မြတ်လှိုင်း ● ငါတို့ပရဝုဏ်ထဲက

မြတ်လှိုင်း ● ငါတို့ပရဝုဏ်ထဲက
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၇

ငါတို့အတွက် ထိုးနေတဲ့ခေါင်းလောင်းသံ
ငါ့ရဲ့အခန်းကျဉ်းလေးထဲ
အတွေးတွေအငွေ့ပျံပြီး ကံကြမ္မာတခြမ်းစောင်းခဲ့
တစတစအက်ကွဲလာနေတဲ့နာရီတွေ
အလာမှာနှေးသလောက် အပြန်မှာမြန်လွန်းနေတယ်
ခေတ်ကြီးကိုပြတဲ့နိမိတ်ပုံတွေ
နဖူးကကျတဲ့ချွေးတွေကြားမှာ သနပ်ခါးပါးကွက်လို ပျက်ခဲ့ရ
အိပ်မက်က မဟာမဆန်တော့သလို၊ ကျေးလက်ဟန်အမူအယာပျောက်သွားခဲ့
မြို့ပြထဲမှာ အတ္တညော်နံ့တွေ အနာဆွေးလိုကုတ်ဖဲ့ပြီး
မနာလိုခြင်းနဲ့ ဖောင်းပွရှင်သန် အပြိုင်းအရိုင်း။

ငါတို့ခေတ်ကြီးက ငါတို့မြစ်လိုမစီးဆင်းခဲ့
ဒါ သဘာဝဆိုပေမယ့်၊ မာယာတွေထဲမှာလှလှပပ
တဖက်မှာ သောင်ထွန်းဖို့၊ ပြိုကျပေးခဲ့ရတာတန်သလား
စဉ်းစားခြင်းနဲ့ပြန်စဉ်းစား၊ ပြန်စဉ်းစားရင်းရူးသွပ်သွားကြ
စုတ်ပြတ်နေတဲ့သင်ရိုးညွှန်းတမ်း၊ ဒီလမ်းဟောင်းကိုပဲ အလွတ်ကျက်
အလွတ်ကျက်ရင်း ခလုပ်တိုက်လဲကျ
ပြန်အထမှာ ဘဝအသစ်ကို တွေ့ရှိခဲ့တယ်
မရသင့်ပဲ မရနိုင်ကြတဲ့နောင်တတွေနဲ့ ဒီလမ်းဟောင်းကိုပဲ ဆက်လျှောက်နေရ။

ဘဝတွေကျွံကျနေတဲ့ဂယက်ဝဲထဲမှာ
မူးယစ်ဆေးရှာစရာမလိုပဲ
တချို့က ထုံအ၊ တချို့က ပင်လယ်လိုငြိမ်ငြိမ်သက်သက်
တချို့က မီးတောင်သေလိုဆူပွက်
သက္ကရာဇ်တွေ တစစကြွေကျနေတယ်၊ ကြွေကျနေတဲ့လူနာတင်ယာဉ်တစီးပေါ်
မာနအတုံးအရုန်း ထပြီးအပင်ပေါက်နေ၊ ဘယ်အထိခရီးရောက်မလဲ။

ငါတို့ဟာ ပရဝုဏ်တခုထဲက
ကြားခဲ့ရတဲ့ခေါင်းလောင်းသံ၊ နားစွင့်ရင်း ပရဝုဏ်တခုထဲက မထွက်နိုင်ခဲ့
ဘယ်သူတံခါးဖွင့်ချိန်ကို ရှာခဲ့သလဲ၊ ရှာရဲခဲ့လဲ
ခေတ်ကြီးကို အပြစ်ဆိုကြ၊ ငါတို့အပြစ်ဆိုတဲ့
ခေတ်ကြီးကပဲ ပွင့်ဟသယောင်အယောင်ဆောင်နေတဲ့ လမ်းဟောင်းထဲ
အတင်းအဓမ္မ ပြန်ထိုးသွင်းခံနေရတယ်။

မြတ်လှိုင်း