ဗိုလ်ထက်မင်း – တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်လို့ ဆိုရမတဲ့လား – အပိုင်း ၅ (နိဂုံး)


ဗိုလ်ထက်မင်း – တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်လို့ ဆိုရမတဲ့လား – အပိုင်း ၅ (နိဂုံး)
(မိုးမခ) မေ ၁၇၊ ၂၀၁၇


တိုင်းရင်းသားလက်နက်ကိုင်အာဏာရှင်ကို ဖေါ်ထုတ်ခြင်း
၄၂။ အထက်တင်ပြခဲ့ပါ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ရပ်တည်လာမှူ၊ အခြေခံနယ်မြေရှိမှု၊ လူမျိုးရဲ့သဘာဝ၊ အခြေခံကောင်းများရှိမှု၊ ပါတီနဲ့တပ် လှုပ်ရှားဆောင်ရွက်နိုင်မှုတို့ကို အတတ်နိုင်ဆုံးဖေါ်ပြခဲ့ပြီးဖြစ်ရာ အောက်ပါအတိုင်း ခွဲခြမ်းဖေါ်ထုတ်သုံးသပ်လိုက်ပါတယ်။

(က) ဖက်ဒရယ်မြတ်နိုးတဲ့ တော်လှန်ရေးပီသတဲ့ တိုင်းရင်းသားအဖွဲ့အစည်း

KNU/ RCSS/ KNPP/ SSA-N တွေဟာ ပါတီလိုင်းရော တပ်လိုင်းပါ စနစ်တကျဖွဲ့စည်းထားပြီး မူဝါဒ လမ်းစဉ်ခိုင်မာသလို သက်ဆိုင်ရာနယ်မြေ မိမိတိုင်းရင်းသားများအပေါ် ဝန်ပိစေမည့်အပြုအမူများ၊ ပြသနာများ ရှောင်ရှားပြီး ရှင်းလင်းပွဲများလုပ်ပါတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရကို မြတ်နိးလို့ အာဏာဖက် မတွယ်ဘဲ သူတို့ဟာ ရွေးကောက်ပွဲစနစ်သုံးသလို အဓိက အစိုးရနဲ့ တပ်မတော်တို့နဲ့ ထိပ်တိုက်တွေ့စေမည့် ပဋိပက္ခများနည်းပါးကာ၊ သူ့စည်းကိုယ်စည်း စည်းကမ်းရှိရှိ နေထိုင်သွားတာဟာ ကျန်တဲ့အဖွဲ့တွေအတွက် စံနမူနာပြဖြစ်စေပါတယ်။ အဓိကပြသနာမှာ တချိုအဖွဲ့များဟာ SPACE ချဲ့ကာ မိမိနဲ့ မဆိုင်တဲ့နယ်မြေများကို ထိုးဖေါက်ဝင်ရောက်ကာ စခန်းဆောက်၊ လူသစ် အတင်းစု၊ ဆက်ကြေးကောက်မှုကြောင့် တပ်မတော်နဲ့တိုက်ပွဲဖြစ်တာ အများဆုံးဖြစ်ပါတယ်။ နှစ်ဖက်စလုံး နယ်ကျော်ရင် ခွင့်တောင်း အသိပေးရမည့် စည်းကမ်းကို လိုက်နာရမည်ဖြစ်ပြီး မလွှဲမရှောင်သာ အောက်ခြေတပ်များ နားလည်မှုလွဲ ထိတွေ့မှူဖြစ်ခဲ့ရင်တောင် ငြိမ်းချမ်းစွာ ဖြေရှင်းနည်းနဲ့ ထိန်းသိမ်းသွားတာ အတုယူစရာကောင်းပါတယ်။ ဒါကြောင့်လည်း NCA လမ်းအတိုင်း သွားမည်ဖြစ်လို့ ကြိုဆိုရပါမယ်။

(ခ) လက်နက်ကိုင်အာဏာရှင်တပိုင်း၊ တော်လှန်ရေးတပိုင်း တိုင်းရင်းသားအဖွဲ့အစည်းများ

KIA၊ NMSP ၊ NDAA အဖွဲ့တွေဖြစ်ပါတယ်။ KIAဟာ အခြေခံကောင်းတွေရှိလျှက်နဲ့ ပညာတတ်၊ ငွေကြေးတောင့်တင်းသလို နိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်လိမ္မာတတ်သိမှု တဖက်ကမ်းခတ်နေတာမို့ Power Game မကြာခဏ ကစားလွန်းပါတယ်။ တပ်မတော်က အကြောင်းသိပြီးဖြစ်သလို နောက်ပိုင်းတရုတ်ကော အခြားတိုင်းရင်းသားများကပါ သတိထားမိလာကာ အောက်ပါ လူမှုမီဒီယာမှ မိတ်ဆွေတစ်ဦးရဲ့ comment နမူနာကို တလက်စထဲ ဖေါ်ပြပေးလိုက်ပါတယ်။

သူတို့ရဲ့အဖွဲ့အစည်း ထိပ်ပိုင်းရာထူးယူသူတွေဟာ တော်တော်နဲ့ ဆင်းပေးမည့်ပုံ မပေါ်သလို UNFC ဥက္ကဌ ရာထူးကိုပင် ၂၀၁၁ခုနှစ်ကတည်းက စတင်ကာ ယခုဆို ၆နှစ်ထိ ဆက်တိုက် ရယူထားတာဟာ အာဏာရှင်ရဲ့စရိုက်လက္ခဏာဖြစ်ပါတယ်။ ရှမ်းကဖွဲ့ထားတဲ့ CSSU ဆိုရင် အလှည့်ကျဥက္ကဌ ထားပြီး KNU က အဲဒီဖွဲ့စည်းပုံမကြိုက်လို့ထွက်သွားရတာဘဲ ဖြစ်ပါတယ်။ NMSP မှာ အင်ဂျင်နီယာ၊ မွန်နိင်ငံရေးပါတီတွေ (စံချိန်တင် အမျိုးသမီးအဖွဲ့ အပါအဝင် ၃ ပါတီရှိ) မှာလည်း ဆရာဝန်တွေ ပညာတတ်တွေရှိရဲ့သားနဲ့ စည်းလုံးညီညွှတ်မှု မဖေါ်ဆောင်နိုင်တာ၊ လက်နက်ကိုင်လာပြီး အစွန်းရောက်သူတွေတချို့ရဲ့ လူမျိုးရေးဇာတ်ကြီး အလွန်အကျွံ လိုင်းတင်ထားမှုကြောင့် ဖက်ဒရယ်ဆွေးနွေးပွဲတွေမှာ စိန်ခေါ်မှု ရှိနိုင်ပါတယ်။ NDAA မိုင်းလားအဖွဲ့ဟာ အစိုးရ၊ တပ်မတော်တို့နဲ့ ဆက်ဆံရေးပြေပြစ်ပြီး ပြသနာတစုံတရာမရှိသော်လည်း UWSA နဲ့ MNDAA ဦးဖုန်းကြားရှင်တို့ရဲ့ သြဇာလောင်းရိပ်မှ မလွတ်ထွက်နိုင်သရွေ့ သူတို့ကို အလားတူ သတ်မှတ်ရမှာဖြစ်ပါတယ်။

လူမှုမီဒီယာပေါ်က တင်လာတဲ့ သောသီခိုပိုစ့်တခုကို ဖေါ်ပြပေးလိုက်ပါတယ် ...

“ကျနော်နားလည်မိတာက စစ်ပူချိန်ကာလတုန်းက KNU တဖွဲ့ တည်းကျန်ပြီး NDF ကို ထိန်းကာ ဦးဆောင်ခဲ့တယ်။ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ SSA မြောက်နဲ့  KIO က အပြင်စည်းကို ထွက်လာပြီး တိုင်းရင်းသားအဖွဲ့ များစုဖွဲ့ တဲ့ UNFC ကိုဖွဲ့ စည်းခဲ့ကြတယ်။ NDF ကမှိန်ပြီး ပျောက်သွားတယ်လို့ ပြောလို့ ရတယ်။ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုးဦးဆောင်တဲ့ KNU က အစကတည်းက သူတို့ Plan ချထားပြီးသားမို့  UNFC စဖွဲ့ကတည်းကပင် ထဲထဲဝင်ဝင် မပါခဲ့ဘူးလို့ နားလည်တယ်။ တကယ်တော့ KIO ကသာ UNFC ရဲ့ အဓိက Founder ဖြစ်ပါတယ်။ အခု KIO ကိုယ်တိုင် စပြီး နှူတ်ထွက်မယ်ပြောတော့ မေးခွန်းထုတ်စရာတွေ အများကြီးရှိလာတယ်။ စစ်ရေးမှာ တခါမှ အနာမခံတဲ့ မွန်ပြည်သစ်ပါတီက ဘာဆက်လုပ်မလဲ ဆိုတာလည်း စိတ်ဝင်စားစရာပါ။ အမျိုးသားအကျိုးစီးပွားအတွက်သော်လည်းကောင်း  ပထ၀ီနိုင်ငံရေး/ စစ်ရေး အရသော်လည်းကောင်း KIO က ပေါင်းစရာရှိတဲ့လူကိုပေါင်းပြီး ထားခဲ့စရာရှိရင်လည်း ထားခဲ့မှာဖြစ်ကြောင်းဆိုတာ ဗိုလ်ချူပ် ဘရန်ဆိုင်းခေတ်ကတည်းက လုပ်ပြသွားခဲ့ပြီးကြောင်း နားလည်မိပါတယ်”

(၈) တိုင်းရင်သားလက်နက်ကိုင် အာဏာရှင်အဖွဲ့အစည်းများ

UWSA/ MNDAA/ TNLA/ AA အဖွဲ့တွေဟာ ပါတီနဲ့တပ်လိုင်းမကွဲဘဲ စစ်တပ်အမိန့်နဲ့သွားနေသလို ပြည်သူလူထုအပေါ် MNDAA/ TNLA/ AA တို့ရဲ့အင်အားသုံးမှုကြောင့် တော်လှန်ရေးရဲ့အသွင်ထက် အာဏာရှင်စရိုက် ပေါ်နေပါတယ်။ UWSA ဟာ အင်အားကြီးမားမှုကို ခုတုံးလုပ်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို လက်နက်ခဲယမ်း ပံ့ပိုးသလို အစိုးရအပေါ် ဆက်ဆံရေး အထက်စီး ဆန်နေတာ တွေ့ရပါတယ်။ ပြည်နယ်တောင်းဆိုရင် အခြားလူမျိုးများက ကန့်ကွက်လာမှာကို ထည့်မတွက်ဘဲ အထူးအခွင့်ထူးခံ တဖက်သတ်တောင်းဆိုနေတာကိုက အတ္တဆန်လှပါတယ်။ အတ္တကြီးလာရင် အာဏာရှင်ဖြစ်လာတာဘဲလို့ ခံယူပါတယ်။ ယခုလည်း တရုတ်ရဲ့ ပိုးလမ်းမကြီးကို အကာအကွယ်ယူကာ ဝ ဒေသအကျိုးစီးပွါးထက် ထိပ်ပိုင်းက ခေါင်းဆောင်တွေရဲ့ တရားမဝင်ငွေမဲကို ငွေဖြူဖြစ်ရေး ခြေလှမ်းလှမ်းနေတာကိုက လောဘဇောတိုက်နေပါတယ်။ လက်ရှိချမ်းသာနေတာကို ဒီမိုကရေစီဖြစ်တဲ့ ဖက်ဒရယ်ပေးလိုက်ရရင် ထိခိုက်နေမှာကို စိုးထိတ်နေဟန်တူပြီး မဖုံးနိုင်မဖိနိုင်ဖြစ်နေပါတယ်၊

TNLA ဟာ ဒေသအတွက် မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ပေးတာကလွဲလို့ မယ်မယ်ရရ ပြည်သူလူထုအတွက် မလုပ်ပေးနိုင်သလို AA ဆိုရင်လည်း ရခိုင်အရေး နိုင်ငံတကာက ဖိအားတွေ တိုးနေတာကို Statement ထုတ် ကန့်ကွက်ပေးဖို့ပင် ဝန်လေးနေတာ တွေ့ရပါတယ်။ သေချာတာက သူတို့လူမျိုးတွေက အကြောက်တရားနဲ့သာ ထောက်ခံနေရပြီး တော်လှန်ရေး ဘယ်သူတွေ လုပ်နေတယ်ဆိုတာ သိပုံ မပေါ်ကြဘဲ စိုးရိမ်ကြောင့်ကြမှု နေ့စဉ်လို ခံစားနေရတယ်လို့သိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အာဏာရှင် ဦးတည်ရန်သူက ဘယ်သူလဲ?

၄၃။ မည်သည့်အဖွဲ့အစည်းမဆို မဟာဗျူဟာစီမံချက်ရေးဆွဲတိုင်း ဦးတည်ရန်သူဆိုတာ သတ်မှတ်ရပါတယ်။ ဒီတော့ ယနေ့ခေတ် စစ်အာဏာရှင်တွေ အပြည့်အဝ အုပ်ချုပ်နေသေးလို့လား မေးပါမယ်။ ယခုအုပ်ချုပ်နေတာက ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သတိထားလိုက်ရင် သေနတ်ပြောင်းဝကို အသာဘဲ ခဏထောင်လိုက်ပြီးမှ စဉ်စားကြည့်လိုက်ပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ အပြည့်အဝ Mandate ရယူထားတာမို့ တပ်ချုပ်က ပူးပေါင်းဆောင်ရွက်လိုက်နာမယ်လို့ ပြောထားတာရှိပါတယ်။ (သဘောထားကွဲလွဲစရာ ထင်ထင်ရှားရှား တခုဘဲရှိပါတယ်။ ဒေါ်စုက တိုင်းရင်းသားဘက် ငှဲ့ညှာပြီး ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်ပေမဲ့ တပ်မတော်က ရှမ်းပြည်နယ်လွှတ်တော်မှာ မြောက်ပိုင်းအဖွဲ့ကို အကြမ်းဖက်စာရင်း အတည်ပြုခိုင်းတာနဲ့ ပတ်သက်ပြီး နည်းဗျူဟာ ချဉ်းကပ်ပုံမှားနေတယ် ဆိုတာတောင် စာရေးသူ ယခင်ဆောင်းပါးတုံးက ထောက်ပြခဲ့ပါသေးတယ်။

ဒါပေမဲ့ ဒီဖြစ်စဉ်ကို ထောက်ပြပြီး၂၀၀၈ခုနှစ်အခြေခံဥပဒေအရ အရပ်သားတပိုင်း၊ စစ်တပ်တပိုင်း ဖြစ်နေတယ်၊ အစိုးရ ၂ရပ်ဖြစ်နေတယ်လို့ တိုင်းရင်သားပါတီကြီးတခုက ခေါင်းဆောင်တဦးက တဖက်သတ်ပြောဆိုခဲ့တာကိုတော့ လက်မခံချင်ပါ။ အဲဒီခေါင်းဆောင်ကိုမေးချင်တာက အကြမ်းဖက်စာရင်း မတင်ခဲ့ရင် ဒုတိယအကြိမ် လောက်ကိုင်တိုက်ခံရတဲ့ဖြစ်စဉ်မျိုး မဖြစ်ဖို့ အဆိုပါ အကြမ်းဖက်စာရင်းပါ အဖွဲ့များကို မလုပ်ဖို့ တာဝန်ယူနိုင်သလားဆိုတာဘဲဖြစ်ပါတယ်။ ဒါဆို သူက ပြည်နယ်အစိုးရဝန်ကြီးချုပ် လုပ်ခဲ့ရင် တပ်မတော်က လက်ပိုက်ကြည့်ယုံသာ ရှိပါတော့တယ်) သူတို့ရဲ့ဆန္ဒအရ တပ်မတော်ကိုဘဲ ဦးတည်ရန်သူထားရင်တော့  နိုင်အောင် ပြည်ပက တရုတ်ဖြစ်ဖြစ် ခေါ်ပြီးတိုက်ချင်တိုက်၊ မတိုက်နိုင်ရင် တပ်မတော်နဲ့အကောင်းဆုံးပြေလည်အောင် ငြိမ်းချမ်းစွာ ဖြေရှင်းပေးနိုင်သူတစ်ဦးတည်းဟာ ဒေါ်အောင်ဆန်းစုကြည်ဘဲ ဖြစ်တယ်ဆိုတာ လက်ခံဖို့ တိုက်တွန်းလိုတယ်။

တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင် သုံးသင့်သည့် နိုင်ငံရေးအခင်းအကျင်း
၄၄။ တပ်မတော်ကိုတော့ ထိုးစစ်ဆင်နွှဲတယ်ပြောတယ်။ မိမိက စတိုက်တဲ့အခါကျတော့ တပ်ကို မတိုက်ဘဲ အရပ်သားပစ်မှတ် မြို့ကြီးပြကြီးကို မသိမ်းနိုင်ဘဲနဲ့ အသံပေးယုံ သက်သက်တိုက်တဲ့ စစ်ရေးဖိအားပေးမှုမျိုးကိုတော့ ရှာင်ကျဉ်သင့်ပါတယ်။ ၂၀၀၈ခုနှစ်အခြေခံဥပဒေပြင်ဆင်ဖို့ တပ်မတော်က လက်ခံထားပြီးဖြစ်ရာ လွှတ်တော်ထဲပြင်ဖို့ဟာ မဲအများစုအနိုင်ရပါတီကြီးပင် ပြင်ဖို့ မလွယ်ကူသလို လွှတ်တော်အမတ် ဖြစ်ခွင့်မရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အာဏာရှင်များအနေနဲ့ ပြင်ဆင်နိင်ဖို့ အခြေအနေပေးနိင်ဆုံးဟာ လွှတ်တော်ပြင်ပဖြစ်တဲ့ ၂၁ပင်လုံညီလာခံ၊ ပြည်ထောင်းစုငြိမ်းချမ်းရေး ညီလာခံဖြစ်ပါတယ်။ တဖန် ညီလာခံပြင်က ဆိုပြီး UWSA က စီမံထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ လိုင်းဆိုရင် အပြင်တကာ့အပြင် အစွန်းတဖက် ရောက်နေတာ သတိပြုရပါမယ်။ ဒါဆိုလက်ရှိ NCA လုပ်ငန်းစဉ်မှာ ပါတဲ့အခြားအဖွဲ့တွေအပေါ် အစိုးရ၊ တပ်မတော် ကကိကဝတ်ပေးထားတာတွေနဲ့ ဂုဏ်သိက္ခာတွေ၊ နိုင်ငံတကာအသိအမှတ်ပြုတာတွေ မြောင်းထဲထိုးချ သလိုဖြစ်သွားမှာကို စဉ်စားပေးဖို့လိုပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ (၂)မျိုးဖြစ်နေပြီး နိုင်ငံတကာကိုတင်ပြမယ်ဆိုရင် အဓိပ္ပါယ်ရှိ၊ မရှိ စဉ်းစားဖို့လိုပါတယ်။ ဒေသ၊လူမျိုးတွေဟာ ရောယှက်နေတာမို့ ဖက်ဒရယ်အပိုင်းမှာ အားလုံး မျက်နှာချင်းဆိုင်ထိုင် ဆွေးနွေးရမှသာ ပြေလည်နိုင်ပြီး ၂ လိုင်း ခွဲ ဆွေးနွေးရတဲ့ အခြေအနေဆိုရင် အစိုးရက ဗျာများကာ အလုပ်မဖြစ်ဘဲ ကြန့်ကြာယုံသာရှိပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီမရဖို့အချိန်ဆွဲနေတာလို့မြင်ပါတယ်။

၄၅။ သူတို့ရဲ့လုပ်ငန်းစဉ်ဟာ အစဘဲရှိတာမို့ မူလ NCA ကိုဖြတ်လမ်းက လိုက်မယ် ကြံစည်ထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖြတ်လမ်းလိုက်သူတွေဟာ အဆင့်မသင့်ရင် အကျိုးခံစားခွင့်နစ်နာနိုင်မည့် အခြေအနေရှိနေတယ်လို့ထည့်တွက်ဖို့ကောင်းပါတယ်။ ဘာဘဲဖြစ်ဖြစ် လက်ရှိ NCA PROCESS အတိုင်း တက်ရောက် ဆွေးနွေးမှသာ အဆင်ပြေမည်ဖြစ်လို့အချိန်အနည်းငယ် ကျန်သေးတဲ့အချိန်မှာ လက်ခံဖို့ တိုက်တွန်းလိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အာဏာရှင်တို့ရဲ့ အုပ်စုဖွဲ့အစွဲနဲ့အလုပ်ဖြစ်ရဲ့လား

၄၆။ တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်တွေဟာ အစိုးရ၊ တပ်မတော်တို့နဲ့ဆွေးနွေးရာမှာ Power Weight ဖြစ်စေဖို့ ၊ သွေးခွဲခံရမှာ စိုးတာရယ်၊ အင်အားစုတည်ဆောက်တဲ့အနေနဲ့ NDF၊ DAB၊ UNFC စတဲ့ အုပ်စုများဖွဲ့ကာ အစိုးရကို ရင်ဆိုင်နေခဲ့တာ ရှိပါတယ်။ စစ်ရေးအရ ဖွဲ့ထားပေမဲ့ တကယ်တမ်းစစ်ကူပေးဖို့ တောင်းတဲ့အခါ တပ်မပြောနဲ့ လက်နက်ခဲယမ်းရိက္ခာပေးဖို့တောင် လက်တွန့်နေကြတာမို့ စာရင်းစာရွက်ပေါ်မှာ ရှိပါတယ်။ ယခုနိုင်ငံရေးဆွေးနွေးပွဲကြတော့ အဖွဲ့ကိုပင် အားမရသေးဘဲ အလုပ်အဖွဲ့DPN၊ တခါ အဆင့်မြင့်အဖွဲဆိုပြီး ဒီလူတွေဘဲ ပတ်ချာလည်သွားနေတာ သိရပါတယ်။ အစိုးရက အဖြေတိတိကျကျ ပေးမည်။ ထိပ်သီးလာပါ ဆိုတော့လည်း နေမကောင်းအကြောင်းပြပြီး ဆင်ဝှေ့ရန်ရှောင် လက်ထောက်လွှတ်၊ သူက ပြန်တင်ပြပါဦးမယ်ဆိုလို့ အချိန်တွေဆွဲဆန့်သွားတာ အသိဆုံးဖြစ်ပါတယ်။

၄၇။ ဆုံးဖြတ်ချက်ကို ပိုင်နိုင်စွာမချနိုင်မှု၊ တာဝန်ယူမှု တာဝန်ခံမှု အားနည်းသလို မိမိကိုယ်ကို ယုံကြည်မှုဓါတ်ခံ အားနည်းနေတာတွေ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်သေးပါတယ်။ အုပ်စုဖွဲ့တိုင်း အလုပ်မဖြစ်တာဟာ ဆက်သွယ်ရေးနဲ့ဘဏ္ဏာငွေကန့်သတ်မှု၊ အဖွဲတွေရဲ့အင်အား၊ ဖွဲ့စည်းပုံ၊ အခြေခံနယ်မြေပိုင်ဆိုင်မှု၊ ဓနအင်အား၊ လူမျိုးဓလေ့စရိုက်၊ အခြေခံကောင်းများ၊ မူဝါဒလမ်းစဉ် စတဲ့ မတူညီ၊ ကွဲပြားမှုတွေကြောင့် မအောင်မြင်တာဖြစ်ပြီး အဓိကတခုက အဖွဲကြီးရဲ့ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ် အားနည်းချက်ရှိနိုင်သလို ခိုင်မာပြန်ရင်လည်း မိမိတဖွဲ့ခြင်းရဲ့ကိုယ်ကျိုးစီးပွါးအတွက် ဦးစားပေးလိုက်ရတာရှိကာ တချို့ဆိုရင် အသိမပေးဘဲ အစိုးရနဲ့ ဆက်သွယ်လုပ်လိုက်တာမျိုးလည်း ရှိပါတယ်။ အစိုးရက ချပေးလိုက်တဲ့အချက်တွေကို ချက်ခြင်းမတုန့်ပြန်နိုင်ဘဲ ထိပ်သီးတွေအစည်းအဝေးခေါ်ရနဲ့ တဖန်ထိပ်သီးကမပြီးဘဲ သူတို့ညီလာခံခေါ်ပြီးမှ ဆုံးဖြတ်မယ်ဆိုပြီး မပြတ်မသားနဲ့ ဇာတ်လမ်းရှည်နေတာမျိုးလည်း ရှိပါတယ်။ အဆိုးဆုံးမှာ သူလည်းပစ္စတို၊ ငါလည်းပစ္စတို ကိုင်ထားသူပီပီ သေနတ်အရှိန်အဝါကြောင့် သြဇာအာဏာရှိသင့်သလောက် မရှိတာဘဲဖြစ်ပါတယ်။ ဒါကြောင့် အုပ်စုအဖွဲ့နဲ့ ရင်ဆိုင်မယ်ဆိုတဲ့ အစွဲဖျောက်ဖို့သင့်နေပြီး စစ်အာဏာရှင်နဲ့တွေ့ရမှာမဟုတ်ဘဲ လူထုခေါင်းဆောင်၊ အရပ်ဖက်စစ်ဖက်နဲ့ တိုင်းရင်းသားများပါ တွေ့ရမှာဖြစ်လို့တပ်မတော်ကလည်း လုပ်ချင်တိုင်း လုပ်လို့ မရတော့ဖူး ဆိုတာသိစေချင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အာဏာရှင်တို့ ခံယူချက်က ဘာလဲ၊ ဘာကို စိုးရိမ်နေရတာလဲ
၄၈။ တိုင်းရင်သားလက်နက်ကိုင်အာဏာရှင်တွေ ပြောတော့ မိမိလူမျိုးအတွက် ဖက်ဒရယ်တောင်းတယ်လို့ ဆိုပါတယ်။ လက်နက်ရှိမှ အစိုးရက အရေးတယူရှိလာမယ်။ လိုတာ တောင်းလို့ရမယ်၊ လက်နက်နဲ့စစ်ရေး ဖိအားပေးမယ်၊ အဲဒါဆိုရင် အစိုးရက အလိုလိုက်လာမယ်ဆိုတာ အဲဒီခေါင်းဆောင်တော်တော်များက ခံယူထားတယ်။ မီဒီယာမှာ သူတို့က တပ်မတော်က ထိုးစစ်ဆင်ပြီး နိုင်ငံရေးရေချိန်မှာ အပေါ်စီးရအောင် လုပ်တယ်၊ စစ်ရေးနဲ့ ဖိအားပေးခြိမ်းချောက်တယ်လို့ စွပ်စွဲတယ်။

ဒါနဲ့ပတ်သက်ပြီး စာရေးသူ အထဲက စစ်ဖက်မိတ်ဆွေများနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေကို ဒေါင့်စေ့အောင် ဘာလို့တပ်မတော်က စတိုက်နေရတာလဲ ဆိုပြီး သေချာစွာမေးခဲ့ပြီးပါပြီ။ ယခင်ဆောင်းပါးတွေမှာ ဖေါ်ပြခဲ့သလို တပ်မတော်က ဂဏန်းညှပ်တာ လူတွေ မမြင်ဖူး၊ သူတို့က နယ်မြေတွေမှာ တပ်မတော်ကို စ တိုက်လို့ကျဆုံးသွားတဲ့ အရာရှိစစ်သည်တွေ အရိုးတွန်သံတွေ သက်သေရှိတယ်။ တပ်က လမ်းကြီးအတိုင်း တပ်ရိက္ခာပို့တာကို သူတို့က မိုင်းနဲဆွဲ၊ ခြုံခိုတိုက်ခိုက်လို့ တပ်က မီဒီယာအပိုင်းမှာ တုန့်ပြန်တာ နှေးတာမို့တပ်ဘက်က ခံရတာ လူမသိဖူးဖြစ်နေကြောင်း၊ မြို့ကျေးရွာတွေမှာ လူသစ်စု၊ ဖမ်းတာ၊ အကောက်ကောက်တာ လာတိုင်လို့ သူတို့ ဘယ်ကနေ လာသလဲ ကြည့်လိုက်တော့ နယ်မြေစခန်းသစ် ဆောက်ပြီးလုပ်သလို စခန်းဟောင်းကနေ လာတာတွေရှိလို့ အဲဒီစခန်းကို မဖြစ်မနေ တက်ရှင်းရတယ်လို့ ပြောသွားကြပါတယ်။

အခုဆိုရင် ဆောင်းပါးရေးနေဆဲမှာပင် မူဆယ်ကွတ်ခိုင် လမ်းမကြီးကို TNLA တပ်တွေက ကားတွေရဲ့သော့ကို သိမ်းပြီး ပစ်ခတ်သွားပါသေးတယ်။ နောက်ပိုင်း မီဒီယာများကိုယ်တိုင် ကြုံတွေ့ရတာရယ်၊ပြည်သူလူထုကိုယ်တိုင်  ခါးသီးစွာ ခံစားခဲ့ရတာမို့ သူတို့တွေဟာ တော်လှန်ရေး အယောင်ဆောင် သူပုန်၊ဓမြတွေသာ ဖြစ်တယ်လို့ ဝေဖန်လာပြီဖြစ်ရာ အာဏာရှင်ရဲ့ စရိုက်လက္ခဏာဖြစ်ပါတယ်။

၄၉။ ဒါကြောင့် တပ်မတော်ကချည်း ထိုးစစ်ဆင်တာမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အာဏာရှင်တွေ ကိုယ်တိုင်က ၂၁ပင်လုံညီလာခံ ဆက်လက်တိုးတက် လုပ်ဆောင်သွားမှာစိုးလို့ စစ်ရေးအရ တိုက်ကွက် ဖေါ်ဖိအားပေးတာ ပြီးခဲ့တဲ့ ဒုတိယအကြိမ် လောက်ကိုင်မြို့တိုက်ပွဲက ဘယ်လိုမှ မငြင်းနိုင်တဲ့သက်သေပင် ဖြစ်ပါတယ်။

ဒါဆိုရင် လက်နက်ကိုင်ပြီးတော်လှန်ရေးအောင်မြင်တယ် ဆိုတာ နိုင်ငံတကာမှာ ခေတ်မရှိတော့ဖူး။ အခြေအနေမပေးတော့ဖူး။ လက်နက်ကိုင်ပြီး အခွင့်အရေးရမယ်ဆိုတဲ့ လုပ်ရပ်ကို နိုင်ငံတကာက လက်ခံလိမ့်မယ်ထင်သလား ဆိုတာ မေးလိုပါတယ်။

စစ်ရုံးမှာနေခဲ့စဉ်က အာဏာရယူထားပြီး လက်နက်ကိုင်တပ်ကို ကိုင်ထားတဲ့ ဦးသန်းရွှေတောင် ရေရှည်ဆက်သွားရင် ဦးနေဝင်းထက် ပိုဆိုးမယ် ဆိုတာ သူ့ရှေ့ရေးကို တွက်လို့ရယ်၊ နောက် လက်နက်ကိုင်တိုင်းရင်သား ခေါင်းဆောင်တချို့ဟာ ဒီမိုကရေစီကို လွယ်လွယ်ကူကူ လက်ခံလိမ့်မှာ မဟုတ်ဖူးလို့တွက်ထားတာရယ်၊ အစိုးရတက်လာမည့် အရပ်သားတွေဟာ တောထဲလူတွေ အကြောင်းမသိတာမို့ ချက်ခြင်း မလွှတ်ဘဲ ၂၅% တပ်က ဝင်ထိန်းတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေရေးဆွဲခိုင်းတာကို စာရေးသူ ကိုယ်တွေ့အရ ပြောပြချင်ပါတယ်။

ဒါကြောင့် ၂၁ပင်လုံညီလာခံဖြစ်မြောက်ရေးအတွက် စေတနာနဲ့ ဝိုင်းဝန်းကူညီမယ်ဆိုရင် စေတနာအကျိုး ခံစားရကာ မေတ္တာရောင်ပြန်ဟပ်ပါလိမ့်မယ်။ အခက်အခဲဖြစ်နေချိန်မှာ လာရောက်ပူးပေါင်းသူဟာ စစ်သဘောအရ ရဲဘော်ရဲဘက်စိတ်၊ ပြည်ထောင်စုစိတ်၊ ပင်လုံစိတ်ဓါတ်နဲ့ တန်ဖိုး မဖြတ်နိုင်လောက်အောင် ကြီးမား လှပါတယ်။

၅၀။ ဆောင်းပါးအဆုံးသတ်နေစဉ်မှာပင် ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန်က မြန်မာများနဲ့တွေ့ဆုံပွဲမှာ ငြိမ်းချမ်းရေးကိစ္စကို ပါဝင်ကူညီသူမှန်သမျှ သူမ ကြီးကြီးသေးသေး လုပ်ပေးနိုင်တယ် ဆိုတာပြောကတည်းက လိုအပ်နေတာသိလိုက်ရလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ကူညီပေးဖို့ စာရေးသူ တိုက်တွန်းလိုက်ရပါတယ်။

“မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးကိစ္စက ငြိမ်းချမ်းရေးကိစ္စပဲဖြစ်တယ် နိုင်ငံတနိုင်ငံမှာ ငြိမ်းချမ်းမှုမရှိရင် တည်ငြိမ်မှုမရှိတဲ့အကြောင်းနဲ့ ငြိမ်းချမ်းရေးမှာ ၀ိုင်းဝန်းပါဝင် ကူညီလုပ်ဆောင် ပေးဖို့လည်း တိုက်တွန်းပြောသွားပါတယ်။ ”

“ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက် ကိုယ့်မှာလုပ်နိုင်တာဘာရှိလဲ။ တကယ်လုပ်ပေး ချင်တယ်ဆိုရင်လုပ်ပေးဖို့ရပါတယ်။ သေးသေးလည်းရတယ်။ ကြီးကြီးလည်း ရတယ်။ ကိုယ်သာ ဆန္ဒရှိရင် လုပ်ပေးနိုင်တာအများကြီးရှိတယ်။ ကိုယ်သာ တကယ်ဆန္ဒရှိရင် မလုပ်နိုင်တာ ဘာမှမရှိဘူး။ ကိုယ့်ကိုယ်ကိုလည်း အထင်မသေးနဲ့။”

၅၁။ တကယ်တမ်း တိုင်းရင်းသားလက်နက်ကိုင်အာဏာရှင်တချို့ဟာ ဖက်ဒရယ် တင်းပြည့်ကျပ်ပြည့် မရရင်တောင် အတိုင်းအတာတခုထိ ရမယ်ဆိုရင် ကျေနပ်မည့်ပုံ မပေါ်သေးပါ။ သူတို့စွပ်စွဲနေတဲ့ စစ်တပ်က အုပ်ချုပ်ရေး ၂၅% ကို ဖယ်စေချင်ဆိုပါစို့။ အခြေခံဥပဒေပြင်ဆင်မှုကို စစ်တပ်က လိုက်လျောပေးလိုက်ကာ ဘားတိုက်ပြန်လိုက်ရင် ပြည်သူလူထုရဲ့လုံခြုံမှုအတွက် သူတို့လက်နက်ဖြုတ်ရေး DDR /SSR အစီအစဉ် လိုက်လာမယ်ဆိုတာ သတိပြုစေချင်တယ်။ မိမိတပ် တာဝန်ယူပါတယ်ဆိုပြီး တရားမဲ့ လက်လွတ် မပြောသင့်ဘဲ တလောကမှ တောင်ကြီးမှာ ဝ ဆက်ဆံရေးရုံးကလူ သေနတ်ပစ်ဖြစ်စဉ်က သက်သေပြနေတယ်။ သူတို့တွေဟာ လက်နက်မရှိတော့ သိမ်ငယ်သလို ခံစားနေရတာမို့ မိမိနောက်ကြောင်းပြန် အရေးမယူပါဖူးလို့ ယနေ့ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သင်ပုန်းချေတယ်ဆိုရင် မလုံလောက်ဖူးလား။ ဒီနေရာမှာ ဦးသန်းရွှေနဲ့စစ်အာဏာရှင်အပေါင်းအပါတွေကို နောက်ကြောင်းပြန်မလှန်တာ သက်သေဖြစ်ပြီး မိမိတို့ မူးယစ်ဆေးဝါးနဲ့လုပ်ကိုင်လို့ ရလာတဲ့ စည်းစိမ်ဥစ္စာတွေကို ပြန်မသိမ်းတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်က တောင်းရင်တောင် ထည့်မပေးဖူးဆိုခဲ့ရင်ကော  စိုးရိမ်စိတ်ပျောက်မှာလား၊ နောက်ဆုံး မိသားစုလုံခြုံရေးအတွက် ခွန်ဆာလို တပ်မတော်ကို တာဝန်ယူခိုင်းမယ်၊ အပြစ်တွေ ခွှင့်လွှတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တပ်ချုပ်ကို မပြောနိုင်တာ အကြောင်းမရှိဖူးလို့ မြင်ပါတယ်။ ၂၁ပင်လုံသာ ပူးပေါင်းမည်ဆိုလိုကတော့ ပြင်ပဖိအားကို ဒေါ်အောင်ဆန်းစုကြည်နဲ့တပ်ချုပ်တို့ ကြောက်လိမ့်မယ် မထင်ဖူးဆိုရင် စိုးရိမ်စိတ်ပျောက်မှာလား၊

၅၂။ ဒါမှမဟုတ် မိမိက အာဏာကို ဆက်ကိုင်ထားသေးချင်ရင် အရပ်ဝတ်နဲ့မိမိလူထုစည်းရုံးပြီး ရွေးကောက်ပွဲ ဝင်နိုင်တယ်။ ဖက်ဒရယ်အနှစ်သာရက မဲစနစ်နဲ့ လက်နက်အားမကိုးဘဲ ယှဉ်ပြိုင်တာဖြစ်တယ်။ မိမိတပ်ကို ဆက်လက်ရပ်တည်ခွင့်ပေးထားရင် အခြားပြည်နယ်တွေက အခွင့်ထူးခံပေးထားတယ်လို့ အစိုးရကို စွပ်စွဲလာပါက ဘယ်လို ဖြေရှင်းကြမလဲ၊ နည်းလမ်းရှိရင်လည်း ပေးစေလိုပါတယ်။ ပြည်နယ်မှာ အာဏာရှင် အသွင်ပြောင်း စစ်ဘုရင်လို ဆက်အုပ်ချုပ်မယ်ဆိုရင် မိမိလူမျိုးကိုသနားကြင်နာဖို့ လိုပါတယ်။ နိုင်ငံတကာမှာ ဒီမိုကရေစီကျင့်သုံးရင် ဒီလိုသီးခြားစစ်ဘုရင်လို အုပ်ချုပ်လို့ရတဲ့ နိုင်ငံရှိရင် ညွှန်ပြစေလိုပါတယ်။ မိမိခံယူချက် ပြောင်းဖို့လိုတယ်။ အလားတူ မိမိကိုယ်လည်း သိက္ခာရှိရှိ နောက်ဆုတ်သွားဖို့ဖန်တီးပေးမယ်၊ မိမိအနာဂတ်လုံခြုံစိတ်ချရဖို့အခြေခံဥပဒေအကာအကွယ်အပြင် အစိုးရက တာဝန်ပါတယ် ဆိုရင် မိမိလူမျိုးအတွက်  ကယ်တင်ရှင် ၊ပြောင်းလဲပေးနိုင်သူအဖြစ် မှတ်တမ်းဝင် ဂုဏ်ယူလိုက်စေချင်ပါတယ်။

နိဂုံးချုပ်

၅၃။ တိုင်းရင်သားလက်နက်ကိုင်အာဏာရှင်အဖွဲ့အများစုဟာ နိုင်ငံရေးပါတီ ရည်မှန်းချက်၊ မူဝါဒ၊ လမ်းစဉ်  ပွင့်လင်းမြင်သာစွာ မိမိတိုင်းရင်သားအပါအဝင် လူထုကို ချပြတာမျိုး မတွေ့ရသလို ပြည်သူလူထုကို စည်းရုံးရေးစွမ်းရည် အားနည်းပြီး နယ်မြေအများစုမှာ လက်နက်ကိုင်အားကိုးနဲ့ ဖိအားပေးခြိမ်းချောက်တာမျိုးသာ တွေ့ရပါတယ်။ တိုင်းရင်းသားတွေက ပြည်တွင်းနိုင်ငံရေးပါတီ ခေါင်းဆောင်သာ အသိများပြီး တောထဲက လို့ဘဲ သမုတ်ကြကာ ခေါင်းဆောင် ဘယ်သူဆိုတာ မသိတာများပါတယ်။ တိုင်းရင်သားတွေကိုယ်နှိုက်က ကြောက်လို့ မပြောယုံသာရှိမယ်။ သူတို့ရင်က လွယ်ပြီးမွေးလာခဲ့တဲ့ ကလေးတွေ အရွယ်ရောက်တိုင်း စစ်ထဲ အတင်းအကျပ် ဝင်ခိုင်းနေတာဘဲ ဖြစ်ပါတယ်။ သူတို့က တပ်မတော်ကဘဲ မတရားနယ်တွေ သိမ်းထားလို့ ပြန်လည်တွန်းလှန်ရမယ်။ ဖြစ်နိုင်ရင်ဗမာလူမျိုးကြီးဝါဒ ချဲကားပြီးအနိုင်ကျင့်နေသလို ပုံရိပ်ဖေါ်ကာ စစ်ပွဲကြီး
ဖြစ်တော့ မယောင် စိတ်ဓါတ်စစ်ဆင်ရေးလုပ်ဇာတ်သွင်းပါတော့တယ်။ တကယ်တော့ ရိုးသားတဲ့ တိုင်းရင်သားအများစုက အဟုတ်ထင်နေကြပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်စခန်းကို မမျှော်လင့်ဘဲ ထိတွေ့ဆက်ဆံပြလိုက်တဲ့အခါ သူတို့ပြောနေသလို သိပ်တော့မဟုတ်ပါလားဆိုတဲ့ အမြင်ဝင်လာတယ်လို့ ဒုက္ခသည်အသိုင်းအဝိုင်းထံမှ သိရပါတယ်။

၅၃။ ဒီနေရာမှာ တော်လှန်ရေးလုပ်နေသူတွေကို ဗိုလ်ချုပ်အောင်ဆန်းရဲ့မှန်ကန်တဲ့ ဦးဆောင်မှုကို စံနမူနာပြလိုပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မိုင်းက ဗိုလ်ချုပ်အား မင်းခေါ်လာတဲ့ ဂျပန်ကောင်တွေ ဒို့တတွေကို ဒုက္ခပေးလိုက်တာ၊ ဘယ်လိုလုပ်မလို့ မေးခဲ့ပါတယ်။ ဗိုလ်ချုပ်ဟာ ဂျပန်လောင်းရိပ် အားကောင်းနေချိန်မှာပင် ဖက်ဆစ်တော်လှန်ရေး (ဖဆပလ)အဖွဲ့ဖွဲ့ပြီး စည်းလုံးညီညွှတ်သော တပ်ပေါင်းစု တည်ဆောက် နိုင်ခဲ့ပါတယ်။ အင်္ဂလိပ်ပြန်ဝင်လာချိန်မှာ ဗိုလ်ချုပ်မှာ နောက်ခံ တပ်အင်အား (၂) သောင်းကျော်တဲ့အပြင် စစ်အတွင်း ဂျပန်ဆီကကော အင်္ဂလိပ်ဆီကပါ သေနတ်များ နယ်မြေအနှံပြန့်နေတာမို့ တော်လှန်မယ်ဆိုရင် ရလျှက်သားနဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုဘဲ ကန်နီစာချုပ်အရ အင်အားလျှော့ချတာ လက်ခံလိုက်ပြီး ပိုလျှံအင်အားကို ပြည်သူ့ရဲဘော်အဖွဲ့ဖွဲ့ကာ စစ်တပ်ရဲ့ အရံအင်အားအဖြစ် ထားလိုက်ပါတယ်။ သူကိုယ်တိုင်လည်း စစ်တပ်မှာမနေဘဲ ယူနီဖေါင်းချွတ်ကာ အရပ်သားဘဝနဲ့တိုက်ပုံဝတ်ပြီး ရွေးကောက်ပွဲဝင်ကာ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံလို့ ပြည်သူလူထုအားကို ရယူလိုက်တာဖြစ်ပါတယ်။ နယ်မြေအနှံ့ တိုင်းရင်းသားတွေအထိ ကချင်ပြည်နယ်မှာဆို မရီစဖူး ရီဖူး လို့တိုင်းရင်းသားတွေရဲ့ ချစ်ခင်ယုံကြည်မှူရခဲ့ပါတယ်။ ပင်လုံစာချုပ်ချုပ်ခါနီး ရက်ကပ်နေချိန်မှာတောင် ဗိုလ်ချုပ်က စည်းရုံးနိုင်စွမ်း ပါဝါရှိတာမို့ အင်္ဂလိပ်သံတမန်တောင် တိုးမပေါက်တော့ဘဲ စာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။

၅၄။ ဒီလိုလုပ်သွားတဲ့ ဗိုလ်ချုပ်ရဲ့ဦးဆောင်မှုကို လေ့လာကြည့်ရင် အင်္ဂလိပ်ပေးတဲ့ ဗိုလ်မှူးချုပ်အဆင့် တပ်မတော်ရာထူးကို မမက်ဘဲ နိုင်ငံရေးထဲ ခြေစုံပစ်ဝင်သလို (တပ်မတော်ကတော့ ဗိုလ်ချုပ်ကို အရပ်သားဖြစ်လည်း အကြွင်းမဲ့ထောက်ခံဦးမည်) ပြည်သူလူထုနဲ့ တိုင်းရင်းသားရဲ့ အားကိုပါယူပြီး စစ်ရေးအရ ဖိအားကိုမသုံးဘဲ နယ်ချဲ့တို့နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် ရဲရဲဝံ့ဝံ့ တက်လှမ်းသွားနိုင်တာ တွေ့ရပါတယ်။ ဖဆပလရဲ့မူဝါဒလမ်းစဉ်ကို ခိုင်မာစွာချပေးသလို အဖွဲ့ချုပ်ကို လာအားစမ်းတဲ့ ထိုခေတ်က အားကောင်းတဲ့ ကွန်မြုနစ်ပါတီ (မယားညီအကို ဥက္ကဌ သခင်သန်းထွန်း) တို့ကို ဖဆပလ မှသတ္တိရှိရှိ ထုတ်ပစ်ရဲသူဖြစ်ပါတယ်။ လွတ်လပ်ရေးရရင် နိုင်ငံရေးအာဏာမမက်ဘဲ အနားယူကာ စာရေးဆရာနဲ့မိသားစုနဲ့ ဧချမ်းစွာ နေတော့မယ် ဆိုတဲ့ ရိုးသားဖြောင့်မတ်တဲ့ တော်လှန်ရေးသမားစစ်စစ်ဖြစ်လို့ ယနေ့တော်လှန်ရေးလုပ်သူများ ဆင်ခြင် အတုယူသင့်ပါတယ်။ ဒီနေ့ တော်လှန်ရေး မအောင်မြင်သေးတာဟာ ဘာကြောင့်လဲ၊ ဗိုလ်ချုပ်တုံးက ဘယ်လို အောင်မြင်အောင်လုပ်သွားတာလဲ၊ လေ့လာရပါမယ်။ ဗိုလ်ချုပ်ဟာ မှန်ကန်တဲ့ဦးဆောင်မှု၊ စွန့်လွှတ် အနစ်နာခံမှု၊ နိုင်ငံခြားသားများ လက်ဖျားခါလောက်အောင် အကျင့်စာရိတ္တနဲ့ အဂတိတရားကင်းမှု၊ တပ်မတော်၊ လူထုနဲ့ တိုင်းရင်းသားခေါင်းဆောင်များရဲ့ထောက်ခံမှုအင်အားကြီးမားလို့ အင်္ဂလိပ်နယ်ချဲ့ လွတ်လပ်ရေး ပေးလိုက်ရတာဖြစ်တယ်။

၅၅။ ယနေ့အခြေအနေမှာ တော်လှန်ရေးလုပ်ရာမှာ ပြည်တွင်းမှာ အချင်းချင်းဖြစ်နေတယ်ဆိုတာ သတိထားရပါမယ်။ ဗမာမုန်းတီးရေး တိုက်ကွက်ဖေါ်လို့ မရနိုင်လောက်အောင် မိမိလူမျိုးပင် နေရာအနှံ ရေကြည်ရာ မြက်နုရာ လှည့်လည်နေတာမို့ သွေးနှောကုန်ပြီး သူ့လူ၊ ကိုယ်လူ ခွဲမရအောင် မိသားစု ဖြစ်ကုန်လို့ မိမိပြောတိုင်း လက်ခံနိုင်ပါ့မလားဆိုတာ တွက်ရပါမယ်၊ ဆိုလိုတာက လူထုထောက်ခံမှုရရင်လည်း ပြန်ကျသွားအောင် မိမိလူမျိုးကဘဲ ဆွဲချသွားမည့် အခြေအနေရှိပါတယ်။ ယနေ့လူထုဟာ တိုးတက်လာတဲ့ ဆက်သွယ်ရေးနဲ့ လူမှုမီဒီယာတွေကြောင့် ပိုလို့တောင် အမြင်ကျယ်နေပါပြီ။ လောက်ကိုင်တိုက်ပွဲကို တိုက်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ လွန်နေတယ်ဆိုတာ လူထုသိနေပြီဖြစ်လို့တပ်မတော်ကို သဘောထားကြီး စိတ်ထိန်းဖို့လို့တောင် မွန်ပြည်သစ်ပါတီ ထိပ်တန်းလူကြီးကတောင် သတိပေးလိုက်တာ လက်တွေ့ဘဲဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များဟာ ဗိုလ်ချုပ်ရဲ့နိုင်ငံရေးလိုင်း တွေ့ဆုံဆွေးနွေးရေး နမူနာယူကာ ပင်လုံပြည်ထောင်စုညီလာခံကို ရဲရဲဝံ့ဝံ့ စဉ်းစားဆုံးဖြတ်တတ်ကြဖို့၊ မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ လုပ်ကိုင်ဆောင်ရွက်ရာမှာ UNFC ၊ မြောက်ပိုင်းအဖွဲ့လိုမျိုးတိုင်ပင်နေရင် လူမျိုး သဘာဝ နယ်မြေအခြေခံမတူတာမို့ သဘောထားအမြင်ကွာဟချက်များရှိနေဦးမှာမို့ မိမိကိုယ်စားပြုတဲ့ တိုင်းရင်သားအရေးကိုသာ ဦးစားပေးဆုံးဖြတ်တာကိုဘဲ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရပါတယ်။