခြေအနေကိုလည်း မကြာခဏ သုံးသပ် နေမိပြန်လေသည်။ ထို့ကြောင့်လည်း အသေးစိတ်ကာ ပြောပြနေဖြစ်သည်ထင်၏။

အားကစားကွင်းကြီးထဲ ကျနော်ရောက်ခဲ့သည်ကို ပြန်တွေးသော်၊ ပူဆွေးသောကနှင့် ကျန်နေရစ်ခဲ့သောမိသားစုကို စာနာ စိတ်သည် ယနေ့အထိ နွေးနေဆဲ၊ပူနေဆဲ။ ကံကြမ္မာကို ဒေါသထွက်နေဆဲ။ မနိုင်၍ သည်းခံခဲ့ရသောအချိန်ကာလများကို နာ ကျည်းဆဲ။ ဒိုင်ယာရီစာမျက်နှာ ဝါညစ်ညစ်လေးများတွင် လိမ်းကျံထားခဲ့သော ကျနော့်နှလုံးသွေးများက နီရဲနေဆဲ။

ထိုစဉ်က  အားကစားကွင်းလယ်၌ထိုင်နေရင်း  အင်္ကျီအိတ်ကပ်လေးထဲပါလာသော ဆေးပေါ့လိပ်တိုလေးကို  မီးရောင်မထွက် အောင်မီးညှိပြီး၊ဖြေလျှော့ထားသော လက်သီးဆုပ်ထဲ ထည့်သောက်ခဲ့ရသည်။ လွတ်လပ်စွာလင်းနေသော ကြယ်များဆီ ခ ရီးနှင်သွားကြသော မီးခိုးငွေ့ များကိုပင် အားကျခဲ့ရဖူးသည်။ စိတ်သည် ဆန်းကြယ်စွာဖြင့် ငယ်ဘဝက ဖတ်ခဲ့ရသည့်  'တော' ဝတ္ထုဆီသို့  ပြေးသွားခဲ့သေးသည်။  ကျနော်သည် လွတ်လပ်စွာ ရဲရင့်နိုင်သူတယောက် မဟုတ်တော့။  ဇနီးနှင့်သမီး၏   အငို မျက်နှာကိုယ်စီက  နှလုံးသားကို  တဖြန်းဖြန်းနှင့်  လာရိုက်ကြတော့သည်။

ကျနော်ဆုမတောင်းသော်လည်း အမှောင်ထုသည် တဖြည်းဖြည်းနှင့် လင်းလာတော့မည်။ ကျနော် လတ်တလော၌ အလင်း ကို ကြောက်နေရသည်။ အားကစားကွင်းထဲမှထကာ လေးပင်သောခြေလှမ်းများဖြင့် တခုတည်းသော ထွက်ပေါက်ဆီ လှမ်း လာခဲ့သည်။ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းမှ လှပသောအနီရောင်များ ယှက်ဖြာလာတာ သတိထားမိသည်။ လှည့်မကြည့်အား တော့ပါ။ ကျောခိုင်းလိုက်ပြီး ခြေလှမ်းကို အရှိန်မြင့်လိုက်ရသည်။

အားကစားကွင်းအပြင်ဘက် ပလက်ဖောင်းပေါ်ခြေအချတွင်၊ ရှေ့တူရှုမှ ဆိုင်ကယ်နှစ်စီး မီးဖွင့်မောင်းလာတာမြင်ရသည်။ အိတ်ဇောသံကို ကျနော်မှတ်မိသလို ခံစားလိုက်ရသည်။ မြောက်ဘက်တောင်ကုန်းဒေသခြေရင်းမှ ကျနော့်မြို့လေး၏ ဧပြီလ အစောပိုင်းများသည် အအေးဓာတ် မကုန်တတ်သေး။ ကျနော်လက်များကို ဆန့်တန်းကာ၊ ကောက်ကွေးကာ ကိုယ်လက် လှုပ်ရှား ကစားသမားတဦးသဖွယ် ပြုမူလိုက်ရသည်။ ဆိုင်ကယ်စီးလာသူများ တချက်ငဲ့ကြည့်သွားသည်ကို မသိလိုက် မသိ ဘာသာနေလိုက်ရသည်။ ရှေ့မှဆိုင်ကယ်စီးသွားသူ၏ ပခုံးထက်မှ ပြောင်ပြောင်လက်လက်ကြယ်တပွင့်သည်  ကျနော့်ခြေ ထောက်ကို  ဝေးရာသို့မြန်မြန်သွားရန် သတိပေးသကဲ့သို့ ဖြစ်သွားသည်။ ကျနော် အတော်လေးပင် စိတ်ပူသွားမိသည်။ ယခု မနက်လင်းသည်အထိ လိုက်ရှာနေကြပုံထောက်လျှင် ညက မူးယစ်ရမ်းကားနေသူနှစ်ယောက် ဘယ်ဘဝများ ရောက်သွား လေပြီလဲဟု ကြောက်လန့်မိလေသည်။

လူခြေတိတ်ဆိတ်သော လယ်ကွင်းပြင်အစပ်မှ သူငယ်ချင်းအိမ်သို့  ကျနော်ရောက်သွားချိန်တွင် အလင်းရောင် သိသိသာသာ ပေါ်နေပေပြီ။ ဘေးဘီဝဲယာ မလုံမလဲကြည့်ရင်း  အိမ်ပေါ်တက်ကာ သူငယ်ချင်းကို နှိုးရသည်။ သူတယောက်ထဲနေထိုင်သည့် အိမ်ဖြစ်၍သာ တော်ပေသေးသည်။ လူကြီးမိဘ၊ ကလေးသူငယ်များရှိနေလျှင် ကျနော့်အတွက် ပြောဆိုရှင်းပြဖို့ ခက်ပေမည်။ ဘုရားစင်လေးရှေ့၌  ကျနော်လှဲချလိုက်ချိန်တွင် အိမ်မကြီးကို သော့ခတ်ပြီး အပြင်ထွက်သွားသော သူငယ်ချင်းခြေသံ တ ရှပ်ရှပ်ကို ကြားရသည်။ သူပြန်လာလျှင်တော့ အခြေအနေအရပ်ရပ်ကို ကြားသိရတော့မည်။  ညက အရိုက်အနှက်ခံရသူများ ကို အသက်အန္တရာယ်ကင်းရှင်းပါစေကြောင်း ကျနော်ဆုတောင်းပေးနေပါသည်ဟု ပြောပြလျှင်  ယုံကြည်ကြပါမည်လား။ တ ကယ်ပင် ဆုတောင်းပေးမိပါသည်။

အချိန်တနာရီကျော်ကျော်လောက်ကြာတော့ ကောက်ညှင်းပေါင်းနှင့်အကြော်ထုပ်လေးဆွဲပြီး သူပြန်ရောက်လာသည်။ မျက် နှာကမကောင်း။ ကျနော့်အနားတွင် ခြေပစ်လက်ပစ်ထိုင်ချရင်း လစ်တော့သူငယ်ချင်း သူတို့သတိမလည်သေးဘူး၊ သွေး ထွက်လွန်တယ်လို့ ကြားတယ်ဟု ပြောရှာသည်။ အနားမှာ မှန်သာရှိပါက ကျနော့်မျက်နှာ ဇီးရွက်လောက်ပဲရှိတော့တာ ဘာ သာမြင်နိုင်မည် ထင်ပါ၏။ စိတ်ကိုတင်းကာ ကောက်ညှင်းပေါင်းတဆုပ်နှင့် တိုဟူးကြော်လေးတခု အတူတူရောကာ စား လိုက်သော်လည်း မျို၍ကား မကျ။ သူငယ်ချင်းကတော့ တာဝန်ကျေရှာပါသည်။

ရင်ဆိုင်ဖြေရှင်းစရာတွေ အများကြီးကြုံရမည်ဖြစ်သဖြင့် အစားဝင်အောင်စားပြီး တရေးပျော်အောင်အိပ်ဖို့ ကျနော့်ကို ပြော သော်လည်း ကျနော့်စိတ်နှင့်ခန္ဓာက မလိုက်နာနိုင်တော့ပါ။ စေ့ထားသော တံခါးမကြီးကို မကြာခဏကြည့်မိရင်း ရင်သည် တလှပ်လှပ်။ သူငယ်ချင်းက သူ၏ဆိုင်ကယ်လေးကို စစ်ဆေးကာ ဆီဖြည့်ဖို့ အပြင်ထွက်သွားပါသည်။

နေ့လည်ပိုင်းတွင် တောလမ်းကလေးမှ ဆိုင်ကယ်စီးပြီး လမ်းခွဲဘူတာလေးသို့ လာခဲ့ကြသည်။ ဘယ်သူနဲ့မှ မတွေ့ ရပါရစေနဲ့ ဟူသော ဆုတောင်း မပြည့်ခဲ့။ လမ်းတွင် မျက်နှာခြင်းဆိုင်မှလာသော ဂျစ်ကားပြာလေးက အနားရောက်မှ ထိုးရပ်သွားသည်။ ယူနီဖောင်းဝတ် နှစ်ဦးဆင်းလာကာ ကျနော်တို့ဆိုင်ကယ်ကို တားသည်။ ကားတွန်းကူဖို့ အကူအညီတောင်းသံထွက်လာမှ စိတ်အေးခဲ့ရသည်။ နှစ်လွန်အင်ဂျင်ကျ ဂျစ်ကားပြာကို တွန်းကူခဲ့ရသည်မှာ ယခုနေပြန်တွေးတော့လည်း ရီစရာလိုလို။

လမ်းခွဲဘူတာလေး၏ ဝန်ထမ်းအိမ်ရာတွင် ကျနော့်သူငယ်ချင်း၏ အမေရှိနေသေးသည်။ သားဖြစ်သူ ကျနော့်သူငယ်ချင်းက သင်တန်းကျောင်းကို ခေတ္တရောက်နေသည်ဟု ဆိုသည်။ ကျနော့်အမေတယောက်လိုဖြစ်နေသော သူငယ်ချင်း၏အမေမှာ သတင်းကြားတော့ မျက်ရည်ကျရှာသည်။ သို့သော်  အဝေးသို့ ခဏရှောင်နေဖို့သာ အကြံပြုရှာသည်။ မြို့လေးမှ လိုက်ပို့ လေသောသူငယ်ချင်းကို စိတ်မပူတော့ရန် မှာကြားပြီး အိမ်ပြန်ခိုင်းလိုက်သည်။ အဆန်ရထားတစီးဝင်လာသံနှင့် အတူ ထမင်းဆာသောစိတ်၊ ပေါ်ပေါက်လာတာ မှတ်မိနေသေးသည်။ သူငယ်ချင်း၏အမေက ထမင်းခူးခပ်ကျွေးပြီး ရထားအချိန် စုံစမ်းရန်အတွက် ဘူတာဆင်းသွားပါသည်။ ကျနော့်စိတ်လည်း အနည်းငယ်တော့အေးသလို ခံစားရသည်။ ယခု ကျနော် ရောက်နေသောနယ်မြေသည် ကျနော်ကျင်လည်ခဲ့ရာ နယ်မြေဖြစ်၍လား၊ သို့တည်းမဟုတ် ညကကြုံခဲ့ရသောအဖြစ်များနှင့် အနည်းငယ်ဝေးရာသို့ရောက်နေ၍လား ဟူ၍ ဝေခွဲမရခဲ့ပါ။ ဝေခွဲမရခြင်းများနှင့်အတူ၊ တူညီမှုများကိုလည်း ဆက်၍ တွေးမိခဲ့ သေးသည်။

တွေးမိတော့လည်း ပူပူလောလောဖြစ်ရပ်သည် မြင်မြင်ထင်ထင်ကြီးပေါ်လာသည်။ ကျနော်တို့ ဧည့်သည်ပို့ပြီးပြန်လာကြ သည်။ မြို့လေး ထဲဝင်၍ မရ။ ပြဿနာဖြစ်ကြသည်။ ကျနော် ရှောင်ရှားနေသည်။ ပြဿနာကို ရင်မဆိုင်။ ကျနော့်စိတ်ကလည်း ရင်မဆိုင်ချင်။ ကျနော့်အပေါ်သံယောဇဉ်ကြီးသည်ဟု ကျနော်ယုံကြည်ထားသူများကလည်း ပြဿနာကို ရင်ဆိုင်မခိုင်းကြ။ ကျနော်အတွေးများထဲ နစ်လိုက်ပေါ်လိုက် ဖြစ်နေခဲ့ရသည်။

ကျနော် သွားရောက်ဖြေရှင်းပါက ကြုံတွေ့ရမည့် အခက်အခဲများကို ကြိုတွေးကာပူပန်နေမိသည်ဟု ထင်ပါသည်။ မည်သူ တွေပါသလဲ မေးလျှင်လည်း ကျနော်မဖြေချင်။ ကျနော့်ကို ဖမ်းမချုပ်ထားပါဟု ကျနော်မယုံကြည်ပါ။ ကျနော် အမှန်အတိုင်း ပြောပြလျှင် သူတို့ယုံကြည်မည်ဟု ကျနော်မယုံကြည်ပါ။ ဖြစ်ခဲ့ရသောဖြစ်စဉ်ကို စေ့စေ့ငုငု လုံ့လပြုရန် သူတို့ကြိုးစားမည် မဟုတ်ဟုသာ ထိုစဉ်က တွေးဆခဲ့ပါသည်။ ကြားနာခဲ့ရ၊ မြင်တွေ့ခဲ့ရသောဖြစ်ရပ်များကို ကျနော့်စိတ်သည် အခြေပြုခဲ့လေ သည် ထင်ပါ၏။  မဆိုး မခိုးသူများပင် ထောင်ထဲရောက်နေကြပါသေးလျှင် ကျနော်ကဲ့သို့ ဆယ်အိမ်ခေါင်းကို နောက်ကောက် ထိုးချပြီး အချိန်မတော်သူများခြံဝင်းထဲ ရောက်သွားခဲ့သူမှာ ထောင့်အပြင် တန်းရှိပါက တန်းသို့ပင် ပို့ခံရပေလိမ့်မည်။

သူငယ်ချင်း၏အမေက  သူ့သား၏ ယူနီဖောင်းအင်္ကျီဟောင်းလေး ထုတ်ပေးရှာသည်။  ရထားသံကို နားစွင့်ထားရင်း  အပေါ် ကြယ်သီး နှစ်လုံးဖြုတ်ကာ  ခေါင်းမှစွပ်ချလိုက်သည်။ ပုဆိုးကို တိုတိုတင်းတင်းပြင်ဝတ်ပြီး ကုန်းကလေးပေါ်က ဆင်းခဲ့သည်။ အတိတ်ကထဲထဲဝင်ဝင် ရင်းနှီးခဲ့ဖူးသော ဘူတာရုံလေးထဲသို့ဝင်သွားရမှာပင် မဝံ့ရဲသလို ခံစားမိသည်။ ရထားရှိရာ သွားရ မည်လား၊ အိမ်သို့ပြန်ရမည်လား လွန်ဆွဲနေသောစိတ်ကို မောင်းထုတ်ရပြန်သည်။  မျက်နှာချင်းဆိုင်မှ လာကြသူအားလုံးကို  ကျနော်သေချာမကြည့်။ မျက်လုံးချင်းမဆုံချင်။ လျှာထိုးဦးထုပ်ပြာလေးကို  မျက်လုံးမြင်သာရုံ ခပ်ငိုက်ငိုက်အနေအထားသို့ ဆွဲချလိုက်သည်။ လူစီးတွဲပေါ်က  ကျနော် မလိုက်ပါလို။ ရထားထိန်းတွဲရှိရာသို့ ခပ်သွက်သွက်လျှောက်သွားရင်း နောက်သို့ သမင်လည်ပြန်ကြည့်မိသေးသည်။ မည်သူမှ ကျနော့်နောက် ကပ်ပါမလာ။ ရထားက ဥသြရှည်တချက်ဆွဲလိုက်သည်။ ထိုအ သံကို ကျနော်သိသည်။ ရထားကြီးထွက်တော့မည်။

ရထားထိန်းတွဲ တခါးပေါက်မှ ရထားထိန်းထွက်လာပြီး ခရာရှည် တချက်မှုတ်လိုက်သည်။ သူ့လက်မှာ ကိုင်ထားသော အလံ စိမ်းစိမ်းကို စက်ခေါင်းမောင်းမြင်သာအောင် တပြိုင်နက်ထဲ ဝှေ့ရမ်းပြလိုက်သည်။ ဘရိတ်များ ဖြေလျှော့လိုက်သော အသံ ထွက်လာပြီး ရထားဘီးများ စလိမ့်သည်။ ဦးခေါင်းနှင့်နားထင်တဝိုက် တင်းကြပ်နေသော ကျနော့်အာရုံကြောများလည်း လျှော့သွားသလို ခံစားလိုက်ရပါသည်။

ရထားထိန်းဖြစ်သူ အထဲပြန်ဝင်သွားသွားခြင်း  သံလက်ရမ်းကို အားပြု၍ ရထားပေါ်ခုန်တက်လိုက်သည်။ စာရင်းစာအုပ်ထဲသို့ တစုံတရာ ရေးမှတ်နေသောရထားထိန်းကို  ''ဂါတ်ဗိုလ်ကြီး'' ဟု ကျနော် ခေါ်လိုက်သည်။ အမှန်ပြောရလျှင်တော့ ကပ်ဖား လိုက်ခြင်းပင်။ သူ  တာဝန်ကျရာရထားပေါ် ခွင့်ပြုချက်မတောင်းပဲ ကျနော်တက်လာခဲ့မိပြီ။ သူက နောက်သို့ ဆတ်ခနဲလှည့် ကြည့်ပြီး  မျက်မှန်ကို ချွတ်လိုက်သည်။ ကျနော့်ကို  ''ဟေ့ကောင် ကျော်ကျော်'' ဟု အားရဝမ်းသာနှုတ်ဆက်ရင်း  သိုင်းဖက် လိုက်သည်။  ကျနော့်တကိုယ်လုံး အခုမှ ပေါ့ပါးသွားသည်။ သူသည် ကျနော်နှင့် အင်မတန်ရင်းနှီးခဲ့ဖူးသည့် သူငယ်ချင်း အ ရင်းအချာပါလား။ ကျနော် လွတ်မြောက်ပြီ။

လူကသာ လွတ်မြောက်ခဲ့သော်လည်း စိတ်မှာမလွတ်မြောက်သေး။  သူငယ်ချင်းက ဘာလိုအပ်သလဲဟုသာ မေးသည်။ နွမ်း နယ်နေသော ကျနော့်ကို မေးခွန်းများများမထုတ်။ မနက်လင်းမှမေးမည်ဟု စိတ်ကူးထားသလားတော့ မသိတတ်ချေ။ သူ့ လက်ထဲပါလာသော ရေခဲရေပုလင်းကိုဆွဲယူကာ တဝက်ခန့်ကျော်အောင် မော့ချလိုက်ပြီး  မြစ်ကြီးနားဘက်မှ တင်လာဟန် တူသော ဘေထုပ်ကြီးများပေါ် လှဲအိပ်ချလိုက်သည်။  ပါဆယ်ပစ္စည်းများထားရာအခန်းကို  သူငယ်ချင်းဖြစ်သူ သော့ခတ်သွား သံရေးရေးသာကြားလိုက်ရပြီး  ကျနော် မှေးခနဲဖြစ်သွားသည်။

ကျနော်နိုးလာချိန်တွင် ရထားစက်ခေါင်းက ဘူတာဝင်မည့်ဥသြသံ တချက်ပေးလိုက်သည်။ ခေါင်းထူပြီး အပြင်ဘက်ကို ချောင်းကြည့်လိုက်တော့ အုတ်တံတိုင်းနီနီများကို မြင်လိုက်ရသည်။ လူးလဲထပြီး ပါဆယ်ခန်းတံခါးကို ခပ်ပြင်းပြင်းလေးပုတ် လိုက်တော့ သူငယ်ချင်းက တံခါးလာဖွင့်ပေးသည်။

ရထားက ဘူတာအဝင်ပွိုင့်ကိုအဖြတ်တွင် အရှိန်လေး အနည်းငယ်လျှော့ချလိုက်သည်။ သူငယ်ချင်းဖြစ်သူ ရထားထိန်း၏ လက်မောင်းကို ခပ်တင်းတင်း တချက်ညှစ်ပြီး ကျေးဇူးမမေ့ဘူးကွာဟု နှုတ်ဆက်ကာ လှေကားမှ နောက်ပြန်ဆင်းခဲ့ပါသည်။

စစ်ကိုင်းတောင်ရိုးတန်းတွင် ကျနော်နေထိုင်ပြီး တလလောက်အကြာတွင် ဇနီးဖြစ်သူနှင့် အဆက်အသွယ်ရခဲ့သည်။ သူ့အ နေဖြင့် ထိခိုက်နစ်နာသူများကို ကျေနပ်အောင်တောင်းပန်ပြီး လျော်ကြေးငွေ ပေးအပ်ပြီးသော်လည်း အမှုမှာ ပိတ်၍မရ။ တရား လိုဖြစ်သူများကိုယ်တိုင်က အမှုပိတ်သိမ်းလိုသော်လည်း အမှုမှာ ပိတ်ခွင့်မရ။ ထိုနေ့ညက ပါဝင်ကြသူအားလုံး စုံလင် မှသာ အမှုပိတ်လို့ရမည်ဟု အကြောင်းကြားလာပါသည်။ သူ့ဆီမှကြားရသည့် လတ်တလောသတင်းအရ၊ ထိုနေ့ညက အတူပါခဲ့သော ပရဟိတသမားသူငယ်ချင်းမှာ ထောင်ထဲရောက်နေရှာပါသည်။ ကျနော်သွားရောက်ရင်ဆိုင်ပါလျှင် ကျနော် လည်း ထောင်ထဲဝင်ရပေတော့မည်။ ဇနီးသည်က သူကြားခဲ့ရသမျှ ပုဒ်မများကိုရွတ်ပြရာ ငါးခု ခြောက်ခုထက်မနည်းပေ။ ကျနော့်မှာ ထိုအရာများအတွက် ဆင်ခြေလည်း မပေးလိုတော့။ တပတ်အတွင်း ပြန်မလာလျှင် ကျနော့်အတွက် ပုဒ်မတခုတိုး မည်။ ဇနီးသည်က သူကြားခဲ့သလို ရေရွတ်ပြသည်။ ဖိုက်တွဲ ...။  ကျနော် မြန်မာလိုသိပါ၏။ တရားခံပြေး ၅၁၂။

သို့သော်  ကျနော်အိမ်မပြန်ခဲ့ပါ။ စစ်ကိုင်းတောင်ရိုးတန်းတွင်ပင် အေးချမ်းမှုကို ရှာနေခဲ့သည်။ ဇနီးဖြစ်သူနှင့် သမီးငယ်ကို အားနာသောစိတ်များကတော့ နေ့စဉ်နှင့်အမျှ ရင်ထဲဝင်ခဲ့ပါသည်။ ကံ ကံ၏ အကျိုးပေးလား။ မည်သူမပြု မိမိမှုဟု ဆိုရမည် လား ယနေ့ထက်တိုင် မဝေခွဲနိုင်။ ကွေ့ကောက်နေသော တောင်ရိုးတန်းလမ်းကလေးပေါ် လျှောက်သွားတိုင်းလည်း ထိုအ ဖြေကို စဉ်းစားခဲ့ဖူးပါသည်။

တောင်ရိုးတန်းလမ်းကလေးများမှာ ကွေ့ကောက်သော်လည်း သွားရမခက်။ မျက်စိမလည်သလို လမ်းလည်းမမှားရှာ။ သူ့မှာ လမ်းညွှန်ဆိုင်းဘုတ်လေးတွေ နေရာတိုင်းရှိကြသည်။

အချိန်ကာလအတန်ကြာပြီးနောက် အခက်အခဲများစွာကို ကျော်လွှားကာ ရှိစု မဲ့စု ချွေးနှဲစာလေးများကို လမ်းခင်းတံတားထိုး ပြီး  ကျနော် လွတ်လပ်ခဲ့ပါသည်။ ကျနော်လွတ်လပ်သွားသောနေ့တွင် ကျနော့်ငယ်သူငယ်ချင်း ဆရာဝန်လေး၏အသုဘကို လိုက်ပို့ခဲ့ရတာ မှတ်မှတ်ရရ။

တနင့်တပိုး ပြစ်ဒဏ်ပေးခံခဲ့ရသော သူ့လူနာဖြစ်သူလူငယ်လေးကို သနားစိတ်ဖြင့်၊ ရေရာတိကျမှုမရှိသေးသော လမ်းညွှန် ဆိုင်းဘုတ်များကို မခံချင်စိတ်ဖြင့် လုပ်မိလုပ်ရာလုပ်လိုက်ခြင်းသည် တခဏအတွင်း သူ့အသက်ကို နှုတ်ယူသွားခဲ့သည်။

ယခုအချိန်တွင် ဥပဒေဘာသာရပ်ကို  ကျနော်မလေ့လာဖြစ်တော့ပါ။ ကျောင်းဆက်တက်ဖို့ စဉ်းစားမိသော်လည်း အချိန် နှောင်းသွားပြီထင်ပါရဲ့ဟု စိတ်ကိုဆင်ခြေပေးမိသည်မှာ အမြဲလိုလို။

ပလက်ဖောင်းမရှိသည့်လမ်းမပေါ် လမ်းလျှောက်ရလေတိုင်း၊ ဘေးဘီဝဲ၊ ယာကြည့်၍ လမ်းညွှန်ဆိုင်းဘုတ်ရှာနေသေးတာ တော့ ယခုထက်တိုင်။   ။

ကျော်ကျော် မြရည်စမ်း
ဧပြီ ၁၈၊ ၂၀၁၇
ညဥ့်သန်းကောင်