ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

စန်းသူ့မောင် - ရင်ထဲက ရွာတန်းရှည် (၁)

ပန်းချီကား - မမွှေး၊ သူ့ဖေ့စ်ဘွတ်က ယူပါတယ်

စန်းသူ့မောင် - ရင်ထဲက ရွာတန်းရှည် (၁)
(မိုးမခ) မေ ၃၊ ၂၀၁၇
ကျွန်မတို့ရွာလေးကို ရွာတန်းရှည်ဟုပြောလျှင် သိသူနည်းသွားခဲ့ပြီ။ ပြေစာများတွင် ''ဦးလွန်းမောင်လမ်း''ဟုသာ တွင်လာခဲ့ပြီ။ ကျွန်မတို့ငယ်စဉ်ကဆိုလျှင် Ywadashe ဟု သုံးခဲ့ဖော်ပြခဲ့သည်။ အဖေ့မိတ်ဆွေတစ်ဦးကဆိုလျှင် Ywadashe ဆိုတော့ ဘယ်ကိုဆိုမှန်းမသိဘူး။ ရွာတန်းရှည်ဆိုတော့မှ ကိုယ်နဲ့ရင်းနှီးနေတဲ့လမ်းပဲဆိုတာ သိတော့တယ် ဟု ပြောဖူးသည်။ တေးသံရှင် မျိုးကျော့မြိုင်၏ ''ကျွန်တော့်နာမည် မျိုးကျော့မြိုင်'' သီချင်းပေါ်လာခဲ့သည်တွင်မတော့ (၇) မိုင်ဟုသာ လူသိများသွားပြီ ဖြစ်ပါသည်။

 တကယ်တော့ ကျွန်မတို့ ရွာကလေးအပါအဝင် (၇) မိုင်၊ (၈) မိုင်၊ (၉) မိုင် တစ်ဝိုက်ရှိ ရွာအတော်တော်များများ သည် ရှမ်းရွာကလေးများ ဖြစ်ကြပါသည်။ ထို့ကြောင့် အန်ကယ်(ဦး)သော်တာဆွေက သူ၏ ''လူ့မနော''ဝတ္ထုတွင် ကျွန်မတို့ရွာကို ရှမ်းရွာလေးဟု သုံးခဲ့ခြင်းဖြစ်ပါသည်။ ကျွန်မအမေမျိုးဆက်အထိ ရွာတွင် ရှမ်းစကားပြောကြသေး သည်။ ကျွန်မတို့ကိုယ်တိုင်ကျတော့ မပြောတတ်တော့။ တစ်လုံးစနှစ်လုံးစတော့ တတ်ပါသည်။ ငယ်စဉ်က ကျွန်မကို အဘွားက ရှမ်းစကားသင်ပေးခဲ့သေးသည်။ လျှာနေလျှာထား ခက်သည်ဟု ခံစားမိကာ ကျွန်မက တတ်မြောက်သည် အထိ မသင်ဖြစ်ခဲ့။

ကျွန်မတို့ ရွာကလေးကို အန်ကယ်(ဦး)သော်တာဆွေက ''မောင်ဆွေတို့ရွာ'' ဆိုပြီး ရေးခဲ့ဖူးသည်။ သည်တုန်းက သူငယ်ချင်းများက -
''ဟယ် ... အဲဒါ တကယ်လားဟင်'' ဟု စိတ်ဝင်တစား မေးကြသည်။
''ဘာလဲ''ဟု ပြန်မေးမိတော့ ...
''နင်တို့တစ်ရွာလုံးမှာ ဘုန်းကြီးကျောင်းကလွဲရင် အိမ်တွေအားလုံးက တစ်ဆိုင်တည်းရှိတဲ့ တရုတ်ဆိုင်မှာ အကြွေးဝယ်စားကြတာဆို'' ဟုမေးကြသည်။  တွေးကြည့်တော့လည်း ''ဟုတ်တယ်'' ဟုဆိုရမည်ပင်။ လက်ငင်းဝယ်စားသော အိမ်ကနည်းသည်။

 ရွာအနေအထားကို ကြည့်ပါဦး။ သီတင်းကျွတ်ကျောင်းပိတ်ရက်၊ ခရစ်စမတ် ကျောင်းပိတ်ရက်များတွင် ကျွန်မတို့ သူငယ်ချင်းတွေ တစ်ဦးအိမ်တစ်ဦး လိုက်လည်ကြသည်။
သူငယ်ချင်းများ ကျွန်မအိမ်လိုက်လည်ကြခိုက် ကျွန်မအမေက ...
''သမီးတို့ နောက်လည်းလာကြနော်''ဟု ဖိတ်တော့ ...
''အမယ်လေး ကြောက်တယ်။ ကြီးကြီးတို့ရွာက တောချုံတွေချည်းပဲ''ဟု ပခုံးတွန့်၍ ပြောကြသည်။

 ခြံကျယ် ကြီးတွေမှာ တစ်အိမ်နှင့်တစ်အိမ်ဝေးသည်။ ကျွန်မတို့ ခြံကြီးထဲတွင်ပင် အိမ်နှစ်လုံးသာ ရှိခဲ့သည်။ အိမ်အများစုသည် တစ်ထပ်၊ ဓနိမိုး၊ ပျဉ်ထောင်အိမ်ကလေးများ ဖြစ်ကြသည်။ တိုက်အိမ်ဆို၍ တစ်ရွာလုံးတွင် တစ်လုံးစနှစ်လုံးစသာ ရှိသည်။

 ခြံစည်းရိုးများသည် ဝါးပင်၊ ပုဏ္ဏရိပ်ပင်တို့ဖြင့်ပြီးသော သဘာဝခြံစည်းရိုးများသာ။ အုတ်တံတိုင်းများ မခတ် ကြ။ ရေဒီယိုဆိုရာ၌ပင် နားကြပ်လေးများဖြင့် နားထောင်ကြရသည်။ ကျွန်မတို့ ဆယ်ကျော်သက်အရွယ်ကျမှ လျှပ်စစ်မီး နှင့် ရေဒီယိုတို့ စတင်သုံးကြသည်။

ရာသီအလိုက်ပွင့်ကြသီးကြသော သီးပင်၊ ပန်းပင်တို့နှင့် စိမ်းမြသော ဝါးရုံတောတို့သည် တစ်ရွာလုံးကို အေးချမ်း စိုပြည်စေသည်။ သည်တော့ ကျွန်မတို့သည် ငယ်စဉ်ကပင် သစ်ပင်များကို ချစ်တတ် တွယ်တာတတ်နေခဲ့ကြပြီ။

''သမီးမှတ်ထား ဝါးပိုးရုံမှာ ကျီးကန်းနားနေတာကို မမြင်နိုင်တဲ့အထိ အရွက်ဝေပြီဆိုရင် မိုးဆက်ပြီ''
သက်ကြီးစကား သက်ငယ်ကြားဆိုသည့်အတိုင်း အဘွားပေးခဲ့သော အသိများထဲမှ ရလိုက်သည့်အသိတစ်ခု။ အဘွားသည် သစ်ရွက် ဝါးရွက်များကို မီးပေးမရှို့။ ခြံစည်းရိုးပတ်လည်တွင် စုပုံခိုင်းထားသည်။  ''ခြံထဲကို လူစိမ်းဝင်ရင် သိတာပေါ့''ဟုဆိုသည်။

ပြီးတော့ တန်ခူးလ ပိတောက်ပွင့်ချိန်ဆိုလျှင် တစ်ရွာလုံးအသံများဝေဝေစည်လျက်။ အပင်ထပ်မှ ကိုင်းချိုင်သူ က တစ်ကိုင်းပြီးတစ်ကိုင်း ခုတ်ချပေးသည်။ ကြုံသူတိုင်း ဝမ်းသာပျော်ရွှင်စွာ ပိတောက်ကိုင်းများယူကြ၊ သယ်ကြသည်။ ထိုနေ့တွင် အိမ်တိုင်းရှိဘုရားစင်၌ ပိတောက်ပန်းများ ကပ်လှူပူဇော်ထားသည်ကို တွေ့ရပေသည်။

ကျွန်မတို့ရွာ၏ အမှတ်တရများထဲမှ နောက်တစ်ခုက ရွာလည်ပိုင်း အဘွားဒေါ်ရွှေမြ ခြံမှ မဲဇလီပင်ကြီး။ တစ်ရွာလုံး သာရေး နာရေးအတွက်ပဲချက်ချက်၊ မိသားစု စားသောက်ဖို့ပဲချက်ချက် အချိန်မရွေး သွားခူးစားနိုင်သည်။ ငါးကျည်းပြုတ်ဖြင့်ချက်သော မဲဇလီဟင်းချိုသည်လည်းကောင်း၊ မဲဇလီဖူးသုပ်သည်လည်းကောင်း ကျွန်မတို့ ယနေ့တိုင် မမေ့နိုင်သော ဟင်းလျာများ။
ပြီးတော့ ခြံနောက်ရှိ ညောင်ချဉ်ပင်။ နှစ်စဉ် ကိုင်းချိုင်မြဲ။ စားချင်သူ မည်သူမဆို လာယူနိုင်သည်။ သုပ်စားစား၊ အတို့အမြှုပ်ပဲလုပ်လုပ် ကြိုက်သူများလှသည်။

ကျွန်မတို့ရွာတွင် ထိုစဉ်က အိမ်တိုင်းလိုလိုပင် စားပင်သီးပင်ကလေးများ စိုက်ပျိုးလေ့ရှိသည်။ ဘူးညွန့်ဟင်းချို၊ ဒန့်သလွန်ရွက်ဟင်းချို တစ်ခါချက်လောက် မည်သည့်ခြံသွားတောင်းတောင်း ရနိုင်သည်။ ဘူးသီးခူးပြီဆိုလျှင် ဝေတန်ဝေ ရောင်းတန်ရောင်းကြသည်။ သည်ဖြစ်စဉ်များထဲမှ အန်ကယ်(ဦး)သော်တာဆွေ၏ ''လူ့မနော''ဇာတ်လမ်းလေး ဖြစ်လာ သည်ဟုထင်ပါသည်။ အန်ကယ်(ဦး)သော်တာဆွေ တို့အိမ်တွင် စိုက်လေ့ရှိသည့်က ချဉ်ပေါင်ပင်၊ ဗုံလုံသီးပင်များ။ ခြံတိုင်းလိုလို မြေပိုရှိသလို စိုက်ကြသည်။ နွားချေးအတွက်လည်း မပူရ။ ကျွန်မတို့ရွာအရှေ့ဘက်ရှိ ပညာမင်းကြီး ဦးဘိုးသုန်ခြံထဲတွင် နွားမွေးသူ အိန္ဒိယလူမျိုးများရှိသလို ရွာထဲတွင် နို့စားနွားမွေးကြသူများ ရှိသည်မို့ နွားချေးကို လိုသလောက် ရနိုင်သည်။

 ပြီးတော့ သည်နေ့သည်အချိန်အထိ ရွာထိပ်တွင် တင့်တင့်တယ်တယ်လေး တည်ရှိနေသည့် မူလတန်းကျောင်း လေး။ သည်ကျောင်းလေးတွင် ကျွန်မတို့ မူလတန်းပညာရည်နို့ သောက်စို့ခဲ့ကြသည်။ သည်ကျောင်းလေးကို မြင်မိ တွေးမိတိုင်း ကွယ်လွန်သွားရှာပြီဖြစ်သော ဆရာကြီးဦးတင်၊ ဦးစံတင်၊ ဆရာမကြီး ဒေါ်ချစ် စသော ဆရာ၊ ဆရာမကြီး များကို လွမ်းဆွတ်တသစွာဖြင့် ဦးခိုက်မိပါသည်။

ကျူရှင်ဆိုတာ ဘာမှန်းမသိ။ မူလတန်းပညာရပ်များကို ကျေညက် တတ်မြောက်အောင် သင်ပေးခဲ့သည့် ကျေးဇူးတရာများကို မည်သည့်အခါမျှ ကျွန်မတို့တတွေ မမေ့နိုင်ခဲ့ပါ။


ကျွန်မတို့ကျောင်းလေးသည် မခမ်းနားပါ။ ထိုစဉ်က ဓနိမိုး၊ ဝါးထရံကာ၊ တစ်ထပ်ကျောင်းလေးမျှသာ။ သို့သော် သည်ကျောင်းကလေးမှ ဆရာ၊ ဆရာမတို့၏ စေတနာနှင့် ကျေးဇူးတရားတို့ကား ခမ်းနားကြီးကျယ်မြင့်မြတ်လှပါချေ သည်။ နောက်ပိုင်းတွင် အန်ကယ်(ဦး)သော်တာဆွေ၏ ဆက်သွယ်ပေးမှုဖြင့် မိုးကုတ်သူဌေး ဦးမြမောင်က သွပ်မိုး များ လှူဒါန်းပေးခဲ့သည်။ သည်အကြောင်း အန်ကယ်(ဦး)သော်တာဆွေ ရေးခဲ့ဖူးပါသေးသည်။

 ကျောင်းအကြောင်းပြောလျှင် ချန်ထား၍မရနိုင်သည်ကတော့ ကျောင်းရှေ့နှင့် အနောက်ရှိ ကျွဲတညင်းပင် များအကြောင်း။ ကျယ်ပြန့်သော ... ကျွဲတညင်းပန်းတို့ သင်းသင်းမြမြ မွှေးပျံ့သော သည်အရိပ်ကို ကျွန်မတို့ ငယ်ဘဝတစ်လျှောက်လုံး ခိုလှုံခဲ့ကြဖူးသည်။ ကျွန်မတို့၏ သဘာဝ အားကစားကွင်းလေး။ ကျွဲတညင်းပင်အကြောင်း ကျွန်မပြောမည့်သာပြောနေရသည်။ ကျွဲတညင်းပင်ကို သည်နေ့သိသူ အတော်နည်းနေပြီ။ ကျွဲတညင်းပင်အကြောင်း ကျွန်မ ဆောင်းပါးတစ်ပုဒ် ဖတ်ဖူးသည်။ ကျွဲတညင်းပန်းနံ့သည် ရင်ကျပ်ရောဂါကို သက်သာစေသည်။ ကာကွယ်ရာ လည်း ရောက်သည်ဟု။ သည်ဆောင်းပါးကို ဖတ်ရတော့ သစ်ပင်ချစ်သော၊ အရိပ်ချစ်သော ကျွန်မ ကျောင်းဝင်း အတွင်းရှိနေခဲ့သော ကျွဲတညင်းပင်ကြီးများကို မြတ်နိုးမဆုံးတော့။


 ကျွဲတညင်းပင်နှင့် ဆက်စပ်ပါလာသည်က ရွာအနောက်၊ မြောက်ဘက်ရှိ ဘကြီးဦးဖိုးမှတ်ခြံမှ မြရာတော။ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ''သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည် ခိုင်''ကို ဖတ်မိစဉ်က သန်လျင်မှ မြရာတောက ကျွန်မတို့ ငယ်ဘဝက ရွာတန်းရှည်ရွာလေး၏ မြရာတောကို ပြန်သတိရစေပါသည်။ နွေကျောင်းပိတ်ရက်များတွင် ကျွန်မတို့ ကလေးတစ်သိုက် နေ့ခင်းနေ့လယ် စုရုံးကစားကြရာ နေရာလေး။ အပင်များက သိပ်မမြင့်။ ကလေးတိုင်းလိုလို တက်၍ရသည်။ ကျွန်မတို့က မိန်းကလေးများပေမင့် ယောကျာ်းလေးများကို အားမကိုး။ မြရာပင်နိမ့်လေးတွေကို ကိုယ်တိုင်တက်ပြီး အသီးမှည့်တွေ ခူးစားကြသည်။ မြရာသီးသီးချိန်တွင် ကျွန်မတို့ သူငယ်ချင်းတစ်သိုက်ကြား ဖြေရှင်း စရာလေးတစ်ခုက အမြဲရှိနေသည်။

''နင်တို့ ဘောင်ဘောင်ဖောက်တဲ့သူတွေနော် ... မြရာသီးကို လိုသလောက်ပဲခူးကြ''

 ချိုချဉ်အရသာရှိသော မြရာသီးမှည့်ကြိုက်သည့် ကျွန်မတို့က ဘောင်ဘောင်ဖောက်သူတွေကို သတိပေးရ သည်။ သူတို့တွေက မြရာသီးစိမ်း များကို ခူးချင်သလိုခူးပြီး ပစ်ချင်သလိုပစ်လေ့ရှိသည်။ ကျွန်မတို့က အလကားရ သော အသီးပေမဲ့ လွှင့်ပစ်တာကို နှမြောလှသဖြင့် သတိပေးရခြင်းဖြစ်သည်။ ဒါပေမဲ့ ကျွန်မတို့အချင်းချင်း ခိုက်ရန် ဖြစ်ပွားခြင်း နည်းပါးလှသည်။ မိဘများကလည်း ရန်ဖြစ်လျှင် အပြင်ပေးမထွက်ဘူးဟု တားမြစ်ထားသည်။ သည်လိုနှင့် ကျွန်မတို့ ခင်ခင်မင်မင်၊ ပျော်ပျော်ရွှင်ရွှင်ဖြင့် ငယ်ဘဝကို ဖြတ်သန်းခဲ့ကြသည်။

 သြော် - သည်ပုံရိပ်များ၊ သည်အငွေ့အသက်များသည် အတိတ်ကာလတွင် ဝေးကျန်ခဲ့ပြီ ဖြစ်သော်လည်း ကျွန်မ နှလုံးသားထဲတွင် ထာဝရကိန်းဝပ်ရှင်သန်နေမည်ကတော့ သေချာပါသည်။