အောင်မော်ဦး ● အလှဆုံးဆည်းဆာကို ပင်လယ်ထဲလွှတ်ချခဲ့ကြတယ်

အောင်မော်ဦး ● အလှဆုံးဆည်းဆာကို ပင်လယ်ထဲလွှတ်ချခဲ့ကြတယ်
(မိုးမခ) ဧပြီ ၂၃၊ ၂၀၁၇

ကမ္ဘာကျော်အောင်လှတဲ့ဆည်းဆာမှာ
ကမ္ဘာကျော်ကဗျာတပုဒ်အကြောင်းပြောကြစို့ဂျနီဖာ
ငါ့နံဘေးမှာထိုင်ပါ ငါ့ပခုံးကိုမှီပါ အသက်ဝဝရှူပါ တဖျပ်ဖျပ်ရိုက်နေတဲ့ ကင်မရာကို ပိတ်လိုက်ပါ
လေအပင့်မှာ လွင့်လာမယ့်ဆံပင်တွေကို မသိမ်းလိုက်ပါနဲ့
ကျေးဇူးပြု၍ သူ့အလွင့်အတိုင်း ရှိကြပါစေ။

ရေခြားမြေခြားရောက်နေသူတွေရဲ့အလွမ်းဟာ
အကွာအဝေးနဲ့ဆို မိုင်ပေါင်းထောင်ချီတယ်
အချိန်ကာလနဲ့ဆို ရက်ပေါင်းထောင်ချီတယ်
လွမ်းကောင်းတိုင်းသာ လွမ်းရရင်
အလွမ်းချည်းသက်သက်တင် ရာဇဝင်တွင်လောက်တယ်။

ဒါပေမဲ့ ဒါတွေ နင်ဘယ်သိလိမ့်မတုန်း
ငါဟာ ကမ္ဘာ့လူဦးရေစာရင်းထဲ
ထည့်သွင်းရေတွက်ခြင်းမခံရတဲ့ ကမ္ဘာမဲ့တကောင်ပါ
ငါဟာ နိုင်ငံ့လူဦးရေစာရင်းထဲ
ထည့်သွင်းရေတွက်ခြင်းမခံရတဲ့ နိုင်ငံမဲ့တကောင်ပါ
ငါဟာ မိဝေးဖဝေး ဇာတိနဲ့ဝေးခဲ့တဲ့ ပြည်ပြေးတကောင်ပါ
ဒုက္ခသည်တွေလို့ သတ်မှတ်ခံကြရတဲ့ ဒုက္ခကို
ဒုက္ခသည်တွေလောက် ဘယ်သူသိနိုင်ပါ့မလဲ။

ဒါပေမဲ့ ဒါတွေ နင့်ကိစ္စမှမဟုတ်တာ
ခုတလော ငါ့မှာ နေ၊ စား၊ မကောင်းလှဘူး
နယ်နိမိတ်မျဉ်းပေါ်မှာ လွမ်းဖျား ဖျားတယ်
ခြစ်ခြစ်တောက်ပူတဲ့ကိုယ်ဟာ ခိုက်ခိုက်တုန်လို့
ပြာနှမ်းနှမ်း နှုတ်ခမ်းအစုံကလည်း ခြောက်ကပ်အက်ကွဲ မသဲမကွဲ ညည်းလား ညည်းရဲ့
စောင်အထပ်ထပ်ခြုံလို့ မနွေးတဲ့ဝေဒနာ
အရိုးထဲ တသိမ့်သိမ့်၊ စိမ့် စိမ့်ပြီး ချမ်းတာမျိုး
နင်သာခံစားဖူးရင် ငါ့ အသနားပိုရှာမယ်။

Anopheles ခြင်တွေကို ရိုက်ပါ ဂျနီဖာ
ခမျာလေး သွေးနီဥတွေပေါက်ကွဲနေရှာပေါ့
ခမျာလေး ခန္ဓာကိုယ်ထဲ ရေဓာတ်တွေ ဆုံးရှုံးနေရှာပေါ့
"စိတ်မပူပါနဲ့ ဒီလိုပါပဲ
ခဏနေ အဖျားကျရင် သက်သာသွားမှာပါရှင်" တဲ့
သူနာပြုဆရာမလေးကပြောတယ်
တဆိတ် ဆရာမလေးရယ်
ကျနော့်နဖူးပေါ် တင်ထားတဲ့ လက်ကလေး ဖယ်မပစ်လိုက်ပါနဲ့
သူ့ကို ဟေမာနေဝင်းသီချင်း ဖွင့်ပေးလိုက်ကြပါ
"ကောင်လေး xxx ငှက်ဖျား ဖျားနေတယ်
ကောင်လေး xxx နေကောင်းသွားမှာပါ"

နာလန်ထခါစ လေကောင်းလေသန့်ရှူရရင် သိပ်ကောင်းမှာပဲ
ကျနော်ရယ် ဂျနီဖာရယ် လမ်းလျှောက်ထွက်ခဲ့ကြတယ်
နှစ်အတန်ကြာ လျှောက်ခဲ့ကြဖူးတဲ့ ကမ်းခြေဟာ အပြောင်းလဲကြီး ပြောင်းလဲလို့
လေဟာ တရွှီရွှီချွန်သံပေးရင်း တိုက်နေတယ်
အညှာအတာမဲ့လေဟာ အပွင့်တွေလည်း ခြွေတယ် အရွက်တွေလည်း ခြွေတယ်
ကမ်းပါးတလျှောက် သစ်ပင်တွေဟာလည်း တဝုန်းဝုန်းပြိုကျလို့ ကမ်းပါးဟာလည်း ပြိုကျလို့
လှိုင်းတွေဟာ ကမ်းခြေပေါ်တက်တက်လာပြီး
ရင်နဲ့အပြည့် သိုဝှက်ထားတဲ့အနာဂတ်ကို တတိတိ တိုက်စားလို့
အလိုပြည့်သူလို အကုန်ရသွားတဲ့ ပင်လယ်ဟာ စိတ်ပုပ်တယ်
ပြန်ပြင်လို့မရနိုင်တော့တဲ့အတိတ်ကို
မလိုအပ်တော့တဲ့ ကျနော့်ကမ်းခြေမှာ
မသိဆိုးရွား ထားသွားရစ်ခဲ့တယ်။

ပြန်ကြပါစို့ဂျနီဖာရယ် လေက စိမ်းလွန်းလှတယ်
မြို့တော်ဟာ ရွေးကောက်ပွဲ ကတိကဝတ်တွေနဲ့
မစားရဝခမန်း ငမ်းငမ်းတက်လို့ စိတ်ကြီးဝင်နေတယ်
များများမျှော်လင့်သူဟာ များများနာကျင်ရတာပဲ
နိုင်ငံရေးဟာ လူကြီးကစားနည်းပါကွာ
ဘယ်မြစ်များ ဖြောင့်ဖြောင့်စီးဖူးလို့လဲ
ကတိကဝတ်လိုတိမ်တွေ လေနှင်ရာလွင့်ပစေ
မသိနိုးနားတိမ်တွေ တူရာစု ငွေ့ရည်ဖွဲ့ကြပစေ
ငါ့သဘောအတိုင်းသာဆို
ရှစ်ခွင်တိုင်း မှိုင်းမှိုင်းဝေအောင်ထစ်ချုန်းလို့
ဆိုင်းဆိုင်းညို့ပြီးကို ရွာချပစ်လိုက်မယ်။

ဒါပေမဲ့ ဒါတွေနင်သိဖို့မှမလိုတာ
ဘယ်အရာမဆို
သူ့နေရာနဲ့သူ ရှိနေတာကိုက လှခြင်းတမျိုးမို့
မပြင်ဘဲနဲ့ကို ကပိုကရိုနဲ့ လှတဲ့နင်ဟာ
မိုးထဲလေထဲမှာလည်း အလှကြီးလှနေနိုင်သေးတာပဲ
ဘာအရေးလဲ ဂျနီဖာရယ်
အရုဏ်ဦးကိုရဖို့ဆို
တရိပ်ရိပ်ကျနေတဲ့ အလှဆုံးဆည်းဆာကို
ပင်လယ်ထဲ လွှတ်ချလိုက်ကြတာပေါ့။

အောင်မော်ဦး
ဧပြီ၊ ၂၁၊ ၂၀၁၇။