ပြည်သစ်ဟန် ● ခြင်အက်ဆေး (၃)


ပြည်သစ်ဟန် ● ခြင်အက်ဆေး (၃)
(မိုးမခ) မေ ၁၊ ၂၀၁၇

ကြုံတွေ့ကြပြီးပြီပေါ့။ ဟိုတလောက ခြင်နိုင်ငံတော်ထဲက အကြောင်းတွေလေ။ ခြင်သင်္ကြန်ပွဲတော်မှာ မိုးရွာတာနဲ့ ကြုံတွေ့ခိုက် သင်္ကြန်​ကစားတဲ့ ခြင်တွေလည်း သင်္ကြန်​အရသာတော့ နည်းနည်းပျက်သွားတာပေါ့။ ခြင်ယဉ်ကျေးမှုတခု သာသာယာယာ မရှိခဲ့ဘူးပေါ့။ ခြင်နိုင်ငံတော်ထဲက စပါးစိုက် ခြင်တောင်သူတွေလည်း ပျက်စီးဆုံးရှုံးတာမြင်တွေ့လိုက်ရတော့ စိတ်ထဲမကောင်း မိဘူး။ ခြင်နိုင်ငံတော်၏ စပါးကျီတွေလို့ခေါ်တဲ့ တိုင်းကြီးနှစ်တိုင်းထဲမှာပါ မိုးက အပြင်းအထန်ရွာခဲ့တော့ ခြင်နိုင်ငံတော်အတွက် ဆုတ်ယုတ်မှုတခုပေါ့။ ထားပါတော့....(စကားချပ်မျှသာ)

ဒီရက်မှာ မိုးရွာခဲ့တဲ့ အကျိုးဆက်က ရေဆိုးမြောင်းတွေ၊ လယ်ကွင်းတွေထဲမှာ ရေတွေက ပုပ်ကုန်ပြီ။ နေပြန်ပူတဲ့ အကျိုး ဆက်လည်း ပါမှာပေါ့။ အဲဒီမှာ ခြင်နိုင်ငံတော်ကြီး ပြန်လှုပ်ရွလာတော့သည်။ ခြင်ဆေးခွေလည်း ညတိုင်းမပြတ် ထွန်းရတော့ သည်။ ခြင်ဆေးခွေ ပြာတွေကတော့ မိုးလင်းလာရင် တံမြတ်စည်းနှင့် လှဲချယူရအောင် များပြားနေသည်။

အခုလည်း သင်္ကြန်​အလွန် နှစ်ရက်သုံးရက်မျှကတည်းက ခြင်တွေနှင့် နီးကပ်စွာ ထိပ်တိုက်တွေ့နေရပြီ။ သင်္ကြန်ရုံးပိတ်ရက် နှင့်အတူ ခြင်ခရီးသွားပြည်သူတွေ သင်္ကြန်​ပြီးတော့ဌာနေကနေ ခြင်မြို့တော် ရန်ကုန်မြို့ကြီးဆီ ပြန်ကြရသည်။

နှစ်တိုင်းကြုံတွေ့နေကျ ဖြစ်စဉ်တခုပေါ့။

ကျနော်လည်း သင်္ကြန်​အလွန်ရက်တွေက ခြင်တွေ၏ပြောသံဆိုသံတွေကို ညတိုင်း နားစွင့်နေမိသည်။ ခြင်လုပ်ငန်းရှင်တချို့၏ လုပ်ရပ်တွေကို ခြင်ခရီးသွားပြည်သူတော်တော်များများ မကျေမချမ်း ဖြစ်နေကြသည်။ ဌာနေမှအပြန်ကားခတွေ ပုံမှန်ဈေး ထက် နှစ်စနီးပါးမျှ ပိုတောင်းသောကြောင့် ဖြစ်နေသည်၊ ခြင်ဒီမိုကရေစီ တည်ဆောက်ကာလအတွင်း အခုလို ခြင်လုပ်ငန်း ရှင်တွေ၏ ဝိသမာလောဘတရားတွေကို ဆိုင်ရာဆိုင်ရာ ခြင်ပြည်နယ်၊ တိုင်းဒေသတွေက ခေါင်းဆောင်တွေ မတားဆီးနိုင် ခြင်း အကြောင်းဖြစ်သည်။ ခြင်တကောင်ကတော့ ကျနော့် နားရွက်နားက ဖြတ်ပျံသွားရင် စကားတခွန်း ပြောလိုက်သည်။

"ခြင်ဒီမိုကရေစီနိုင်ငံတော်ထဲမှာ ကြမ်းဖြစ်နေတယ်"ဟူ၍ဖြစ်သည်။ နောက်ထပ် ခြင်တွေကလည်း အရင်နှစ်ကလည်း အခု လို ကြုံခဲ့ရပြီးပြီပေါ့။ ခြင်ခေါင်းဆောင်တွေ၊ ခြင်ပြည်သူတွေ အသိပဲလေဟု ဆိုပြန်သည်။ ဒါကို မတားဆီးနိုင်တာက ဘယ်သူ တွေ ညံ့တာလဲ။

တကယ်တော့ ခြင်နိုင်ငံတော်အကြောင်း ကြားရသည်မှာ နားထောင်နေရသူ ကျနော်လည်း ကြမ်းဖြစ်ရပါသည်။

နောက် ခြင်တွေ ဆက်လက်ပြောနေသည်က ခြင်ခရီးသွားပြည်သူတွေကို ခြင်လုပ်ငန်းရှင်တွေက လက်မှတ်ဖြတ်မပေးခြင်းပင်။ ခြင်တကောင်က "လက်မှတ်ဘယ်ဖြတ်ပေးမလဲလေ၊ တရားဝင် စည်းကမ်းဖောက်ဖျက်သလို ဖြစ်မှာစိုးလို့ ပေါ့" ဟုဆိုလေ သည်။ ကျနော်လည်း ကြားကနေ အသံထွက်သွားမိသည်။

"လက်မှတ်ရအောင်တောင်းပေါ့" ဟု ဆိုလိုက်သည်နှင့် ခြင်တကောင်က မျက်နှာဘေးကနေဖြတ်ပျံသွားကာ "အကျပ်အ တည်းနဲ့အတူ အခွင့်အရေးရခိုက်ဆိုတာ ဝိသမာလောဘသားတွေအတွက် အခွင့်ကောင်းပဲဗျ" ဟု ပြောလိုက်သဖြင့် ကျေနာ် နှုတ်ဆိတ်နေလိုက်ရသည်။ ခြင်ပြည်သူတွေ တီးတိုးပြောဆိုနေခိုက် ကျနော်လည်း သတင်းတပုဒ်ကို သတိရမိသွားသည်။

ခြင်နိုင်ငံတော်ထဲက နာမည်ကြီး အွန်လိုင်းမီဒီယာတခုက သတင်းဖြစ်သည်။ ခြင်နိုင်ငံတော်ထဲမှာ ကားခတွေ ပိုတောင်းသော ခြင်လုပ်ငန်းရှင်တွေကို အရေးယူသွားမည်ဆိုသော သတင်းဖြစ်သည်။ လောလောဆယ်တော့ ခြင်ပြည်သူတွေက ခံလိုက်ရ သည်ပင်။

ကျနော်လည်း ခြင်ပြည်သူတွေ၏အသံ နားထောင်နေရင်း ခြင်ဆေးခွေရော၊ ခြင်ဆေးခွေဒေါက်ခုံလေးရော သတိမေ့နေမိသည်။ ခြင်ဆေးခွေလည်း အတော်ကုန်သွားပြီ။

ပြာစတွေလည်း ခြင်ဆေးခွေပုံစံအတိုင်း အခွေလိုက်ကလေးပုံကျနေသည်။ ခြင်တွေလည်း နည်းနည်းတော့ ကျဲပါးသွားသ လိုပင်။ ထိုစဉ် ကျန်ရှိနေသော ခြင်အနည်းငယ်က ကျနော်နားမှာပျံသန်းရင်း တခုခုပြောဖို့ ကြံရွယ်နေကြသည်။

ကျနော်လည်း ခြင်အနည်းအများ သိချင်သောကြောင့် လက်နှိပ်ဓတ်မီးနှင့် ထိုးကြည့်လိုက်သည်။ ထိုစဉ် ခြင်တွေပြာပြာသလဲ ဖြစ်သွားကြရင်း အသံတသံ ထွက်ပေါ်လာသည်။ "၆၆ဃ လားကွ" ဟူသော အသံထွက်လာသည်။

ထိုအသံကြားတော့ ကျနော်လည်း လက်နှိပ်ဓာတ်မီးကို ပြန်ပိတ်ပစ်လိုက်သည်။ ထိုအခါမှ ခြင်တွေထံမှ စကားပြောဆိုသံတွေ ပြန်လည်ထွက်ပေါ်လာသည်။

ခြင်နိုင်ငံတော်နှင့် ခြင်ဒီမိုကရေစီစနစ်အကြောင်း ဝေဖန်ပြောဆိုနေကြသည်။ သူတို့ပြောနေသံတွေက အတော်လေးတိုးတိတ် ညင်သာသည်။ သူတို့ ခြင်ပြည်သူလူထု၏ အောက်ခြေက အခြေအနေတွေကို အထက်က ခြင်အစိုးရပိုင်းတွေက သိပ်ဂရု မစိုက်သလို ပြောနေကြသည်။ ခြင်တကောင်ကလည်း "ဒို့ခြင်အစိုးရရဲ့ သက်တမ်းနဲ့ လုပ်ဆောင်ရည်ကို တွက်ဆ ကြည့်ချင် တယ်" ဟူ၍ ဆိုသည်။ ခြင်တွေ အပြန်အလှန် ပြောဆိုသံတွေက တဖြည်းဖြည်း ကျယ်လောင်လာသည်။

ခြင်ဒီမိုကရေစီစနစ်မှာ ဆိုင်ရာဆိုင်ရာ ပြည်နယ်/တိုင်း အုပ်ချူပ်သူတွေအနေနှင့် ခြင်ပြည်သူတွေ၏အရေးကို ဒီထက်ပိုပြီး အလုပ်လုပ်ပြီး ပြဖို့ ၊ ဒီမိုကရေစီ၏ သဘောသဘာဝအတိုင်း (ပြည်သူ့အာဏာ) ပြည်သူတွေ၏ ဆန္ဒကို ပိုမိုဖြည့်စည်းပေးနိုင်ဖို့ ပြောနေကြသည်။ နောက် အခုလို တတိယလှိုင်းနှင့် ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ထဲမှာ မိမိတို့ ခြင်နိုင်ငံတော်အနေနှင့် ဘယ်လောက်အထိ လိုက်ပါနိုင်ခဲ့ပြီလဲ။

အခြားသော အနီးအနားက ခြင်နိုင်ငံတော်တွေဖြစ်တဲ့ အိန္ဒိယတို့၊ တရုတ်တို့၊ ဂျပန်တို့မှာဆိုရင် ကျန်ခဲ့တဲ့ အနှစ်(၂၀)ဝန်းကျင် လောက်ကတည်းက အနောက်အုပ်စု နိုင်ငံတွေနှင့် တတိယလှိုင်းနှင့်အတူ ဂလိုဘယ်လိုက်ဇေးရှင်းရေစီးကို မတိမ်းမယိမ်း လိုက်နိုင်နေပြီ ဖြစ်ကြောင်း ပြောဆိုနေကြသည်။

ထိုသို့ပြောဆိုနေကြရင်း ခြင်အစုအဝေးဆီမှ တခါတ​ရံ ကျနော့်ကို သတိထားမိသွားဟန် ရှိပါသည်။ ကျနော်လည်း ခြင်ဆေး ခွေကို မီးစသတ်လိုက်ရင်း မသိသလို နေလိုက်ပါသည်။ လျှပ်စစ်မီးကိုလည်း ပိတ်ထားလိုက်ပါသည်။

ထိုအခါမှ ခြင်တွေက သူတို့ကို သတိမထားမိလောက်တော့ဘူးအထင်နှင့် ဆက်လက်ပြောဆိုကြပါသည်။ စောစောက နိုင်ငံတကာမှ စံနူန်းများနှင့် ပတ်သပ်ပြီး အခြားခြင်များကို တဖန် ပြောဆိုပြန်သည်။

"ဒို့ ခြင်နိုင်ငံတော်နဲ့ တခြားနိုင်ငံတွေတိုးတက်မှုနူန်း ကွာဟနေသေးတာ မင်းတို့သိတဲ့အတိုင်းပဲလေ။ အာဏာရှင်စနစ် ဥခွံထဲ က လွတ်မြောက်ခါစ အခြေအနေလည်း ရှိတယ်ပေါ့။ အဲဒီ့အာဏာရှင်စနစ်ရဲ့ဒဏ်တွေကို အလူးအလဲ ခံစားကြရရင်း အခုလို ဒီမိုကရေစီစနစ်နဲ့ အတူ ဒို့ ခြင်နိုင်ငံတော်ကို ပြန်လည်ထူထောင်နေရတာမဟုတ်လား။ ဒါပေမဲ့ ဒို့ခြင်နိုင်ငံရဲ့အရေးကြီးတဲ့ ခြင်ပြည်တွင်းစစ်လိုကိစ္စရပ်တွေက ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ခက်ခဲနေတဲ့အချိန်မှာ အတားအဆီးတွေကလည်း ရှိသေး တယ်မဟုတ်လား"။

အခြား ခြင်တကောင်က "ဘယ်လို အတားအဆီးလဲကွ"

"ဘယ်လို အတားအဆီးလဲဆိုတော့ လက်ရှိ ဒို့ ခြင်အစိုးအရရဲ့ မဏ္ဍိုင်ကြီးသုံးရပ်နဲ့အတူ အဆိုတခု တင်သွင်းလုပ်ဆောင်တိုင်းမှာ အမြဲ ကန့်ကွက်နေတတ်တဲ့ အဖွဲ့အစည်းတခုပေါ့ကွာ"

အခြားခြင်တကောင်က "အေး အဲဒါဟုတ်တယ်တယ်ကွ။ ဟိုတလောက ခြင်ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး ခြင်နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောဆိုတဲ့အချက်ကို ကန့်ကွက်လိုက်တယ်ဆိုလားကွာ။ ဟုတ်တယ်မလား"

ခြင်များအားလုံး ဟုတ်တယ်ဟူသော အသံများ ပြိုင်တူထွက်ပေါ်လာသည်။ ကျနော်လည်း ချောင်းတချက် ဟပ်မိသွားသည်။ ထိုအသံကိုကြားသောအခါ ခြင်တွေအားလုံး အသံအနည်းငယ် တိတ်သွားကြသည်။

ပြီးမှ ဆက်လက်ပြောဆိုကြသည်က ယခင် ခြင်အစိုးရလက်ထက်က စတင်ခဲ့သော ခြင် NCA သဘောတူညီမှုစာချုပ်ပြင်ဆင်ရေးဆိုလား ကျနော်ကြားလိုက်ရသည်။

ထိုစဉ် ခြင်အုပ်စုထဲမှ အသံကျယ်ကျယ်နှင့် ခြင်တကောင်ပြောဆိုသံကို ကြားလိုက်ရပြန်သည်။

"ပြင်သင့်တာတော့ ပြင်ရမှာပေါ့။ အမြဲ ကန့်ကွက်တယ်၊ အမြဲအတိုက်အခံလုပ်နေနိုင်တယ်ဆိုတာလည်း အခြားတဖက်က ပျော့ညံ့လို့ လည်း ဖြစ်နိုင်တာပဲ မဟုတ်လား"

ထိုသို့ ခြင်တကောင်က ပြောလိုက်သောကြောင့် အခြားသော ခြင်များလည်း တိတ်ဆိတ်သွားကြပြန်သည်။

ခဏအကြာတော့ ထိုခြင်အုပ်စုထဲမှ မဟုတ်သော ခပ်လှမ်းလှမ်းမှ ခြင်အုပ်စုတစုက ကျနော့်အနားတွင် တဝီဝီအော်ကာ ကျနော့်ကို ကိုက်ပါတော့သည်။

ကျနော်လည်း ခြင်ဆေးခွေကို မီးပြန်ထွန်းရင်း ထိုခြင်အုပ်စုအန္တရာယ်ကို ကာကွယ်ရပါတော့သည်။

ကျနော့်အထင် ထိုခြင်အုပ်စုက အကောင်အစိတ်လောက် ရှိမည်ထင်သည်။

ပြည်သစ်ဟန်