ဝါကျဖြူ ● ဘရိတ်ပေါက်နေသော အရိပ်


ဝါကျဖြူ ● ဘရိတ်ပေါက်နေသော အရိပ်
(မိုးမခ) ဧပြီ ၁၇၊ ၂၀၁၇
ကျမနောက်က
အရိပ်တခု
အမြဲကပ်လိုက်နေတယ်။

ကျမခန္ဓာကိုယ်ဟာ
သီချင်းတပုဒ်ဖြစ်ပြီး
ပုရွက်ဆိတ်တွင်းထဲ
အတင်းသွတ်သွင်းလိုက်ကြတယ်။

သံစဉ်တွေတစစီ ပျက်စီးကြေမွသွားတာကို
ကျမကြောက်ရွံ့စိတ်နဲ့ ကြည့်နေရတယ်
ငိုကြွေးလိုက်ဖို့ ဆုတောင်းလိုက်ဖို့
ကျမဦးနှောက်ဟာ
မှင်ကုန်သွားတဲ့ ဘော့ပင်တချောင်း
ဘာတခုမှ မလုပ်နိုင်တော့ခြင်းမှာ
ဘာတခုမှ မဖြစ်လာနိုင်ခြင်းထဲ
ကံတရားဟာ
ကျမတို့အတွက် ဘုရားပါပဲ။

သေဆုံးခြင်းထဲမှာ ထင်နေတဲ့ပုံရိပ်တွေ
ကျမတို့မျက်ဝန်းမှာစွဲကပ်
မြေသားထဲမှာ စိမ့်ဝင်နေတဲ့အနံ့အသက်တွေ
ကျမတို့ခန္ဓာကိုယ်မှာပူးဝင်
စစ်ဟာ ဘယ်တော့မှ သမိုင်းကြောင်းထဲမှာ
အကောင်းအတိုင်း မပါနိုင်တော့တဲ့
ပန်းချီကားတချပ်လား ။
ကျမတို့ရင်ဘတ်ထဲမှာ ။

ဝါကျဖြူ