ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဝင်းအောင်ကြီး ● လူ ... စာကြည့်တိုက်နှင့် စာ ...


ဝင်းအောင်ကြီး ● လူ ... စာကြည့်တိုက်နှင့် စာ ...
(မိုးမခ) ဧပြီ ၄၊ ၂၀၁၇

(မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၂၊ ၂၀၁၇ ဖေဖော်ဝါရီလထုတ် သက်ကြီးစကားကဏ္ဍတွင်ဖော်ပြခဲ့သည့် ဆောင်းပါး ဖြစ်သည်)

ခေတ်ကောင်းတုန်းက မြန်မာပြည်တွင် မိုးမရွာ ပူစပ်ပူလောင်ဆို မှိုတွေပွင့်လာသလို စာကြည့်တိုက်တွေကလည်း များမှများ။ ပဲခူးတွင် ကျောင်းသို့အသွား လမ်းထောင့်၌ ဝါးထရံကာ တဲစာကြည့်တိုက်လေးသို့ ဝင်လေ့ရှိကာ စာအုပ်ငှားဖန်များသောအခါ တာဝန်ခံနှင့် စာအကြောင်း ဆွေးနွေးဖြစ်၏။ မတ်လဆန်းတွင်မူ စာကျက်တော့၊ စာမေးပွဲပြီးမှ စာအုပ်အသစ်တွေ တဝကြီး ဖတ်ဟု ပြောသည။် ခပ်လှမ်းလှမ်းက သဟာယအသင်းတိုက်တွင်မူ နံရံကပ်ဗီရိုကြီးတွေထဲ စာအုပ်တွေ .... စာအုပ်တွေ။

၁၉၅၃ ခု၊ ရန်ကုန်တက္ကသိုလ်ရောက်လာတော့ အဆောင်တိုင်း စာကြည့်တိုက်ရှိ၊ တကသမှာ စာကြည့်တိုက်မှူးတောင် ရှိ၏။ ၁၉၅၄ ခု၊ အသင်းတခု၏ စာကြည့်တိုက်မှူးတာဝန်သည် အမှုဆောင်စဖြစ်ဖူးခြင်းပါ။ မိမိအခန်းထဲ စာအုပ်ပြည့်ဗီရိုငယ်လေး ... သော့ဖွင့်လိုက်ပိတ်လိုက်နှင့်။

ကျနော့ထက် အသက်နှင့်အတန်း ၂ နှစ်ကြီးသူ ကိုကျော်စိန် (နောင် ပါမောက္ခချုပ်) ၏ အိမ်သို့ ကျောင်းပိတ်ရက် မပျက် သွားပြီး တာရာမဂဇ္ဂင်းများ၊ ဗန်းမော်တင်အာင် စာအုပ်အစုံ စသည်များကိုဖတ်တိုင်း စာပေအကြောင်း အကျွေးအမွေးနှင့် ဆွေးနွေးမြဲ။ သူက ကိုယ်ပိုင်စာကြည့်တိုက်ဟုခေါ်သည်ကို အားကျအတုယူကာ၊ ဝတ္တုပါ၍ လက်ဆောင်ရသော တကသ အိုးဝေမဂ္ဂဇင်းတွင် Home Library ဟု ရာဘာတံဆိပ်နှိပ်လိုက်၏။ အလိုလေး .... ကိုယ်လိုလူတွေ အများသားပါကလား။ ကြိုက်ရာစာအုပ် ဝယ်စုကြသူတွေလေ။

၁၉၅၉ ခု၊ မြန်မာ့အသံတွင်အလုပ်ရ၊ ညွှန်မှူး ဦးခင်ဇော် (K) နှင့် ပြန်ကြားရေးညွှန်မှူး ဦးသန့်တို့တွဲကာ ပြန်ကြားရေးစာကြည့် တိုက်များ အနယ်နယ်၌ဖွင့်ရာ ၂ ယောက်စလုံး ဘာသာပြန်စာပေအသင်းဝင် လူကြီးများမို့ စာပေဗိမာန်ထုတ် စာအုပ်မျိုးစုံ၊ ဘထရီအိုးနှင့်ဖွင့်ရသည့် ကော်စာရေဒီယိုနှင့်မို့ စည်ကားလှပါဘိ။ စာတတ်သူများသည် စာဖတ်ြက၏။ စာ-နယ်-ဇင်းများ၊ စာအပုမျာ်း ဝယ်ကြ၏။ မဝယ်နိုင် မဝယ်ဖြစ်လျှင်လည်း စာကြည့်တိုက်မှ ငှားဖတ်၍ရ၏။ အစိုးရရုံးများ၊ အလုပ်ရုံ စက်ရုံများ၊ စာသင်ကျောင်းများ၊ ဝေးလံသီခေါင်ရာအရပ်၊ ကျေးလက်တောရွာများမှာပါ စာကြည့်တိုက်ရှိ၏။  စာကြည့်တိုက်နှင့်အပြိုင် စာအုပ်ဆိုင်တွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်။

၁၉၆၄ ခု၊ ဧပြီလ ပြည်သူပိုင်သိမ်းပွဲကြီး၌ အနယ်နယ် အရပ်ရပ်ရှိ ပုံနှိပ်စက်များ၊ စာအုပ်ဆိုင်ကြီးငယ်များ ပါသွားလေပြီ။ နောက်ထပ်ကပ်၍ အကုသိုလ်က စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲများမှတ်ပုံတင် ဥပဒေ (၁၉၆၄) ကို တော်လှန်ရေးကောင်စီက ပြဋ္ဌာန်းလိုက်သည်။ ဗြိတိသျှနှင့် အမေရိကန်သံရုံးများအား ပစ်မှတ်ထားသည်ဆိုသော်ငြားလည်း တကယ်ထိမှန်ခံလိုက်ကြရ သည်က ကိုယ့်စာကြည့်တိုက်၊ ကိုယ့်စာအုပ်ဆိုင်၊ ကိုယ့်စာဖတ်ပြည်သူတွေပါ တစ တစနှင့် လျော့နည်းပျောက်ပျက်ကုန်။

ပဲခူးပြန်သွားသောအခါ လမ်းထောင့်က တဲစာကြည့်တိုက်လေးမရှိတော့။ သဟာယအသင်းတိုက်ကား ကုန်းလမ်း သယ်ယူပို့ ဆောင်ရေး ကားဂိတ်အဖြစ်သို့ ဘဝကူးသွားရှာပြီ။ ဩော် .. စာအုပ်တွေလွှင့်ပစ်ပြီး အဝတ်အစား ပြောင်းထည့်ခြင်းလား၊ တိုက်ကိုလိုချင်၍ စာကြည့်တိုက်ကိုပိတ်ခြင်းလား ... ဟုတ်မဟုတ် မသိ။ လက်တွေ့မှာတော့ ထိုအတိုင်းဖြစ်နေပါသည်။ စက္ကူရှားလာသောအခါ Recycle လုပ်ဖို့ ထိုအဖိုးတန်ရှားပါး စာအုပ်များပါကုန်ပြီ။ မသိမမြင်ကြသလော၊ တိုးတိုးတိတ်တိတ် ခေါင်းလေးငုံ့၍ပင် မတင်ပြခဲ့ကြ။ ဟုတ်ကဲ့ခင်ဗျာ့၊ မှန်ပါ့ခင်ဗျာ့၊ ထောက်ခံအပ်ပါသည်ခင်ဗျားနှင့် စခန်းသွားခဲ့ကြသည်။

ကိုယ်ပိုင်စာကြည့်တိုက်ကမူ အထိမခံ။ အတတ်နိုင်ဆုံးထိန်းသိမ်းထား၍ ပုံရိုက်ပြီး တင်လိုက်နိုင်၏။ မိုးမရွာ ပူစပ် ပူလောင် မှိုပေါက်မပေါက်တော့မသိ။ စာကြည့်တိုက်ဟူသောအသံကို ကြားလာရပြီ၊ အားတက်ဖွယ် သတင်းတွေလည်း ကပ်ပါလာပြီ။ ဖျက်ဖို့ရန် လွယ်ပါ၏။ ပြန်ပြင်ဖို့ ခက်သည့်ကြားကပင် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဟု တွေးမိကြောင်းပါ။

၂၀၁၇ ခု၊ ဇန်နဝါရီလ (၂၅) ရက်နေ့။
illustration by Keith Bendis