ဗိုလ်ထက်မင်း - တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်လို့ ဆိုရမတဲ့လား - အပိုင်း ၁



ဗိုလ်ထက်မင်း - တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်လို့ ဆိုရမတဲ့လား - အပိုင်း ၁
(မိုးမခ) မေ ၁၁၊ ၂၀၁၇


အာဏာရှင်အမျိုးအစား

၁။ ကမ္ဘာပေါ်မှာ အာဏာရှင်ဆိုသူတွေဟာ မိမိနိုင်ငံရဲ့ ရေမြေသဘာဝ၊ လူမျိုးဓလေ့စရိုက်၊ ဘာသာရေး အခြေခံကာ သမိုင်းကြောင်းအရ လှုံ့ဆော်ဖြစ်ထွန်းလာတဲ့ အပေါ် မူတည်ပြီး ပုံသဏ္ဍန်အသွင်အမျိုးမျိုးနဲ့ ရှိကြရာ အောက်ပါအတိုင်း အမျိုးအစားအလိုက် ဖေါ်ထုတ်လိုက်ပါတယ်။

(က) တပါတီအာဏာရှင်
(ခ) စစ်အာဏာရှင်
(ဂ) အစွန်းရောက် အမျိုးသားရေးအခြေခံတဲ့ အာဏာရှင်
(ဃ) အစွန်းရောက် ဘာသာရေးအခြေခံတဲ့ အာဏာရှင်
(င) အရပ်သား အာဏာရှင်
(စ) တော်လှန်ရေးအာဏာရှင် (ဝါ) တိုင်းရင်းသားလက်နက်ကိုင်အာဏာရှင်

၂။ တချို့နိုင်ငံများမှာ စစ်တပ်မှ ပါတီကူးပြောင်းပြီး အာဏာရှင်ဖြစ်သွားသလို၊ လက်နက်ကိုင်တော်လှန်ရေး လုပ်ရာမှ အာဏာရှင်ဖြစ်သွားမှန်း မသိဖြစ်သွားတာမျိုးလည်း ဆက်စပ်နေတာတွေ့ရပါတယ်။

အဆိုပါ အာဏာရှင်အမျိုးအစားများကို သမိုင်းဖြစ်စဉ်နဲ့ အသေးစိတ် မရှင်းပြတော့ဘဲ အကျဉ်းသာဖွင့်ဆိုပြီး တိုင်းရင်သားလက်နက်ကိုင် အာဏာရှင် ခေါင်းစဉ်ကိုသာ အသေးစိတ်တင်ပြသွားပါမယ်။ ဘာလို့လဲဆိုတော့ ယနေ့မြန်မာနိုင်ငံရေးပတ်သက်ပြီး ငြိမ်းချမ်းရေး ရသင့်လျှက်သားနဲ့ ဘာကြောင့်ကြန့်ကြာနေရတာလဲ၊  ဘယ်သူတွေက အချိန်ဆွဲနေရတာလဲ၊ ကမ္ဘာမှာ Rebel သူပုန်လို့ သတ်မှတ်ခေါ်ဝေါ်တာရှိပေမဲ့ မြန်မာနိုင်ငံကျတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို နှိမ်တဲ့ အချိုးမျိုး မဖြစ်စေဖို့ တိုင်းရင်းသားလက်နက်ကိုင်/ လက်နက်ကိုင်တိုင်းရင်းသား ဆိုတဲ့ ဝေါဟာရစကားလုံးကို NCA ညီလာခံ အစပိုင်းမှာ ဦးစားပေး ဆွေးနွေးပေးခဲ့ရပါတယ်။

တိုင်းရင်းသားတွေကို ကိုယ်စားပြုပါတယ်ဆိုတဲ့ သူတို့တွေကို တိုင်းရင်းသားလက်နက်ကိုင်လို့ ခေါ်ဝေါ်ခိုင်းနေကြတဲ့သူတွေထဲက အချို့ဟာ လက်နက်ကိုင်အာဏာရှင်ဖြစ်နေပြီလား၊ ဖက်ဒရယ်ပေးမဲ့ ၂၁ပင်လုံညီလာခံကို ဘာလို့ မတက်ချင်ရတာလဲ၊ ဖက်ဒရယ်ကို တောင်းဆိုနေတာတော့ ဟုတ်ပါပြီ၊ ရရင်တောင် လက်နက်ကိုင်ချင်သေးတယ်ဆိုတော့ ဒီမိုကရေစီကို မြတ်နိုးနေတာ တကယ်ကော ဟုတ်ရဲ့လား ဆိုတာ တိုင်းရင်းသားပြည်သူလူထု သိစေဖို့မီးမောင်းထိုး တင်ပြသွားပါ့မယ်။

တပါတီအာဏာရှင်

၃။ နိုင်ငံတနိုင်ငံမှာ ပါတီတခုတည်းသာ ရှိကာ အခြားပါတီများကို ရပ်တည်ခွင့် မပေးဘဲ နိုင်ငံကို ချုပ်ကိုင်ပြီး ပါတီဥက္ကဌက အာဏာရှင်ဖြစ်နေတာတွေ့ရကာ အများအားဖြင့် ကွန်မြူနစ်ပါတီလွှမ်းမိုးတဲ့ နိုင်ငံများ (တရုတ်၊ ကျူးဘား၊ မြောက်ကိုးရီးယား) မှာ တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီဥက္ကဌ မော်စီတုန်းဆိုရင် “ သေနတ်ပြောင်းဝမှာ အာဏာရှိတယ်”လို့တောင် ဆိုခဲ့ပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေ(ရုရှား၊ အင်ဒိုနီးရှား၊ စကာင်္ပူ) ကျတော့ နိုင်ငံတကာမှာ အမြင်တင့်တယ်စေဖို့ အင်အားချိနဲ့တဲ့ ပါတီလေး တွေကို ရပ်တည်ခွင့်ပေးပြီး မိမိပါတီကသာ အင်အားကြီးထွားအောင် လုပ်ထားကာ ရွေးကောက်ပွဲပြုလုပ်တိုင်း အနိုင်ရပြီး နိုင်ငံရဲ့အုပ်ချုပ်ရေး ယန္တရားကို စိတ်ကြိုက် လုပ်သွားတာ တွေ့ရပါတယ်။ သမ္မတဆူဟာတိုဟာ ကွန်မြူနစ်ပါတီကို နှိပ်ကွပ်ပြီး သူ့ပါတီကို အင်အားကြီးထွားအောင်လုပ်ထားကာ ချိနဲ့တဲ့အတိုက်အခံပါတီကို အမြဲအနိုင်ရပြီး ဆွေမျိုးတသိုက် နိုင်ငံရဲ့သယံဇတအကျိုးစီးပွါးများကို ရယူခဲ့တာရှိပါတယ်။ အလားတူ ဖိလစ်ပိုင်သမ္မတဟောင်း မားကိုစ်လည်း အမည်ပျက်ခဲ့ဖူးပါတယ်။

စစ်အာဏာရှင်

၎။ နိုင်ငံတနိုင်ငံမှာ ပါတီတွေ အချင်းချင်း မညီညွှတ်မှူကြောင့် ရန်စောင်လာတာမျိုး၊ ဆန္ဒပြပွဲများ ပြင်းထန် လာပြီး မင်းမဲ့စရိုက်ဆန်ဆန် တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ မတည်မငြိမ်ဖြစ်လာတာမျိုး၊ အစိုးရအချုပ်အချာ အာဏာ ကျဆင်းလာပြီး ပြည်ထောင်စုပြိုကွဲလာတာမျိုး၊ ပြည်ပစွက်ဖက်မှုနဲ့ သူပုန်များက ရယူလာတာမျိုး ဆိုရင် စစ်တပ်က အာဏာသိမ်းမှုဖြစ်စဉ်များ ကမ္ဘာမှာအများအပြားရှိခဲ့ပါတယ်။ တချို့တပ်မတော်အကြီးအကဲတွေဟာ ရွေးကောက်ပွဲပြုလုပ်ပေးပြီး အရပ်သားအစိုးရကို အာဏာ ပြန်လွှဲပေးတာမျိုးလည်းရှိပါတယ်။ ဒါပေမဲ့ အများစုဟာ နိုင်ငံတော်အာဏာရယူထားတဲ့ စည်းစိမ်ဂုဏ်သိက္ခာ၊ အဆောင်ယောင်၊ အစောင့်အရှောက်၊ အခြွေအရံ အသင်းပင်းတို့နဲ့ သာယာမေ့မောသွားပြီး ရာထူးဂုဏ်ဒြပ်တွေကို စွန့်လွှတ်ဖို့ ဝန်လေးသွားကာ ကြာလာပါက ပါတီထောင် အရပ်ဝတ်လဲ၊ နိုင်ငံကို ဆက်ပြီးအုပ်ချုပ်သွားတဲ့ အာဏာရှင်တွေ မြန်မာနိုင်ငံလိုမျိုးမှာတွေ့ရပါတယ်။ သူတို့ဘက်က အကြောင်းပြတာက အရပ်သားတွေက စီမံခန့်ခွဲရေး မကျွမ်းကျင်ဖူး၊ မြန်မာပြည်မှာ သူပုန်တွေများလို့ ပြည်ထောင်စုပြိုကွဲမှာမို့သူတို့နဲ့ဆိုဖြစ်မှာ မဟုတ်ဖူးလို့ ဆိုပါတယ်။

တကယ်တမ်း စစ်တပ်က အရာရှိများဟာ စီမံခန့်ခွဲ့ရေး အတိုင်းအတာတခုထိ လုပ်နိုင်တာ မှန်သော်လည်း စီးပွါးရေးတိုးတက်အောင် မလုပ်တတ်မှု၊ အဂတိတရားလိုက်စားမှုတွေကြောင့် အထွေထွေကျပ်တည်းမှု ဖြစ်လာကာ လူထုက သည်းမခံနိုင်တော့ဘဲ အုံကြွလာလို့ စစ်တပ်နဲ့ထပ်မံပြီး ထိပ်တိုက်တွေ့ကာ သွေးထွက်သံယိုဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံး နိုင်ငံတကာ အရေးယူပိတ်ဆို့လာတဲ့ အထိ ဖိအားတွေ ပေးခံခဲ့ရပါတယ်။

၁၉၆၂ ခုနှစ်မှ ၂၀၁၀ခုနှစ်ထိ ၄၈နှစ်ကြာ စစ်အာဏာရှင်တွေက ဆက်တိုက် အုပ်ချုပ်ခဲ့လို့ အဆင်းရဲဆုံး နိုင်ငံစာရင်းထဲကျဆင်းခဲ့ရပါတယ်။

အရပ်သားအာဏာရှင်
၅။ နိုင်ငံတနိုင်ငံမှာ စီးပွါးရေးအောင်မြင်နေတဲ့ သူဌေးကြီးတွေဟာ မိမိရဲ့ဓနအင်အားချမ်းသာကြွယ်ဝမှူကို အသုံးချကာ လောဘီလုပ် စည်းရုံးပြီး နိုင်ငံရေးနယ်ပယ်ထဲ ခြေစုန်ပစ်ဝင် ရွေးကောက်ပွဲမှာ အနိုင်ရယူခဲ့ပါတယ်။ သူတို့ နိုင်ငံအကြီးအကဲဖြစ်လာချိန်မှာ အမြင်ကျယ်သွားပြီး ဆင်းရဲတဲ့ အခြေခံလူတန်းစားများဟာ မဲအများဆုံးဖြစ်တာမို့ မိမိပါတီ ထပ်မံ အနိုင်ရရေးအတွက် နိုင်ငံရဲ့ဘတ်ဂျက်ကို သွယ်ဝိုက် အသုံးချတာမျိုး၊ မိမိရဲ့ဓန၊ ငွေနဲ့မဲဝယ်ပြီး နောက်တကြိမ် အာဏာကို ပြန်လည်ချုပ်ကိုင်တာမျိုး ထိုင်းနိုင်ငံဖြစ်စဉ်တွေမှာ တွေ့ရပါတယ်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးခေါင်းစဉ်နဲ့ မိမိမကြိုက်နှစ်သက်တဲ့ သူတွေကိုပါ ရောကြိတ်တာမျိုး၊ မူးယစ်ကုန်ကူးသူ၊ သုံးစွဲသူအဖြစ် သံသယဖြစ်ယုံနဲ့တရားဥပဒေလမ်းကြောင်းအတိုင်း မစစ်ဆေးဘဲ၊ ပစ်သတ်မိန့်ပေးတာမျိုး တွေမှာ တကယ် အပြစ်မ ရှိသူတွေ ပါကုန်တာမျိုး၊ အတိုက်အခံပါတီရဲ့လိုအင်ဆန္ဒကို နည်းနည်းလေးမှ ထည့်မစဉ်းစားဘဲ တဖက်သတ် မဲအများစုပါဝါနဲ့ ဆုံးဖြတ်တာမျိုး၊ ဆင်းရဲတဲ့ အခြေခံလူတန်းစားတွေဟာ အများစုပြည်သူလူထုဖြစ်လို့ သူတို့အတွက် လုပ်ပေးတာ သဘာဝကျသော်လည်း တနပ်စားနှစ်သိမ့်တဲ့ ရေတိုအစီအစဉ်ဖြစ်နေပြီး မိမိအာဏာရရေး အတွက် လက်တလုံးခြားလုပ်နေတာဟာ အရပ်သားအာဏာရှင်တွေရဲ့ မဟာဗျူဟာ ကစားကွက်ဖြစ်လို့ ခေတ်ပညာတတ်နဲ့ လူလတ်တန်းစားတွေရဲ့ ဆန့်ကျင်ခြင်းကို ခံရပါတယ်။

အစွန်းရောက်အမျိုးသားရေးအခြေခံတဲ့ အာဏာရှင်

၆။ ကမ္ဘာပေါ်မှာ မိမိလူမျိုးသာ ဂုဏ်သိက္ခာရှိ၊ မွန်မြတ်ဆုံး၊ ခံယူကာ ကျန်တဲ့လူမျိုးဆို ဖွဲ၊ စကွဲလိုမျိုး ချိုးနှိမ် ဆက်ဆံအောင် လှုံ့ဆော်စည်းရုံးသူတွေဟာ အစွန်းရောက် အမျိုးသားရေးအခြေခံတဲ့ အာဏာရှင်ဖြစ်ပါတယ်။

ဥပမာ ဂျာမန်မျိုးနွယ်တွေဟာ အင်္ဂလိပ်လူမျိုးထက်တောင် ပိုထက်မြက်တယ်၊ ဂျပန်မျိုးနွယ်တွေဟာ နေမင်းလို မြင့်မြတ်တဲ့ အနွယ်ဖြစ်တယ်ဆိုပြီး ထိုခေတ်ကာလက ဂျာမန်အာဏာရှင်ဟစ်တလာနဲ့ ဂျပန်စစ်တပ်မှ တိုဂျိုတို့ဟာ သူတို့လူထုကို မျိုးချစ်စိတ်လှုံ့ဆော်စည်းရုံးသိမ်းသွင်းခဲ့ပြီး အာဏာရှင်ရဲ့အဆိုးဆုံး ဖက်ဆစ်ဖြစ်ခဲ့ပါတယ်။

ဂျာမန်မှာ စီးပွါးရေးအောင်မြင်နေတဲ့ ဂျူးလူမျိုးတွေကို ပစ်မှတ်ထားယုံမက ဥရောပတခွင် ဂျူးလူမျိုး အစုလိုက်အပြုံလိုက်သုတ်သင်ခဲ့သလို ဂျပန်မှာလည်း စစ်တပ်လိင်ဖျော်ဖြေဖို့ တောင်ကိုးရီးယားနဲ့ဖိလစ်ပိုင်မှ အမျိုးသမီးများ သွတ်သွင်းကာ ရောက်တဲ့ နေရာတိုင်း လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့ပါတယ်။

အစွန်းရောက်ဘာသာရေးအခြေခံတဲ့ အာဏာရှင်

၇။ မိမိကိုးကွယ်တဲ့ ဘာသာကို အလွန်အကျွံ အမွှန်းတင်သလို ဘာသာရေးဝိနည်းကို ချဲ့ကားကာ လိုသလို ဆွဲယူပြီး ဘာသာရေးစစ်ပွဲ ဆင်နွဲလာတာမျိုး၊ လူမဆန်စွာ ခေါင်းဖြတ်ပြီး ဗွီဒီယိုဖိုင် အင်တာနက်တင်တာကစကာ အိုင်းစစ်လို အကြမ်းဖက်ကျုးလွန်တာမျိုး တွေ့ရပါတယ်။ တချို့နိုင်ငံတွေမှာ ဘာသာရေးဆရာများဟာ သြဇာပါဝါရှိကြပြီး နိုင်ငံရဲ့အုပ်ချုပ်ရေးကိစ္စတွေပါ စွပ်ဖက်လာလို့ တရားစီရင်ရေး ယိုယွင်းလာကာ နောက်ကွယ်က ချုပ်ကိုင်တဲ့ အာဏာရှင်ဖြစ်လာပါတယ်။ ဒါ့အပြင် အခြားဘာသာဝင်များကို မိမိဘာသာထဲဝင်က အသက်မှချမ်းသာ ပေးမယ်ဆိုတဲ့ ဖိအားပေး၊ သွတ်သွင်းတာမျိုး၊ အခြားဘာသာကူးပြောင်းသွားရင် နှိပ်ကွပ်တာမျိုးတွေ့ရပါတယ်။

တော်လှန်ရေးအာဏာရှင် (ဝါ) တိုင်းရင်းသားလက်နက်ကိုင်အာဏာရှင်
၈။ နိုင်ငံခြားက ကျုးကျော်သိမ်းပိုက်ထားလို့ကိုလိုနီပြုခံရမျိုးမှာဖြစ်စေ၊ လွတ်လပ်ရေးရပေမဲ့ မိမိလူမျိုးဟာ အခြားလူမျိုးများကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လွတ်လပ်စွာ တန်းတူရည်တူ ရပိုင်ခွင့်၊ အကျိုးခံစားခွင့်၊ တရားမျှတမှူရရှိရေး၊ ဖက်ဒရယ်ရရှိရေးတို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေလို့ မရနိုင်တော့ဖူးလို့ယူဆလာချိန်မှာ အုပ်ချုပ်နေတဲ့ အစိုးရနဲ့ တပ်မတော်ကို လက်နက်ကိုင်ပြီး အင်အားသုံးတော်လှန်ရေးဆင်နွှဲလာတဲ့ အဖွဲ့အစည်းတွေ ပေါ်ပေါက်လာပါတယ်။ အရင်ကနဦး သူတို့လူမျိုးတွေဟာ သူတို့အတွက် တော်လှန်ရေးလုပ်ကြတာမို့ မျိုးချစ်သူရဲကောင်းတွေ အဖြစ် ကြိုဆိုအားပေး ထောက်ခံလာကြပါတယ်။ တိုင်းတပါးက လာရောက်အုပ်ချုပ်သူ ဆိုပါက နယ်ချဲ့ကျုးကျော်သူအဖြစ် စွပ်စွဲကာ ပိုလို့တောင် စုစည်းမှုအင်အားကောင်းပြီး ပြင်းထန်တဲ့ တော်လှန်ရေးကို ရင်ဆိုင်ရပါတယ်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှာ မျိုးချစ်တော်လှန်ရေးတပ်ဟာ အင်အားကြီးမားလာရာ ဒီဝီဇံတပ်မကြီး ၂ ခု စာ အင်အား၂သောင်းကျော်ဟာ ထိုခေတ်က လူဦးရေနဲ့ဖြစ်စေ၊ စစ်တပ်ဖွဲ့စည်းပုံနဲ့ဖြစ်စေ၊ နှိုင်းယှဉ်လိုက်ရင် တောင့်တင်းတာမို့ နယ်ချဲ့ အင်္ဂလိပ်၊ ဖက်ဆစ် ဂျပန်တို့ မျက်လုံးပြူးခဲ့ရကာ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်လိုကိုင်တွယ်ရမှန်းမသိအောင် ဦးဏှောက်ခြောက်ခဲ့ရဖူးပါတယ်။ စစ်အတွင်း သူလျှို ရွာသူကြီးသတ်မှုကို ဖေါ်ထုတ်လိုက်ရင် ဗိုလ်ချုပ်နောက်က တပ်ကပုန်ကန်မည့်အရေး စိုးရိမ်ကာ စစ်ပန်းနေတဲ့ အင်္ဂလိပ်တို့ လက်လျှော့လိုက်ရပါတယ်။ အလားတူ ဒိန်ဗင်ဖူးတိုက်ပွဲ၊ တောင်ဗီယက်နမ်မှာ ဗီယက်ကောင်းတိုက်ပွဲတွေမှာ ပြင်သစ်နဲ့ အမေရိကန်တို့ အလံတောင် မသိမ်းနိုင်ဘဲ အရှုံးကြီး ရှုံးခဲ့ရပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေရဲ့သမိုင်းဖြစ်စဉ်မှာ တော်လှန်ရေးခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဟိုချီမင်း၊ ဆူကာနိုတို့ဟာ နိုင်ငံ့အမျိုးသားခေါင်းဆောင်၊ သူရဲကောင်းတွေ အနေနဲ့ရော ပြည်သူလူထုက တခဲနက်တင်မြောက်ကာ နိုင်ငံတကာကပါ အသိအမှတ်ပြုခဲ့ပါတယ်။

၉။ ဒါပေမဲ့ တော်လှန်ရေးဟာ အောင်မြင်လို့ နိုင်ငံတော်အာဏာကို ရယူလိုက်ပြီး ထောက်ခံခဲ့တဲ့ ပြည်သူတွေကို ပစ်ပယ်လိုက်တဲ့ အချိန်၊ (အာဏာကို သေတဲ့အထိ ဆုပ်ကိုင်ထားပြီး အာဏာကိုလည်း သားနဲ့ဆွေစဉ်မျိုးဆက်လွှဲပေးတဲ့ မြောက်ကိုးရီးယားနဲ့ကျုးဘားနိုင်ငံတွေ ၊ ဆန့်ကျင်ဝေဖန်သူတွေကို ရက်စက်စွာ သတ်ပစ်) ဒါမှမဟုတ် မအောင်မြင်လာတဲ့ အချိန်၊ ဒါမှမဟုတ် တော်လှန်ရေးဟာ တအိအိနဲ့ကျဆင်းလာအချိန်၊ သူတို့ လူထုကိုယ်တိုင်က ဝန်ပိလာလို့ ညီးညူလာတဲ့အချိန်၊ မေးခွန်းတွေ ပေါ်လာချိန်မှာတော့ အဖြေမရှိတော့ဘဲ အာဏာရှင်အသွင်စရိုက် ရုပ်လုံးထွက်လာပါတော့တယ်။

(ဆက်လက်ဖော်ပြပါမည်)