ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

နရီမင်း ● လမ်းလျှောက်အရုပ်

နရီမင်း ● လမ်းလျှောက်အရုပ်
(မိုးမခ) ဧပြီ ၁၁၊ ၂ဝ၁၇

ရန်ကုန်မြို့တော်ကို လမ်းလျှောက်အရုပ်များ၊ ဘီးလိမ့်ယန္တရားများ၊ ရောင်စုံကျောက်တုံးများနှင့် ဖွဲ့စည်းထားကြောင်း သူငယ် ချင်းတဦးက ပြောခဲ့သည်။ (ကျွန်တော့်အထင်) ဤမျှအသက်ဝင်သောမြို့အား ထိုမျှအသက်မဲ့အောင် ခံစားပြသော သူငယ် ချင်း၏ စကားက အံ့သြဖွယ်ကောင်းလောက်အောင် ရုပ်ဆန်လွန်းနေသည်။

တောဘုရားပွဲ တခုကဲ့သို့ ရှုပ်ထွေးနေသော ရန်ကုန်မြို့လယ်ကောင် ပလက်ဖောင်းတခုပေါ် အခြားသော လမ်းလျှောက် အရုပ်များကို တိုးဝှေ့ရှောင်တိမ်းလျက် ကျွန်တော်နှင့် သင်းသင်းတို့ လမ်းလျှောက်လာကြသည်။ ကျွန်တော်တို့ဌာနတွင် သင်းသင်းနှင့် နှင်းနှင်းဟုခေါ်သော ဆရာမနှစ်ယောက် ရှိသည်။ ကျွန်တော်နှင့်အတူ လမ်းလျှောက်လာသော သင်းသင်းမှာ ထိုညီမနှစ်ယောက်ထဲမှ တယောက်မဟုတ်ပါ။ ထိုသို့ပြောရခြင်းမှာ ထိုညီမနှစ်ယောက်ထဲမှ သင်းသင်းက “ရှင်နဲ့ကျွန်မ ဘယ်တုန်းက အတူတူ လမ်းလျှောက်ဖူးလို့လဲ” ဟုဆိုကာ နောင်အခါ အသရေဖျက်မှုနှင့် တရားစွဲလာနိုင်သောကြောင့် ဖြစ် ၏။

ကျွန်တော်နှင့်အတူ လမ်းလျှောက်လာသော သင်းသင်းကို ‘Another သင်းသင်း’ ဟုသာ ယေဘုယျသဘော ခွဲခြားမှတ်သား လိုက်ကြပါစို့။ တလွဲမယူဆကြပါနှင့်။ လူများသည် ဂဏန်းနှစ်လုံးတွဲမြင်တိုင်း ချဲဂဏန်းဟု ကောက်ယူကြသကဲ့သို့ နှစ် ယောက် ယှဉ်လျက်သားတွေ့တိုင်း အတွဲတတွဲဖြင့် အစွပ်စွဲသန် (ဝါ) အတင်းပြောသန်ကြသည်။ သင်းသင်းက ပြော၏။ “ကျွန်မတယောက်တည်း ရန်ကုန်မှာ ကျင်လည်နေရတာ။ အမေလည်း ရန်ကုန်မှာနေတာပဲ။ ဒါပေမဲ့ ကျွန်မအမေနဲ့ မတွေ့ ရတာ အတော်ကြာပြီ” တဲ့။ ကျွန်တော်တို့ လူများအကြား တိုးဝှေ့ကြရင်း ဖွဲ့စည်းပုံ ပြောင်းသွားပြန်၏။ ကျွန်တော့်ဘေးမှ သင်းသင်းသည် ကျွန်တော့်ရှေ့သို့ ရောက်သွားပြီး ကျွန်တော့်နောက်မှ အေးမွန်သည် ကျွန်တော့်ဘေးသို့ ရောက်လာပြန်၏။
လူများအကြား တိုးဝှေ့သွားလာနေရသည်မှာ ငြီးငွေ့ဖွယ်ရာကောင်းလာ၏။ ငြီးငွေ့ဖွယ်ရာ အနေအထားကို ကျော်လွှားဖို့ရာ ယခုလက်ရှိ အခြေအနေအရ စကားပြောခြင်း တခုသာ ရှိ၏။ ထို့ကြောင့် ကျွန်တော့်အနေဖြင့် နံဘေးတွင် ရောက်ရှိလာသော အေးမွန်အား စကားများ ပြောရပေတော့မည်။

“ငါတို့ အိမ်ဘေးကခြံမှာ အလုပ်သမား လင်မယားနှစ်ယောက် ငှားနေတယ်။ သူ့မိန်းမက ကလေးမွေးပြီး အားပြတ်နေတယ်။ အသားဝယ်စရာ ပိုက်ဆံက မရှိတော့ ခွေးတကောင်ကို သတ်ပြီး သူ့မိန်းမကို ချက်ကျွေးလိုက်တယ်။ သူသတ်လိုက်တဲ့ ခွေးမကြီးမှာက ရက်သားအရွယ် ခွေးကလေးသုံးကောင် ကျန်ခဲ့တယ်။ အဲဒီတော့ ငါက မနက်တိုင်းမနက်တိုင်း အဲဒီကျန်ရစ်သူ ခွေးကလေးသုံးကောင်ကို နို့တိုက်ရတယ်”

အေးမွန်က တဟားဟား အော်ရယ်သည်။ “ဘာရယ်တာလဲ။ နို့တိုက်တယ်ဆိုတာ နွားနို့ဝယ်ပြီး တိုက်တာကို ပြောတာ။ ဘယ့်နှယ့်၊ ငါက သနားစရာကောင်းတဲ့ ဇာတ်လမ်းကို ပြောနေတာ။ နင်က ဟာသဇာတ်လမ်းများ မှတ်နေသလား”

အရာရာကို ဇာတ်လမ်းများအဖြစ် ပြောပြဖို့၊ ဇာတ်လမ်းများအဖြစ် နားထောင်ဖို့နှင့် ဇာတ်လမ်းများအဖြစ် ခံစားဖို့သာ အား သန်ကြသော ကျွန်တော်တို့သည် အရာရာကို ဇာတ်လမ်းများအဖြစ်သာ ဖမ်းယူထားလိုက်ကြတော့၏။ တကယ့်အဖြစ်မှန်သည် ဇာတ်လမ်းများကဲ့သို့ အစီအစဉ်တကျ ဖြစ်ပွားနေခြင်းမျိုး မဟုတ်။

အခုပဲကြည့်။ နောက်ထပ် လူတအုပ်နှင့် ထပ်မံတိုးဝှေ့ပြီးသောအခါ အေးမွန်သည် အနောက်ဘက်တွင် ကျန်ခဲ့ပြီး မသန္တာ တယောက် ကျွန်တော့်ဘေးသို့ ရောက်လာ၏။ မသန္တာသည် အလွန်အရပ်ရှည်သော အပျိုကြီးဖြစ်၏။ ကျွန်တော့်အနေနှင့် သူနှင့်အတူယှဉ်တွဲ၍ လမ်းလျှောက်သွားရသည့် အခါတိုင်း ပြင်သစ်စစ်ဘုရင် နပိုလီယံကဲ့သို့ သိမ်ငယ်မိပြီး အိုင်စတိုင်း၏ ရီလေးတဗတီသီအိုရီကို သတိရ၏။

ယခုအခါ စကားပြောလာသူမှာ မသန္တာဖြစ်၏။

“ကျွန်မတို့အိမ်မှာ မော်လီဆိုတဲ့ ကြောင်မလေးတကောင် ရှိတယ်။ အရမ်းလှတာပဲ”

မော်ဒယ်လ်ရှိုးများတွင် ‘လူမ’ များ လှမလှကို လူကြီးမင်းများက အမှတ်ပေး ရွေးချယ်သော်လည်း ‘ကြောင်မ’ များ လှမလှ ဆုံးဖြတ်သည့် အမှတ်ပေးစည်းမျဉ်းကို လည်းကောင်း၊ စံထားသည့် ခန္ဓာကိုယ် အတိုင်းအထွာကို လည်းကောင်း ကျွန်တော်မသိပါ။

“ညတိုင်းညတိုင်း ကြောင်ထီးတွေ ကျွန်မတို့အိမ်ကို အလည်လာလိုက်ကြတာ တရုန်းရုန်းပဲ”

“လူထီးတွေရော အလည်မလာကြဘူးလား” သူ၏ အပျိုကြီးဖြစ်နေမှုကို ကျွန်တော်ရည်ညွှန်းကြောင်း မသန္တာ သဘော ပေါက်၏။

“ကျွန်မ ဒီလောက်တောင် အလုပ်ရှုပ်တာ သူတို့ကို ဧည့်ခံစကားပြောဖို့ မအားပါဘူး”

အရာရာကို ဇာတ်လမ်းများအဖြစ် ပြောပြဖို့၊ ဇာတ်လမ်းများအဖြစ် နားထောင်ဖို့နှင့် ဇာတ်လမ်းများအဖြစ် ခံစားဖို့သာ အား သန်ကြသော ကျွန်တော်တို့သည် အရာရာကို ဇာတ်လမ်းများအဖြစ်သာ ဖမ်းယူထားလိုက်ကြတော့၏။ တကယ့်အဖြစ်မှန် သည် ဇာတ်လမ်းများကဲ့သို့ အစီအစဉ်တကျ ဖြစ်ပွားနေခြင်းမျိုး မဟုတ် ....

ကျွန်တော်က သူ့အား ‘အိုဟင်နရီ’ ၏ ဝတ္ထုတိုထဲမှ Businessman အကြောင်း ပြောပြဖို့ စိတ်ကူးရလိုက်၏။ သူနှင့် မနေ့က လေးတင် လက်ထပ်ထားသော သူ၏ အတွင်းရေးမှူးမလေးအား ဒီနေ့တွင်မေ့ပြီး ရည်းစားစကားပြောမိသည့် Businessman တယောက်အကြောင်း။

သို့သော် သင်းသင်းသည် ကျွန်တော်တို့နံဘေးသို့ ဖျတ်ခနဲရောက်ရှိလာပြီး လမ်းတဘက်ခြမ်းသို့ လက်ညှိုးထိုးပြကာ အလန့်တကြား “ဟယ်... ဟိုမှာ...ဟိုမှာ အမေ။ ကျွန်မ အမေ” ဟု ပြောပြီး “အမေ..အမေ” ဟုခေါ်ရင်း ကားများတလဟော စီးဆင်းနေသည့်လမ်းကို ဖြတ်ကူးသွား၏။ သူ၏ ‘အမေ’ ဟုခေါ်သံကို ကားစက်သံများက စုပ်ယူလိုက်ကြ၏။

ကျွန်တော့်အာရုံထဲ ဇာတ်ကွက်လေးတခု မြင်ယောင်လာသည်။ နှစ်ပေါင်းများစွာ ကွဲကွာနေကြသော အမေနှင့်သမီးတို့ လမ်း မအလယ်ကောင်တွင် ဆုံကြ၏။

“အေမ...ေ-ေ-ေ-”
“သမီး... -ီး -ီး -ီး”

ထိုအချိန်တွင် အရှိန်ပြင်းစွာ မောင်းနှင်လာသော ကားတစီးက ဝင်တိုက်။

“အုန်း၊ ဒိုင်း၊ ဝုန်း၊ ဂွမ်း”
“အမယ်လေး၊ ကားတိုက်သွားပြီတော့်”

ဆူဆူညံညံ လူသံများ၊ လူများ ဝိုင်းအုံနေကြ။ လမ်းပေါ် မြင်မကောင်းအောင် အိုင်ထွန်းနေသော သွေးများ၊ ယာဉ်ထိန်းရဲများ၊ လူနာတင်ကား ဥသြသံများ။

သို့သော် ပျင်းစရာကောင်းလောက်အောင်ကို ဘာမှမဖြစ်။ သင်းသင်း ပြန်ရောက်လာသည်။

“အမေကလည်း ကျွန်မခေါ်နေတာ မကြားဘူး။ လိုင်းကားပေါ် တက်သွားတယ်။ ကားကလည်း ထွက်တာမြန်လိုက်တာ”

ကျွန်တော် ခုနက တွေးမိသည်များကို သူ့အား ပြောပြပါက တခစ်ခစ် ရယ်နေပေတော့မည်။ ဟိုရှေ့က လမ်းထောင့်တွင် ကိုကျော်နိုင်ဦးတယောက် စိတ်မရှည်စွာ ရပ်စောင့်နေသည်။ ကိုကျော်နိုင်ဦးက မနက်တွင် ကမန်းကတန်း ရုံးကိုသွားသည်။ ပြီးတော့ ကျူရှင်တွေ တခုပြီးတခု လိုက်ပြသည်။ ည ၁၁ နာရီ၊ ၁၂ နာရီလောက်မှ အိမ်ပြန်ရောက်ပြီး အမောတကော အိပ်ရာ ဝင်သည်။ နောက်တနေ့ လိုင်းကားပေါ်တွင် ငိုက်မျဉ်းရင်း လိုက်ပါလာသည်။ လမ်းပေါ် ကြုံရာဆိုင်တွင် ထမင်းဝင်စားပြီး စားခဲ့သည့်ဟင်းနှင့် ထမင်းဆိုင်အမည်ကို ဘယ်တော့မှ မမှတ်မိ။ သူသည် ငယ်ငယ်ရွယ်ရွယ်နှင့် ဝင်ငွေအတော်ကောင်းသူ ဖြစ်သည်။

ဤသို့ဆိုလျှင် ကိုကျော်နိုင်ဦးသည်လည်း ရန်ကုန်ဇာတ်ခုံပေါ်က လမ်းလျှောက် အရုပ်တရုပ်ပဲလား။ ကိုကျော်နိုင်ဦးသည် လမ်းလျှောက်အရုပ်တရုပ်မဟုတ်ကြောင်း ခုခံချေပရန် အလို့ငှာ ကျွန်တော့်အား ရှေ့နေအဖြစ် ငှားခဲ့လျှင် သူ့အတွက် ခုခံ ချေပပေးရန် ကျွန်တော့်တွင် ခိုင်လုံသော အထောက်အထားတရပ် ရှိနေပါသည်။

ဟုတ်ပါပြီ။ ကိုကျော်နိုင်ဦး၌ ရွှေစင်ဟုခေါ်သော ချစ်သူတယောက် ရှိနေသည့်အတွက် ကိုကျော်နိုင်ဦးသည် လမ်းလျှောက် အရုပ်တရုပ် မဖြစ်နိုင်ပါ။ သို့သော် ရွှေစင်သည် ကိုကျော်နိုင်ဦးအဖို့ရာ ဝယ်ယူသိမ်းဆည်းထားပြီး တခါမှ ဖွင့်မဖတ်ဖြစ်သေး သော စာအုပ်တအုပ် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

နရီမင်း
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း (၁၉၉၉)