ခေတ်ဟောင်းက အညစ်အကြေးကို အတာရေနဲ့ဆေးပါ့မယ် နဲ့ ဘကြီးမိုး


ခေတ်ဟောင်းက အညစ်အကြေးကို အတာရေနဲ့ဆေးပါ့မယ် နဲ့ ဘကြီးမိုး
(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဧပြီ ၂၀၊ ၂၀၁၇ 
သင်္ကြန်အခါတော်ပေ x x ရက်မြတ် မှာလေ x x လှပျိုဖော်တစ်သင်းနှင့် x x တေးသံလွင်လွင် ရင့်ကျူးနေ x x x

ဪ… သင်္ကြန်အခါတော်ရက်ရောက်လို့ လာပြန်ပေါ့။ အသက် ၈၀ရှိပြီဖြစ်တဲ့ ဘကြီးမိုးဟာ လှပျိုဖော်တစ်သင်းနဲ့ တေးသံရင့်ကျူးတဲ့ခေတ်တွေဟာကြာပေါ့၊ ဟောင်းပေါ့။ ငွေငန်းမောင်မြို့မ တေးဂီတအဖွဲ့မှာ တီးကြမှုတ်ကြလုပ်ခဲ့ကြတဲ့ မိတ်ဆွေတွေလည်း ဆုံးပါးကုန်ကြတာတွေရှိပေါ့။ ဘကြီးမိုးနဲ့ ဝင်းလိုက်ရုံရှေ့က အောင်ဇေယျမှာ ထိုင်ခဲ့ကြတဲ့ ဦးဖူးအံတို့၊ ဦးလှမြင့်တို့၊ ဦးဗစိန်တို့၊ ဂီတမှူးဖြစ်တဲ့ ဦးဘိုခင်တို့တော့ မရှိတော့ဘူးပေါ့။ ကျန်မိကျန်ရာ မြို့မဦးပေါတော့ ရှိရှာသေးထင်ရဲ့။ မြို့မဦးပေါကတော့ ကိုကိုလေးတို့၊ ဘကြီးမိုးတို့ ရေပွက်ပမာ၊ ရန်ကုန်သားနဲ့ မန္တလေးသူကားများရိုက်ခဲ့စဉ်က ကင်မရာမင်းပေါ့။ မြို့မဦးပေါကို ဒါရိုက်တာအဖြစ် ပုဂ္ဂိုလ်တစ်ဦးကခန့်အပ်တဲ့ အခါတုန်း က ဦးပေါအတွက် ဘကြီးမိုး ဇာတ်ညွှန်းရေးပေးခဲ့ရတာလည်း မှတ်မိပါရဲ့။

 ပြောမယ့်သာပြောတယ်၊ ဘကြီးမိုးဟာ အထက်တန်းကျောင်းသား ဘဝမှာပဲ မန္တလေးသင်္ကြန်နဲ့ မြို့မကိုမီခဲ့တာပါ။ တက္ကသိုလ်ကို ရောက်ကတည်းက သင်္ကြန်နဲ့ဝေးခဲ့တာ၊ ၁၉၅၈ သင်္ကြန်ကျတော့ ထောင်ထဲတောင်ရောက်နေ လေသေး။

 အဲထောင်ဆိုလို့ သင်္ကြန်ဘယ်နှကြိမ်လောက်များ ဘကြီးမိုး ထောင်ထဲရောက်နေခဲ့သလဲ မမှတ်မိတော့ပါဘူး။ ခြောက်ကြိမ်၊ ခုနစ်ကြိမ်တော့ ရှိထင်ရဲ့။ ဦးဝင်းတင်လို ၁၈ ကြိမ်၊ ၁၉ ကြိမ်မကျ ခဲ့တာပဲ ကံကောင်းတယ်ထင်ပါရဲ့။

 ပြောလို့သာပြောရတာပါ၊ ဘကြီးမိုးနဲ့ သင်္ကြန်ဟာသိပ်အဆင်မပြေလှပါဘူး။ ရုပ်ရှင်လောကထဲရောက်ခါစကျောက်မြောင်း ဣစ္ဆာသယလမ်းမှာနေတုန်းက သူငယ်ချင်းအေးသိန်း (ဒါရိုက်တာ ဝိုင်းတင်အောင်မြင်ဦး)တို့ ဇနီးမောင်နှံရယ်လာခေါ်လို့ မှတ်မှတ်ရရ ရန်ကုန်သင်္ကြန်ကို ကားနဲ့ တစ်ခါပတ်ကြည့်ဖူးပါရဲ့။

ဒါပေမဲ့ မန္တလေးသားစစ်စစ်ဖြစ်လေတော့ မြို့မနဲ့ မန်းသင်္ကြန်တွေ တသသနဲ့ လွမ်းနေရဆဲပါပဲ။ ဆရာကြီး မြို့မငြိမ်းရဲ့သား ဦးရွှန်းမြိုင်ဟာ ဘကြီးမိုးတို့ခေတ်တုန်းကတော့ လူငယ်ပေါ့။ ဘကြီးမိုးတို့ သူ့ယောက်ဖပေါ်ဦးသက်တို့ သွားလေရာလိုက်ပါလေ့ရှိ တဲ့ လူငယ်လေ။

ဘကြီးမိုး ထောင်ထဲမှာရှိစဉ် အမြဲတမ်း အသံကုန်ဟစ်ပြီး သီဆို လေ့ရှိတဲ့သီချင်းကတော့ အခါတော်ရောက်ချိန်နီးလို့လာပြီလေ ကိုကို မမ ညီမတို့ရေ x အသည်းစွဲချစ်မိတ်ဆွေ x x ခေတ္တခွဲလို့ နေx x မြို့မနဲ့ အတူတကွလိုက် ပါနိုင်စေx xx အောင်စည်ရွမ်းသံကြားပြီထင့် x x ပြည်တော်ဝင်မယ်လေ xx ဆိုတဲ့ သီချင်းပါ။

ဘာလို့ အော်အော်ဆိုရသလဲဆိုရင် ဘကြီးမိုးတို့က(၂)တိုက်မှာ နေရတယ်။ (၃)တိုက်မှာက ဘကြီးအောင်နဲ့ ဦးဝင်းတင်ရှိတယ်။ (၃) တိုက်မှာက မင်းသိင်္ခတို့၊ စံ- ဇာဏီဘိုတို့ရှိသလို ဘကြီးမိုးရဲ့ဘော်ဒါ တွေအားလုံးရှိတဲ့ တိုက်ပါ။ ဘကြီးမိုးက ရေချိုးထွက်ရင် (၃)တိုက်နဲ့ ကပ်လျက်က ရေကန်ကိုသွားသွားချိုးရတယ်။ (၃)တိုက်ရဲ့ နောက်ကျောဘက်က ဖြတ်ဖြတ်လျှောက်ရတာပေါ့။
အဲသည်အချိန်တုန်းက(၃)တိုက်ရဲ့ နောက်ဘက် ပြတင်းပေါက်ရှိတာ၊ ဘကြီးအောင်ပဲရှိတယ်။ သူ့ကိုတော့ မျက်နှာမြင်ရတယ်ပေါ့။ ဒါပေမဲ့ ကျန်တဲ့မိတ်ဆွေတွေကို ဘကြီးမိုးရေချိုးဆင်းကြောင်းသိရ လေအောင် ပြည်တော်ဝင်သီချင်းကို အော်အော်ဆိုရတာပါ။ ဘကြီးမိုးရေကန်မှာ ရေလာချိုးတဲ့ တစ်ခါတလေ စစ်မြေပြင်မှာ ဝပ်တက်သလိုလာလာပြီး နှုတ်ဆက်လေ့ရှိတဲ့ ပုဂ္ဂိုလ်ကတော့ ကွယ်လွန်ရှာပြီဖြစ်တဲ့ မင်းသိင်္ခပဲဖြစ်ပါတယ်။

 ပြည်တော်ဝင်သီချင်းဟာ မြို့မပဲလေ။ အဓိကအရေးအကြီးဆုံး အချက်ကတော့ အောင်စည်ရွမ်းသံကြားပြီထင့် ပြည်တော်ဝင် မယ်လေဆို သဟာပဲပေါ့။
အောင်စည်ရွမ်းသံကြားပြီထင့် ပြည်တော်ဝင်မယ်လေလို့ အခြား တိုက်တွေမှာနေကြရတဲ့ ထောင်မိတ်ဆွေဘော်ဒါတွေကိုအားပေး တဲ့အနေနဲ့ ဆိုခဲ့တဲ့သီချင်းပါ။
တကယ် ဒီမိုကရေစီအောင်စည်ဟိန်းသံကြားရပြီး ပြည်တော်ဝင်ရ တဲ့အချိန်မှာတော့ ထောင်ထဲမှာအတူနေခဲ့ရတဲ့ ဦးဝင်းတင်၊ မောင်သော်က၊ မောင်ကိုယု၊ ဦးတင်ရွှေ၊ ဦးထွန်းတင်၊ဦးကျော်မင်း၊ မောင်ဝံသတို့ မရှိကြတော့ဘူးပေါ့။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို မကြုံမကြိုလိုက်ရသူများ ဖြစ်ပါတယ်။ အားလုံးဆုံကြတာက ၉၀ ရွေးကောက်ပွဲလေ။ ၁၉၉၀ မှာ အင်န်အယ်လ်ဒီက အနိုင်ရခဲ့ပေမဲ့ အနိုင်ရတဲ့ အန်ကယ် ဦးကြည်မောင်အပါအဝင် အင်န်အယ်လ်ဒီခေါင်းဆောင်တွေဟာ ဦးဝင်းတင်တို့၊ ဘကြီးမိုးတို့ရှိရာ အင်းစိန်ထောင်ထဲကိုရောက်ခဲ့ကြ တာပေါ့။

အခုတော့ ၂၀၁၅ နိုဝင်ဘာမှာသည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ သမ္မတ ဦးထင်ကျော် (ဘကြီးမိုးတို့ရဲ့ဆရာ ဆရာ မင်းသုဝဏ်ရဲ့သား) နဲ့ အစိုးရဖွဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ် လာခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လာတာ တစ်နှစ်ပဲရှိလာပြီမို့ အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တစ်နှစ်တာအစီရင်ခံစာ သဘောမျိုး မိန့်ခွန်းပြောတာကိုလည်း နားထောင်လိုက်ရပါ့။ နိုင်ငံရေး အကဲခတ်များ၊ ဝေဖန်သူများက အားမရဘူးဆိုတဲ့ ပြောသံဆို သံတွေလည်း ကြားရပါ့။ ဘကြီးမိုးကိုယ်တိုင်လည်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ (အဲသည်အစိုးရလက်အောက်မှာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်မပါဘူးနော်)ရဲ့ အဖြစ်ဟာ အရင်အစိုးရဟောင်းရဲ့ အပေါက်တွေကို ဖာရထေးရလုပ်နေရတာနဲ့ အချိန်တွေ ကုန်နေရှာလေရော့သလားဆိုပြီး အပေါက်တစ်ရာ နှစ်ရာ အဖာကတစ်ခုဆိုပြီးရေး လိုက်မိသေး။


သင်္ကြန်ဆိုတော့ မြန်မာတို့ရဲသင်္ကြန်သဘောက နှစ်ဟောင်းက စွန်းထင်းပေကျံခဲ့တဲ့ အညစ်အကြေးတွေကိုအတာရေနဲ့ဆေးကြော သန့်စင်ပစ်တယ်လို့ ဆိုပဲ။
သည်တော့ နှစ်ဟောင်းက အညစ်အကြေးတွေဟာ ဘယ်လိုဟာတွေ များပါလိမ့်လို့ ဘကြီးမိုးစဉ်းစားတွေးတောပြီး ဉာဏ်မမီတာလား၊ များလွန်လွန်းလို့ လက်လှမ်းမမီတာလားမသိပါဘူး။ အညစ်အကြေးတွေက နှစ်ပေါင်း ၅၀ ကျော် စွန်းထင်းပေကျံနေခဲ့ တာလေ။ အဲသဟာကို အတာရေနဲ့ ဆေးကြောလိုက်ရုံနဲ့ ပြောင်နိုင် ပါ့မလား၊ သန့်စင်နိုင်ပါ့မလားလို့ မယုံမရဲစိုးရိမ်ပူပန်စိတ်ဖြစ်တယ် ခင်ဗျ။
ခေတ်ဟောင်းက အညစ်အကြေးကိုအတာရေနဲ့ဆေးပါ့မယ်နှင့် ဘကြီးမိုးပါ။

ဘကြီးမိုး