မောင်မောင်ငြိမ်းအေး - ခင်ပန်နှင်းကို ကျွန်တော်သိတယ်(လူပီသတဲ့ နားကြပ်)



ခင်ပန်နှင်းကို ကျွန်တော်သိတယ်
(လူပီသတဲ့နားကြပ်)
မောင်မောင်ငြိမ်းအေး
(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၇
 
ဆရာနေမျိုးအေးထံမှ ယူပါသည်
အစဉ်အလာမဟုတ်
လွှတ်တော်အမတ်တစ်အုပ်လုံးကို အိမ်ဖြူတော်ဖိတ်
မြောက်ကိုရီးယားချာတိတ်ကလေးကို"ပညာ"ပေးဖို့ဆွေးနွေး
"ထရမ့်"ရဲ့နိုင်ငံရေးကိုစောင့်ကြည့်အကဲခတ်နေတုန်း
ဖြုန်းခနဲ
ရင်ထဲမှာလှုပ်ရှား
သတင်းတခုကြားလိုက်မိတယ်။

မန္တလေးဆေးရုံကြီးက
ကင်ဆာကုသဆောင်အတွင်း
"ခင်ပန်နှင်း"တယောက်
ဒူးမထောက် လက်မမြှောက်
သေမင်းဆီတည့်တည့်ရင်ကော့လျှောက်
သက်ရှိလောကကို သပိတ်မှောက်သတဲ့။

အစဉ်အလာကောင်းတဲ့
မြောင်းမြသူ "ခင်ပန်နှင်း"
ဝတ္ထုတိုရွှေခေတ်အတွင်း
လင်းခဲ့တယ်။

ရွှေဘုံသာလမ်းထဲ
အလင်းနည်းတဲ့ဆေးခန်းကလေး
ထောင့်တွေမှာပင့်ကူမြှေးတွေစွဲ
သူကတော့စပ်ဖြဲဖြဲ
စာနယ်ဇင်းလောကထဲက
ကဗျာဆရာ စာရေးဆရာ
ကာတွန်းဆရာ ပန်းချီဆရာ
အယ်ဒီတာ
အသပြာချို့တဲ့သူတွေရဲ့ရောဂါများ
တတ်အားသမျှစမ်းသပ်
သူ...နှင်ပေးတတ်ပေရဲ့။

ဝတ္ထုတိုလမ်းကြောင်းကနေ
စာနယ်ဇင်းလမ်းကြောင်းပြောင်း
အယ်ဒီတာကောင်းတယောက်ဖြစ်
အားလုံးအပေါ်ချစ်ခဲ့ပြန်တယ်
ဟိတ်ဟန်မထုတ် မလုပ်
စိတ်ထဲရှိသမျှ ချုပ်မထား
ပွင့်လင်းအားကြီးတော့
မလေးစားသူအချို့ရှိခဲ့တယ်။

တခါ တခါ
ဘီယာကလေးမော့
အပန်းဖြေစိတ်လျှော့တော့
မေးငေါ့သူအချို့အတင်းတုတ်ကြ
သူကတော့ပေါ့ပေါ့ပါးပါး
စိတ်ထဲမထား
လားလားမှမမှု
ဂရုမစိုက်တာမဟုတ်
မတုန်လှုပ်တာ။

ပြည်ထောင်စုနေ့စဉ်မှာ
အယ်ဒီတာသူဝင်လုပ်
ရုတ်တရက်အံ့ဩကြ
ကရုဏာဒေါသောနဲ့
မကောင်းမြင်ကြ မကောင်းပြောကြ
ဆန့်ကျင်ကြ ကန့်ကွက်ကြ
မုန်းလို့ကဖြင့်မဟုတ်
အာဏာရှင်အုပ်စုအတွက်
ချွေးမထွက်သင့်
ဉာဏ်မထွက်သင့်
အလုပ်အကျွေးမပြုသင့်......တဲ့
သူကတော့မရွဲ့မစောင်း
ဒီမိုကရေစီလမ်းကြောင်းမှာ
ပန်းပေါင်းစုံပွင့်ရမယ်ဆိုလား။

"ခင်ပန်နှင်း"တဲ့
စာပေလောကရဲ့ချစ်ခြင်း မုန်းခြင်းတွေကိုခံယူ
သူ.....
လူတယောက်အဖြစ်ကဘဝပြောင်း
မိုးကောင်းကင်သွားမလား
မြေကြီးထဲဆင်းမလား
ခင်ဗျားမသိ ကျွန်တော်မသိ
သိလည်းမသိချင်
ရှိမြဲတော့ရှိစေချင်တယ်မဟုတ်လား
လူသားပီသသူတယောက်ဖြစ်ခဲ့တယ်။
......
" ခင်ပန်နှင်းသို့ အလွမ်းရင့်ရင့်ဖြင့်"

မောင်မောင်ငြိမ်းအေး