ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်ထင် ● ကြံရည်ရောင် ညနေများ

ကျော်ထင် ● ကြံရည်ရောင် ညနေများ
(မိုးမခ) မေ ၂၃၊ ၂၀၁၇

ပျဉ်းမနားဆိုတာ လောင်ဂျီတွဒ် ၉၆ ဒီဂရီ၊၁၂ မိနစ်။ လတ္တီတွဒ် ၁၉ ဒီဂရီ၊ ၄၅ မိနစ်မှာ တည်ရှိနေတယ်တဲ့။ အဲ့ဒါတွေ တိတိပပ သိလို့ရယ်တော့ မဟုတ်ပါဘူး။ သိတာက ကျနော်တို့မြို့ဟာ ဝေးဝေးကကြည့်ရင် တောအုပ်လေးနဲ့ တူတယ်။ ကုက္ကို ပင်ကြီးတွေ ရှိတယ်။ မန်ကျည်းပင်နဲ့ တမာပင်တွေဆိုတာကလည်း မနည်းဘူးပဲ။

ကြံသကာ ထွက်တယ်။ ကြံသကာနွားလှည်းကြီးတွေလာရင် လှည်းနောက်မြီးခိုပြီး တခါစား အပျော်စားတော့ အသာနှိုက်လို့ ရတယ်။ သူငယ်ချင်းတွေ နှိုက်ကြတယ်။ ကိုယ်တိုင်တော့ မနှိုက်ဖူးဘူး။ တခါလားပဲကြံကားမှာ ကြံရိုး ဆွဲဖူးတယ်။ ဆွဲချ တဲ့ကြံရိုးက ကျနော့်နောက်ပါမလာဘူး။ တကားလုံး ကြံရိုးတွေဆိုတာ တချောင်းနဲ့ တချောင်းထပ်နေတာဆိုတော့ ကျပ်နေ တာ။ ကျနော်ကလည်း မဆွဲတတ်တာပါတယ်။ အား မရှိတာလည်း ပါတယ်။ အပေါင်းအသင်းတွေကတော့ ဒီအဖြစ်ကို ရယ်တာပေါ့။ အဖြစ်မရှိတဲ့ကောင်ဆိုပြီး ဟားတယ်။ အဲ့ဒီ့တုန်းက ဒီလိုလုပ်တာကို ခိုးတယ် မထင်မိဘူး။ ပျော်နေတာကိုး။

နောက်တော့ ကြံသကာတွေမချက်ရတော့ ကြံဖိုတွေ ပိတ်လိုက်ကြလို့ ကြံသကာပေါပေါ မစားရတော့ဘူး။ ကြံ သကာပူပူလေး ဆီထွေးပြီး မစားရတော့ဘူး။ ပူပူလေးဆီထွေးပြီးဆိုတာက မီးဖိုပေါ်ကချစ ကြံသကာ ပျစ်ပျစ်တွေကို အချိုပန်းကန်လုံး ထဲထည့်ပြီး ပဲဆီစစ်စစ်လေးလောင်းချလိုက်တာ။ တကယ်ကို စားလို့ကောင်းတယ်။ ပဲဆီနံ့ရယ်၊ ကြံသကာနံ့ရယ်ကို ရော ထွေး ရှူရှိုက်ရတာ။ ဘယ်လိုပြောမလဲ။ ခံစားကြည့်မှပဲ သိလိမ့်မယ်။

ဒါကိုတော့ သူငယ်ချင်းအဖေရဲ့ ကြံဖိုမှာ လိုက်စားတာ။ ဒီကောင်က ကြံခင်းနံဘေးက ကြံဖိုကြီးဆီ ခေါ်ခေါ်သွားတာ။ ကြံဖို ကြီးမှာ ကြံသက်ငယ်တွေလည်း တွေ့ရတယ်။ လှောင်ထားတာ၊ အများကြီးပဲ။ နီးစပ်ရာ ရွာတွေကနေ ကောက်ထားပြီး ပြန် ရောင်းတာ။ ကြံသက်ငယ်ပွဲရုံပြောရမှာပေါ့။ သူတို့က ငွေရင်းနိုင်တော့ ကြံသက်ငယ်ပေါချိန်မှာ အနိမ့်ဈေးနဲ့ ဖမ်းဝယ်ထား။ ပြီးတော့မှ သက်ငယ်ရှားချိန်ကျမှ အမြင့်ဈေးနဲ့ ပြန်ထုတ်ကြလို့ စီးပွားဖြစ်ကြတယ်။

ကျနော်ကတော့ ဒီကောင်တွေ သက်ငယ်ရောင်းလို့ ဝမ်းသာတယ်။ ဘာလို့လဲဆိုတော့ အိမ်မှာ အမိုး မိုးရင် ဒီကောင့်ဆီက ဝယ်ရမယ်။ ဈေးလေးဘာလေး နည်းနည်းသက်သာ နည်းလား။ သက်ငယ်စစ်စစ်ဆိုရင် ဈေးကြီး တယ်။ ကြံသက်ငယ်ဆိုတော့ ဈေးက အဲ့လောက်မဟုတ်ဘူး။ သူငယ်ချင်းဆိုတော့ ဈေးပိုမတောင်းလောက်ပါဘူး။ မျက်နှာသိ ငါးပိမဝယ်နဲ့ ဆိုတာတော့ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့သူငယ်ချင်းတွေက ဒါမျိုးတွေမဟုတ်ဘူး။ ဇာတ်တူသား မစားဘူး။ ဟင်္သာကိုးသောင်း အပျက် မခံကြပါဘူး။

ကြံသက်ငယ်ဆိုတာက အမိုးမိုးတဲ့အခါ လူကို ရှတယ်။ ဒီဒဏ်တော့ခံရမယ်။ မိုးပေးတဲ့ ကိုပြုံးချိုတို့၊ ကိုဝင်းလှိုင်တို့ကိုတော့ အားနာရမှာပဲ။ ဒါပေမဲ့ သူတို့က ကျနော်တို့လက်ကြောတွေလို မဟုတ်ဘူး။ တင်းတယ်။ ခံနိုင်ရည်ရှိတယ်။ အတွေ့ အကြုံတွေ ရှိတယ်။ လုပ်ရည်ကိုင်ရည်တွေက များတယ်။

ရပ်ကွက်ထဲ အိမ်မိုးပြီလားဟေ့ဆို ခေါ်စရာမလိုဘူး။ ရောက်လာပြီ။ အိမ်ရှေ့မှာသက်ငယ်တွေပုံထားကတည်း က မိုးတော့ မယ်ဆိုတာသိတယ်။ သူတို့ကို ခေါ်တော့မယ်ဆိုတာ သိတယ်။ မိုးမယ့်နေ့မနက်စောစော ရောက်ချလာတယ်။ အမိုး ဟောင်းတွေကန်ချပြီး ဖျက်တော့တာပဲ။ ၉ နာရီလောက်ဆို သက်ငယ်ဟောင်းတွေ အမိုးပေါ်မှာ မရှိတော့ဘူး။ အမိုးသစ်မိုး ဖို့အဆင်သင့်။ မမိုးခင် တို့ဟူးသုတ်တို့၊ မုန့်ဖတ်သုတ်တို့၊ ကောက်ညှင်းပေါင်းနဲ့ အကြော်တို့ ချကျွေးတာကို စားကြတာ။ တပျော်တပါးပဲ။ တယောက်နဲ့တဦးလည်း နောက်ကြပြောင်နဲ့ရပ်ကွက် အရသာလေးက မြိန်လှတယ်။

စားလို့ သောက်လို့ပြီးတော့မှ အမိုးက ခြင်ဝါးတွေကောင်းမကောင်းစစ်တယ်။ လဲတန်တာလဲ၊ ပြန်တုပ်တန် ပြန် တုပ်တယ်။ မိုးတော့ သူတို့က ခေါင်မိုးပေါ်တက် နှီးချည်ကြတယ်။ ကျနော်နဲ့တို့အိမ်သားတွေက အောက်ကနေ သက်ငယ်ပျစ်တွေလှမ်းပေး ပေါ့။ တမိုးမမှောင်ခင် အားလုံးပြီးပြီ။ သက်ငယ်ပျစ် လေးရာ့ငါးဆယ်ကို နောက်နေ့ မကူးဘူး။ အလကားမူးတင်ဆိုပြီး အီတီအောတော လုပ်မသွားဘူး။
အမိုးမှ မဟုတ်ပါဘူး။ အိမ်သာကျင်းတူးမယ်ဆိုလည်း သူတို့ပဲ တူးပေးကြတယ်။ တူးပေးရလို့ တူးပေးခ အခြေ ခံလုပ်ခလစာအကြောင်းမပြောဘူး။တပြားတချပ်မှမရဘဲ လာလုပ်ကြရလို့လည်း လူ့အခွင့်အရေး ချိုးဖောက်တယ် မအော်ဘူး။ ရပ်ကွက်ထဲ အိမ်တအိမ်က ထင်းဝယ်လာရင်လည်း ထင်းလိုက်သယ်ပေးကြတာ သူတို့ပဲ။ ဆန်ဝယ်လာလို့ တအိတ်လုံးဆိုရင်လည်း သူတို့ကို ကူခိုင်းရတယ်။ အိမ်တိုင်ထူတယ်၊ မီးလောင်လို့ မီး ငြိမ်းမယ်ဆိုလည်း သူတို့ပဲ။

ခုတော့လည်း အဲ့ဒီလို ရပ်ဓလေ့ရွာဓလေ့တွေ မရှိတော့ပါဘူး။ ကမ္ဘာ့ရွာဘကီးထဲမှာ ကျနော်တို့ရွာသားတွေ ဘယ်ရောက် ကုန်ကြပြီတုန်း။ အဓမ္မစေခိုင်းတယ်ဆိုတဲ့ သောသောညံတွေထဲမှာ ရပ်ဓလေ့ရွာဓလေ့လေးတွေ အသံ တိမ်ဝင်ကုန်တယ်။ အာဏာရှင်ဆိုတဲ့ခြုံကြီးကိုအရှင်းမှာ အဲ့ဒီ့အာဏာရှင်ခြုံက မပြောင်ဘဲ၊ အဲ့ဒီ့ချစ် စရာဓလေ့တွေကတော့ အမြစ်နဲ့အတူပါ သွားတယ်ထင်ရဲ့။ စားသုံးသူဝါဒအောက်မှာ ကိုပြုံးချိုတို့လူသိုက်တွေ မြေလျှိုးကုန်ပြီထင်တယ်။ တကယ်မတွေ့ရတော့ဘူး။

စက်ဘီးလေထိုးတာတောင်မှ ငါးကျပ်တစ်ဆယ် တောင်းယူကုန်တဲ့ ခေတ်ရာက်သွားတယ်။ ဒါတောင် ကိုယ့် ဘာသာကိုယ် ထိုးရတာ။ ဆိုင်က ထိုးပေးမှာ မပါဘူး။ ငယ်ငယ်တုန်းကတော့ ဦးလေးကြီး လေထိုးပေးဦးဆို သာသာကြည်ကြည်ပဲ အေး အေးကလေးဆိုပြီးတော့ ထထိုးပေးတာ။ ဘာပိုက်ဆံမှပေးဖို့မလိုပါဘူး။ အလကား၊ အခမဲ့ပဲ။ ခုတော့ ရေတောင် ဝယ်သောက် ရတဲ့ခေတ်။ ဒီလို ပြောလို့ကမ္ဘာဦးက မိထူးလင်ရတာကမှ လင်ရတော်တယ် ပြောနေတာ မဟုတ်ပါဘူး။ လွမ်းစရာရှိတာကို လွမ်းပြတာပါပဲ။

လုပ်အားပေးတဲ့ညတွေဆို လွမ်းစရာသိပ်ကောင်းတယ်။ ကာယကံရှင်တွေကလည်း သိတတ်ကြတယ်လေ။ ကျနော်တို့ အိမ်မိုးပြီးတိုင်း သူတို့မပြန်ခင်မှာ ကိုဝင်းလှိုင်တို့ ကိုပြုံးချိုတို့ညဆိုပြီး လက်မလေးထောင်၊ ပါးစပ်ပေါက်ထဲ လောင်းချပြလိုက် တာ၊ သူတို့သဘောပေါက်တယ်။ အင်းပါ တခွန်းတည်းနဲ့ အဲ့ဒီ့ည ပွဲဖြစ်တယ်။ အဲ့ဒါ အမိုး မိုးတဲ့နှစ်တိုင်း။ ဆိုင်ကတော့ “မင်းတို့မို့ အရက်စွဲ တယ်စွဲတယ်နဲ့ ငါ နေ့တိုင်းသောက်နေတာ မစွဲပါဘူးကွာ” လို့ပြောပြတတ်တဲ့ ကိုပွကြီးဆိုင်။

အဲ့ဒီ့တုန်းက ကျနော်က ထိုင်ကြည့်သက်သက်ပါ။ မသောက်တတ်သေးဘူး။ ကိုပြုံးချိုတို့တတွေ မူးမူးနဲ့ပြော တာဆိုတာတွေကို နားထောင်နေတာ။ ဒီလူတွေက စုံတယ်။ ထောင်၊ လိင်၊ ပခြုပ်သည်... မြီးခေါင်ပေါက် အကြိုက်တွေ အများကြီးပဲ။ ကျနော် မကြားဖူးတာတွေချည်းပဲ။

အရက်ကို စသောက်တာ အသက်အစိတ်ကျော်မှ သောက်ဖြစ်တာ။ သူငယ်ချင်းတယောက်က ကြံရည် ရောင်းတယ်။ သူ့ဆိုင်မှာ ကျနော်တို့ညဆို ဆုံကြတယ်။ ကြံရည်ထဲကို အရက်ရောပြီး သောက်တာ။ တခါ တခါ အိမ်က ယူလာတဲ့အမဲကြော် လေးတဖက်က ကိုင်လို့။ ထွေထွေလေး၊ ငေးငေးလေး။ တကယ့် အရက် လူကြီးတယောက်လို။

ဘဝတွေက မောတာကိုး။ ဒီဘဝတွေကိုပဲ ပုံကြီးချဲ့အတွေးနဲ့တွေးကြည့်နေတာ။ ကြံရည်လေးငုံလိုက်၊ အမဲ ကြော်လေး ကိုက်လိုက် ဖဲ့လိုက်နဲ့။ အနားက ဖြတ်သွာတဲ့အဒေါ်တယောက်ကတောင် ဟဲ့ နင်တို့ဟာကလည်း အမဲကြော်နဲ့ကြံရည် မလိုက် မကိုက်တဲ့။

ကျနော်တို့ဘာမှပြန်မပြောဘဲ တယောက်မျက်နှာ တယောက်ကြည့်လိုက်တာ။ အသံမပါပဲ ဗလာရယ် ရယ်လိုက်တာ။ ကိုင် ထားတဲ့ကြံရည်ခွက်ကိုငုံ့ ကြည့်တာ။ အားလုံးတပြိုင်တည်းပဲ။

ကြံရည်ခွက်ထဲက ကြံရည်တွေကလေ ကျနော်တို့ မျက်နှာတွေ ရှုံ့မဲ့လောက်အောင်ကို ချိုနေတာ။

ကျော်ထင်