ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မေငြိမ်း - မိသားစု

 
ပန်းချီ မမွှေး၊ သူ့ဖေ့စ်ဘွတ်ကနေ ကူးပါတယ်

မေငြိမ်း - မိသားစု
(မိုးမခ) မေ ၂၅၊ ၂၀၁၇
(စာရေးသူ ဖေ့စ်ဘွတ်ကနေ ကူးပါတယ်)

အသက်တွေတိုဖို့ အကြောင်းရင်းတွေ သိပ်များများလာတယ်…။
မနေ့က သားကြီးဘွဲ့ယူချိန်.. ကျောင်းအဓိပတိရဲ့ မိန့်ခွန်းထဲမှာ..

မနက်ဖန်ဘွဲ့ယူမယ့် အာဖရီကန် လူမည်းကျောင်းသားလေးတစ်ယောက်
လူဖြူကျောင်းသားတစ်ယောက်ရဲ့ အမုန်းနဲ့ထိုးတဲ့ ဒါးချက်ကြောင့် မနေ့ကပဲ သေဆုံးခဲ့ရတဲ့သတင်းအတွက်
ဝမ်းနည်းစကားပြောပြီး ခန်းမထဲမှာ အားလုံး တစ်မိနစ်စာ ငြိမ်သက်ခြင်းဖြင့် ဝမ်းနည်းကြောင်း ပြခဲ့ကြ…

ဘွဲ့နှင်းသဘင်အတွင်း အချိန် လေး ငါးနာရီထဲမှာပဲ အင်္ဂလန်မှာ လူတွေအများကြီး အမုန်းကြောင့်ပဲ ဗုံးခွဲခံရလို့ သေကြေကြရ…

တနေ့တည်းပါပဲ .. အမေရိကန်တောင်ပိုင်းမှာ လူမည်းကလေးမလေးတစ်ယောက်ကို လူဖြူ ကလေးလေးတွေက ဟိုးးး ကျွန်ခေတ်တုန်းကပုံစံအတိုင်း လည်ပင်းမှာ ကြိုးကွင်းစွပ်ပြီး ကြိုးစား ပမ်းစားသတ်နေတာကို LIVE လွှင့်တင်လိုက်တယ်..

လူဖြူဝါဒကြီးစိုးရေးကို ပြန်အသက်သွင်းနေတာ တချို့နေရာတွေမှာ ၁၉ ရာစုလောက်ဆီ ပြန်ရောက်သွားသလို..  ခုသမ္မတ ရဲ့ အားပေးအားမြှောက်ဆန်မှုတွေကြောင့်လည်း ပါမှာ။

ဒီကြားထဲ အစွန်းရောက်အကြမ်းဖက်တွေကလည်း ခြိမ်းခြောက်နေသေး..

ဥရောပဟာ ပိုပြီး လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်းနေကြလို့ ပို အတိုက်အခိုက်ခံရတာ ဖြစ်နိုင်တယ်..
 လေဆိပ်တွေမှာ လုံခြုံရေးမရှိသလောက်ပဲလို့ အလည်သွားဖူးတဲ့သူတွေ ပြောတယ်။

အမေရိကန်ကတော့ ပိုစိုးရိမ်ရတော့ ပိုဂရုစိုက်တယ်.. ဒါပေမဲ့ ခုချိန်မှာ မော်တော်ကားဟာ..
အကြမ်းဖက်တွေရဲ့ လက်နက်တစ်ခုဖြစ်လာတာမို့ ဘာမှကြိုမပြောနိုင်။

မနက် အလုပ်သွားတဲ့ ကလေးတို့အဖေ ရဲ့ အလုပ်ချိန်အများစုက ကားပေါ်မှာ လမ်းပေါ်မှာ..
သမီး ကလည်း ကျောင်း နဲ့ အလုပ် နဲ့ သင်တန်းချိန်တွေ အကူးအပြောင်း.. ကားပေါ်မှာ လမ်းပေါ်မှာ..
သားကြီးကလည်း အလုပ် နဲ့ ကျောင်း နဲ့ အိမ် နဲ့ .. ရထားပေါ်မှာ .. ကားပေါ်မှာ .. လမ်းပေါ်မှာ..
ဒီလိုပဲ အမေလုပ်သူကျမ ရော… ဘာထူးမလဲ.. ဟိုနားဒီနား ကားမောင်းသွားရင်း..
ဒါမှမဟုတ်.. အားကစားခန်းမှာ လမ်းလျှောက်ရင်း.. စာသင်နေရင်း… ဘာမဆို ဖြစ်နိုင်…
သေခြင်းအတွက် အကြောင်းရင်းတွေဟာ လည်း လမ်းပေါ်မှာ.. ကားပေါ်မှာ .. ရထားပေါ်မှာ ..
စားသောက်ဆိုင်မှာ.. ကျောင်းမှာ.. အလုပ်မှာ.. နေရာတိုင်းမှာ… ဥဒဟို..
ခုနေတော့ တူတူ ရှိနေကြသေး .. သိပ်ပူပန်စရာမရှိတဲ့ အရိပ်တစ်ခုမှာ တူတူ ခိုလှုံနေနိုင်သေး…။

++++++

ကျမကတော့ အတ္တကြီးသူ လို့ ပြောခံရလည်း မတတ်နိုင်ပါဘူး.. နေ့တိုင်း ကိုယ့်မိသားစုအကြောင်း စဉ်းစားတယ်။ ကိုယ့်ကြောင့် ဖြစ်လာရတဲ့မိသားစုအတွက် ကိုယ်က တာဝန်အရှိဆုံးလို့ အမြဲ သတိရ တယ်။ ကျမတို့ မိသားစုထဲ အယောက်တိုင်းမှာ ဘယ်သူ စိတ်မချမ်းမသာဖြစ်နေရလဲဆိုတာကို အမြဲ သတိထားကြည့်တယ်။ သားကြီး ၂၆ နှစ်အရွယ်ကြီး အိမ်ပြန်နောက်ကျလည်း ကျမ သိတယ်.. သမီး ဆိုရင်တော့ ပိုဂရုစိုက်ရတော့တာပေါ့..။ ကျမ ကလေးတွေကို မှာထားတယ်.. ဘာလုပ်လုပ်.. ဘယ်သူ နဲ့ သွားသွား ပြော။ နောက်ကျလည်း ရတယ်။ ဘယ်မှာ ရှိနေတယ်သာ သိရပါစေ.. လို့။ မိဘတွေ မသိလိုက်လို့ တခုခု ဖြစ်သွားရတာမျိုး မဖြစ်စေချင်တာ။ ဒါပေမဲ့ ကျမက ကလေးတွေကို စည်းကမ်း သတ်မှတ်တာကလွဲလို့ လုံးဝ မချုပ်ချယ်ပါ။

အမေရိကန်နိုင်ငံမှာ လူတိုင်းဟာ နိုင်ငံသား.. ဒီနိုင်ငံဟာ လူတိုင်းအတွက် သက်ဆိုင်တယ်ဆိုပေမဲ့ ကျမတို့ဟာ ရွှေ့ပြောင်းနေထိုင်သူမို့ ဘာကိုမဆို သတိပြုနေရမယ်လို့ ခံယူထားတာကြောင့် ကျမ ကလေးတွေကို မျက်ခြေပြတ်မခံတာလည်း ပါပါတယ်။ အာရှကလေးတွေကို ကျောင်းတွေမှာ Bully လုပ်တဲ့ကိစ္စတွေ ရှိမယ်.. ကျောင်းစာဖိစီးလို့ ကလေးတွေ စိတ်ကျဝေဒနာ ခံစားရတာတွေ ရှိမယ်.. ဆင်းရဲချမ်းသာ ကွာဟမှုကြောင့် မပျော်ပိုက်နိုင်တာလည်း အနည်းအကျဉ်း ရှိနိုင်တယ်။ (ဒီက ကျောင်းတွေရဲ့ ဖွဲ့စည်းပုံ နဲ့ တည်ရှိပုံစနစ်ကြောင့် ကျောင်းအခြေနေကို လိုက်ပြီး ဆင်းရဲချမ်းသာ ကွာဟမှုတော့ နည်းပါ တယ်)။

အထူးသဖြင့် ဆယ်ကျော်သက်ပြဿနာတွေ ရှိမယ်..။ ကျမ ကလေး တွေဟာ သူတို့အတွက် ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောပြစရာ တိုင်ပင်စရာဟာ အမေပဲ လို့ လုံးဝ ယုံတယ်။ သူတို့အမှားလုပ်မိရင် ကျမ တော်ရုံ မဆူဘဲ အကျိုးအကြောင်း ပြောပြတယ်။ ဒါပေမဲ့ အဲဒီအမှားကိုပဲ ၂ ခါလောက် ထပ်မှားရင်တော့ ကျမ မကြိုက်ကြောင်း သေသေချာချာ ပြောတယ်။ တကယ်လည်း စိတ်ဆိုးတယ်။ အဲဒီအခါမျိုးတော့ အော်လား ဟစ်လားပေါ့။ ဒါပေမဲ့ အမြဲ အော်ဟစ် နေတာမျိုး မဟုတ်တော့ သူတို့က အမေကို ကောင်းကောင်း နားလည်ပါတယ်။ အဲဒီအခါ ကလေးတွေ အရွယ်ရောက်လာလေ.. ကျမ နဲ့ အဆင်ပြေလေ ဖြစ်လာပါတယ်။

+++++

မိသားစုမှာ အဓိကအကျဆုံး လိုအပ်ချက်က ကိုယ်ချင်းစာမှုပါ။ ဗုဒ္ဓဘာသာအဆုံးအမထဲမှာ ပါတဲ့ “ကိုယ်မကြိုက်တာကို ဘယ်သူ့ကိုမှ မပေးပါနဲ့” ဆိုတာလေးကို ကျမ အတတ်နိုင်ဆုံး နှလုံးသွင်း ပါ တယ်။ ဒါဟာ ကိုယ်ချင်းစာတရား ကိစ္စပါပဲ။ ကျမ ကလေးတွေကိုလည်း ဒီအကြောင်းကို အဓိက သွန်သင်ပါတယ်။ သူတပါးကို တခုခု လုပ်တော့မယ်ဆိုရင် ငါ့ကို လုပ်ရင် ကြိုက်လားလို့ အရင် စဉ်းစား ခိုင်းပါတယ်။ အဲလိုပဲ သူများကို တခုခု ပေးရမယ်ဆိုလည်း သူကြိုက်တာကို ပေးဖို့.. သူ ဘာကြိုက် လဲဆိုတာ မသိတော့မှ ကိုယ်ကြိုက်တာ ပေးဖို့ ဆိုတာမျိုးကို ကြုံကြိုက်တိုင်း သွန်သင်ပါ တယ်။ ဒါကြောင့် ကျမ ကလေးတွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ အဆင်ပြေပြီး ပျော်ရွှင်ကြပါတယ်။

တနေ့က သမီးက ကျမနဲ့ စကားတွေပြောရင်း သူ့ကို ကျောင်းမှာ အတန်းကြီးက ကျောင်းသားလေးတစ်ယောက်က အတန်းမှာ လာလာကြည့်တဲ့ အကြောင်းပြောပြပါတယ်။
“သူက သမီးကို နေ့တိုင်း လာ လာ ကြည့်တာ.. သူက နည်းနည်းပုံမှန်မဟုတ်ဘူး .. သိလား ဟို Mental illness ဖြစ်တာမျိုး။ သူ့မိသားစုက ပျော်စရာမကောင်းဘူးတဲ့..။ အဲတော့ သူက အမြဲ အားငယ်ပြီး တိတ်ဆိတ်နေတယ်။ ဒါပေမဲ့ သူက သင်္ချာကျတော့ သိပ်တော်တယ်။ သူက နည်းနည်း ထူးဆန်းတော့ တခြားသူတွေက သူ့ကို သိပ်စကားမပြောချင်ဘူး.. သမီးက သနားတော့ ပြောတယ်”

“သမီး မကြောက်ဘူးလား.. သူ တခုခု လုပ်မှာကို”

“မကြောက်ပါဘူး.. သူက အဲလို မဟုတ်ဘူး..။ တကယ်လို့ သူ တခုခုလုပ်လည်း သမီးသူ့ကို နိုင်တယ် လေ.. ဒါပေမဲ့ သူက အဲလို မလုပ်နိုင်ဘူး”

(သမီးက Police explorer သင်တန်းဆင်းပြီးကတည်းက သူ့ကိုသူ ပိုယုံလာတယ်။ အဲဒီသင်တန်းမှာ လူဆိုးဖမ်းတဲ့ လေ့ကျင့်ခန်းတွေ ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်။ ပြီးတော့ အားကစားကလည်း နပမ်းသတ်တဲ့ အားကစားလုပ်တာဆိုတော့)

“သြော် သနားပါတယ် နော်.. သူက သမီးထက်အတန်းကြီးတော့ ၁၂ တန်းပေါ့.. ဟုတ်လား”
“ဟုတ်တယ်.. ဒါပေမဲ့ သူက ကလေးလေးလိုပဲ.. မေမေ သိတယ်မို့လား.. သူက လူကြီးမဖြစ်ဘူး”
“အင်း အင်း သိတယ်”
“အဲဒါ မနေ့က သမီးဆီလာတယ်.. သူ ကောလိပ်သွားရတော့မယ်တဲ့။ အဲဒါ သမီးကို သူမတွေ့နိုင်တော့ လို့ ဓာတ်ပုံ ရိုက်ချင်တယ်တဲ့။ သမီးလည်း သနားလို့ ရိုက်လိုက်တယ်။ ဒီမှာ ကြည့်ပါဦး…”

(သမီးက ရယ်ပြီး ကျမကို ဓာတ်ပုံပြတယ်။ ဓာတ်ပုံထဲမှာ အဲဒီကလေးကို Phone app ထဲက ပန်းသရဖူ ဆောင်းထားတဲ့ပုံမျိုး လုပ်ထားပေးပြီး နှစ်ယောက်သား ရယ်နေကြတာ။ အဲဒီကလေးရဲ့ မျက်လုံးတွေ ကလည်း အပြစ်ကင်းလိုက်တာ)။

“အေးနော်.. သနားပါတယ် သမီးရယ်.. သူက ဘာပြဿနာ ရှိလို့လဲ..”
“သူ့မိဘတွေက ပိုက်ဆံရှိတယ်.. ဒါပေမဲ့ သူ့ကို ဂရုမစိုက်ဘူး.. ပြီးတော့ စာတော်ရမယ်.. ဆိုပြီး ဖိအားပေးတယ်။ ပြီးတော့ သူ့ကြောင့် ရှက်တယ်လို့ ပြောတယ်တဲ့။ တကယ်တော့ သူက သနားစရာကောင်းတယ်.. သူ့ရဲ့ Prom အတွက် သူ့ကို တွဲမယ့်သူလည်း မရှိခဲ့ဘူးတဲ့။ သူက ခု သမီးလို အလုပ် လုပ်ချင်တယ်.. ဒါပေမဲ့ သူ့မိဘက အလုပ်ကူရှာပေးဖို့ စိတ်မဝင်စားဘူး.. ။ ပိုက်ဆံရှိတော့ မလိုဘူးလို့ ထင်နေကြတာတဲ့။ သနားပါတယ်။ သူက ပုံမှန် မဟုတ်တော့ ကားလည်း မမောင်းရဘူးထင်တယ်..”

(ကျမ စိတ်ထဲ မကောင်းလိုက်တာ.. အဲဒီအချိန်မှာ။ သူတို့ အရွယ်လေးတွေရဲ့ အရေးကြီးမှုဟာ ကျမတို့နဲ့ မတူပေမဲ့ ဒါဟာလည်း သူတို့အတွက်တော့ အရေးကြီးတဲ့ ကိစ္စပဲလေ။ ပြီးတော့ အဲလိုကလေးတွေ နေရာတိုင်းမှာ အများကြီး ရှိနိုင်ပါတယ်.. ကြားဖူးနေကျအဖြစ်အပျက်တွေပါပဲ။ မိဘတွေ သတိထားမိဖို့ပဲ လိုတာပါ)

တကယ်တော့ အလုပ်လုပ်တယ်ဆိုတာဟာ ပိုက်ဆံအတွက်မဟုတ်ဘဲ.. လူမှုဆက်ဆံရေးပညာ နဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေကို သင်ယူဖို့အတွက်ဆိုတာလောက်တော့ မိဘတွေကို တွေးမိစေချင်ပါတယ်။ ပြောချင်တာကတော့ မိဘက သားသမီးကို ကောင်းတာဖြစ်စေချင်တယ်ဆိုတာဟာ သဘာဝကျပေမဲ့ ဘယ်လို ကောင်းတာမျိုးလဲ.. ဘယ်လောက်ကောင်းတာမျိုးလဲ .. ကိုယ့်သားသမီးနဲ့ အဆင်ပြေတဲ့ ကောင်းတာလား ဆိုတဲ့ စံ ကို ပြန်စဉ်းစားဖို့က မိဘတွေ ရဲ့ တာဝန်သာ ဖြစ်ပါတယ်။

+++++

ကျမ ယုံတာကတော့ မေတ္တာကို ခံစားရဖူးတဲ့ ကလေးမှ မေတ္တာကို ပြန်တုံ့ပြန်တတ်မှာ ဖြစ်ပြီး သူ့ဘဝမှာလည်း သာယာပျော်ရွှင်နိုင်မှာ ဖြစ်ပါတယ်။ ပျော်ရွှင်မှုဟာ စိတ်အင်အားတမျိုးမို့ ကျမတို့ရဲ့ ကလေးတွေကို ပျော်ရွှင်ကြည်လင်စေခြင်းဟာ စိတ်အင်အား မွေးမြူပေးတာနဲ့လည်း တူတူပဲလို့ ထင်ပါတယ်။ မိဘ နဲ့ သားသမီး ဆက်ဆံရေးဟာ လုပ်ငန်းခွင်တစ်ခုလို .. ကျောင်းတစ်ခုလိုပဲ အောင်မြင်ဖို့ လိုပါတယ်။ အပြန်အလှန် သင်ယူမှု.. အပြန်အလှန် ကိုယ်ချင်းစာမှုတွေနဲ့ အယောက်စီ တိုင်းရဲ့ စိတ်ချမ်းသာရာကို တတ်နိုင်သမျှ ရွေးချယ်ဖန်တီးပြီး.. စိတ်မချမ်းမြေ့စရာတွေကို ရှောင်ရှား ကျော်လွှားမယ်ဆိုမှပဲ မိဘ.. သားသမီး အစု.. ဆိုတဲ့ မိသားစု အသွင် ပေါ်မယ် မဟုတ်ပါလား။

ကျမတို့ တကယ့်မိသားစုဘဝကို ရနေကြပါပြီလား… အင်မတန်တိုတောင်းလှတဲ့ တစ်သက်တာအတွင်း နည်းပါးလှတဲ့ အတူရှိနေနိုင်ချိန်ကာလလေးထဲမှာ.. ကျမ တို့ ပျော်ရွှင်ကြည်လင်နိုင်ရေးအတွက် အဓိကအကျဆုံးဟာ မိသားစုဘဝပဲ မဟုတ်ပါလား..။ မိသားစုစိတ်ပဲ မဟုတ်ပါလား..။

အဲဒီအခါ ကျမကတော့ Community ဆိုတာကိုလည်း မိသားစုလို့ မြင်ချင်ပါတယ်… Society ကို လည်း မိသားစုလို့ သဘောထားချင်ပါတယ်.. အဲဒီအခါ ကမ္ဘာ့ရွာကြီးဟာလည်း မိသားစုကြီးပေါ့။ အယောက်တိုင်းသာ မိသားစုစိတ်ရှိမယ်ဆို…..။ မိသားစုစိတ် ဆိုတာကို တန်ဖိုးထားမယ်ဆို…။
 မိသားစုစိတ်ဟာ အရေးကြီးလှကြောင်း သိမယ်ဆို..ဘယ်လောက်ကောင်းလိုက်မလဲ။ အနည်းဆုံးတော့ ခုတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ.. စိတ်ကျလူငယ်တွေ.. အမုန်းဓာတ်တွေ .. အတော် သက်သာသွားမယ်လို့ ထင်မိပါတယ်။ ဒါတွေကို အကောင်အထည်ဖော်ဖို့ဟာ မိဘများကသာ တတ်နိုင်မယ်လို့လည်း ယုံပါတယ်။

မေ ၂၃ ၊ ၂၀၁၇။