မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၂၉)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၂၉)
(မိုးမခ) မေ ၂၈၊ ၂၀၁၇

● တက်ကြွနေသူများ
၁၉၇၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်မမှရဲဘော်များ အရှေ့မြောက်သို့ဆက်တိုက်လိုပင် ရောက်ရှိလာသည်။ ကြွက်တွင်းတွင် ထားသူများကို မသိရသော်လည်း နိုင်ငံရေးဌာနသို့ ရောက်လာသူများကတော့ မိမိတို့နှင့်အတူတကွ တက်ကြွစွာဖြတ်သန်းကြ ရသည်။

မငြိမ်းနီ မနီမော်တို့ အတူလာသူကျောင်းသားနှစ်ဦးမှာ ကိုညိုမြင့်ခေါ် ကိုသန်းဇော်ညွှန့်နှင့် ကိုဘထွန်းခေါ် ကိုဝင်းမြင့်စိန်တို့ဖြစ် သည်။ ကိုညိုမြင့်က ကျောင်းသားဘဝက လူရည်ချွန်တဦးဖြစ်သကဲ့သို့ တိမွေးကုတက္ကသိုလ်ကျောင်းသားတဦးလည်းဖြစ် သည်။ ကိုဘထွန်းကတော့ အိုင်စီခေါ် ကုန်ထုတ်ဓာတုဗေဒအဓိက ကျောင်းသားတဦးဖြစ်သည်။ ဇာတိက ပခုက္ကူမှဖြစ်သည်။ ရောက်ခါစက မိမိတို့က အတွဲနှစ်တွဲဟု ထင်ခဲ့ကြသော်လည်း တကယ်က တတွဲသာဖြစ်သည်။ ကိုသန်းဇော်ညွှန့်နှင့် မငြိမ်းနီ တို့ကတော့ ကျောင်းမှာထဲ အတွဲများဖြစ်ပုံရသည်။ သူတို့နှစ်ဦးကား ချစ်သူစုံတွဲလည်းဖြစ် ရည်ရွယ်ချက်တူသည့် ရဲဘော် ရဲဘက်လည်း ဖြစ်ကြသည်။ ကိုဘထွန်းတို့ မနီမော်တို့ကတော့ ဆွေမျိုးနီးစပ်တော်စပ်ကြသော ရဲဘော်ရဲဘက်မျှသာ ဖြစ် သည်။

နောက်ထပ် နှစ်ဦးတတွဲရောက်လာသူ နှစ်ကတော့ ရဲဘော်ညီဦးနှင့်ရဲဘော်တင်အောင်တို့ဖြစ်သည်။ ကိုညီဦးက အသက် ၂၅ နှစ်ကျော် ၃၀ နီးပါးခန့် ရှိမည်ထင်သည်။ စစ်ယူနီဖေါင်းကို သပ်ရပ်စွာဝတ်ဆင်တတ်သောသူမှာ မဆလအစိုးရ တပ်မ တော်မှတ်တမ်းရုံးတွင် တပ်ကြပ်ကြီးစာရေးအဖြစ်မှ တောခိုလာသူဖြစ်သည်။ တပ်ကြပ်ကြီးစာရေးဘဝက လုပ်သားကောလိပ် တက်လာသူဖြစ်၍ ဒေါ်ခိုင်အေး၏တပည့်ဖြစ်ဘူးခဲ့သည်ဟု ဆိုသည်။ သေသေသပ်သပ်နေထိုင်တတ်သူဖြစ်ပြီး ဖော်ရွေသူဖြစ် သည်။

ကိုတင်အောင်ကတော့ ရန်ကုန်တာမွေမှဖြစ်သည်။ ကွန်မြူနစ်ဖြစ်လာသော မွတ်စလင်တဦးဖြစ်သည်။ ရန်ကုန်က နိုင်ငံရေး အရေးအခင်းများတွင် တက်ကြွစွာပါဝင်ဘူးသူဖြစ်သည်။ ခြေထောက်ကကြီးသဖြင့် စစ်ဖိနပ်ဆိုက်ကြီးကို အမြဲရှာနေရသူဖြစ် သည်။ ရဲဘော်ကြီးဟိန္နက၏ စီမံမှုအောက်၌ မနက် ဝါးထမ်းရလျှင် ပုခုံးဖြင့်မထမ်းတတ်၍ ပေ ၂၀ နီးပါးခန့်ရှည်သည့် ဝါး ဘိုးဝါးကို ခေါင်းပေါ်ရွက်သယ်သည့် ထူးခြားသူလည်းဖြစ်သည်။

နောက်ထပ်ရောက်လာသူ ၃ ဦးက တက္ကသိုလ်ကျောင်းသား ၃ ဦးကား ကျော်ဝင်း၊ ကျော်ဦး၊ ကျော်ညွန့်ဆိုသည့် ကျော် သုံးကျော်ဖြစ်သည်။ အတူတကွလာခဲ့ကြ၍ ထိပ်ဆုံးနာမည်တူယူလိုက်ကြပုံရသည်။ ကိုကျော်ဝင်းက မန္တလေးဇာတိ စက်မှု တက္ကသိုလ်ကျောင်းသားဖြစ်သည်။ နာမည်ရင်းက ကိုဝဏ္ဏဖြစ်သည်။ လူကောင်သေးသေးနှင့် တတောက်တောက်လျှောက်သွားနေတတ်သူဖြစ်သည်။ လူကောင်သေးသော်လည်း ခေါင်းအနဲငယ်ကြီးသဖြင့် နောက်ပိုင်းတွင် ခေါင်းကြီးဟူသော နာ မည်တွင်သည်။ နောက်ပိုင်းသူတာဝန်ကျသော အလယ်ပိုင်ဗျူရို၌ ကျော်ဝင်းနာမည်တူ ၃ ယောက်ရှိသဖြင့် ခွဲခြားခေါ်ကြရာမှ
ပိုနာမည်တွင်သွားပုံရသည်။

ကိုကျော်ဦး (ကျဆုံး) ကတော့ မိမိနှင့် ၁၉၇၅ ဇွန် အရေးတော်ပုံကာလက အတူတကွလုပ်ကိုင်ခဲသော်လည်း လူချင်းမသိခဲ့ကြ သော ရခိုင်ကျောင်းသားရဲဘော်ဖြစ်သည်။ ၁၉၇၅ ဇွန်အရေးတော်ပုံကာလက ဘွဲ့နှင်းသဘင်ခမ်းမ မြေအောက်ခန်းထဲတွင် ကြေညာချက်များထုတ်ဝေနေသော ကိုဦးလှစော (မောင်ခိုင်အောင်-စစ်တွေ) တို့အဖွဲ့ထဲမှဖြစ်သည်။ ထိုစဉ်က ကိုယ့်လူနှင့်
ကိုယ် လှုပ်ရှားနေကြရာမှ မသိခဲ့ကြဘဲ။ မုန်းကိုးရောက်မှ ဆုံခဲ့ရသူဖြစ်သည်။ ရဲဘော်ကျော်ဦး၏နာမည်ရင်းမှာ ကိုဦးသာ မောင်ဖြစ်ပြီး စစ်တွေဇာတိဖြစ်သည်။

ကိုကျော်ဦးသည် ရန်ကုန်တက္ကသိုလ် ဥပဒေအဓိကကျောင်းသားတဦးဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ရခိုင်စာပေနှင့်ယဉ်ကျေးမှု ကော်မတီအတွင်းရေးမှူးလည်းဖြစ်သည်။ အတီးအမှုတ် အဆိုအက ဝါသနာထုံသူတဦးဖြစ်ပြီး တက္ကသိုလ်မှာကတည်းက လူချစ်လူခင်များသူတဦးဖြစ်သည်။ မုန်းကိုးတွင်လည်း လူချစ်လူခင်များပြီး ပျော်ပျော်နေတတ်သူတဦးဖြစ်ပေရာ သူရှိရာ စကားဝိုင်းသည် တဝေါဝေါ ပွဲကျနေတတ်သည်။

ထိုစဉ်ကာလအတွင်း ရခိုင်ရိုးရာသံစဉ်များနှင့်အတူ စစ်တွေဆန်လုပွဲသီချင်းများ CPB ပြည်သူ့အသံမှ ထုတ်လွှင်နိုင်မှုမှာ ကိုကျော်ဦး၏ ကြိုးစားအားထုတ်မှုဟု ဆိုရမည်။ "ရခိုင်မြေ လယ်သမားတွေ စပါးပုံရှေ့မှာ ထမင်းငတ်နေရပေ" ဟူသော သီချင်းများထွက်ပေါ်လာခဲ့သည်။ သီချင်းဆိုရင်း ရခိုင်ပြည်အခြေအနေကိုလည်း ဖွင့်ဟလေ့ရှိသည်။ ထိုစဉ်ပါတီသီချင်း တပုဒ်ဖြစ်သည့် "မုန်တိုင်းခြိမ့်ခြိမ့်သဲသဲ တိုက်ခတ်လို့ရယ်" ကိုဆိုပြီးလျင် "ကျုပ်တို့ရခိုင်မှာ မုန်တိုင်းဝင်လို့ကတော့ မချောင် ဘူးဗျို့" ဟုဆိုကာ ရခိုင်ပြည်နယ်၏လူမှုဘဝအခြေအနေရော သဘာဝဘေးအန္တရာယ်ရောကိုပါ ဖွင့်ဟလေ့ရှိသည်။ လူချစ် လူခင်များ၍ ပျော်ပျော်နေတတ်သော ရဲဘော်ကျော်ဦးသည် နောက်ပိုင်း၌ အလယ်ဗျူရိုတွင် တာဝန်ကျပြီး ဥက္ကဌစောတာက လယ်ခေါင်းဆောင်သည့် ရလလဖအဖွဲ့တွင် ပါတီကိုယ်စားလှယ်အဖြစ် သွားရောက်တာဝန်ယူရသည်။ ရလလဖ အဖွဲ့နှင့် တွဲ၍လှုပ်ရှားနေစဉ် ၁၉၈၀ ခုနှစ်ခန့်က ရှမ်းပြည်အလယ်ပိုင်း ပအို့ဝ်ဒေသ မဲနယ်တောင်တန်းတနေရာတွင် မိုင်းထိ၍ ကျ ဆုံးသွားခဲ့ပါသည်။

ကိုကျော်ညွှန့်ကတော့ ရန်ကုန်တက္ကသိုလ်က ဖြစ်ပုံရသည်။ တက္ကသိုလ်တွင် ကာယဗလပြိုင်ပွဲများတွင် ပါဝင်ဆုရခဲ့ပုံရသည်။ သူက ရန်ကုန်ပေါက် တရုတ်နွယ်ဖွားဖြစ်ပြီး ဖခင်ဖြစ်သူက စားသောက်ဆိုင်ဖွင့်ပုံရသည်။ တရုတ်စာ အချက်အပြုတ်အကျော် အလှော် ကျွမ်းကျင်သူဖြစ်သည်။

နောက် တဦးတည်းရောက်လာသူက ကိုကျော်မြဖြစ်သည်။ အသားညိုညို မျက်နှာထားတင်းသော ကိုကျော်မြသည် စကား ပြောရာတွင်တော့ ညင်သာသူဖြစ်သည်။ အရေးအခင်းကာလအဖြစ်အပျက်များကို လွမ်းဆွတ်တမ်းတဘွယ်ရာ နာကျည်း ဘွယ်ရာတို့ကို လေအေးလေးနှင့် ဆွဲဆောင်မှုရှိအောင်ပြောနိုင်သူဖြစ်သည်။ တကယ်တော့ သူနှင့်မိမိက ရန်ကုန်တက္ကသိုလ်ဝင်းဦးချစ်ဆိုင်တွင် ဆုံဘူးခဲ့သည်။ ထိုစဉ် သူအမည်က ကိုလှသောင်းဖြစ်ပြီး မောင်ဆိုတေးအမည်ဖြင့် ကဗျာရေးလေ့ရှိသည်။ မှတ်မှတ်ရရ ၁၉၇၅ ဇွန်အရေးအခင်းကာလက ရွှေတိဂုံဘုရားမတက်မီ တညတွင် ဆုံခဲ့သေးသည်။ ထိုစဉ် မိမိကပြေးတော့ မည်ဖြစ်၍ မိမိထံတွင်ရှိသော သခင်ဗသိန်းတင်၏ ၁၉၇၅ မေ မိန့်ခွန်းစာအုပ်လေးပင် သူ့အားပေးခဲ့သေးသည်။ မုန်းကိုးတွင်မိမိနှင့်ပြန်တွေ့တော့ "ဥက္ကဌ မိန့်ခွန်းက ကျနော့ဆီလည်း ရှိနေပြီးသားဗျ။ ဒါနဲ့ တယောက်ယောက်တွေ့သွားပါစေဆိုပြီး အဓိပတိ လမ်းထိပ်ကအုတ်ခုံလေးပေါ်တင်ထားခဲ့တယ်" ဟု ဆိုသည်။ ၁၉၈၈ အရေးတော်ပုံအပြီး ၁၉၉၀ ခုနှစ်တွင် CPB မြေအောက်တာဝန်ခံအဖြစ် ရန်ကုန်တွင်ဖမ်းဆီးခံရပြီး လူသိများခဲ့သူဖြစ်သည်။

နောက်ထပ် တကိုယ်တော်ရောက်လာသူတဦးမှာ ရဲဘော်ကျော်ထွန်းဖြစ်သည်။ သူသည် မူလက CPB တနင်္သာရီတိုင်းမှဖြစ် သည်။ တနင်္သာရီတိုင်းမှ အဖမ်းခံရပြီး ရဲဘက်စခန်းမှထွက်ပြေးပြီး အရှေ့မြောက်သို့ရောက်လာသည်ဟုဆိုသည်။ ထိုစဉ်က အရှေ့မြောက်ဗဟိုနှင့် တနင်္သာရီတိုင်းတို့ အဆက်အသွယ်မရသေး၍ သူအားစောင့်ကြည့်စာရင်းထဲ ထည့်ထားပုံရသည်။ နောက်တနင်္သာရီတိုင်းမှ CPB ဗဟိုကော်မတီဝင် ရဲဘော်စောဟန် အရှေ့မြောက် ဗဟိုရောက်လာမှပင် မှန်ကန်ကြောင်း အသိအမှတ်ပြုခံရသူဖြစ်သည်။ ထိုစဉ်ကတော့ သူပြောသည်ကို အရှေ့မြောက်မှ ယုံယုံကြည်ကြည်လက်ခံအသိအမှတ်မပြု သေးသဖြင့် မကျေမလည်ဖြစ်နေပုံရသည်။ အသက် ၃၀ ခန့်ရှိပြီဖြစ်သောအဆိုပါ ပါတီရဲဘော်ဟောင်းကြီးလည်း မိမိတို့နှင့် နိုင်ငံရေးဌာနတွင် ဝါးထမ်း ထင်းထမ်း လုပ်နေရသည်။ သူနှင့် သက်တူရွယ်တူဖြစ်သော ရဲဘော်မြင့်ထွန်းခေါ် ကိုကြီးမြင့်နှင့် အတွဲများသည်။

ထိုစဉ်က မိမိတို့တဖွဲဖွဲရောက်ရှိလာသူများသည် မုန်းကိုးနိုင်ငံရေးဌာနတွင်းရှိ ဆောက်လက်စ နှစ်ထပ်ဆောင်ကြီးတွင်လည်း ထားသည်။ ထိုဆောက်လက်စအဆောက်အအုံမှာ အသစ်တော့မဟုတ်ပါ။ ထောက်ပံ့ရေးဂိုဒေါင်လုပ်ထား မုန်းကိုးဒူဝါ အိမ် ဝင်းအတွင်းမှာ အိမ်အဆောင်ကြီးတခုအားဖြုတ်လာပြီး ပြန်ဆောက်ထားခြင်းဖြစ်ပြီး ဆောက်လုပ်၍ မပြီးသေးပေ။မုန်းကိုးဒူဝါ၏အိမ်ဟောင်းကို ပြန်ဆောက်ထားသော အိမ်ဟောင်းကြီးတွင်ကိုကြီးမြင့် ကိုတိုက်မောင်တို့ ညီအကိုများနေခဲ့ကြဘူးသည်။ ထိုညီအကိုများသည် မုန်းကိုးဒူဝါနှင့် ရေစက်ပါပုံရသည်။(၁၉၆၈ ခုနှစ် CPB ဝင်လာပြီးနောက် မုန်းကိုးဒူဝါမိသားစုက လားရှိုး ရန်ကုန်သို့ပြောင်းရွှေ့သွားသည်။)နောက် ၂၅ နှစ်ခန့်အကြာ ၂၀၀၀ ပြည့်နှစ်လောက်တွင် ရန်ကုန်တွင် ကိုကြီးမြင့် ကိုတိုက် မောင်တို့၏ ညီအငယ်ဆုံးဖြစ်သူ ဒေါက်တာသက်ဌေးနှင့် တွေ့သည်။ ဒေါက်တာသက်ဌေးဇနီးက မုန်းကိုးဒူဝါ၏သမီးဖြစ်၍နေ သည်။ ဤကား စကားချပ်။

မုန်းကိုးနိုင်ငံရေးဌာနရှိ နှစ်ထပ်ဆောင်တွင်သာမက နိုင်ငံရေးဌာနနှင့် မလှမ်းမကမ်းရှိ အဆောင်တဆောင်တွင်လည်း ဖြန့် ခွဲနေကြရသည်။ ထိုအဆောင်တွင်လည်း နိုင်ငံရေးဌာနမှ ရဲဘော်များဖြန့်ခွဲနေကြသည်။ အခြားယူနစ်မှ ရဲဘော်အချို့လည်း ရှိသည်။ ထိုအဆောင်တွင်လည်း ကိုအောင်နိုင်နှင့် ကိုရဲထွန်းဆိုသည့် ရဲဘော်နှစ်ယောက်ရှိသည်။ သူတို့နှစ်ယောက်က အလုပ်အဖွဲ့တခုတွင် ပါဝင်နေပုံရသည်။ သူတို့နှစ်ဦးက ၁၉၇၅ အကုန် ၁၉၇၆ နှစ်ဆန်းပိုင်းတွင်ရောက်ကြသူများဖြစ်သည်။ မူလက ရှေ့တန်းတပ်သို့ပို့ထားရာမှ မြေယာ အလုပ်အဖွဲ့တခုသို့ ပြောင်းထားသည်ဟုထင်သည်။

နှစ်ယောက်စလုံး အရပ်ခပ်ပုပု အသားခပ်ညိုညို နတ်မောက်မြို့ဘက်ကဟု ဆိုသည်။ ကိုအောင်နိုင်က စကားနည်းသူဖြစ် သည်။ ကိုရဲထွန်းကတော့ ညက်ညက် ညက်ညက်နှင့် စကားအတော်ပြောနိုင်သည်။ ယခုလည်း ပြောနိုင်တုန်းဖြစ်သည်။ ယခုတော့ ၂၀၁၀ ကျားဖြူအမတ်ဟောင်း ရဲထွန်း (သီပေါ) ဟူ၍ သိကြသည်။

နိုင်ငံရေးဌာနသို့ ရောက်လာသူ မြို့ပေါ်ကျောင်းသား ၂ ဦးကား ကိုထွန်းသိန်းနှင့် ကိုရဲထက်တို့ဖြစ်သည်။ ဘူမိဗေဒ ကျောင်း သားတဦးဖြစ်သူ ကိုထွန်းသိန်းကား အသားမဲမဲ ဆံပင်ခပ်တွန့်တွန့် ရွှေသွားတဝင်းဝင်းနှင့်ဖြစ်သည်။ ယခုတော့ အောင်အေး (ရန်ကုန်တက္ကသိုလ်) အမည်ဖြင့် ဘာသာပြန်စာအုပ်များ ထုတ်နေသည်။ ကိုရဲထက်ကတော့ ကဗျာဆရာတဦးဖြစ်သည်။ မောင်ရေချမ်း ဥက္ကလာအမည်ဖြင့် ကဗျာရေးသည်ဟု ဆိုသည်။ မိမိတော့ မဖတ်ဖူးခဲ့ပေ။

ထို့ပြင် ရှေ့တန်းတပ်မဟာ ၂ မှ ရဲဘော်နှစ်ယောက်လည်း နိုင်ငံရေးဌာနသို့ပြန်ရောက်လာသည်။ တယောက်က ရဲဘော် တိုက်မောင်ဖြစ်သည်။ ကျန်းမာရေးမကောင်း၍ နောက်တန်းပြန်ရောက်လာခြင်းဖြစ်သည်။ ကိုကြီးမြင့်၏ညီဖြစ်သည့် ကို တိုက်မောင်သည် ဆေးတက္ကသိုလ် ၁ ကျောင်းသားဘဝမှ တောခိုလာသူဖြစ်သည်။ နောက်တဦးကတော့ ဗန်းမော်မှ ကိုသိန်း ဆွေဖြစ်သည်။ သူကတော့ မျက်မှန်သမားမို့ နောက်တန်းဌာနတခုတွင်တာဝန်ပေးရန် ပြန်လည်ခေါ်ယူလိုက်ခြင်းဖြစ်သည် ဟု ဆိုသည်။

ထိုကာလတွင် ဗန်းမော်မှ လူငယ်နှစ်ဦးလဲရောက်လာကြသေးသည်။ တဦးက ကိုစိုးလင်းဖြစ်သည်။ ကိုစိုးလင်းက တပ်မဟာ ၂ ရင်း ၁ တွင် ရောက်နေသော ကိုမြင့်အောင် နိုင်ငံရေးဌာနရှိ မစိုးစိုးတို့၏မောင်ဖြစ်သည်။ မောင်နှမ သုံးယောက်စလုံး တပ်ထဲရောက်လာကြသည်။ အဖေက ပန်ချာပီ၊ အမေက ရှမ်းဖြစ်၍ သူတို့အား ရှမ်းပန်ချာဟု ခေါ်ကြသည်။ နောက်တဦး ကတော့ တရုတ်သွေးပါသည့် ကိုသန်းထိုက်ဖြစ်သည်။ သူတို့နှစ်ဦးကိုတော့ ရောက်သည်နှင့် ရှေ့တန်းတပ်မဟာ ၂ သို့ ပို့ လိုက်သည်။

၁၉၇၆ ခုနှစ်အကုန် ၁၉၇၇ နှစ်ဆန်းအကူး မိမိနိုင်ငံရေးဌာနမှ ပြောင်းသည့်ကာလပိုင်းတွင် မြေလတ်မှ ရဲဘော်သုံးဦးရောက် လာသည်။ တဦးက ကိုအောင်နီ (ကွယ်လွန်) ဖြစ်သည်။ အရပ် ၆ ပေခန်ရှိပြီး အပေါင်းအသင်းဆန့်သူဖြစ်သည်။ နောက်နှစ်ဦး ကတော့ ညီအကိုနှစ်ဦးဖြစ်သည်။ အကြီးကကိုထက်ကျော်ဟုခေါ်၍ အဆိုး (မြေလတ်) ဟူသော အမည်ဖြင့် ကဗျာရေး သည်။ ညီဖြစ်သူကတော့ ကိုမော်ဆန်း (ကျဆုံး) ဖြစ်သည်။ ရေနံချောင်းဘက်မှ ဖြစ်ပုံရသည်။ မိမိနှင့်သူတို့က နိုင်ငံရေးဌာန တွင် အဝင်အထွက်ဖြစ်ပုံရသည်။

● ဗိုလ်ကျော်ဇောမိသားစု
၁၉၇၆ ဇူလိုင်လထဲတွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောမိသားစု ရောက်လာသည်။ ပါတီဗဟိုမှ ဆက်သား လွှတ်ခေါ်သဖြင့်၁၉၇၆ ဇူလိုင်လ ၁၈ ရက်တွင် ရန်ကုန်မှထွက်ပြီး ဇူလိုင်လ ၂၀ ရက်တွင် အရှေ့မြောက်အခြေခံဒေသသို့ရောက်ရှိသည်။ ထိုစဉ်ပါတီဆက်သားမှာ ရဲဘော်ထွန်းအသုံးပြုနေသော ကိုကျော်ရဖြစ်သည်။ ဗိုလ်ကျော်ဇောနှင့်သမီးဖြစ်သူ ဒေါက်တာလှကျော်ဇောတို့ကို ထိုစဉ်တရုတ်ပြည်တွင်းအခြေစိုက်ထားသောဗဟိုရုံးသို့ ခေါ်ဆောင်သွားပြီး သားနှစ်ဖြစ်သည့် ကိုမြမောင် (ကိုအောင်ကျော်ဇော) ကိုခိုင်အောင် (ကိုကျော်ဇောဦး ) တို့ကတော့ မုန်းကိုး ကြွက်တွင်းသို့ရောက်လာသည်။

ဗိုလ်ကျော်ဇောရောက်ရှိလာသည့်သတင်းသည် မိမိတို့အတွက်သာမက တပြည်လုံးကိုပါ လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့သည်။ ထို့ကြောင့်လည်း ပါတီဗဟိုမှ အသေချာစီစဉ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းမှသိရသည်မှာ ယခင်ပါတီဗဟိုကော်မတီ ဝင်များဖြစ်ကြသည့် ကိုးကိုးကျွန်းပြန် ဆရာရာဂျန် လေထီးဗိုလ်အုန်းမောင်တို့က ပါတီသဘောထားမေးမြန်းဆက်သွယ်ခဲ့ သော်လည်း ခေါ်ယူခြင်းမရှိခဲ့ပေ။

ဗိုလ်ကျော်ဇော အရှေ့မြောက်ရောက်လာခြင်းသည် CPB အတွက်နိုင်ငံရေးအရ လူထုကြားတွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့စေ သည်။ မိမိတို့အား စိတ်အားတက်ကြွစေခဲ့သည်က အမှန်ပင်ဖြစ်သည်။ ၁၉၇၆ ခုနှစ် အောက်တိုဘာ/နိုဝင်ဘာလထဲတွင် မုန်းကိုးနိုင်ငံရေးဌာနတွင် ပထမဆုံးစတင်တွေ့ခဲ့ရသည်။ ရှေ့တန်းတပ်မဟာ ၂ သို့ စစ်ဆေးလေ့လာရန် ထွက်ခွာချိန်၌ တွေ့လိုက်ရခြင်းဖြစ်သည်။ အသားဖြူဖြူ ထောင်ထောင်မောင်းမောင်း မျက်နှာချိုသည့် ဗိုလ်ကျော်ဇောကိုတွေ့လိုက်ရသည်က မိမိ စိတ်အားတက်ကြွခဲ့သည်က အမှန်ပင်ဖြစ်သည်။

ထိုစဉ်က သူ့အား လာရောက်ကြိုဆိုသော တပ်မဟာ ၂ ရင်း ၁ ဒုရင်းမှူး ရဲဘော်အောင်မြင့် ခေါ် လီကြူးလက် (ယခု UWSA ) ခေါင်းဆောင်သည့်တပ်ဖွဲ့ဝင်များခြံရံ၍ ထွက်ခွာသွားသော စီးမြင်းတကောင်ပေါ်မှ စစ်ယူနီဖေါင်းအကျ ဝတ်ဆင်ကာ ဦး ထုပ်ပေါ်က ကြယ်နီတလက်လက်နှင့် ဗိုလ်ကျော်ဇောကို မြင်ရသည်အချိန်တွင် မနက်ဖန် သဘက်ပင် မူစယ် လားရှိုးကို သိမ်းနိုင် တော့မယောင် ထင်မြင်ခဲ့မိပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)
ဓာတ်ပုံ - ဗိုလ်ကျော်ဇော (ရဲဘော်သုံးကျိပ်) (CPB ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်)၊ နောက်ဖက် (ဝဲ) ရဲဘော်လွင် ခေါ် ဗိုလ်သိန်း အောင် (အရံဗဟိုကော်မတီဝင်)၊ နောက်ဖက်ယာ ရဲဘော်စံသူ (အရံဗဟိုကော်မတီဝင် -၁၉၇၆)