ဇင်လင်း ● အိပ်ပေါက်နှင့် ဖားကောက်နေသည့် မြန်မာ့စီးပွားရေး


ဇင်လင်း ● အိပ်ပေါက်နှင့် ဖားကောက်နေသည့် မြန်မာ့စီးပွားရေး
(မိုးမခ) ဧပြီ ၄၊ ၂၀၁၇

မြန်မာနိုင်ငံတော်သမ္မတ ဦးထင်ကျော် အစိုးရသစ်၏ သက်တမ်းသည် တစ်နှစ်သားရှိခဲ့ပြီဖြစ်သည်။ ပြောင်းသည့် ကဏ္ဍ အချို့တွင် အတော် အတန် အပြောင်းအရွေ့ရှိလာသော်လည်း ပြည်သူအများနှင့်သက်ဆိုင်သည့် စီးပွားရေးအပိုင်းတွင် မြင်သာထင်သာ မတွေ့ ရသေးဟု ဝေဖန်မှုများ ရှိနေသည်။ သို့ဆိုသော်လည်း ပြည်သူအများစုက နိုင်ငံရေး အကင်းပါး ပါသည်။ ဆယ်စုနှစ် ၆ ခုမျှ ခြတောထဲတွင် ပစ်ချခံထားရသော စီးပွားရေးအဆောက်အဦးကို နေ့ချင်းညချင်း ပြန်လည် ထူထူထောင်ထောင်ဖြစ်အောင် လုပ်ရန် မလွယ်သည်ကို ပြည်သူများ သဘောပေါက်ပါသည်။ အစိုးရအနေဖြင့် ၎င်း၏ ရွေးကောက်ပွဲ ကတိက၀တ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အထူးအားစိုက်ကြိုးပမ်းနေသော်လည်း အခြား တစ်ဖက် တွင် အစိုးရအား အယုံအကြည်မဲ့ စေရန် ကောလဟလ သတင်းများဖြင့် တိုက်ခိုက်နေခြင်းကိုလည်း သိနေကြသည်။ တစ်နှစ်ဆိုသည့် အချိန်အတွင်း အစိုးရ သစ် အဓိက ဆောင်ရွက်နေရသော ကိစ္စများမှာ ယခင်အစိုးရ၏ ကြွေးကျန် အလုပ် များ ဖြစ်သည်။ တနည်းပြောရလျှင် ယခင်က ပြီးစလွယ် လုပ်ထားခဲ့သော စီမံကိန်းများကို ပြန်လည်စိစစ်၍ ပြည်သူလူထု အကျိုးစီးပွား ထိခိုက်နစ်နာမှု နည်းနိုင် သမျှ နည်းအောင် လုပ်နေကြရသည်။ အထူးသဖြင့် ပြည်သူလူထု အတွက် သိသိ သာသာ အပြောင်းအလဲ ဖြစ်မလာသေး သည့် ကုန်ဈေးနှုန်းကိစ္စကြောင့် အတိုက်အခံ နိုင်ငံရေးအုပ်စုများ၏ ဝေဖန်မှုကို လက်ရှိ အစိုးရ ခံနေရသည်။ တစ်နှစ်တာ ကာလအတွင်း ယခင်အစိုးရ၏ အကြွေးများနှင့် အရှုပ်အထွေးများကို အတော် အတန် ရှင်းပြီးပြီဖြစ်၍ လာမည့် ဘတ်ဂျက်နှစ် တွင် ပြည်သူလူထု အကျိုးခံစားရမည့် စီးပွားရေး စီမံကိန်းများကို စတင် လာဖွယ်ရှိ ကြောင်း မြင်တွေ့ရသည်။

ဥပမာအားဖြင့် မတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့ Novotel Yangon Max Hotel တွင် Meeting between Chairman of Myanmar Investment Commission and Foreign Business Communities အခမ်းအနား ကျင်းပခဲ့သည်။ ကျေးလက် ဒေသအသီးသီးနှင့် စီးပွားရေးကဏ္ဍအသီးသီးတွင် ပေါ်ပေါက်နေသည့် ဘဏ္ဍာရေးလိုငွေပြမှုကိစ္စ ဖြေရှင်းနိုင်ရန် တံခါးဖွင့် ဈေးကွက်စီးပွားရေးပုံသဏ္ဍာန်အရ ဘက်ပေါင်းစုံမှ အကူအညီပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်ပေးခြင်းဖြင့် အရည်အသွေး၊ ထုတ်လုပ်မှု၊ စွမ်းရည်များနှင့် တီထွင်ကြံဆမှုများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထောက်ပံ့သယ်ယူပို့ဆောင်ရေးစနစ်တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်မည်ဖြစ်သဖြင့် ဈေးကွက်ယန္တရား ပိုမို ကောင်းမွန်ကာ GDP  တိုးတက်မှုကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဝင်းက ပြောကြားသွားသည်တို့မှာ အားတက်ဖွယ် ဖြစ်သည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရသည် ကိုယ်တိုင်စီးပွားရေးလုပ်ခြင်းထက် စည်းမျဉ်းစည်းကမ်း ဥပဒေများဖြင့် ထိန်းကွပ် ပေးခြင်းကိုသာ ဆောင်ရွက်သင့်ပြီး၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းအချို့ကို အမှန်တကယ် လုပ်ကိုင်နိုင်သည့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍသို့ လွှဲပြောင်းပေးသင့်ကြောင်း  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အဆိုပါ အခမ်းအနား၌ ပြောကြားခဲ့ကြောင်း Daily Eleven သတင်းတွင် ဖေါ်ပြခဲ့သည်ကို သတိပြုမိသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက စက်သုံးဆီလုပ်ငန်းနှင့် ဈေးဝယ်စင်တာလုပ်ငန်းများကို ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ အားလုပ်ကိုင်ခွင့်ပြုရန် ဆောင်ရွက်တော့မည်ဟုလည်း ဆိုကြောင်း The Voice က သတင်းဖေါ်ပြသည်။

“ပြည်တွင်းမှာရှိတဲ့ စွမ်းအင်ရောင်းတဲ့ဆိုင်တွေက ပြည်ပမှာ ရေနံဈေးကျလည်း သူတို့ မကျဘူး။ ဒါတွေက ဘာကြောင့် ဖြစ်လာသလဲဆိုရင် ယှဉ်ပြိုင်မှု မရှိလို့။ ဈေးက သူတို့လက်ထဲမှာပဲ ရှိနေတယ်။ ဒီလိုပဲ ဆူပါမားကက်တွေ စတိုးတွေကို ပြည်ပကလူတွေကို ရင်းနှီးမြှုပ်နှံမှု ပေးရမယ်။ အဓိက စားသုံးသူတွေ ရွေးချယ်ခွင့်ရှိလေ စီးပွားရေးအားကောင်းလေပဲ။ ယှဉ်ပြိုင်တဲ့ဘက်ကို သွားမှ ဖြစ်မယ်။” ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဆိုသည်။

“နိုင်ငံတစ်နိုင်ငံ တိုးတက်အောင်လုပ်မယ်ဆိုရင် အစိုးရက စီးပွားရေးလုပ်စရာ အကြောင်းမရှိပါဘူး။ အစိုးရက နိုင်ငံတော် တိုးတက်ရေးအတွက် လိုအပ်တဲ့လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေကို ပြဋ္ဌာန်းဖို့နဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို တရားဥပဒေနဲ့အညီ လိုအပ်သလို ပံ့ပိုးဆောင်ရွက်ပေးဖို့ပဲ။ ကျန်တာက နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် စီးပွားရေး မလုပ်တတ် တဲ့ အစိုးရအနေနဲ့ လုပ်စရာမလိုဘဲ စီးပွားရေးတကယ် လုပ်တတ်တဲ့ လုပ်ငန်းရှင်တွေလက်ထဲကို လွှဲအပ်ပေးဖို့၊ နိုင်ငံ တစ်နိုင်ငံ ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ပြည့်ဝမ်းဗိုက်လို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လက်ထဲမှာပဲရှိစေရမယ်။ မလိုလားအပ်ဘဲ နိုင်ငံပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ စက်မှုလုပ်ငန်းတွေ ကျွန်တော်တို့လက်ထဲမှာ ကိုင်ထားစရာ မရှိ ဘူး။ ကျွန်တော်တို့ စီးပွားရေးယန္တရားတွေ နားမလည်ဘူး။ အုပ်ချုပ်မှုပဲ နားလည်တယ်။ ဒီလိုနားလည်တဲ့ ဥာဏ်လောက်နဲ့ ဒီလိုနားလည်တဲ့ အတွေးအခေါ်လောက်နဲ့ စီးပွားရေးလုပ်လို့ရှိရင် ကျွန်တော်တို့ ဆုံးရှုံးနေမှာပဲ။ မတိုးတက်နိုင်ဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြောင်း အလဲဗင်းမီဒီယာ သတင်းတွင် ဖေါ်ပြသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးအဖွဲ့အစည်းများတွင် တွေ့ဆုံရာ တွင် မြန်မာနိုင်ငံအနေဖြင့် ဘတ်ဂျက်လိုငွေ၊ ကုန်သွယ်ရေးလိုငွေနှင့် ဆင်းရဲနွမ်းပါးမှု ပြဿနာများကို ရင်ဆိုင်နေရကြောင်း၊ အဆိုပါ အခက်အခဲများကို ဖြေရှင်းနိုင်ရေးသည် နိုင်ငံတော်အစိုးရ၏ ဦးစားပေးလုပ်ငန်းများဖြစ်ကြောင်း၊ ၎င်း အခက်အခဲ စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲရမည့်အချိန်ဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟု ဆိုသည်။ ထို့ပြင် အဆိုပါ စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲရာ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား အဓိကအခန်းကဏ္ဍမှ ပါဝင်ခွင့်ပေး နိုင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းအပြင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အသစ်ပြဋ္ဌာန်းမည့် စည်းမျဉ်းအသစ်များ သည် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများအား တန်းတူအခွင့်အရေးများ ဖန်တီးပေးမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ ဒေသအသီးသီးသည် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများ တန်းတူရှိပြီး နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးရရှိရန်ကိစ္စမှာလည်း အရေးကြီးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြား ခဲ့ကြောင်း Daily Eleven သတင်း၌ တွေ့ရသည်။

သို့ဖြစ်၍ လာမည့် ဘဏ္ဍာနှစ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စတင်တာထွက်မည့်နှစ်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက မတ်လ ၁၈ ရက်နေ့နိုဗိုတယ်ဟိုတယ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင်  ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖော်ဆောင်ရေးသည် အရေးအကြီးဆုံး ဖြစ်ကြောင်း၊ ဒုတိယအချက် အနေဖြင့် တစ်နိုင်ငံလုံး ပြည်နယ် ပြည်မ မခွဲခြားဘဲ မျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားများဒေသအသီးသီးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဦးစား ပေး လုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီလုပ်ငန်းကြီးနှစ်ရပ်ကို အောင်မြင်အောင် ဆောင်ရွက်တဲ့အခါမှာ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေ ပြည်ပမှာရှိတဲ့ လုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကမောင်းနှင်ပေးနိုင်တဲ့ စွမ်းအားရှင်များ ဖြစ်ပါတယ်။ ဒီ စွမ်းအားရှင်တွေ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေအားလုံးရဲ့ စွမ်းအားကို စုစုစည်းစည်းနဲ့ မြန်မာနိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်တွေကို ရိုးရှင်းလွယ်ကူမြန်ဆန်စွာ လုပ်ကိုင်ခွင့်ပေးမယ်ဆိုရင် မလိုလားအပ်တဲ့ Red Tape တွေကို ဖယ်ရှား နိုင်မယ်ဆိုရင် မလိုလားအပ်တဲ့ Regulations တွေ Manual တွေ Practice တွေ ဖယ်ရှားနိုင်မယ်ဆိုရင် ဒီလုပ်ငန်းရှင်တွေ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ မိမိတို့ကျွမ်းကျင်ရာ လုပ်ငန်းတွေမှာ လုပ်ကိုင်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါ တယ်။ ဒီလို အခြေအနေ အခင်းအကျင်းတွေကို ဖန်တီးပေးနိုင်မယ်ဆိုရင် နိုင်ငံတိုးတက်ရေးအတွက် မှန်ကန်စွာ ဖန်တီးပေး ခြင်းပဲလို့ သုံးသပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြောင်း အလဲဗင်မီဒီယာသတင်းက ဖေါ်ပြသည်။

၂၀၁၆ ခုနှစ် ဧပြီလက မြန်မာနိုင်ငံအား အမေရိကန် ဒေါ်လာ သန်း ၁၆၀၀ အထိ နှစ်ရှည် အတိုးမဲ့ချေးငွေနှင့်  ထောက်ပံ့ငွေ များ၊ နည်းပညာနှင့် အသိပညာဆိုင်ရာ အကူအညီများ ပေးရန် အတည်ပြုကြောင်း ကမ္ဘာ့ဘဏ်က ကြေညာထားခဲ့သည်။

၂၀၁၆ ဧပြီ ၂၃ ရက် ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်တွင် ၂၀၁၅- ၂၀၁၇ ခုနှစ် ကာလအတွက် ‘မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မူဘောင်’ အရ အကူညီပေးရန် ကမ္ဘာဘဏ် အမှုဆောင် ဒါရိုက်တာအဖွဲ့က အတည်ပြုထားခဲ့သည်ဟု DVB သတင်းအရ သိခဲ့ရသည်။

ကမ္ဘာဘဏ် အရှေ့တောင်အာရှဆိုင်ရာ ညွန်ကြားရေးမှူး ‘အူးလ်ရစ်ခ်ျ ဇာဟာ’ က “ဒီမူဘောင်ဟာ ကျေးလက် ဆင်းရဲ နွမ်းပါးမှုကို လျော့ချနိုင်ဖို့ အခြေခံကျတဲ့ ပြည်သူ့ ၀န်ဆောင်မှုတွေကို ပိုကောင်းမွန်အောင်ဆောင်ရွက်ဖို့၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍမှာ လူတိုင်းပါဝင်နိုင်ပြီး ဖွံ့ဖြိုးလာဖို့ ရည်ရွယ်ရေးဆွဲထားတာဖြစ်တယ်။ ဒါမှသာ ဆင်းရဲနွမ်းပါးသူတွေနဲ့ ဒုက္ခရောက်လွယ်သူတွေက လက်ရှိ ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးကျေးဇူးကို ခံစားနိုင်မှာ ဖြစ်တယ်” ဟု ဆိုကြောင်း ကြေညာချက်၌ ဖေါ်ပြခဲ့သည်။

၎င်း အကူအညီများကြောင့် လာမည့် ၃ နှစ်တာကာလအတွင်း မြန်မာနိုင်ငံရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေးငယ် ၄ သန်း တို့ ကျန်းမာရေးဝန်ဆောင်မှု တိုးတက်ရရှိမည်ဖြစ်၍၊ လူဦးရေ ၆ သန်း အတွက် လျှပ်စစ်မီးနှင့် အခြားပြည်သူ့ဝန်ဆောင်မှု အကျိုးကျေးဇူးများ ခံစားရမည်ဟု ဆိုသည်။ ၎င်းပြင် ကမ္ဘာဘဏ်၏ အဖွဲ့တစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) ကလည်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ နှင့် နည်းပညာအကူအညီ ဒေါ်လာ သန်း ၂၀ မြန်မာပြည်အား ထောက်ပံ့မည်ဟု သိရသည်။ ထို့ပြင် မြန်မာပြည်ရှိ ဆင်းရဲနွမ်းပါးမှုနှုန်း အမြင့်ဆုံးဒေသ အချို့၌ စိုက်ပျိုးရေးနှင့် ရေပေး စနစ်များ အရည်အသွေးတိုးတက်မြင့်မားလာစေရန် ကမ္ဘာ့ဘဏ်က မြန်မာအစိုးရအား အမေရိကန် ဒေါ်လာ သန်း ၁၀၀ အတိုးမဲ့ ချေးငွေအဖြစ် အကူအညီပေးမည်ဟုလည်း ကမ္ဘာ့ဘဏ်က ၂၀၁၆ ဧပြီ ၂၃ ရက်က အတည်ပြု ပေးခဲ့ကြောင်း ဒီဗွီဘီသတင်းအရ သိရသည်။ မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်က ချေးငွေနှင့်  အကူအညီများထောက်ပံ့ခြင်း အစီအစဉ် စတင်ရပ်ဆိုင်းခဲ့သော ၁၉၈၄ ခုနှစ် မှ စ၍ နှစ်ပေါင်း ၃၀ အတွင်း ကမ္ဘာ့ဘဏ်နှင့် မြန်မာအစိုးရတို့ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်သစ်အရ ပထမဆုံးအကြိမ်အဖြစ် အကူညီပေးအပ်တာဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်မည်ဆိုပါက တိုင်းပြည် တည်ငြိမ် အေးချမ်းရန် အရေးကြီးသည်။ ထို့ကြောင့် အစိုးရသစ်လက်ထက် ဦးစားပေး လုပ်ငန်းစဉ်များတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် စီးပွားရေး တိုးတက်ရေးကိုလည်း ကြိုးစားဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဆိုသည်။

“စီးပွားရေးကို ဘယ်လောက်ပဲအားထုတ် အားထုတ် ငြိမ်းချမ်းရေးမရှိရင် စီးပွားရေး မတိုးတက်နိုင်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းရေးရတဲ့ တစ်ချိန်တည်းမှာ စီးပွားရေးကို အောင်မြင်အောင်လုပ်ရမယ်။ စီးပွားရေးအောင်မြင်မှလည်း ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်မယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားကြောင်း အလဲဗင်းမီဒီယာ သတင်းက ဖေါ်ပြသည်။

“ဘတ်ဂျက် Deficit တွေ Trade Deficit တွေ Poverty Line ရဲ့ အောက်မှာရှိနေတဲ့ ကျွန်တော်တို့ပြည်သူတွေ၊ ကျေးလက် ဒေသက ရာခိုင်နှုန်း ၇၀ သော ပြည်သူတွေရဲ့ စားဝတ်နေရေး လူနေမှုဘ၀ နိမ့်ပါးနေတာတွေ အနုတ်လက္ခဏာအဖြစ် ဆက်လက်ပြီး လက်ဆင့်ကမ်း သယ်သွားရတဲ့အခါ ဒါတွေကို ဦးစားပေး ဆောင်ရွက်မယ်လို့ စဉ်းစားပါတယ်။ စီးပွားရေး မူဝါဒရဲ့ သဘောတရားအရ Economic Theory ရဲ့ Macro Economic Theory စသဖြင့် သီအိုရီတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ပကတိ လက်တွေ့အခြေအနေနဲ့ ကျွန်တော်တို့ ဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ယထာဘူ တကျကျ ဆုံးဖြတ်တဲ့ အခါ ဒီဘတ်ဂျက် Deficit ဟာ နိုင်ငံတိုးတက်မှုအတွက် ပကတိ အဟန့်အတားဖြစ်နေတယ်။ Trade Deficit ကလည်း ပကတိ အဟန့်အတားကြီး ဖြစ်နေတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေး နိမ့်ပါးနေတာကလည်း ပကတိ အဟန့်အတားကြီး ဖြစ်နေပါတယ်။ ဒါတွေစဉ်းစားတဲ့အခါ လုပ်ဆောင်ရမယ့် ကိစ္စတွေက မြောက်မြားစွာ ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ တိုးတက်ရေးအတွက် အပြန်အလှန် အထောက်အကူပြုနေသည့် စီးပွားရေးနှင့် ငြိမ်းချမ်းရေးဆိုသည့် အချက်နှစ်ချက်ကို ကောင်းစွာသုံးသပ်ပြီး စီးပွားရေး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ယခင်အစိုးရလက်ထက်က လက်ဆင့်ကမ်း သယ်ဆောင်လာသည့် ကိစ္စများကို ယခုအစိုးရက ဆက်လက်သယ်ဆောင်သွားရမည်ဖြစ်ကြောင်းက ၎င်းက ဆိုသည်။

“စီးပွားရေးနှင့် ငြိမ်းချမ်းရေး” တစ်ခုနှင့် တစ်ခု အပြန်အလှန် တည်မှီနေသည်ဆိုသော ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၏ အယူအဆမှာ လက်တွေ့မြန်မာနိုင်ငံအခြေအနေအရ မှန်ကန်သည်ဟု ဆိုရပါမည်။ တနည်းအားဖြင့် ပြည်တွင်းစစ် နာတာ ရှည်ရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်ခြင်း မရှိသဖြင့် စစ်စရိတ်ထောင်းသည့် ဒဏ်ကို ပြည်သူတို့ ခံနေရသည်။

စစ်ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးကမောက်ကမ ဒဏ်ကို ပြည်သူတို့ ခါးစည်းခံနေရသည်။ ထို့ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် စစ်ပွဲများရပ်၍ ငြိမ်းချမ်းရေးကို ညီညီညွတ်ညွတ် ၀ိုင်းဝန်းတည်ဆောက်ကြရမည်။

၂၀၁၇ အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးသိသာစွာ တိုးတက်လာစေရန် ဒေါ်အောင်ဆန်း စုကြည်က ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရခေါင်းဆောင်များအား မကြာခဏတိုက်တွန်းလျှက်ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြောင်း 7Day Daily သတင်းအရ သိရ သည်။ မျှော်လင့်ချက်ကြီးစွာ မဲပေးလိုက်သည့် ပြည်သူလူထု၏ စီးပွားရေးအခြေအနေနှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရေးပေါ်ထွန်းရေးအတွက် တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ကြရန် ဒေါ်အောင်ဆန်း စုကြည်က ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအား ပြောကြားထားကြောင်း ဦးဝင်းထိန်က နေပြည်တော် စည်ပင်ရိပ်သာ၌ သတင်းထောက်များအား ဖေဖေါ်ဝါရီ ၂၀ ရက်နေ့က ပြောခဲ့သည်ဟု ဆိုသည်။

ယနေ့မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးတွင် လူငယ်လူသားအရင်းအမြစ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးကိစ္စသည် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်ကြီးများ ကုပ္မဏီများ အားလုံး အစိုးရနှင့် ပူးပေါင်း၍ အလုပ်အကိုင်အသစ်များဖေါ်ဆောင်ပေးရန်လိုနေသည်ကို မြင်ရသည်။ အထူးသဖြင့် နည်းပညာခေတ်တွင် လူငယ်များကို နည်းပညာကျွမ်းကျင်လုပ်သားများ ဖြစ်လာစေရန်လည်း အစိုးရက မူဝါဒများ ချမှတ်၍ ဖြည့်ဆည်းပေးရန်လည်းလိုသည်။  Skill Labor work-force ဖြစ်ထွန်းလာရေးအတွက် အစိုးရက လက်ရှိ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အမြန်ဆုံး ဆောင်ရွက်ပေးသင့်သည်။ အလုပ်သမားများ၏ အရည်အသွေး၊ လုပ်ရည်ကိုင်ရည်ကို အစိုးရက စနစ်တကျ မြှင့်တင်ပေးနိုင်ခြင်း မရှိပါက၊ အလုပ်အကိုင်များရှိနေသည့်တိုင် လုပ်နိုင်စွမ်းရှိသူ (အထူးသဖြင့် IT Service Professionals)   မလုံလောက်မှုကြောင့် အခက်တွေ့နိုင်သည်။ယင်းကဲ့သို့သော ပြဿနာများ ကို ၀ိုင်းဝန်းကြိုးပမ်း ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာ ၀န်ကြီးဌာများအနေဖြင့်လည်း အမြင်ကျယ်ကျယ် သွက်သွက်လက်လက် ဆောင်ရွက်ကြရန်လိုသည်။ အထူးသဖြင့် မလိုအပ်ဘဲ ဗဟိုချုပ်ကိုင်မှုနှင့် ကြိုးနီစနစ်ကျင့်သုံးမှုများကို အတတ်နိုင်ဆုံး လျှော့ချပစ်ရမည်ဖြစ်သည်။ အခြားတစ်ဖက်တွင် Pleasant Investment Weather ဖန်တီးပေးရန်လည်း လိုသည်။  ရင်းနှီးမြှုပ်နှံမှု ရာသီဥတု မကောင်းလျှင် နိုင်ငံတစ်ခု၏ စီးပွားရေးတိုးတက်မည့် အလားအလာ မကောင်းနိုင်ပေ။ ထို့ကြောင့် အစိုးရ ၀န်ကြီးဌာနအသီးသီး လက်ညီတက်ညီ ချိတ်ဆက် အလုပ်လုပ်ရန် လိုသည်။ ကြိုးနီစနစ်လျှော့ချနိုင်မှသာ ရင်းနှီးမြှုပ်နှံလိုသူတို့ စိတ်ချမ်းသာမည်။ အလုပ်သမားများလည်း ကြိုးစားအလုပ်လုပ်လိုစိတ် ဖြစ်လာမည်။

လူငယ်များအတွက် အလုပ်အကိုင် ဖန်တီးပေးရာတွင်လည်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များက ဖန်တီးပေးနိုင် သကဲ့သို့ နိုင်ငံခြားမှ တိုက်ရိုက်လာရောက် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများကလည်း ဖန်တီးပေးနိုင်သည်။ FDI – Foreign Direct Investment နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်သည့် ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ၀င်လာနိုင်ရေးအတွက် အစိုးရက ကြိုဆိုနေရုံဖြင့် မပြီး။ လက်ရှိ ဥပဒေများဖြင့် နိုင်ငံခြားကုမ္ပဏီများကို အကာကွယ်ပေးမှုရှိသည်ဆိုသော်လည်း အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ ကြိုးနီစနစ် အဆင့်ဆင့်ကို ဖြတ်ကျော် လုပ်ဆောင်နေရသဖြင့် မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုများ ရှိနေသည်ဟု လုပ်ငန်းရှင်များ၏ ဝေဖန်ပြောဆိုမှုများ ရှိနေသည်ကို သတိပြုသင့်သည်။ ကြိုးနီအတားအဆီးများနှင့် ဗဟိုချုပ်ကိုင်မှု လွန်ကဲခြင်းများလည်း ဖြေလျှော့ရပါမည်။

လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး ဆုတ်ယုတ်ကျဆင်းနေရသည့် ကိစ္စအား နိုင်ငံခြား အကူအညီများရရှိရုံမျှဖြင့် ဖြေရှင်းနိုင် မည် မဟုတ်ပါ။ လက်ငင်းအခြေအနေတွင် ငွေမည်းများ အလုံးအရင်းနှင့် စီးဝင်လည်ပတ်နေသည့် လမ်းကြောင်းများကို ပိတ်ဆို့ဟန့်တား အရေးယူမှု မလုပ်နိုင်လျှင် အိပ်ပေါက်နှင့် ဖားကောက်သည့် စီးပွားရေးမျိုးသာ ဖြစ်နေမည်။ မူးယစ်ဆေး၊ သစ် နှင့် ကျောက်စိမ်းစသော သယံဇာတ တရားမ၀င် ရောင်းဝယ်နေမှုများ၊ လူကုန်ကူမှုများ၊ မှောင်ခိုကုန်တင်သွင်းမှုများ စသည့် လုပ်ငန်းများမှ ငွေမည်း အများစု စီးဝင်နေသည်ကို ထိန်းချုပ်ရန်လည်းလိုပါသည်။ အုပ်ချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကဏ္ဍ တာဝန်ရှိသူများက တိုင်းပြည်အပေါ် သစ္စာရှိရှိ တာဝန်ထမ်းရန်လည်း လိုပါသည်။ အစိုးရ၀န်ထမ်းများ နိုင်ငံနှင့် ပြည်သူအပေါ် သစ္စာစောင့်သိမှု မရှိ သရွေ့၊ ငွေမည်းစီးဆင်းလည်ပတ်မှုကို တားဆီးနိုင်မည်မဟုတ်ပါ။ ဒုစရိုက် စီးပွားရေးဂိုဏ်းများကို ချေမှုန်းနိုင်မည် မဟုတ်ပါ။ အထူးသဖြင့် အစိုးရအနေဖြင့် ငွေကြေးဖေါင်းပွမှုနှင့်  အကျင့်ပျက်ခြစားမှု လျော့ပါးသွားအောင် ဆောင်ရွက်ရာတွင်  ၀န်ထမ်းများ အကျင့်ပျက်မှုကို ထိရောက်စွာ အရေးယူရပါမည်။ နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆွဲတင်ရာတွင် သစ္စာရှိ နိုင်ငံ့ဝန်ထမ်းများအားလည်း  ထိုက်ထိုက်တန်တန် မှတ်တမ်းတင် ဂုဏ်ပြုရပါ မည်။  ဤနည်းဖြင့် အကျင့်ပျက် လာဘ်စားမှုများ လျှော့ချကာ စီးပွားရေးကဏ္ဍ ဦးမော့လာစေရန် စဉ်းစားဆောင်ရွက် သင့်သည်ဟု ထင်မြင်မိပါသည်။


photo credit : world bank